သတင်းစာဆရာကြီးဟံသာဝတီဦးဝင်တင်း ကွယ်လွန်ခြင်း (၆) နှစ်ပြည့် အပြာရောင်လှုပ်ရှားမှု

၂၀ ဧပြီလ ၂၀၂၀။

ကိုဗစ် ၁၉ ဗိုင်းရပ်ပိုးသည်ကမ္ဘာတစ်ဝှမ်းတွင် လူတစ်သန်းကျော်ကို ကူးစက်နေပြီး လူစ်သိန်းကျော် အသက်ဆုံးရှူံးရပြီး ဖြစ်နေပါသည်။ မြန်မာနိုင်ငံတွင်လည်း ကပ်ရောဂါပိုးတွေ့ရှိသူ ၁၁၁ဦီးရှိနေပြီး ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အစွမ်းကုန်တိုက်ဖျက်နေသည်ကို တွေ့ရှိရပါသည်။ ကိုဗစ်ကိုတိုက်ဖျက်ရာတွင် အကျဉ်းထောင်ကို ထည့်သွင်းစဉ်းစားရန် နှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် အေအေပီပီအပါအဝင် အခြားသော အဖွဲ့အစည်းများမှလည်း အစိုးရအားတိုက်တွန်းခဲ့သည်။ အစိုးရဖက်မှလည်း အကျဉ်းထောင်တွင်း လူဦးရေလျှော့ချ နိုင်ရေးအတွက် ရည်ရွယ်ပြီး နိုင်ငံရေးအကျဉ်းသား ၁၈ ဦီးအပါအဝင် အကျဉ်းသား ၂၄၈၆၉ ဦီးကို ဧပြီလ ၁၇၊ ၂၀၂၀ တွင်လွှတ်ပေးခဲ့သည်ကိုတွေ့ရှိရသည်။

သို့သော် ယနေ့အကျဉ်းထောင်အသီးသီးတွင်နိုင်ငံရေးနှင့်ပတ်သက်ပြီး ဖမ်းဆီး ထိမ်းသိမ်းခံနေရသူပေါင်း (ထောင်ဒဏ်ချမှတ်ပြီး ၅၈ ဦး+ထောင်တွင်းမှ တရားရင်ဆိုင်၁၂၆ ဦး) ဦးရှိပြီး အကျဉ်းထောင်ပြင်ပမှ တရားရင်ဆိုင်နေရသူ ၃၉၄ဦး ခန့်ရှိပါတယ်။

အဲဒီထဲက အချို့ကတော့ သူတို့ရဲ့ အခွင့်အရေးတွေ အတွက် တောင်းဆိုရင်းအဖမ်းခံနေရတာပါ။ အချို့တော့ အစိုးရ နဲ့ တပ်မတော်ခေါင်းဆောင်ပိုင်းတွေကို ဝေဖန်တဲ့အတွက်ပါ။ အချို့ကတော့ တိုင်းရင်းသားခေါင်းဆောင်တွေပါ။ လယ်သမားတွေပါ။

နိုင်ငံတော်တော်များများက ခေါင်းဆောင်တွေနဲ့ လူအများက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လွတ်သွားပြီ မရှိတော့ဖူးလို့ ထင်နေကြပါတယ်။ ဒါကြောင့်မို့လို့လည်း နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အစိုးရ ကို အခြားနိုင်ငံများက ဖိအားပေးမှုတွေလည်း မရှိတော့သလောက်ပါဘဲ။

အဲဒီစဉ်းစားမှုတွေကို ပြောင်းလဲနိုင်ဖို့၊ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားများ ရှိနေသေးတယ် ဆိုတာ ပြသနိုင်ဖို့ သူငယ်ချင်း မိတ်ဆွေများရဲ့ အကူအညီလိုအပ်ပါတယ်။

ဦးဝင်းတင် ဆိုတာ တကယ်ကို လူသိများပြီး လူလေးစားခံရတဲ့ ကြီးမြတ်တဲ့၊ ဂုဏ်ပြုထိုက်သူ တစ်ယောက်ပါ။ သူ က စစ်အကျဉ်းထောင်ထဲမှာ နှစ်ပေါင်း ၂၀ လောက် အကျဉ်းချခံခဲ့ရသူပါ။ သူ ဟာ လွတ်မြောက်လာပြီးကတည်းက နိုင်ငံရေးအကျဉ်းသားတွေ မလွတ်မချင်း အကျဉ်းထောင် ဝတ်စုံဖြစ်တဲ့ အပြာရောင်ဝတ်စုံ ကို တောက်လျှောက်ဝတ်ဆင်သွားခဲ့သူပါ။ ဧပြီလ ၂၁ ရက်၊ ၂၀၂၀ ဆိုရင် သူကွယ်လွန်ခဲ့တာ ၆ နှစ် ရှိပါပြီ။ ဒါကြောင့် သူကွယ်လွန်ခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့မှာ အပြာရောင်အင်္ကျီဝတ်ဆင်ပြီး ကျနော်တို့နဲ့ အတူတူ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး တောင်းဆိုကြရအောင်ပါ။

ကျနော်တို့နဲ့ ပူးပေါင်းပေးကြပါ။ အခုကတည်းက သူငယ်ချင်း မိတ်ဆွေများရဲ့ ဒိုင်ယာရီထဲမှာ ဧပြီလ ၂၁ ရက် ကို အပြာရောင်အင်္ကျီဝတ်ဆင်ဖို့ မှတ်သားထားပေးကြပါ။ အခြားသော သူငယ်ချင်းများကို ခင်ဗျားလို လိုက်ဝတ်ပေးဖို့ ပြောဆိုပေးပါ။ ပြီးတော့ အဲဒီ အပြာရောင် ဝတ်ဆင်ထားတာလေးကို ဓာတ်ပုံရိုက်ပြီး ဖေ့ဘွတ်နဲ့ အခြား ဆိုရှယ်မီဒီယာတွေမှာ တင်ပေးပါ။ ပြီးရင် ဒီလင့်ကလေးကို အသုံးပြုဖို့လည်း မမေ့ပါနဲ့။

hashtag: #blueshirt4burma

နိုင်ငံရေးအကျဉ်းသားတွေကို မေ့လျော့နေတာ၊ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးတာ ဖြစ်ကို မဖြစ်သင့်ပါဖူး။

အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုများ အတွက် အထူးကျေးဇူးတင်ရှိပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

ဦးပြည့်စုံဝင်းမောင် ပစ်ခံခံရပြီး သေဆုံးသွားသည့်အတွက် ရန်ကုန်မြို့ ကုလသမဂ္ဂ ရုံးတွင် ဝမ်းနည်းမှုအထိမ်းအမှတ်ဖြင့် အလံထက်ဝက် လွှင့်ထူထားစဉ် 

ရခိုင်ပြည်နယ်တွင်းရှိ COVID-19 ရောဂါပိုး သံသယရှိလူနာများကို ရောဂါပိုး ကူးစက်ခံထားရခြင်း ရှိ၊ မရှိ စစ်ဆေးရန် တို့ဖတ်နမူနာများ သယ်ဆောင်လာသည့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)၏ ယာဉ်သည် ဧပြီ ၂၀ ရက်၊ ညနေပိုင်းက မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီးတွင် ပစ်ခတ် ခံခဲ့ရသည်။

ပစ်ခတ်ခံရမှုကြောင့် WHO မှ တရားဝင်ခန့်အပ်ထားသည့် ယာဉ်မောင်း ဝန်ထမ်း ဦးပြည့်စုံဝင်းမောင် မောင်းနှင် လာသော ကားတိမ်းမှောက်ပြီး ဘယ်ဘက်တင်ပါးကို ကျည်ဖောက်ဝင်ကာ ဒဏ်ရာဖြင့် မင်းပြား ဆေးရုံတွင် ဆုံးပါးသွားသည်။

ယာဉ်အတွင်း လိုက်ပါလာသည့် WHO ၏ ကျန်းမာရေးကြီးကြပ်ဝန်ထမ်း ဦးအောင်မျိုးဦး သည်လည်း လက်မပြတ်လု နီးပါးအထိ ဒဏ်ရာ ရရှိသွားသည်။ ၎င်းကို စစ်တွေဆေးရုံသို့ ပို့ကာ ဆေးကုသပေးနေသည်ဟု သိရသည်။

ဆုံးပါးသွားသည့် ဦးပြည့်စုံဝင်းမောင် မောင်းနှင်လာသည့် WHO ပိုင် မော်တော်ယာဉ်တွင် ကမာ္ဘ့ကုလသမဂ္ဂ အဖွဲ့ (UN) အမှတ်တံဆိပ်များလည်း ကပ်ထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ တစုံတရာ လိုက်ပါလာခြင်းမရှိဘဲ WHO ဝန်ထမ်းများ သီးသန့် သွားလာနေသည်ကို ပစ်ခတ် ခံရခြင်း ဖြစ်သည်။

WHO ယာဉ်ကို ပစ်ခတ်သူများမှာ ရက္ခိုင်စစ်တပ် (AA) ဘက်မှ ပစ်သည်ဟု တပ်မတော်နှင့် ပြန်ကြားရေး ဝန်ကြီး ဌာနဘက်မှ ပြောသော်လည်း AA ၏ သတင်းနှင့်ပြန်ကြားရေးဌာနက တပ်မတော်ဘက်မှ ပစ်ခတ်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တစောင် ထုတ်ထားသည်။

ပစ်ခတ်ခံရခြင်းကြောင့် ကျည်ဒဏ်ရာဖြင့် ဆုံးပါးသွားသည့် ကိုပြည့်စုံဝင်းမောင်၏ ဖခင် ဦးဌေးဝင်းမောင်ကို ဧရာဝတီအကြီးတန်းသတင်းထောက် နန်းလွင်နှင်းပွင့်မှ ဆက်သွယ် မေးမြန်း ထားပါသည်။

မေး။ ။ မင်းပြားမှာ ပစ်ခတ်ခံရတဲ့ ကိုပြည့်စုံဝင်းမောင်နဲ့ ပတ်သတ်ပြီး မေးမြန်းချင်လို့ပါ။ သူနဲ့ နောက်ဆုံး အဆက်အသွယ် ရလိုက်သေးလား။

ဖြေ။ ။ ဟုတ်ကဲ့။ ကျနော်က ပြည့်စုံဝင်းမောင်ရဲ့ ဖေဖေပါ။ သားက WHO Organization ကပါ။ လေကြောင်းတွေက ပိတ်ထားတော့ ကားလမ်းက ၁ လမ်းပဲ ရှိတယ်။ အဲဒါ သူတို့ WHO က ကားနဲ့ ရန်ကုန်ကို အရေးပေါ် ဆင်းရတာတဲ့။ ဆေးပစ္စည်းတွေ သယ်လာတာလား၊ ဘာလားဆိုတာ ကျနော်တို့ကတော့ အတိအကျ မသိဘူးလေ။ ဝူဟန်ကိစ္စကြောင့်ပဲ။ ဝူဟန်ကိစ္စနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ သယ်လာလို့ သူတို့က မကွေးမှာ တညအိပ်မယ်။ နောက် နေပြည်တော် လမ်းကနေ တက်လာပြီး ရန်ကုန်ကို ဘယ်နနာရီ အရောက်မောင်းရမယ် ဆိုလားပဲ ပြောတယ်။ သူက လာတဲ့ လမ်းမှာ ဖြစ်သွားတာ။

မေး။ ။ သူတို့ ဘယ်လို ပစ်ခံရတာလဲ။ အန်ကယ်တို့ ဘယ်လို သိထားပါသလဲ။

ဖြေ။ ။ လမ်းမှာ သားမောင်းလာတဲ့ ကားနား လက်နက်ကြီး ကျတယ်တဲ့။ လက်နက်ကြီး တချက်မှန်ပြီး ကားပေါ်က ဆင်းတော့ လက်နက်ငယ်တွေ ထပ်မှန်တယ်တဲ့။ သူကတော့ ညကတည်းက မင်းပြားဆေးရုံမှာ သတိမရတော့တာ။ အခုမနက် ဆုံးသွားပြီလို့ ကျနော်တို့ကို သတင်းပေးပါတယ်။

မေး။ ။ ရခိုင်မှာ သူက တာဝန်ထမ်းဆောင်နေတာ ကြာပြီလား။

ဖြေ။ ။ တာဝန်ထမ်းဆောင်နေတာ ကြာပါပြီ။ WHO Organization မှာ သူက ယာဉ်မောင်းလေ။ ၂ နှစ်ကျော်ပါပြီ။ သူ့မှာ မိသားစုဆိုရင် အမျိုးသမီး ကျန်ခဲ့ပါတယ်။ အဖေ၊ အမေ ဖြစ်တဲ့ ကျနော်တို့ ကျန်ခဲ့တာပေါ့။

မေး။ ။ အန်ကယ်တို့နဲ့က သူပစ်ခတ်ခံရပြီး ဆေးရုံရောက်တော့ အဆက်အသွယ် ရသေးလား။

ဖြေ။ ။ ပစ်ခံရပြီးတဲ့နောက် ဘယ်လိုမှ ပြောလို့ မရတော့ဘူးလေ။ မပစ်မခံရခင် ၂ နာရီလောက်က အတွင်းကတော့ မင်းပြားမှာ ထမင်းစားတယ်တဲ့။ သူ့အမျိုးသမီးနဲ့ ဖုန်းဆက်ပြီး ပြောနေကြပါသေးတယ်။ ကျနော်နဲ့ကတော့ ဖုန်းမပြောဖြစ်ပါဘူး။

မေး။ ။ အန်ကယ်တို့ရဲ့ သား အခုလို ကျန်းမာရေးကိစ္စအတွက် တာဝန်ထမ်းဆောင်နေချိန် ပစ်ခတ်ခံရတာနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေအနေနဲ့ ဘာတွေ ပြောပြချင်တာ ရှိပါသလဲ။

ဖြေ။ ။ ကျနော်ဘယ်လိုပြောရမှန်းတောင် မသိပါဘူး။ ကျနော်တို့ ဘယ်လို ပြောရမှာလဲ။ ဘာပြောနိုင်မှာလဲ။ အခုက သဂြိုဟ်ဖို့ ကိစ္စအတွက် ဝန်ကြီးဌာနဲ့ တိုင်ပင်ပြီး ကျနော်တို့ ပြည်မြို့နယ်ကို အလောင်းကို ပို့ဖို့ ဒီမှာ အဖွဲ့အစည်း တွေနဲ့ ညှိနှိုင်းပြီး သဂြိုဟ်လို့ ရအောင် စီစဉ်ပေးမယ်လို့တော့ ပြောတယ်။ ကားနဲ့ပဲ ပြည်ကို သယ်လာမယ်လို့ သိထားသေးတယ်။ မင်းပြားကနေ ပြည်ကို တိုက်ရိုက် မသယ်လာဘူးတဲ့။ သူတို့ ရုံးကို သွားဦးမှာတဲ့။ ဆေးတွေ ဘာတွေ ထိုးဦးမှာတဲ့။

မေး။ ။ မိသားစုဝင်တွေ အနေနဲ့ ပစ်ခတ်လိုက်တဲ့ သူတွေကို ဘာပြောချင်လဲ။

ဖြေ။ ။ ပစ်တဲ့သူတွေကို ဘာပြောချင်လဲဆိုတော့ အခုချိန်မှာ ကျနော်တို့ ဘာမှ မပြောချင်တော့ဘူး။ ကိုယ့်စနက်လည်း ဖြစ်သွားမှာ စိုးတယ်။ သေချာလည်း မမြင်ရဘူး။ ကိုယ်တွေက ဘာမှ မြင်ရတာ မဟုတ်တော့ ဘယ်လိုပြောမလဲ။ အထင်ကိုလည်း မပြောရဲဘူး။

သူတို့ ပစ်သွားတော့ ကျနော်တို့သား ဆုံးရှုံးသွားတော့ ရင်ကျိုးတာပေါ့။ ကျနော်တို့ ရင်ထုမနာ ကျန်ရစ်ခဲ့တာပဲ။ ဒါပါပဲ။ ကျနော်တို့ သားကြီး တာဝန်ထမ်းဆောင်ရင်းနဲ့ ဆုံးရှုံးသွားတော့ ကျနော်တို့လည်း ခံစားရတယ်။ ကျနော်တို့ သေမလောက် ခံစားနေရတယ်။ တခုခုဖြစ်လို့ သေတာမျိုးဆို လက်ခံနိုင်သေးတယ်။ အခုက ရှေ့တန်း စစ်တပ်လည်း မဟုတ်ပဲ သေနတ်မှန် သေရတာ။

Irrawaddy

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၆ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် အပြာရောင် အင်္ကျီဝတ် ဆင်ခြင်း လှုပ်ရှားမှု တရပ်ကို ဧပြီ ၂၁ ရက်တွင် ပြုလုပ်ကြမည် ဖြစ်ရာ ပူးပေါင်း ပါဝင်ကြရန် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

“သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ဆိုတာ တကယ့်ကို လူသိများပြီး လူလေးစားခံရတဲ့ ကြီးမြတ်တဲ့၊ ဂုဏ်ပြု ထိုက်သူ တယောက်ပါ။ သူက စစ်အကျဉ်းထောင်ထဲမှာ နှစ်ပေါင်း ၂၀ လောက် အကျဉ်းချခံခဲ့ရသူပါ။ သူဟာ လွတ်မြောက် လာပြီး ကတည်းက နိုင်ငံရေး အကျဉ်းသားတွေ မလွတ်မချင်း အကျဉ်းထောင် ဝတ်စုံ ဖြစ်တဲ့ အပြာရောင် ဝတ်စုံကို တောက်လျှောက်ဝတ်ဆင်ခဲ့သူပါ။ ဧပြီ ၂၁ ရက်ဟာ သူကွယ်လွန်ခဲ့တာ ၆ နှစ် ရှိပါပြီ။ ဒါကြောင့် သူကွယ်လွန်ခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့မှာ အပြာရောင်အကျီဝတ်စုံ ဝတ်ဆင်ပြီး နိုင်ငံရေး အကျဉ်းသား အားလုံး ခြွင်းချက် မရှိ လွှတ်ပေးရေး တောင်း ဆိုကြရအောင်ပါ” ဟု ပါဝင်ကြရန် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ထုတ်ပြန်ချက်တွင် ထည့်သွင်း ပြောဆိုထားသည်။

ထို့ပြင် “ကျနော်တို့နဲ့ ပူးပေါင်းပေးကြပါ။ ဧပြီ ၂၁ ရက်ကို အပြာရောင် အကျီၤဝတ်ဆင်ဖို့ မှတ်သားထားပေးကြပါ။ အခြား သော သူငယ်ချင်းများကိုလည်း ခင်ဗျားလို လိုက်ဝတ်ပေးဖို့ ပြောဆိုပေးပါ။ အဲဒီ အပြာရောင် ဝတ်ဆင်ထားတာကို ဓာတ်ပုံ ရိုက်ပြီး ဖေ့စ်ဘုတ်နဲ့ အခြား ဆိုရှယ်မီဒီယာတွေပေါ်မှာ တင်ပေးပါ” ဟုလည်း အသင်းက တိုက်တွန်းထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများ ရှိနေသေးကြောင်း ပြသနိုင်ရန် အကူအညီများ လိုအပ်ကြောင်း၊ ယနေ့ အကျဉ်းထောင် အသီးသီးတွင် နိုင်ငံရေးကြောင့် ဖမ်းဆီးထိန်းသိမ်း ခံနေရသူမှာ ထောင်ဒဏ်ချမှတ်ခံရပြီးသူ ၅၈ ဦး၊ ထောင်တွင်းမှ တရားရင်ဆိုင်နေရဆဲသူ ၁၂၆ ဦး ရှိပြီး၊ အကျဉ်းထောင်ပြင်ပမှ တရားရင်ဆိုင်နေရသူ ၃၉၄ ဦးဝန်းကျင် ရှိကြောင်း သိရသည်။

မြန်မာတနိုင်ငံလုံး အတိုင်းအတာဖြင့် အကျဉ်းထောင် ၅၀ နှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေး အတတ်သင်စခန်းနဲ့ ကုန် ထုတ်စခန်း ၄၈ ခုတို့မှ စုစုပေါင်း အကျဉ်းသား/သူဦးရေ ၉၉၀၀၀ ကျော်ရှိသည့်အနက် လေးပုံတပုံဖြစ်သည့် ၂၄၈၆၉ ဦးအား မြန်မာနှစ်သစ်ကူး(နှစ်ဆန်းတစ်ရက်နေ့) အထိမ်းအမှတ်အနေဖြင့် သမ္မတ လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့ရာ ထိုလွတ်မြောက်သူစာရင်းတွင် နိုင်ငံရေး အကျဉ်းသား ၁၈ ဦးသာ ပါဝင်ခဲ့သည်။

ဧရာ၀တီသတင်း

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ထဲ မြန်မာစစ်တပ်နဲ့ ရခိုင် လက်နက်ကိုင် AA တပ်ဖွဲ့တို့အကြား အရှိန်မြင့်တက်လာနေတဲ့လတ်တလော တိုက်ပွဲတွေကြောင့် အရပ်သား ၃၂ ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ပြော ခွင့်ရ Rupert Colville က ပြောပါတယ်။

မြန်မာ စစ်တပ်က နေ့တိုင်းလိုလို လူရှိရာ နေရာတွေမှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်နေလို့ မတ်လ ၂၃ ရက်နေ့ကစပြီး အနည်းဆုံး လူ ၃၂ ယောက် သေဆုံးပြီး ၇၂ ယောက် ဒဏ်ရာ ရကြောင်း၊ အများစုဟာ အမျိုးသမီးနဲ့ ကလေးတွေဖြစ်ကြောင်း၊ မြန်မာစစ်တပ်ဟာ နေအိမ်တွေနဲ့ ကျောင်းတွေကိုလည်း ဖျက်ဆီးခဲ့ကြောင်း သောကြာနေ့က ဂျီနီဗာမြို့မှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ OHCHR ပြောခွင့်ရ Rupert Colville က ပြောပါတယ်။ သေဆုံးသူ ၃၂ ဦးစလုံး အရပ်သားတွေ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် ရခိုင်ပြည်နယ်ကနေ တိကျတဲ့ သတင်းတွေ ရဖို့ ခက်ခဲ ကြောင်း၊ ဒါကြောင့် အခု ထိခိုက် သေဆုံးမှုဟာ ပစ်မှတ်ထား တိုက်ခိုက်ခံရလို့လား၊ တိုက်ပွဲကြား ပိတ်မိလို့ သေဆုံးတာလား ဆိုတာ သဲသဲကွဲကွဲ မသိရကြောင်း လည်း သူက ပြောပါတယ်။

မြန်မာစစ်တပ်က ပြောခွင့် ဗိုလ်ချုပ် ထွန်းညီညီကတော့ အဲဒီမှာ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ထားပြီး ဖြစ်လို့ ဖတ်ကြည့်နိုင်ကြောင်းနဲ့ နောက်ထပ် ပြောစရာ မရှိကြောင်း ရိုက်တာသတင်းဌာနကို ပြောပါတယ်။ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို မြန်မာ စစ်တပ်က ငြင်းဆန်လေ့ရှိပါတယ်။

တနင်္လာနေ့က ရခိုင်ပြည်နယ်အတွင်းက ကျောက်ဆိပ်ရွာမှာ လူ ၉ ဦး သေဆုံးတယ်လို့ ဒေသခံ တာဝန်ရှိသူတွေနဲ့ ဒေသခံ တစ်ဦး က ရိုက်တာကို ပြောပြီးတဲ့နောက်မှာ အဲဒီ သတင်းဟာ မမှန်သတင်းလို့ မြန်မာ စစ်တပ်က ပြောပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်နေချိန်မှာ တိုက်ပွဲတွေ ရပ်ဆိုင်းထားဖို့ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေ အပါအဝင် နိုင်ငံအများက တောင်းဆိုထားပေမဲ့ ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ တိုက်ပွဲတွေက ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၅ ဦး ရှိပြီး အဲဒီအထဲ ၄ ဦး သေဆုံးခဲ့ပါတယ်။

VOA News

၂၀၂၀ ခုနှစ် ဧပြီလ ၁၅ ရက်နေ့
အောက်တွင် လက်မှတ်ရေးထိုးထားသော မိမိတို့ အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် တစ်ဦးချင်းမှ မြန်မာနိုင်ငံ၌ဖြစ်ပွားနေလျက်ရှိသော လက်နက်ကိုင် ပဋိပက္ခများတွင် အရပ်သားပြည်သူများအား ကာကွယ် စောင့်ရှောက်ပေးရန်နှင့် နိုင်ငံတော်အနေဖြင့် ဂျီနီဗာသဘောတူစာချုပ်များနှင့် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် အမှတ်များဖြစ်သော ၁၂၆၅၊ ၁၂၉၆၊ ၁၃၂၅ တို့၌ ပါဝင်သော အချက်များနှင့်အညီ ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများ အတိုင်း လိုက်နာဆောင်ရွက်ရန် တိုက်တွန်းတောင်းဆိုသည်။ ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်တပ်တို့အကြား ပဋိပက္ခအတွင်း အပြစ်မဲ့ အရပ်သားပြည်သူများအား ယခုကဲ့သို့ ပစ်မှတ်ထား တိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှုမြောက်ပြီး ထိုကဲ့သို့သောလုပ်ရပ်များသည် ချက်ချင်း ရပ်တန့်ရမည် ဖြစ်သည်။
မြန်မာစစ်တပ်နှင့် AA အကြား ပဋိပက္ခကြောင့် ၂၀၁၈ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် များတွင် လူဦးရေ (၁၅၀,၀၀၀) အထိ နေရပ်စွန့်ခွာစေခဲ့ရပြီး ၎င်းပဋိပက္ခ၏ဂယက်များကို အပြစ်မဲ့အရပ်သား ပြည်သူများက အများဆုံးပြင်းထန်စွာခံစားနေရသည်။ လွန်ခဲ့သည့် ရက် ၃၀ အတွင်းသည်ပင်လျှင် ချင်းပြည်နယ်မှ ရွာသား (၂၈) ဦးသည် ထိုစစ်ပွဲများကြောင့်ပင် ဝမ်းနည်းဖွယ် သေဆုံးခဲ့ရသည်။ မြန်မာစစ်တပ်ဘက်မှ တိုက်လေယာဉ်များ အသုံးပြုကာ အပြစ်မဲ့ပြည်သူများအား ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှတစ်ဆင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေလျက်ရှိသည်။ ၂၀၂၀ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ် နန်းချောင်းရွာအား မြန်မာစစ်တပ် တိုက်လေယာဉ်နှစ်စင်း၏ တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ (၇) ဦး အသက်ဆုံးရှုံးခဲ့ရပြီး နောက်ထပ်အရပ်သားပြည်သူ (၈) ဦးအား ထိခိုက်ဒဏ်ရာရစေသည့်အပြင် အိမ်အချို့ကိုလည်း မီးလောင်ပြာကျစေခဲ့ပါသည်။ ယင်းမှာ တစ်ပတ်အတွင်း ဒုတိယမြောက် လေကြောင်း တိုက်ခိုက်မှုဖြစ်ပြီး မတ်လ ၃၁ ရက်နေ့ ဘောင်းဝရွာအား တိုက်ခိုက်မှုတွင် ယခုထက်ပို၍ပင် အရပ်သားပြည်သူ များအား ထိခိုက်ဒဏ်ရာရစေခဲ့သည်။ ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့ နှင့် ၁၅ ရက်နေ့များတွင်လည်း ပလက်ဝမြို့နယ်ရှိ ကျေးရွာအချို့အား အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ရာ၌ အရပ်သားပြည်သူ (၂၁) ဦး အသက်ဆုံးရှုံး ခဲ့ရာတွင် ကလေးများလည်း ပါဝင်ခဲ့သည်။
ယင်းတိုက်ခိုက်မှုများသည် အရပ်သားပြည်သူတို့၏ အသက် အိုးအိမ် စည်းစိမ်ကို လုံးဝအလေးထားခြင်း မရှိဘဲ လုပ်ဆောင်ခြင်းဖြစ်၍ အရပ်သားပြည်သူများအပေါ် မဆင်မခြင်တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်း သို့မဟုတ် တမင်ရည်ရွယ်ကာ ပစ်မှတ်ထားခြင်းဟုပင် သတ်မှတ်ရပေမည်။ ဂျီနီဗာသဘောတူစာချုပ်၏ အများဆိုင်ရာ ပုဒ်မ (၃) တွင် အရပ်သားများ၊ စစ်ပွဲတွင် မပါဝင်နိုင်တော့သော ပုဂ္ဂိုလ်များ၏ “အသက်ကိုသော် လည်းကောင်း၊ ခန္ဓာကိုယ်ကိုသော်လည်းကောင်း အကြမ်းဖက်ခြင်း၊ အထူးသဖြင့် သတ်ဖြတ်ခြင်း အမျိုးအစား အားလုံး” အား အထူးပြုတားမြစ်ထားသည်။ ထို့အပြင် ကာကွယ်စောင့်ရှောက်ခံပုဂ္ဂိုလ်များအား “တမင်တကာ သတ်ဖြတ်ခြင်း” ကို မြန်မာနိုင်ငံမှ ၁၉၉၂ ခုနှစ်တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့သည့် ဂျီနီဗာသဘောတူစာချုပ် (၄) ခုစလုံးတွင် ကြီးလေးသော ဖောက်ဖျက်မှုများအဖြစ် သတ်မှတ်ထားသည်။ သို့ဖြစ်ရာ ပလက်ဝမြို့နယ်ရှိ ကျေးရွာများအား လေကြောင်းတိုက်ခိုက်မှုများဖြင့် အပြစ်မဲ့အရပ်သားပြည်သူများအား ပစ်မှတ်ထားခြင်း ကဲ့သို့သော ဖြစ်ရပ်များမှာ နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာဥပဒေနှင့် ဓလေ့ထုံးတမ်း ဥပဒေများအပေါ် ဆိုးဝါးသည့်ချိုးဖောက်မှုအဖြစ် ယူဆနိုင်ခြင်းကြောင့် ရောမသဘောစာချုပ်အရ စစ်ရာဇဝတ်မှု များ မြောက်နေသည်။
ထိုမျှသာမက ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၂၆၅ နှင့် ၁၂၉၆ တို့၌လည်း လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သားပြည်သူများ ကာကွယ်စောင့်ရှောက်ရေးကို ကိုင်တွယ်ပြဋ္ဌာန်း ထားသည်။ ဆုံးဖြတ်ချက်အမှတ် ၁၂၆၅ တွင် “လက်နက်ကိုင်ပဋိပက္ခ အခြေအနေများတွင် အရပ်သားများအပေါ် တမင်ရည်ရွယ်၍ ပစ်မှတ်ထားခြင်းသော်လည်းကောင်း၊ နိုင်ငံတကာဥပဒေအောက်၌ ကာကွယ်စောင့်ရှောက် ထားသော အရာပစ္စည်းများအပေါ် တိုက်ခိုက်ခြင်းသော်လည်းကောင်း ပြင်းပြင်းထန်ထန် ရှုတ်ချထားပြီး အဖွဲ့အစည်းအားလုံးမှ ၎င်းလုပ်ရပ်များကို အဆုံးသတ်ရန် တောင်းဆိုသည်။” တစ်ချိန်တည်းတွင် “လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အား ဆန့်ကျင်သည့် ရာဇဝတ်မှုနှင့် နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှု ဆိုင်ရာဥပဒေအား ဆိုးဝါးစွာချိုးဖောက်မှုများအတွက် တာဝန်ရှိသူတို့ကို တရားစွဲဆို အပြစ်ပေးရန်သော်လည်း ကောင်း၊ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေမှုကို အဆုံးသတ်ရန်သော်လည်းကောင်း နိုင်ငံတော်အစိုးရများတွင် တာဝန်ရှိသည်” ကိုလည်း အလေးပေးထောက်ပြထားသည်။
ထို့အပြင် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ၌ “လက်နက်ကိုင်ပဋိပက္ခတွင် သက်ဆိုင်နေသော အဖွဲ့အစည်းအားလုံးသည် လက်နက်ကိုင်ပဋိပက္ခ အခြေအနေများထဲတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို လိင်ကွဲပြားမှုအပေါ် အခြေခံသည့် အကြမ်းဖက်မှု၊ အထူးသဖြင့် မုဒိမ်းမှုနှင့် အခြားလိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုသဏ္ဌာန်များ၊ ထို့ပြင် အခြားသောအကြမ်းဖက်မှုသဏ္ဌာန်များအားလုံးမှ ကာကွယ်စောင့်ရှောက်ပေးရန်အတွက် အထူးအစီအမံများ အဖြစ် ဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။” ယင်းအချက်သည် မြန်မာနိုင်ငံဖြစ်စဉ်တွင် အထူးထင်ရှား ပေါ်လွင်နေသည်။ အကြောင်းမူ မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များနှင့်ချီ၍ လက်နက်ကိုင်ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ထပ်တလဲလဲ ကျင့်သုံးနေခြင်းကြောင့်ဖြစ်သည်။ ယင်းအချက်နှင့် ဆက်စပ်ကြည့် မည်ဆိုပါက ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာအစိုးရနှင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု နှင့်ပတ်သက်သော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်တို့ လက်မှတ် ရေးထိုးခဲ့သော ပူးတွဲထုတ်ပြန်ချက်မှာ ပဋိပက္ခသက်ရောက်ရာနယ်မြေများမှ အမျိုးသမီးများနှင့် တိုင်ပင် ညှိနှိုင်းခြင်း မရှိခဲ့ရုံသာမက တိုင်းရင်းသားနယ်မြေများတွင် မြန်မာစစ်တပ်က လက်ရှိကျူးလွန်နေသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် လိင်ကွဲပြားမှုအပေါ် အခြေခံသည့် အကြမ်းဖက်မှုများမှာလည်း ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်နှင့် ပူးတွဲကြေညာချက် လက်မှတ်ထိုးခဲ့သော မြန်မာအစိုးရ၏ ဟန်ပြ ခံယူချက် မှန်သမျှနှင့် ကွဲလွဲသွေဖီနေလျက်ရှိပါသည်။
နောက်ဆုံးအချက်အနေဖြင့် မြန်မာနိုင်ငံမှ အတည်ပြုထားသော ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (CRC) အရ “ကလေးတိုင်းတွင် ပင်ကိုယ်ဗီဇအဖြစ် အသက်ရှင် နေထိုင်ခွင့်ရှိသည်” ဟု အသိအမှတ်ပြုထားကာ မြန်မာနိုင်ငံအနေဖြင့် “ကလေးသူငယ် ရပ်တည်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် ဖြစ်နိုင်သမျှ အစွမ်းကုန်” အာမခံဆောင်ရွက်ပေးရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ဂျီနီဗာသဘောတူစာချုပ် များနှင့် CRC တို့ကို လက်မှတ်ရေးထိုးထားသည့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေဖြင့် ထိုနိုင်ငံတကာဥပဒေ သဘောတူညီချက်စာချုပ်ပါ အချက်များကို လိုက်နာကျင့်သုံးရန် တာဝန်ရှိပေသည်။
တစ်ချိန်တည်းတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မှ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ရန် တွန့်ဆုတ်နေခြင်းသည် ယင်းမဟာမိတ်အဖွဲ့အနေဖြင့် အကြမ်းဖက်မှု အရှိန်မြင့်တက်လာနေခြင်းအပေါ် ဖြေရှင်းရန် အဓိကအခန်းကဏ္ဍအဖြစ် ပါဝင်နိုင်မည့်အခွင့်အရေးကို လက်လွတ်သွားခြင်းပင်ဖြစ်သည်။ အာဆီယံသည် ဘေးမှရပ်ကြည့်ခြင်းဖြင့် မြန်မာအစိုးရ၏ လုပ်ဆောင်ချက်များကို ထောက်ခံနေမည့်အစား အစိုးရနှင့်ထိတွေ့ဆက်ဆံ၍ အကြမ်းဖက်မှု၏ အကြောင်းရင်းများကို ကိုင်တွယ်ဖြေရှင်းရန် မိမိ၏ လူသားချင်း စာနာမှုဆိုင်ရာ ရှေ့ဆောင်ရှေ့ရွက်မှုများနှင့် ဆက်စပ်ကြိုးစားနိုင်သည့် တစ်ချိန်တည်းတွင် မြန်မာ့နယ်စပ်များမှ ကျော်လွန်၍ အခြားနိုင်ငံများကိုပါ သက်ရောက်နေသော လက်ရှိအကြမ်းဖက်မှုများအတွက် ဖြေရှင်းချက် ရှာနိုင်ရန် အာဆီယံသည် ၎င်း၏ ကူညီအကျိုးဆောင်နိုင်စွမ်းကို အသုံးချနိုင်သည်။
ကမ္ဘာကြီးတစ်ခုလုံးသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေး ကာကွယ်နိုင်ရန် စီမံဆောင်ရွက်နေချိန်တွင် ချင်းပြည်နယ်တောင်ပိုင်းရှိ အပြစ်မဲ့အရပ်သားပြည်သူများကို လေကြောင်းတိုက်ခိုက်မှုများနှင့် အခြားစစ်ဆင်မှု များဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် ဝမ်းနည်းကြေကွဲဖွယ်ကောင်းလှသည့် အချည်းနှီး ဆုံးရှုံးမှုများ ဖြစ်စေပြီး စစ်ရာဇဝတ်မှုမြောက်စေပါသည်။ ဤအဖြစ်ကို ယခုချက်ချင်းအဆုံးသတ်ရမည် ဖြစ်သည်။ ဤစစ်ရာဇဝတ်မှုများ သည် ဂျီနီဗာသဘောတူစာချုပ်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး ရပ်ရွာလူထုအသိုင်းအဝိုင်း များကို ဖျက်ဆီးနေပါသည်။ အရပ်သားပြည်သူများအား ပစ်မှတ်ထားသည့် တိုက်ခိုက်မှုအားလုံး ချက်ချင်း အဆုံးသတ်ရန်နှင့် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရန် မိမိတို့မှ အလေးအနက် တိုက်တွန်းတောင်းဆိုအပ်ပါသည်။

စိုးထိုက်အောင်

ကမ္ဘာတစ်ဝှမ်းကပ်ရောဂါ ကြုံတွေ့နေကြရတဲ့အချိန်မှာ လက်ရှိမြန်မာနိုင်ငံအတွင်း တိုင်းရင်းသားဒေသတွေဘက်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ ရပ်တန့်ပေးဖို့ လိုတယ်လို့ လူ့အခွင့်အရေးမှတ်တမ််းကွန်ရက်(မြန်မာနိုင်ငံ) ND- Burma အဖွဲ့ဝင် အနာဂတ်အလင်းတန်းဆုံမှတ် ဒါရိုက်တာ ဒေါ်သက်သက်အောင် ကပြောပါတယ်။

“ဒီနေ့ဒီအချိန်ပေါ့နော် ဒီ COVID-19 ကမ္ဘာကပ်ရောဂါနဲ့ကြုံတွေ့နေရတဲ့အချိန်မှာမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေက အခုလက်ရှိမှာ ဆိုလို့ရှိရင် ရခိုင်ဘက်ကော၊ ဒီရှမ်းပြည်မြောက်ပိုင်းဘက်မှာကော မငြိမ်းချမ်းဘူးပေါ့နော် ဒီရက်ပိုင်းတွေဆိုတောင် ပိုတောင်ဆိုးနေသေးတယ် အခုလက်နက်ကြီးကျလို့ရခိုင်ဘက်မှာဆိုရင်အခြေအနေတော်တော်ဆိုးနေတယ်။” လို့ ဒေါ်သက်သက်အောင် ကပြောပါတယ်။

COVID-19 ကူးစက်ရောဂါအပါအဝင် အခက်အခဲအကျပ်အတည်းတွေကို ကျော်ဖြတ်နိုင်ဖို့ အထူးသဖြင့် ထိခိုက်ရှလွယ်တဲ့ လူထုကို အကူအညီပေးဖို့အတွက် မြန်မာစစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ လက်တွဲဆောင်ရွက်နိုင်မှသာမြန်မာပြည်တွင်း ငြိမ်းချမ်းရေးရရှိနိုင်မယ်လို့ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ) မှယုံကြည်ပါတယ်လို့ ဧပြီလ ၁၀ ရက်နေ့က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

“ Covid ရောဂါကြောင့် သေဆုံးတဲ့ဦးရေနှုန်းထက် အခုပြည်တွင်းမှာဖြစ်နေတဲ့စစ်ဘေးကြောင့်သေဆုံးတဲ့ဦးရေနှုန်းထားက ပိုပြီးမြင့်တက်နေတာကိုလဲ အမတို့တွေ့ရတယ်ပေါ့နော် ဒါဟာအင်မတန်မှ စိုးရိမ်ဖွယ်အခြေအနေဖြစ်တယ်”လို့ ဒေါ်သက်သက်အောင်ကဆက်ပြောပါတယ်။

အစိုးရစစ်တပ်အနေနဲ့ကော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ရော နိုင်ငံတကာက ထုတ်ပြန်ထားတဲ့ လူ့အခွင့်အရေးအခြေခံစည်းမျဉ်းစည်းကမ်းတွေကို လေစားလိုက်နာဖို့လိုအပ်နေတယ်လို့ဆိုပါတယ်။

COVID-19 ကူးစက်ရောဂါအားရင်ဆိုင်နေရတဲ့ အချိန် မြန်မာစစ်တပ်အနေနဲ့ကမ္ဘာလုံးဆိုင်ရာ (အကြွင်းမဲ့) အပစ်အခက်ရပ်စဲရေးကို လိုက်နာပြီး တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်စဲရမည်လို့ ထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။

ဧပြီလ ၇ ရက်နေ့က တိုက်ပွဲကြောင့် ပလက်ဝမြို့နယ်မှာဆိုလျှင် အရပ်သား ၇ ဦးသေဆုံးပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒုက္ခသည်တွေလည်း ရှိနေတယ်လို့ ဧပြီလ ၉ ရက်နေ့က ဧရာဝတီသတင်းဌာနမှာ ဖော်ပြပါရှိပါတယ်။