မြန်မာ့အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တံခါးပိတ် ဆွေးနွေးခဲ့ကြတဲ့ အကြောင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးမှာပါ။

မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က မေလ ၁၄ ရက်နေ့မှာ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေကို တံခါးပိတ် တင်ပြခဲ့တာပါ။ မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းဖော်ဆောင်ဖို့ အီးယူ ၅ နိုင်ငံကိုယ်စား လုံခြုံရေးကောင်စီဝင် Belgium နိုင်ငံက ကုလသမဂ္ဂဆိုင်ရာ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် Marc Pecsteen de Buytswerve က ဆွေးနွေးပွဲအပြီး ပြောပါတယ်။

“ရခိုင်နဲ့ချင်းပြည်နယ်တွေမှာ စစ်ရေးပဋိပက္ခတွေ အရှိန်မြင့်လာတာနဲ့ပတ်သက်ပြီး စိုးရိမ် မကင်းဖြစ်ရကြောင်း၊ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ မော်တော်ယာဉ်ကို ဧပြီအတွင်း တိုက်ခိုက်ခဲ့တဲ့ ကိစ္စကိုလည်း ပြင်းထန်စွာ ရှုတ်ချပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တောင်းဆိုထားတဲ့ ကမ္ဘာ့တဝှမ်း အပစ်အခတ်ရပ်စဲရေးကို ထောက်ခံကြောင်း”ပြောကြားခဲ့တာပါ။

ဒါ့အပြင် ဒုက္ခသည်တွေနဲ့ ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေအရေးနဲ့ ပတ်သက်လို့လည်း အခုလို ဆက်ပြောပါတယ်။

“COVID-19 ကပ်ရောဂါ တားဆီးကာကွယ်ရေးလုပ်ငန်းမှာ လူ့အသိုက်အဝန်း အားလုံး ပါဝင်ရမှာဖြစ်ပြီး အကာအကွယ်မဲ့ ဒုက္ခသည်တွေ၊ ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေကိုပါ ထည့်သွင်းဖို့နဲ့ စာနာမှုဆိုင်ရာ ဝန်ထမ်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ လိုအပ်မှု အများဆုံး ဖြစ်နေတဲ့ လူတွေထံ အတားအဆီးမဲ့ သွားရောက်ခွင့်ပြုဖို့ကိုလည်း အလေးအနက်ထား တောင်းဆိုကြောင်း” ပြောခဲ့တာပါ။

တချိန်ထဲမှာဘဲ သွားလာမှု ကန့်သတ်ချက်နဲ့ အင်တာနက် ပိတ်ပင်ထားမှုတွေကို ပြန်ဖွင့်ပေးဖို့ကိုလည်း တောင်းဆိုပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ သူတို့ဆန္ဒအလျှောက် ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးကိုလည်း အလေးအနက်ထား ပြောကြားလိုကြောင်း Belgium ဒုတိယ အမြဲတမ်းကိုယ်စားလှယ်က ပြောပါတယ်။

ပင်လယ်ရပ်ခြားမှာ ခိုလှုံခွင့်ရှာဖွေနေတဲ့ ဒုက္ခသည်တွေအတွက်လည်း စိုးရိမ်မကင်းဖြစ်မိပြီး အဲဒီအတွက် ဒေသတွင်းက တုံ့ပြန်ဆောင်ရွက်ကြဖို့လည်း တောင်းဆိုပါတယ်။ ဒါ့အပြင် နိုင်ငံတကာ ဒုက္ခသည်များဆိုင်ရာ ဥပဒေတွေသာမက နိုင်ငံတကာ ဥပဒေကိုလည်း လေးစားလိုက်နာဖို့လည်း တောင်းဆိုပါတယ်။

“ မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာ ပြဿနာရဲ့ အခြေခံအကြောင်းရင်းတွေကို ဖြေရှင်းဖို့နဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ တင်ပြချက်တွေကို အပြည့်အ၀ အကောင်အထည်ဖော်ဖို့ တောင်းဆိုကြောင်း”ပြောခဲ့တာပါ။

ICJ နိုင်ငံတကာတရားရုံးက ချမှတ်ထားတဲ့ Provisional Measures ခေါ် ယာယီလုပ်ဆောင်ရမယ့် အခြေအနေတွေကို နိုင်ငံတကာ ဥပဒေများနဲ့အညီ လိုက်နာဖို့ တောင်းဆိုပြီး နောက်ဆုံးအနေနဲ့ မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂရဲ့ လုပ်ဆောင် အားထုတ်မှုတွေကို ထောက်ခံ အတည်ပြုကြောင်း လုံခြုံရေးကောင်စီဝင် Belgium နိုင်ငံက ကုလသမဂ္ဂဆိုင်ရာ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် Marc Pecsteen de Buytswerve က ဆွေးနွေးပွဲအပြီး ပြောပါတယ်။

လုံခြုံရေးကောင်စီဆွေးနွေးပွဲအပြီး ပြောကြားခဲ့တဲ့ ဥရောပ ၅ နိုင်ငံကတော့ Belgium ၊ Estonia ၊ ဂျာမနီ၊ ပြင်သစ်နဲ့ ပိုလန်နိုင်ငံတို့ ဖြစ်ကြပါတယ်။

VOA News

ကျော်လွင်ဦး၊ နေမျိုးထွန်း
■ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းပေးထားတဲ့ စုံစမ်းရေးကော်မတီအဖွဲ့ဝင်တွေဟာ စတင်စစ်ဆေးဖို့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိနေပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပိုင် မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မတီအဖွဲ့ဟာ မေလ ၁၃ ရက် မနေ့က ရခိုင်ပြည်နယ်အစိုးရ၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ကော်မတီအဖွဲ့ဝင်တွေ ရခိုင်ပြည်နယ်ကို ရောက်လာတာကြောင့် စုံစမ်းမှုတွေ စတင်ပြီးလို့ ပြောလို့ရကြောင်းနဲ့ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ လိုအပ်ရင် ပူးပေါင်းပါဝင်ဖို့ ပြောဖြစ်ခဲ့တယ်လို့ မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။
“လက်ရှိရခိုင်ပြည်နယ်ထဲကို ရောက်နေပြီလေ သူတို့အလုပ်က စပြီလို့ ပြောလို့ရတယ်။ မနေ့က အစိုးရအဖွဲ့နဲ့ တွေ့ရှိတယ်။ လွှတ်တော်ဥက္ကဋ္ဌကို လာပြီးတွေ့ဆုံတာရှိတယ်။ မြေပြင်က တွေ့သင့်တဲ့သူတွေနဲ့ တွေ့ဖို့ လွှတ် တော်ဥက္ကဋ္ဌက သူတို့ကို အကြံပေးလိုက်ပါတယ်။ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ကတော့ သူတို့သိချင် တာရှိရင် ပြောဖို့အဆင်သင့်ပါပဲ”
စုံစမ်းစစ်ဆေးရေးကော်မတီအဖွဲ့ဝင် ဒေါက်တာအောင်သူရိန်ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ လောလောဆယ်ဖြေကြားဖို့ အဆင်မပြေသေးတာကြောင့် နောက်မှ ပြန်လည်ဆက်သွယ်ဖို့ ပြောပါတယ်။
ကော်မတီအနေနဲ့ တွေ့ဆုံစစ်ဆေးမယ့် အောက်ခြေက မျက်မြင်သက်သေတွေရဲ့ နောက်ကွယ်က အန္တရာယ်တွေကို ကာကွယ်ပေးဖို့ လိုအပ်တယ်လို့ မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း က ပြောပါတယ်။
“သိရသလောက် တွေ့မယ့်သူတွေက သူတို့ကို ကြောက်နေတယ်ဗျ။ သူတို့က အကာအကွယ်ပေးဖို့ လိုပါတယ်။ ဥပမာ တပ်မတော်ကပဲဖြစ်ဖြစ် AA ကပဲဖြစ်ဖြစ် ပစ်တာခတ်တာတွေ နှစ်ဦးနှစ်ဖက်ရှိတယ်။ ဘယ်သူကို ဘယ်သူက ပစ်ပါတယ်လို့ ပြောရခက်ပါတယ်။ ဒါပေမဲ့ မျက်မြင်သက်သေတွေကတော့ရှိပါတယ်။ အဲဒီလူတွေရဲ့ တွေ့ဆုံပြော ကြားမှုအတွက် နောက်ကွယ်ဖြစ်ပေါ်လာမယ့် အန္တရာယ်တွေက ကာကွယ်ပေးဖို့လိုပါတယ်။”
အောက်ခြေက လက်တွေ့ကျတဲ့သူတွေကို စစ်ဆေးဖို့လိုအပ်သလို စစ်ဆေးပြီးရင်လည်း အကောင်အထည်ဖော်ဖို့နဲ့ အဖြေမှန်ပေါ်အောင်လုပ်ဖို့လိုကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း က ပြောပါတယ်။
နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကတော့ အေအေရဲ့ပစ်ခတ်မှုကြောင့် နိုင်ငံတကာဝန်ထမ်း တစ်ဦး သေဆုံးခဲ့တာမို့ နိုင်ငံတကာက ကျေနပ်အောင် စုံစမ်းစစ်ဆေးပေးရတာဖြစ်ကြောင်းနဲ့ အေအေ ပစ်ခတ်တဲ့ လုပ်ရပ်မှန်းရှင်းနေတာကို ပိုရှင်းအောင် စုံစမ်းပေးရတာဖြစ်တယ်လို့ မေလ ၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားတယ်။
ဒီပြောကြားချက်က ဒီကော်မတီရဲ့ ရပ်တည်ချက်ကို အနည်းနဲ့အများ သက်ရောက်မှုရှိသွားနိုင်တယ်လို့ ညီမျှခြင်းမြန်မာရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်း က ပြောပါတယ်။
“သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက AA ဘက်က ကျူးလွန်ပါတယ်ဆိုပြီး စွပ်စွဲထားတယ်။ နိုင်ငံတကာဖိအားကြောင့် ဒါတွေဖွဲ့ပြီးတော့ လုပ်ဆောင်တယ်ဆိုတဲ့ ပြောကြားချက်က ဒီကော်မတီရဲ့ရပ်တည်ချက်ကို အနည်းနဲ့အများ သက်ရောက်မှုရှိသွားနိုင်ပါတယ်။ နောက်တစ်ခုက AA ကျူးလွန်ပါတယ်ဆိုပြီး ဒါကို သက်သေအထောက် အထားပြဖို့အတွက်ပဲ ဦးတည်သလို ဖြစ်ပြီးတော့ ဖြစ်နိုင်လောက်တဲ့ မြေပြင်အခြေအနေအပေါ်မူတည်ပြီး ဘယ်သူတာဝန်ရှိလဲဆိုတာ စုံစမ်းစစ်ဆေးဖို့အတွက် ကန့်သတ်မှုဖြစ်သွားနိုင်တာ ဒါက ပထမဆုံးအားနည်း ချက်ဖြစ်ပါတယ်။”
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ လွတ်လပ်ပြီး တရားမျှတတဲ့ ကော်မတီတစ်ရပ်နဲ့ စုံစမ်းစစ်ဆေးဖို့ ပြည်တွင်းက လူမှုအဖွဲ့ အစည်းပေါင်း ၂၉၀ က ဧပြီလ ၂၃ ရက်နေ့က ထုတ်ပြန်တောင်းဆိုထားပါတယ်။
တောင်းဆိုတဲ့အထဲမှာပါဝင်တဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့ အတွင်းရေးမှူး ဦးဇော်ဇော် ထွန်းကတော့ ကော်မတီအနေနဲ့ ဒီကိစ္စမှာပါဝင်ပတ်သက်နေတဲ့ နှစ်ဖက်တပ်တွေနဲ့ တွေ့ဆုံနိုင်တဲ့ အခွင့်အရေး ရှိမရှိမသိရသလို အဲဒီအခွင့်အရေးမရှိရင်တော့ ဘာမှထူးလာမယ့်အခြေအနေမရှိဘူးလို့ ပြောပါတယ်။
“သူတို့အနေနဲ့ အောက်ခြေကိုဆင်းပြီးမှ ဖြစ်ပျက်ခဲ့တဲ့နေရာက သက်ဆိုင်ရာ ပါဝင်ပတ်သက်သူတွေ အနီးအနား မှာ ရှိတဲ့သူတွေကို သွားတွေ့ပြီး တိတိကျကျဖော်ထုတ်နိုင်မယ့် အခြေအနေရှိမှရမယ်။ ဒီလို လွှတ်တော်တွေနဲ့ တွေ့လိုက် အစိုးရနဲ့တွေ့လိုက် ဒါမျိုးတွေကတော့ အပေါ်ယံလုပ်နေတာလို့ ကျွန်တော်တို့ သုံးသပ်တယ်။ ပါဝင်တဲ့နှစ်ဖက်တပ်တွေနဲ့ တွေ့ဆုံနိုင်တဲ့ အခြေအနေမျိုးရှိသလား။ သူတို့မှာ အဲဒီလို အခွင့်အရေးရှိသလား ဒါမျိုးမပါရင်တော့ ဘာမှ ထူးလာမယ့် အခြေအနေမရှိဘူးလို့ထင်တယ်။”
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ကားကို ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့ စုံစမ်းစစ်ဆေးမှုကို AA အဖွဲ့က ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ကြောင်း၊ အမှုမှန်ပေါ်ပေါက်စေချင်ရင် နိုင်ငံတကာက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ လုပ်မှဖြစ်မှာဖြစ်ကြောင်းနဲ့ ဒီလိုအဖွဲ့မျိုးက စုံစမ်းတဲ့စစ်ဆေးတာမျိုးကိုပဲ ရခိုင့်တပ်တော် AA ဘက်က ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခ က မေလ ၁ ရက်နေ့က RFA ကို ပြောကြား ထားပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကတော့ သမ္မတဖွဲ့ပေး ထားတဲ့ကော်မတီဖြစ်လို့ လိုက်နာဆောင်ရွက်သွားမှာဖြစ်ပြီး ကော်မတီရဲ့ ကွင်းဆင်းလုပ်ဆောင်ချက်တွေကို ကူညီပေးသွားမှာဖြစ်လို စစ်ဆေးတွေ့ရှိချက်ရလဒ်တွေကလည်း သမာသမတ်ကျတဲ့ရလဒ် ထွက်ပေါ်လာလိမ့်မယ် RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့က ရခိုင်ပြည်နယ်က ကိုရိုနာဗိုင်းရပ်စ်သံသယနဲ့ စောင့်ကြည့်ခံရသူတွေရဲ့ တို့ဖတ် နမူနာတွေကို ဓာတ်ခွဲစစ်ဆေးဖို့ WHO ဝန်ထမ်းဦးပြည့်စုံဝင်းမောင်နဲ့ အစိုးရကျန်းမာရေး ဝန်ထမ်း ဦးအောင်မျိုးဦး တို့ မော်တော်ကားနဲ့ ရန်ကုန်ကိုသွားရာမှာ မင်းပြားမြို့နယ် ရာမောင်ဇက်ဆိပ်အနီးမှာ ပစ်ခတ်ခံခဲ့ရတာပါ။
WHO ဝန်ထမ်း ဦးပြည့်စုံဝင်းမောင် ကတော့ အဲဒီနေ့ညမှာပဲ ဒဏ်ရာတွေနဲ့ မင်းပြားဆေးရုံမှာ ကွယ်လွန်သွားပြီး ကျန်းမာရေးဝန်ထမ်း ဦးအောင်မျိုးဦးကတော့ ဆေးကုသမှုခံယူခဲ့ရပါတယ်။
WHO ဝန်ထမ်းသေဆုံးရတဲ့ကိစ္စအပေါ် ကန့်ကွက်ရှုတ်ချကြောင်းနဲ့ စုံစမ်းမှုတွေလုပ်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကအစိုးရကို တိုက်တွန်းထားပါတယ်။
ဧပြီလ ၂၈ ရက်နေ့ နိုင်ငံတော်သမ္မတရုံးကဖွဲ့စည်းခဲ့တဲ့ ဒီကော်မတီမှာ ပြည်သူ့လွှတ်တော် နိုင်ငံသားများရဲ့ မူလအခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစောက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး နိုင်ငံတော်သမ္မတရုံးရဲ့ တွဲဘက်တာဝန်ကိုယူထားတဲ့ ဗိုလ်မှူးကြီး ထိန်လင်းကတော့ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားပါတယ်။
အဖွဲ့ဝင်တွေကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်နဲ့ ကုလသမဂ္ဂ အကြီးတန်းအကြံပေး အငြိမ်းစား ဒေါက်တာစုစုသာထွန်းတို့ ဖြစ်ပါတယ်။

တပ်မတော်သားများက အရပ်သားများကို ရိုက်နှက်နေသည့် ရုပ်သံဖိုင် လူမှုကွန်ရက်ပေါ်တွင်ပျံနှံ့ခဲ့ကာ ဝေဖန်မှုများမြင့်တက်ခဲ့ပြီးနောက် နှစ်ရက်အကြာတွင် တပ်မတော်က ဝန်ခံလိုက်ခြင်းဖြစ်သည်

လူမှုကွန်ရက်တွင် ပျံ့နှံနေသည့် တပ်မတော်သားများက အရပ်သားများကို ရိုက်နှက်နေသည့် ရုပ်သံဖိုင်မှာ မှန်ကန်မှုရှိပြီး ၎င်းတိုမှာ ရခိုင်လက်နက်ကိုင်အဖွဲ AA နှင့်ဆက်နွယ်နေသည်ဟု ယူဆရသဖြင့် ဧပြီ ၂၇ တွင်ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမှ စစ်တွေသို့ တရားစွဲဆိုနိုင်ရန် ဖမ်းဆီးခေါ်ဆောင်လာစဉ် ဥပဒေနှင့်မလျော်ညီသည့် စစ်ဆေးမှုများဖြစ်ပေါ်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သည်။

ရုပ်သံဖိုင်ပါ တပ်မတော်ရေယာဉ်ပေါ်တွင် လက်ပြန်ကြိုးတုပ် ထိုးကြိတ်ကန်ကျောက်ခံရသူ လူငယ်ငါးဦးအနက် သုံးဦးမှာ ယခင်လက တပ်မတော်စစ်ကြောင်းက ပုဏ္ဏားကျွန်းမြို့နယ်မှ ဖမ်းဆီးသွားခဲ့သူ ရွာသား ၃၈ ဦးထဲတွင် ပါဝင်သူများဖြစ်သည်ဟု ၎င်းတို့၏မိသားစုဝင်များကပြောကြောင်း Myanmar Now က ယမန်နေ့က သတင်းရေးသားခဲ့သည်။

စုစုပေါင်း အပိုင်း ၃ ပိုင်းပါရှိသည့် ရုပ်သံဖိုင်တွင် ဗမာစကားပြော အရပ်ဝတ်တချို့နှင့် ရေတပ်နှင့် တပ်မတော်စစ်ဝတ်စုံဝတ်ထားပြီး သေနတ်ကိုင်ဆောင်ထားသူအချို့က မျက်နှာတွင် အဝတ်စည်းထားသည့် အရပ်ဝတ်ငါးဦးကို သင်္ဘောပေါ်တွင် ထိုးကြိတ်ကန်ကျောက်နေကြခြင်းဖြစ်သည်။

“မင်းတို့ကို အကုန်သတ်မှာ” ဟု စစ်ဦးထုပ်ဆောင်းထားသူတစ်ဦးက ပြောနေသည်ကိုလည်း တွေ့ရပြီး မျက်နှာကို ခြေထောက်ဖြင့်နင်းခြင်း၊ ပက်လက်လှန်ခိုင်းထားကာ ရင်ဘတ်ကို ခြေထောက်ဖြင့် တက်ဆောင့်ခြင်းများပြုလုပ်နေသည်ကို တွေ့ရသည်။

ထို့ပြင် စွပ်ကျယ်အင်္ကျီအဖြူနှင့် လူငယ်ကို “မင်း ဘယ်အဆင့်လဲ၊ တပ်သားလား” ဟု မေးမြန်းကာ ပါးရိုက်ခြင်း၊ မျက်နှာကို လက်သီးဖြင့်ထိုးနေသည်ကိုလည်း တွေ့ရသည်။

အဆိုပါလူငယ်များထဲတွင် ပါဝင်သည့် စွပ်ကျယ်အင်္ကျီအဖြူနှင့် လူငယ်မှာ မောင်ညီညီအောင်ဖြစ်ကြောင်း ဦးလေးဖြစ်သူ ဦးစောသိန်းမောင်က Myanmar Now ကို အတည်ပြုသည်။

မောင်ညီညီအောင်မှာ ဧပြီ ၁၉ တွင် တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာသား ၃၈ ဦးအနက် တစ်ဦးဖြစ်သည်။

အထက်ပါ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်မှုများအား တပ်မတော်ပြန်ကြားရေးအဖွဲ.က “ဥပဒေနှင့်မလျော်ညီသည့် စစ်ဆေးမေးမြန်းမှုများ” ဖြစ်ကြောင်းဖော်ပြပြီး ဖြစ်စဉ်တွင်ပါ၀င်သည့် တပ်မတော်သားများအား စစ်စည်းကမ်းအရအရေးယူနိုင်ရေးအတွက် စုံစမ်းမှုများပြလုပ်လျက်ရှိသည်ဟု ဆိုသည်။

“သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီခြင်းမရှိတဲ့အတွက် လိုအပ်သလို အရေးယူဆောင်ရွက်သွားမှာပါ” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ထွန်းထွန်းညီက ဆိုသည်။

တပ်မတော်ရေယာဉ်ပေါ်တွင် ဖမ်းဆီးရိုက်နှက်ခံနေရသူများမှာ ကိုညီညီအောင် ၂၄ နှစ်အပြင် မောင်ချေ ၂၇ နှစ်၊ ကျော်ဝင်းဟိန်း ၂၂ နှစ် နှင့် မျိုးမင်းအောင် ၂၆ နှစ်နှင့် မျိုးလင်းဦး ၂၄ နှစ်တို့ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ၎င်းတို့ ၅ ဦးကို စစ်တွေသို့ ဖမ်းဆီးမခေါ်ဆောင်မီ ပုဏ္ဏားကျွန်းမြို့ ရဲစခန်းတွင် ထောင်ဒဏ်တစ်သက်ကျစေနိုင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဧပြီ ၂၃ က အမှုဖွင့်ခဲ့သည်။

Myanmar Now

မြန်မာ့တပ်မတော်သားတွေက အမျိုးသား ငါးဦးကို ရိုက်နှက်ထိုးကြိတ်ပြီး ညှဉ်းပန်းနှိပ်စက်နေတဲ့ ရုပ်သံဖိုင်တစ်ခု မနေ့က ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာပေါ် ပျံ့နှံ့လာခဲ့ပါတယ်။

ဒီရုပ်သံဖိုင်မှာ ပါရှိသူတွေဟာ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာကဖြစ်ပြီး ဒီဖြစ်ရပ်အပေါ် တရားမျှတမှု ရရှိအောင်ဆောင်ရွက်ပေးဖို့ကိုလည်း မိသားစုဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောကြပါတယ်။

ရေယာဉ်တစ်စီးပေါ်မှာ တပ်မတော်သားတွေက အမျိုးသား ငါးဦးကို ထိုးကြိတ်ကန်ကျောက်ပြီး ညှဉ်းပမ်း နှိပ်စက်မှုတွေ လုပ်နေတဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ မနေ့က မနက်ပိုင်းလောက်ကစပြီး ဖေ့စ်ဘွတ် လူမှုကွန်ယက် စာမျက်နှာမှာ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာခဲ့တာပါ။

နှိပ်စက်ခံရတဲ့လူ ငါးဦးအထဲက လေးဦးဟာ ပုဏ္ဏားကျွန်းမြို့နယ်ကဖြစ်ပြီး ကျန်တစ်ဦးကတော့ မြောက်ဦးမြို့နယ်က ဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့ မိတ်ဆွေအသိုင်းအဝိုင်းက RFA ကို ပြောဆိုကြပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုအကြီးအကဲတစ်ဦးက သူ့ရဲ့သမက်ကို ဗီဒီယိုဖိုင်ထဲမှာမြင်ရလို့ အကြီးအကျယ် စိတ်မကောင်းဖြစ်ရတယ်လို့ ပြောပါတယ်။

“ဒီမနက်က ဗီဒီယိုဖိုင်ကို ကြည့်ရလို့ တွေ့လိုက်ပါတယ်။ သူက စွပ်ကျယ်အဖြူနဲ့ လူပါ။ နောက်ပြန်ကြိုးလည်း အတုပ်ခံထားရပါတယ်။ ဗီဒီယိုဖိုင်ထဲမှာက အရိုက်ခံရတယ်၊ ဆံပင်တွေကိုလည်း ဆွဲနှုတ်ခံရတာကို မြင်ရပါတယ်။ စွပ်ကျယ်အဖြူ ဝတ်ထားတဲ့သူဟာ ကျွန်တော့သမက်ဆိုတာ သေချာပါတယ်။ ဒါကိုမြင်ရလို့ ကျွန်တော့အနေနဲ့ ကြေကွဲမိပါတယ်။ ရင်လည်းနာပါတယ်။ သူ့မှာ အပြစ်လုပ်ထားတာမရှိလို့ ပြန်လွတ်လာဖို့ကိုပဲ လိုလားပါတယ်”

နှိပ်စက်ခံရတဲ့လူတွေဟာ နောက်ပြန်ကြိုးတုပ်ပြီး မျက်လုံးတွေကို အဝတ်စနဲ့စည်းထားသလို အချို့မှာ နှာခေါင်းနဲ့ပါးစပ်တွေမှာလည်း သွေးတွေ ပေကျံနေတာကို တွေ့ရပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် ဒေသခံတစ်ဦးက ဖမ်းဆီးနှိပ်စက်ခံရသူတွေထဲက နှစ်ဦးဟာ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာက သူ့ရဲ့သူငယ်ချင်းတွေ ဖြစ်တယ်လို့ ပြောပါတယ်။

“ဖေ့စ်ဘုတ် လူမှုစာမျက်နှာမှာ တက်လာတာကို ကျွန်တော် မနေ့ကကြည့်ရပါတယ်။ အဲဒီအထဲက နှိပ်စက်ခံနေရသူ ငါးဦးထဲမှာ ကျွန်တော့ သူငယ်ချင်းနှစ်ယောက် ပါတယ်။ စွပ်ကျယ်အဖြူ ဝတ်ထားတဲ့လူက ကျွန်တော့ သူငယ်ချင်းပေါ့။ သူ့ဘေးက ဆိုလို အင်္ကျီအစိမ်းရောင်လေး ဝတ်ထားတာကလည်း ကျွန်တော့ သူငယ်ချင်းပါ။ သူ့ဘေးက အင်္ကျီအဖြူကွက်ကျားနဲ့ အစ်ကိုကလည်း ကျွန်တော်တို့ ရွာကပါပဲ။ ကျန်တဲ့ နှစ်ယောက်ထဲမှာ တစ်ယောက်က ပုဏ္ဏားကျွန်းရွာဟောင်းပိုင်းက တစ်ယောက်ရယ်၊ နောက်တစ်ယောက် ကတော့ လောလောဆယ် စစ်တွေမှာ ခေတ္တနေထိုင်တဲ့ မြောက်ဦးဇီးပင်ကြီးဆိုတဲ့ ရွာကပါ။ သူတို့ကို ပုဏ္ဏားကျွန်းမြို့အဝင် ဂူဝဘုရားအနီးက နေဗီပေါ်တင်ပြီးတော့ စစ်တွေ အမှတ် (၁) စခန်းကို ပို့မယ်ဆိုပြီးတော့ ယူသွားတဲ့နေ့က နေဗီပေါ်မှာ နှိပ်စက်တာလို့ သိရပါတယ်”

လူ ငါးဦးထဲက ကိုညီညီအောင်၊ ကိုမျိုးလင်းဦး၊ ကိုမောင်ချေ တို့ဟာ ကျောက်ဆိပ်ကျေးရွာသားတွေဖြစ်ပြီး ကျန် နှစ်ဦးကတော့ ပုဏ္ဏားကျွန်းမြို့ပေါ်က တစ်ဦးနဲ့ မြောက်ဦးမြို့နယ်က တစ်ဦးတို့ဖြစ်တယ်လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့မှာ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခံရလို့ အရပ်သား ရှစ်ဦး သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ပုဏ္ဏားကျွန်းမြို့ အမှတ်-၅၅၀ တပ်ရင်းက ပစ်ခတ်တဲ့ လက်နက်ကြီးလို့ ကျေးရွာသားတွေက ပြောဆိုခဲ့ကြပေမယ့် တပ်မတော်ကတော့ ကျောက်ဆိပ်ကျေးရွာမှာ အဲဒီလိုဖြစ်ပွားတာ မရှိဘူးလို့ ငြင်းဆိုခဲ့ကြပါတယ်။

အဲဒီနောက် ဧပြီလ ၁၉ ရက်နေ့မှာ ကျေးရွာသား ၃၈ ဦးကို တပ်မတော်က ဖမ်းဆီးခဲ့ပြီး နောက်တစ်နေ့မှာတော့ အဲဒီအထဲက လူပေါင်း ၃၃ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် ငါးဦးကို ဆက်လက် ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

သူတို့ ငါးဦးကို စစ်တွေမြို့မ ရဲစခန်းကို နေဗီနဲ့ ဆက်လက်ပို့ဆောင်ရာမှာ တစ်ရက်နဲ့ တစ်ညလောက် အခုလို ထိုးကြိတ်ရိုက်နှက် နှိပ်စက်ခံခဲ့ရတဲ့အကြောင်း ပုဏ္ဏားကျွန်းမြို့မရဲစခန်းကို ပြန်ရောက်လာစဉ်မှာ မိသားစုဝင်တွေကို ကာယကံရှင်တွေက ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မေလ ၇ ရက်နေ့ကစလို့ သူတို့ ငါးဦးကို ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့လည်း မိသားစုဝင်တွေက ပြောပါတယ်။

သူတို့ကို ဘာအကြောင်းကြောင့် ဖမ်းဆီးထိန်းသိမ်းထားတယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က အခုလို ရက်စက်ကြမ်းကြုတ်မှုတွေ နောက်ထပ် မဖြစ်ရအောင် အစိုးရက အရေးယူ ဆောင်ရွက်သင့်တယ်လို့ ပြောပါတယ်။

“အဲဒီ ဗီဒီယိုဖိုင်မှာပါတဲ့ ကလေးတွေရဲ့ မိဘတွေနဲ့ ဆွေမျိုးတွေက အဲဒါ သူတို့သားသမီးတွေ ဖြစ်တယ်ဆိုတာကို အတည်ပြုတယ်။ ဗီဒီယိုမှာ ကြည့်ရတာက တော်တော် ရက်စက်ကြမ်းကြုတ်မှုတွေပါတယ်။ ဒါမျိုးကတော့ မဖြစ်သင့်ဘူးပေါ့။ ဒီလို နောက်နောင်မဖြစ်ရအောင် အစိုးရက ဥပဒေနဲ့အညီ ကြပ်ကြပ်မတ်မတ် အရေးယူပြီးတော့ ဆောင်ရွက်သင့်တယ်။ ဒါကတော့ နိုင်ငံအတွက်လည်း မကောင်းဘူး။ တရားဥပဒေ စိုးမိုးရေးနဲ့ နိုင်ငံတော်အစိုးရရဲ့ ပုံရိပ်တွေကို ဆိုးစေတယ်။ နိုင်ငံတကာကလည်း ဂရုစိုက်နေတယ်။ အဲဒါကြောင့် ပိုပြီးတော့ အစိုးရက တရားဥပဒေစိုးမိုးရေးအတွက် တရားဥပဒေနဲ့အညီ ဆောင်ရွက်သင့်တယ်”

မိသားစုဝင်တွေနဲ့ ကျေးရွာသားတွေက ဗီဒီယိုဖိုင်ထဲမှာပါတဲ့ သူတွေဟာ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်သူတွေ မဟုတ်ဘဲ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတဲ့ သာမန်အရပ်သားတွေသာ ဖြစ်တယ်လို့ပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော်အနေနဲ့ သံသယနဲ့ ဖမ်းဆီးမှုတွေနဲ့ ပတ်သက်လို့ တရားလက်လွတ် လုပ်ဆောင်တာမရှိဘဲ တရားဥပဒေနဲ့အညီသာ ဆောင်ရွက်တယ်လို့ ပြီးခဲ့တဲ့မေလ ၈ ရက်နေ့က RFA ကိုပြောဆိုထားပါတယ်။

အခု လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်ကိစ္စနဲ့ ပတ်သက်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း နဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ မနေ့က ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ပုဏ္ဏားကျွန်းမှာ AA တပ်ဖွဲ့ဝင် သုံးဦး နဲ့ သူတို့နဲ့ဆက်စပ်သူ သုံးဦးကို ဖမ်းမိထားတာရှိကြောင်း၊ AA တပ်ဖွဲ့ဝင် သုံးဦးမှာသူတို့ရဲ့ ကိုယ်ပိုင်နံပါတ်တွေတောင် ပါရှိကြောင်း RFA ကိုပြောပါတယ်။

တပ်မတော်ရဲ့ဒီပြောကြားချက်နဲ့ ပတ်သက်ပြီး AA ရက္ခိုင့်တပ်တော်ရဲ့ ပြောခွင့်ရသူ ခိုင်သုခက မြန်မာစစ်တပ်ဟာ လူမဆန်တဲ့ နှိပ်စက်ညှဥ်းပမ်းမှု လုပ်ပြီးမှ သူတို့လိုချင်တဲ့ အဖြေရအောင် လုပ်ဆောင်တာဖြစ်ကြောင်း အရပ်သားတွေကို ဖမ်းဆီးပြီး AA လို့ စွပ်စွဲတာ အကြိမ်ပေါင်းများစွာ ရှိနေပြီဖြစ်ကြောင်း RFA ကို ပြောပါတယ်။

ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား စစ်ရေးပြင်းထန်နေဆဲဖြစ်သလို အောက်ခြေလူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ၊ အရပ်သားတွေ သေကြေထိခိုက်တာတွေကလည်း တဖြည်းဖြည်းကို များလာနေပါတယ်။

RFA ကရရှိတဲ့စာရင်းတွေအရ ရခိုင်ဒေသနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဧပြီလ တစ်လတည်းမှာ အရပ်သားသေဆုံးသူ ၄၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၇၈ ဦးအထိရှိခဲ့ပါတယ်။ အခုမေလ ၂ ရက်နေ့ ကနေ ၈ ရက်နေ့ အတွင်းမှာတော့ သေဆုံးသူ တစ်ဦးနဲ့ ဒဏ်ရာရသူ ခြောက်ဦး အထိရှိပါတယ်။

RFA News

■စစ်တွေမြို့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ စောင့်ကြည့်လူနာတွေရဲ့ ဆေးစစ်ချက်နမူနာကို ရန်ကုန်ကို သယ်လာတဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ယာဉ်တစီး ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ ပစ်ခတ်ခံရလို့ ဝန်ထမ်းတဦး သေဆုံးရတဲ့သတင်းကြောင့် ဝမ်းနည်းတုန်လှုပ်ရတယ်လို့ နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ ၁၆ ဖွဲ့က မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ဒီအခြေအနေတွေကြောင့် လက်နက်ကိုင် တိုက်ခိုက်နေတာ ချက်ချင်းရပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ယာဉ်မောင်း ဦးပြည့်စုံဝင်းမောင် ကွယ်လွန်သွားတဲ့အတွက် မိသားစုနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဝမ်းနည်းကြောင်း ပြောကြားလိုပြီး ထိခိုက်ဒဏ်ရာရသွားတဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တာဝန်ရှိပုဂ္ဂိုလ် အမြန်ကျန်းမာလာစေဖို့ ဆုမွန်ကောင်းပို့သပါတယ်လို့ ဖော်ပြပါတယ်။
ဧပြီ ၂၀ ရက်က ဖြစ်ပွားတဲ့ ဒီဖြစ်ရပ်ဟာ မြန်မာနိုင်ငံက လက်နက်ကိုင်တိုက်ခိုက်နေသူတွေ လက်နက်စွန့်လွှတ်ဖို့ အရေးတကြီး လိုအပ်တာနဲ့ တကမ္ဘာလုံး အပစ်ရပ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းတာကို အလေးထားဖို့ ပြသလိုက်တာပါပဲလို့လည်း ကြေညာချက်မှာပါရှိပါတယ်။
ကုလသမဂ္ဂ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေအပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ ဝန်ထမ်းတွေအားလုံး ရခိုင်ပြည်နယ်နဲ့ တခြားနေရာတွေကို လွတ်လွတ်လပ်လပ် သွားခွင့်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။ ဒါမှသာ ဒေသခံတွေဆီရောက်နိုင်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတုံ့ပြန်ရေးအစီအစဉ်တွေကို ပံ့ပိုးနိုင်မယ်လို့ ဖော်ပြပါတယ်။
ကြေညာချက်ထုတ်တဲ့ ၁၆ ဖွဲ့ထဲမှာ CARE International , Oxfam , Save the Children, International Rescue Committee, World Vision Myanmar တို့ပါဝင်ပါတယ်။

ရခိုင်ပြည်နယ်တွင်း ကုလသမဂ္ဂ ယာဉ် တစီး တိုက်ခိုက်ခံရမှု အတွင်း ရရှိခဲ့တဲ့ ဒဏ်ရာနဲ့ တဦးသေဆုံး၊ တဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့မှု အပေါ်လွတ်လပ်စွာ စုံစမ်းစစ်ဆေး အရေးယူဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်တဲ့ အကြောင်း မသိင်္ဂ ီထိုက်တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်တွင်းက COVID -19 စောင့်ကြည့်လူနာတွေထံက ဓာတ်ခွဲနမူနာတွေ သယ်ဆောင်လာတဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ကား တနလာၤနေ့ ညနေပိုင်းက မင်းပြားမြို့နယ်တွင်း တိုက်ခိုက်ခံခဲ့ရတာမှာ WHO အဖွဲ့ကြီးရဲ့ ဒေသခန့် ဝန်ထမ်း ဦးပြည့်စုံဝင်းမောင် အပြင်းအထန် ဒဏ်ရာရပြီး အင်္ဂါနေ့ မနက်ခင်းမှာ သေဆုံးခဲ့ရပြီး အစိုးရ ဝန်ထမ်း ဦးအောင်မျိုးဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာပါ။ ဒီလို တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ လွတ်လပ်စွာ စုံစမ်းစစ်ဆေးပြီး အရေးယူပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က တောင်းဆိုလိုက်တာပါ။ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က အင်္ဂါနေ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောဆိုသွားပါတယ်။

“ကုလသမဂ္ဂ အမှတ်တံဆိပ် ထင်ထင်ရှားရှားပါတဲ့ ကားတစီး တနလာၤနေ့ ညနေပိုင်းက ရခိုင်ပြည်နယ်တွင်း တိုက်ခိုက်ခံရမှု အတွင်း WHO အဖွဲ့ကြီးအတွက် အလုပ်လုပ်ပေးနေတဲ့ ယာဉ်မောင်း သေဆုံးခဲ့ရပါတယ်။ သေဆုံးခဲ့ရတဲ့ ဦးပြည့်စုံဝင်းမောင်က မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနကို ကူညီမှု အနေနဲ့ ရခိုင်ပြည်နယ်တွင်းက COVID-19 စောင့်ကြည့်လူနာတွေရဲ့ ဓာတ်ခွဲ နမူနာတွေကို သယ်ယူပို့ဆောင်ပေးခဲ့တာ ဖြစ်တယ်။ ကမ္ဘာ့ဘေးကင်းရေး ဆောင်ရွက်ရင်း အသက်ဆုံးရှုံးခဲ့ရတာဟာဆိုရင် ဝမ်းနည်းစရာ ဖြစ်ပါတယ်လို့ WHO အကြီးအကဲ ဒေါက်တာ Tedros ကလည်း ပြောဆိုထားပါတယ်” လို့ သတင်းစာရှင်းလင်ပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သေဆုံးခဲ့ရတဲ့ ဦးပြည့်စုံဝင်းမောင် အတွက် ဝမ်းနည်းရကြောင်းနဲ့ ဒဏ်ရာရခဲ့တဲ့ အစိုးရ ဝန်ထမ်း ဦးအောင်မျိုးဦး အမြန်ဆုံး ပြန်လည် ကျန်းမာလာဖို့ ဆုတောင်းပါကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောဆိုထားပါတယ်။ ဒီတိုက်ခိုက်မှုကို အပြည့်အ၀ ပွင့်လင်းမြင်သာမှု ရှိရှိ စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူတွေကို တရားဥပဒေနဲ့ အညီ အပြစ်ပေးဖို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုကြောင်း ပြောခွင့်ရက ကြေညာချက် ထုတ်ပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရာမောင်း တံတား အနီးမှာ တနင်္လာနေ့ ညနေခင်းက ကုလသမဂ္ဂရဲ့ အဖွဲ့တခု ဖြစ်တဲ့ WHO အဖွဲ့ အမှတ်တံဆိပ် ထင်ထင်ရှားရှားပါတဲ့ မော်တော်ယာဉ် တိုက်ခိုက်ခံရတဲ့ အတွက် တုန်လှုပ်မိတယ်လို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပါတယ်။ ဒီတိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးသွားမယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက်မှာ ပါပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ် AA ကြား တိုက်ပွဲတွေ ရှိနေပြီး အခု တိုက်ခိုက်ခံရမှုကတော့ တာဝန်ခံသူ မရှိပါဘူး။

ရခိုင်ပြည်နယ်တွင်း တိုက်ခိုက်မှုတွေကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ဝန်ထမ်း တဦး အသက် ဆုံးရှုံးရတဲ့ အပေါ် ဝမ်းနည်းရပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးကလည်း ထုတ်ပြန်ခဲ့ပြီး ရခိုင်မှာ တိုက်ပွဲတွေ ရပ်တန့်ဖို့ အမြန်ဆုံး လိုအပ်နေပြီ ဆိုတာကို ဒီအချက်က မီးမောင်းထိုးပြနေတာ ဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။

ဦးပြည့်စုံဝင်းမောင် သေဆုံးခဲ့ရမှု အတွက် ဝမ်းနည်းမှု အထိမ်းအမှတ်အဖြစ်နဲ့ ရန်ကုန်မြို့ ကုလသမဂ္ဂရုံး မှာ အင်္ဂါနေ့က ကုလသမဂ္ဂ အလံကို တိုင်တဝက် လျှော့ချ လွှင့်ထူခဲ့ပါတယ်။

VOA News