မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေ နှိမ်နင်းရာမှာ လက်နက်မဲ့ အရပ်သားတွေ၊ ကျန်းမာရေး လုပ်သားတွေကို ပစ်ခတ်တာဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ဥရောပသမဂ္ဂ (EU) က ပြောဆိုလိုက်ပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက ဆက်လက် အကြမ်းဖက်နှိမ်နင်းမှုကြောင့် အပြစ်မဲ့ အရပ်သားတွေ အသက်ဆုံးရှုံးရတဲ့အပေါ် ပြစ်တင်ရှုတ်ချကြောင်းလည်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ EU ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

ရာနဲ့ချီတဲ့လူတွေ ဖမ်းဆီးခံခဲ့ရပြီး သတင်းမီဒီယာတွေကိုလည်း ဖိနှိပ်မှုတွေရှိနေပြီး၊ ဖမ်းဆီး အရေးယူခံရတဲ့ သတင်းသမား အရေအတွက် တိုးလာနေကြောင်းလည်း ဖော်ပြထားပါတယ်။ သတင်းမီဒီယာသမားတွေ ကိုယ့်အလုပ်ကိုယ်လုပ်နေတာကို အရေးယူတာ၊ ခြိမ်းခြောက်တာတွေဟာ လက်ခံနိုင်စရာ မရှိကြောင်းလည်း EU က ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

သတင်းမီဒီယာတွေကို နှုတ်ပိတ်ဖို့ ကြိုးစားနေပေမဲ့လည်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်တွေကို တားဆီးဖျောက်ဖျက်လို့ မရသလို၊ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်နဲ့ မြန်မာလူထုရဲ့ ရဲစွမ်းသတ္တိကို ကမ္ဘာကြီးက မမြင်တွေ့နိုင်အောင် တားဆီးလို့ မရနိုင်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းတဲ့ လုပ်ရပ်ကိုလည်း အသိအမှတ်ပြု လက်ခံမှာမဟုတ်ကြောင်းနဲ့ စစ်တပ်ရဲ့ လုပ်ရပ်အတွက် တာဝန်ယူမှုရှိဖို့၊ ဒီမိုကရေစီ ပြန်လည် ထွန်းကားဖို့ ဆောင်ရွက်ရမှာ ဖြစ်ကြောင်းလည်း EU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ အသိုင်းအဝန်းက သတိပေးနေတဲ့ ကြားကပဲ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေအပေါ် အာဏာပိုင်တွေ အကြမ်းဖက် နှိမ်နင်းမှုတွေ ဆက်လက်ပေါ်ပေါက်နေတာပါ။ အမေရိကန်၊ ဗြိတိန်နဲ့ ဆွစ်ဇာလန် အပါအဝင် မြန်မာနိုင်ငံအခြေစိုက် အနောက်နိုင်ငံ သံရုံးတချို့ကတော့ သွေးထွက်သံယို နှိမ်နင်းမှုတွေကို ကန့်ကွက်တဲ့အနေနဲ့ Facebook လူမှုကွန်ရက် စာမျက်နှာမှာ အနက်ရောင် profile ပုံတွေကို ပြောင်းထားကြပါတယ်။

VOA News 

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ကန့်ကွက်ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းတဲ့ လုပ်ရပ်အတွက် ထိတ်လန့်တုန်လှုပ်မိကြောင်း အမေရိကန်က ပြောလိုက်ပါတယ်။

“အရပ်ဖက်အုပ်ချုပ်ရေး ပြန်လည်ရရှိဖို့ ငြိမ်းချမ်းစွာ ကြိုးပမ်းတောင်းဆိုနေတဲ့ မြန်မာပြည်သူတွေအပေါ် ရက်ရက်စက်စက် ပြုမူနေတဲ့ လုပ်ရပ်တွေကို တွေ့မြင်ရတဲ့အတွက် စိတ်ပျက် တုန်လှုပ်မိကြောင်း” အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Ned Price က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

အရပ်သားအစိုးရကို စစ်တပ်က ဖယ်ရှားပြီး အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ တလလောက် ရှိလာချိန်မှာပဲ အာဏာပိုင်တွေဖက်က ဇြိုခွင်းမှုတွေကို အရှိန်မြှင့်လာရာက ဗုဒ္ဓဟူးနေ့မှာ သေဆုံးသူ ၃၈ ယောက်ထက်မနည်း ရှိခဲ့ကြောင်းလည်း ကုလသမဂ္ဂက ပြောဆိုထားပါတယ်။ နိုင်ငံတကာက သတိပေးနေတဲ့ ကြားမှာပဲ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို နှိမ်နင်းမှုတွေ ဆက်လုပ်နေတာကြောင့် တညီတညွတ်တည်း ဝိုင်းဝန်း ကြိုးပမ်းကြဖို့လည်း အမေရိကန်က တိုက်တွန်းနေပါတယ်။

“ကိုယ့်ပြည်သူတွေအပေါ် စစ်တပ်က ရက်ရက်စက်စက် အကြမ်းဖက်နေတဲ့ လုပ်ရပ်ကို ပြစ်တင်ရှုတ်ချဖို့ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့အထိ ကျုးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်အတွက် တာဝန်ခံမှုရှိစေဖို့ နိုင်ငံတွေအားလုံးက တသံတည်း ထွက်ကြဖို့ လိုအပ်ကြောင်း” အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောဆိုလိုက်တာပါ။

မြန်မာ့အရေး ဖြေရှင်းရာမှာ တရုတ်နိုင်ငံက အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍက ပါဝင်ဖို့ အမေရိကန်က တိုက်တွန်းထားကြောင်းလည်း ပြောပါတယ်။

VOA News

ND-Burma မှ ဖေဖော်ရီဝါလ ၁ ရက်နေ့ မှ စတင်ခဲ့သော စစ်အာဏာသိမ်းမှုအခြေအနေများ နှင့် ဆန္ဒပြသည့်အခြေအနများ၊ ဆန္ဒပြသူများအပေါ် စစ်တပ်နှင့် ရဲမှ အကြမ်းဖက်ဖြိုခွင်းခြင်း နှင့်လူ့အခွင့်အရေးချိုးဖောက်မှု သတင်းအချက်အလက်များကို စုစည်း တင်ပြထားမှုများကို အင်္ဂလိပ် နှင့် မြန်မာဘာသာဖြင့် ရယူနိုင်ပါသည်။ ကျွန်နုပ်တို့၏ ၀က်ဘက်ဆိုက် မှတဆင့် အပတ်စဥ် နှင့်လစဥ် နောက်ဆုံးရသတင်းများကို ရရှိရန် စာရင်းသွင်း ရယူနိုင်ပါသည်။ ကျွန်နုပ်တို့၏ Facebook စာမျက်နှာကို Like and Follow လုပ်ခြင်းအားဖြင့်လည်း သတင်းများကို ရယူနိုင်ပါသည်။ ကျွန်နုပ်တို့ ND-Burma အနေဖြင့် လက်ရှိမြန်မာပြည်တွင်း တွင်ဖြစ်ပေါ်လျက်ရှိသော အခြေအနေများအပေါ် များစွာစိုးရိမ်ပူပန်မိကြောင်းနှင့် အခြေအနေများအပေါ် အနီးကပ်စောင့်ကြည့်နေပါသည်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန့်ကျင်ကန့်ကွက်ဆန္ဒပြတဲ့ ပြည်သူတွေကို  ရဲနဲ့စစ်တပ်က အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် မတ်လ ၃ ရက်နေ့ တစ်ရက်တည်းမှာ  သေဆုံးသူ  ၃၈ ယောက်ရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်းရှာရာနာ ဘာဂီနာက မနေ့က နယူးယောက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

“ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုဖြစ်ပွားပြီးကတည်းက ဒီနေ့ (မတ်လ ၃ ရက်) ဟာ သွေးထွက်သံယိုအဖြစ် အများဆုံးနေ့ဖြစ်ပါတယ်။ ဒီနေ့ တစ်ရက်ထဲ ၃၈ ယောက်သေဆုံးခဲ့တယ်။ စစ်အာဏာစသိမ်းကတည်းကဆိုရင် ပြည်သူအယောက် ၅၀ ကျော်သေဆုံးပြီး အများအပြား ဒဏ်ရာရထားပါတယ်” လို့ မစ္စ ဘာဂီနာက ပြောပါတယ်။

မစ္စ ဘာဂီနာဟာ မြန်မာ ဒုကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ဖုန်းနဲ့ ဆက်သွယ်စကားပြောဆိုခဲ့ပြီး အာဏာသိမ်းတာကြောင့် မြန်မာစစ်တပ်အနေနဲ့ နိုင်ငံတချို့ရဲ့ ပြင်းပြင်းထန်ထန် အရေးယူမှုတွေခံရနိုင်တဲ့ အကြောင်းနဲ့ အဆက်အဆံမလုပ်ပဲ အထီးကျန်ထားခံနိုင်ရတယ်လို့ သတိပေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက  သူတို့ အရေးယူ ပိတ်ဆို့ဒဏ်ခတ်ခံခဲ့ရဖူးပြီး  ရှင်သန်ခဲ့တဲ့အကြောင်းနဲ့ မိတ်ဆွေနိုင်ငံအနည်းငယ်နဲ့ ဆက်လျှောက် ဖို့လုပ်သွားမယ်လို့ ပြန်လည်တုံ့ပြန် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သောကြာနေ့မှာ တံခါးပိတ်အစည်းအဝေးကျင်းပသွားမယ်လို့လည်း ကုလသမဂ္ဂ ကိုယ်စားလှယ်က ပြောပါတယ်။

မနေ့က ရန်ကုန်အပြင် ၊ မန္တလေး၊ မုံရွာ၊ မြင်းခြံ၊ မော်လမြိုင် နဲ့ စလင်းမြို့တွေမှာလည်း ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို  ရဲနဲ့ စစ်တပ်နဲ့  အကြမ်းဖက်ပစ်ခတ်မှုကြောင့်  သေနတ်ကျည်ဆန် ထိမှန်သေဆုံး ဒဏ်ရာရသူ ၄၀ နီးပါး ရှိခဲ့သလို ရာနဲ့ချီတဲ့ ဆန္ဒပြလူငယ်တွေလည်း ဖမ်းဆီး ခံခဲ့ရပါတယ်။

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်မှာ ပြည်သူလူထုကို စစ်တပ်နဲ့ ရဲက သေနတ်နဲ့  အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခဲ့လို့ သေဆုံးအနည်းဆုံး ၁၂ ယောက်လောက်ရှိနိုင်တယ်လို့ အရေအတွက် ဒီထက်ပိုများနိုင်တယ်လို့လည်း ဒေသခံတွေက ခန့်မှန်းပြောဆိုနေပါတယ်။

မနေ့ညက မြောက်ဥက္ကလာပဆေးရုံကို သွားကြည့်ခဲ့သူတယောက်က “ည ၈ နာရီအထိ ရင်ခွဲရုံထဲမှာ သေဆုံးသူ ၆ ယောက်ရှိတယ်။ ဒဏ်ရာရသူကတော့ အပြင်းအထန်ရတဲ့သူ အနည်းဆုံး ၁၈ ယောက်တော့ရှိမယ်။ လုံးဝ မလှုပ်နိုင်တဲ့သူတွေ။ နောက်ထပ် ဒဏ်ရာရသူတွေကတော့ ၅၀ ကျော်လောက်ရှိမယ်” လို့ ပြောပါတယ်။

သေဆုံးသူအများစုဟာ ခေါင်းကို ကျည်ထိမှန်သေဆုံးတာလို့လည်း သူက ပြောပါတယ်။ ဆေးရုံနဲ့ နီးစပ်သူတယောက်ကတော့ ည ၈ နာရီနောက်ပိုင်းမှာပဲ သေဆုံး ၁၂ ယောက်အထိ ရှိလာတယ်လို့ သိရပြီး အတိအကျသိရအောင် စုံစမ်းနေတယ်လို့ ပြောပါတယ်။

မနေ့မနက်ပိုင်းက စလို့ မြောက်ဥက္ကလာပ ဃ ဈေးနားမှာ ဆန္ဒပြနေသူတွေ စုရုံးနေချိန်ကပဲ ရဲနဲ့ စစ်တပ်က ရောက်ရှိ ပိတ်ဆို့ထားခဲ့ပြီး နေ့လယ်ပိုင်းမှာတော့ အကြမ်းဖက် ဖြိုခွင်းခဲ့သလို ကျန်းမာရေးစေတနာ့ဝန်ထမ်းတွေကိုလည်း ရိုက်နှက်ခဲ့ပါတယ်။

လုံခြုံရေး ကင်မရာမှတ်တမ်းတခုမှာတော့ ရဲတွေဟာ လူမှုကူညီရေးအသင်းတခုရဲ့ လူနာတင်ကားကိုလည်း ရိုက်နှက်ဖျက်ဆီးပြီး ကျန်းမာရေး စေတနာ့ဝန်ထမ်းတွေကို ခြေထောက်နဲ့ ခေါင်းကို ကန်တာ၊ တုတ်တွေနဲ့ ရိုက်တာ၊ သေနတ်ဒင်နဲ့ ထုရိုက်တာကို တွေ့ရပါတယ်။

မနေ့ ညနေပိုင်းက မြောက်ဥက္ကလာအဝိုင်းနားမှာ စစ်တပ်နဲ့ရဲက စက်သေနတ်နဲ့  ဆက်တိုက် အချက်တွေအများကြီး ပစ်ခတ်နေခဲ့ပြီး တော်တော်များများ သေဆုံးခဲ့တယ်လို့ အဲဒီနားမှာ ရှိခဲ့သူတချို့ကတော့ စက်သေနတ်နဲ့ ပစ်တယ်လို့ ပြောပါတယ်။ မနေ့ညက နာရေးကူညီမှုအသင်း (ရန်ကုန်) ကိုလည်း ရဲနဲ့စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပါတယ်။

မနေ့က  စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် မုံရွာမှာလည်း ၉ ဦး ၊ မန္တလေးမှာ ၂ ဦး ၊ မြင်းခြံမှာ ၁ ဦး၊ စလင်းမှာ ၁ ဦးနဲ့ တခြားမြို့တွေမှာလည်း သေဆုံးသူတွေရှိခဲ့ပါတယ်။  ဒီဗွီဘီက ကနဦးကောက်ခံရရှိထားတဲ့ သေဆုံးသူတွေရဲ့  အမည်တွေကတော့ အောက်ပါအတိုင်းဖြစ်ပြီး နာမည်မသိတဲ့ သေဆုံးသူတွေလည်း ရှိနေပါတယ်။

မတ်လ (၃)ရက်သေဆုံးသူစာရင်း

၁။ မကြယ်စင် (၁၉ နှစ်) ၊ ချမ်းအေးသာဇံ၊ မန္တလေး

၂။ ကိုမျိုးနိုင်လင်း (ခ) ဖိုးလင်း  (၃၉နှစ်)၊ ချမ်းအေးသာဇံ၊ မန္တလေး

၃။ ကိုဇင်ကိုကိုဇော် (၂၂နှစ်)၊ မြင်းခြံ၊ မန္တလေး

၄။ ဒေါ်မြင့်မြင့်ဇင် (ခ) စာရေးဆရာ ကြည်လင်အေး (၃၆ နှစ်)၊ မုံရွာ၊ စစ်ကိုင်း

၅။ ကိုမိုးအောင် (၂၃ နှစ်)၊  မုံရွာ၊ စစ်ကိုင်း

၆။ မကျော့နန္ဒာအောင် (၂၅ နှစ်)၊  မုံရွာ၊ စစ်ကိုင်း

၇။ မောင်မင်းခန့်ကျော် (ခ) ဖိုးသဲ (၁၇ နှစ်) ၊ မုံရွာ၊ စစ်ကိုင်း

၈။ ကိုဇော်သိန်းအောင်(၂၀နှစ်)၊ မုံရွာ၊ စစ်ကိုင်း

၉။ ကိုနိုင်လင်း(၄၅ နှစ်)၊ မုံရွာ၊ စစ်ကိုင်း

၁၀။ မောင်ထက်အောင်  (၁၉နှစ်) မြောက်ဥက္ကလာပ၊ ရန်ကုန်

၁၁။ ကိုမင်းဦး (၂၁ နှစ်) မြောက်ဥက္ကလာပ၊ ရန်ကုန်

၁၂။ မောင်အောင်မြင့်မြတ် (၁၉နှစ်)၊ စလင်း၊ မကွေးမြို့

Photo Credit-SawKiKi

DVB News

တာမွေသပိတ်စစ်ကြောင်းမှ ကျောင်းသားများကို ကျိုက္ကဆံကွင်း၌ ခေတ္တထိန်းသိမ်းထားစဉ် ရေနှင့် အစားအစာ ပို့ခွင့် မရခဲ့ပေ

စစ်တပ်နှင့် ရဲများသည် ရန်ကုန်မြို့အနှံ့ အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးနေရာ ကျောင်းသားများ အပါအဝင် လူ ၅၀၀ ခန့်ကို တာမွေကျိုက္ကဆံအားကစားကွင်းတွင် ခေတ္တထိန်းသိမ်းပြီး အင်းစိန်ထောင်သို့ ခေါ်ဆောင်သွားကြောင်း ခိုင်လုံသတင်းရင်းမြစ်များအရ  သိရသည်။

ဖမ်းဆီးခံရသူများအနက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂ၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ကျောင်းသားသမဂ္ဂတို့မှ အဖွဲ့၀င်များ၊ အနယ်နယ်မှ ကျောင်းသားများ  ပါဝင်နေသည်။

တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်၊ ဗညားဒလလမ်းပေါ်မှ  ဆန္ဒပြသပိတ်စစ်ကြောင်းများအား ယနေ့ (မတ် ၃) နေ့လယ်ပိုင်းက ဖြိုခွင်းစဉ် ၎င်းတို့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ခေတ္တထိန်းသိမ်းထားသူတချို့ထံမှ ငွေကြေး တောင်းခံမှုများရှိကြောင်း ဖမ်းဆီးခံထားရသူတစ်ဦး၏ မိသားစုဝင်က ပြောသည်။

“ဖမ်းတယ်ဆိုတာကလည်းဗျာ အဓိပ္ပာယ်မှ မရှိတာကြီးကို၊ ဆန္ဒပြတာကိုဖမ်း၊ ဖမ်းပြီးသွားတော့လည်း ဘာပုဒ်မမှ မရှိဘူး၊ ငွေညှစ်တယ်၊ အဲဒါပြန်ပေးဆွဲတာပဲလေ” ဟု ကျောက်မြောင်းတွင် နေထိုင်သည့် ကျောင်းသား ကိုမိုးစုစံက Myanmar Now ကို ပြောသည်။

ငွေညှစ်သည်ဟူသော စွပ်စွဲချက်နှင့် ပတ်သက်ပြီး ရဲ၏ တုံ့ပြန်ချက် မရရှိသေးပေ။ ကိုမိုးစုစံ၏ အစ်ကိုဖြစ်သူ အပါအဝင် ၎င်း၏သူငယ်ချင်းအချို့လည်း အဖမ်းခံထားရသည်။

ကျောင်းသားမိဘများက ပြန်လွှတ်ပေးရန် ကျိုက္ကဆံကွင်းတွင် လာရောက်တောင်းဆိုခဲ့သော်လည်း ရဲတပ်ဖွဲ့က ငြင်းဆန်ခဲ့ပြီး ရေနှင့် အစားအသောက်များကိုပါ ပေးပို့ခွင့် မပြုခဲ့ပေ။

ကျောင်းသားများသာမက အရပ်သားများပါ အဖမ်းခံထားရပြီး တာမွေမြို့နယ်မှ ရဲအချုပ်ကား ၃ စီးအပြည့် ဖမ်းဆီးသွားခြင်း ဖြစ်ကာ အခြားမြို့နယ်များမှ ဖမ်းဆီးလာသည့် ရဲအချုပ်ကား ၄ စီး စုစုပေါင်း ၇ စီးအပြည့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် သတင်းရင်းမြစ်များက ဆိုသည်။

Img-700ae68c09b61664a8f30e7b2e0893f8-V.Jpg

ဖမ်းဆီးခံရသူများ၏ မိသားစုများနှင့် ရှေ့နေများ၊ တက္ကသိုလ်များမှ ပါချုပ်၊ ဒုပါချုပ်များ ရောက်ရှိလာပြီး ပြန်လွှတ်ပေးရန် ကျိုက္ကဆံကွင်းရှေ့တွင် တောင်းဆိုညှိနှိုင်းနေကြစဉ် (ဓာတ်ပုံ-ပေးပို့) ဖမ်းဆီးခံရသူများ၏ မိသားစုများနှင့် ရှေ့နေများ၊ တက္ကသိုလ်များမှ ပါချုပ်၊ ဒုပါချုပ်များ ရောက်ရှိလာပြီး ပြန်လွှတ်ပေးရန် ကျိုက္ကဆံကွင်းရှေ့တွင် တောင်းဆိုညှိနှိုင်းနေကြစဉ် (ဓာတ်ပုံ-ပေးပို့)

ထိုသို့  လူ ၅၀၀ ခန့် ကျိုက္ကဆံကွင်းအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း မျက်မြင်တွေ့ရှိခဲ့သူက
“ကျွန်မ ညနေက ရောက်သွားချိန်မှာတော့ သားသမီးဇောနဲ့ မိဘတွေ၊ တက္ကသိုလ်တွေက ပါချုပ်၊ ဒုပါချုပ်နဲ့ ဆရာမတချို့လည်း လာပြီး ကလေးတွေပြန်လွှတ်ပေးဖို့ မေတ္တာရပ်ခံကြတယ်” ဟု ဆိုသည်။

လုံခြုံရေးအခြေအနေအရ အမည်နှင့် အဖွဲ့အစည်းအား ထုတ်ဖော်ရေးသားခြင်း မပြုရန် မေတ္တာရပ်ခံထားသည့် အဆိုပါ ရွေးကောက်ပွဲကိုယ်စားလှယ်ဟောင်း အမျိုးသမီးသည် ဖမ်းဆီးခံကျောင်းသားနှင့် ပြည်သူများအား ဥပဒေကြောင်းအရ ပြန်လည်လွတ်မြောက်ရေးအတွက် လိုက်ပါကူညီပေးနေသူလည်း ဖြစ်သည်။

“မတရားမှုဆိုလို့ရှိရင် ကျောင်းသားသဘာဝ၊ ကျောင်းသားစိတ်ဓာတ်နဲ့တော့ တော်လှန်တွန်းလှန်မှာပဲ။ အဲဒီတော့ သူတို့အခွင့်အရေး သူတို့တောင်းဆိုတာဟာ ဥပဒေနဲ့ညီတယ်လို့ပဲ ပြောချင်တယ်” ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးခံပြည်သူများအား အင်းစိန်ထောင်သို့ တိုက်ရိုက်ခေါ်ဆောင်သွားခြင်းမပြုသည်မှာ လမ်းအခြေအနေကြောင့်  ဖြစ်နိုင်သလို တချို့မြို့နယ်များတွင် ရပ်ကွက်နေပြည်သူများက ဝိုင်းလာပြီး ပြန်လွှတ်ပေးရန် တောင်းဆိုမည့် အခြေအနေကို ရှောင်လွှဲချင်၍ ဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။

“ဒီနေ့အထိ ဖြစ်နေတာတွေ အားလုံးက သပိတ်မှောက်တာကို ဖြိုခွင်းတဲ့အခြေအနေမဟုတ်တော့ဘူး၊ တစ်နိုင်ငံလုံးက မြို့တွေကို စစ်မြေပြင်လိုလုပ်ပြီး တရားမဲ့လူသတ်နေတာ ဖြစ်နေပြီ။ အခုပြောနေတဲ့အချိန်မှာပဲ မြောက်ဥက္ကလာမှာ လည်း ကျည်ဆံ အချက်ပေါင်း ရာကျော်ဖောက်နေတယ်” ဟု ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားဟောင်း တစ်ဦးက Myanmar Now ကို ပြောသည်။

ဆက်လက်ပြီး “တရားမျှတမှုကို ရတဲ့နည်းနဲ့ ကျွန်တော်တို့ပြန်ယူမှာဖြစ်တယ်။ ကျသွားတဲ့ကျွန်တော်တို့ရဲ့ ရဲဘော်တွေ၊ ပြည်သူတွေအတွက် တရားမျှတမှုကို ထိုက်ထိုက်တန်တန်ပြန်ယူမှာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်တွင် အဖမ်းအဆီးများ နေ့တိုင်းရှိသကဲ့သို့ အဖမ်းခံထားရသူများကို အစုလိုက် အပြုံလိုက် လွှတ်ပေးမှုလည်း နေ့စဥ် ရှိနေသည်ကို တွေ့ရသည်။ အဖမ်းခံရသူများထဲမှ သတင်းသမားနှင့် ဆန္ဒပြခေါင်းဆောင်မဟုတ်လျှင် ဖမ်းပြီး နောက်တစ်နေ့တွင် ပြန်လွှတ်နေသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မတ် ၂ အထိ စာရင်းများအရ စစ်ကောင်စီမှ ဖမ်းဆီး၊ တရားစွဲဆို၊ ထောင်ချခြင်းခံထားရသူ ၁၂၉၄ ဦး ရှိနေပြီ ဖြစ်သည်။

Myanmar Now

အကြိမ်ကြိမ်ဖြိုခွင်းခံရပြီး ပြန်လည်စုစည်းနိုင်ခဲ့သည့် ရန်ကုန် မြောက်ဥက္ကလာမြို့နယ်ရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စခန်းများတွင် အကြမ်းဖက် ဖြိုခွင်းခံရမှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၅၀ ကျော် ရှိသည်ဟု မြို့နယ် အခြေစိုက် လှုမှုကူညီရေး အသင်းများရှိ အချက်အလက်များအရ သိရသည်။

ယမန်နေ့(မတ် ၃) ရက်နေ့မနက်ပိုင်းက စတင်ခဲ့သည့် မြောက်ဥက္ကလာ အဝိုင်းနှင့် မြောက်ဥက္ကလာ ကန်သာယာ ပန်းခြံ အနီးရှိ သပိတ်စခန်းများသည် နေ့လည်ပိုင်းတွင် အကြမ်းဖက် ဖြိုခွင်းခံခဲ့ရပြီးနောက် ဆန္ဒပြသူများသည် အမှတ် (၃)လမ်းမပေါ်ရှိ နွယ်နီမှတ်တိုင် အနီးတွင် အရန်အတားများ ထပ်မံ ပြုလုပ်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများကို အော်ဟစ်ခဲ့ကြသည်။

ထိုသပိတ်စခန်းကို ဖြိုခွင်းရန် ရဲနှင့်စစ်တပ် အင်အားအများအပြားရောက်ရှိလာခဲ့ပြီး ရပ်ကွက်နေပြည်သူများက ၎င်းတို့ကို ပြန်လည် ဝိုင်းရံခဲ့သည်။ ထိုသို့ ပေးထွက်တော့သည့်အခါတွင် ရဲနှင့်စစ်တပ်က လူထုအား အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူ အများအပြား သေဆုံး၊ဒဏ်ရာ ရခဲ့ခြင်းဖြစ်သည်ဟု မြောက်ဥက္ကလာပ မြို့နယ် အခြေစိုက် လူမှုကူညီရေး အသင်းတစ်ခုဖြစ်သည့် we love northokkalapa အဖွဲ့ တာဝန်ရှိသူက ပြောသည်။

“နေရာတင် ပွဲချင်းပြီး ၄ ယောက်သေသွားပါတယ်။ကျွန်တော်တို့ သိရသလောက် သေဆုံးလူနာ ၁၀ ဦးကျော်ကိုပဲ အတည်ပြုနိုင်ပြီး dead body ကိုလည်း ဆေးရုံကြီးပဲ ပို့ပေးပါတယ် ” ဟု ၎င်းက ထို အကြမ်းဖက်မှု ဖြစ်ပွားပြီး နာရီပိုင်း အကြာတွင် ပြောသည်။

စစ်တပ်နှင်ရဲ ပူးပေါင်းအဖွဲ့များ အကြမ်းဖက်နှိမ်နှင်းရာတွင် ဆန္ဒပြသူများကိုသာမကဘဲ လူနာတင်ယာဉ်များကိုပါ ဖျက်ဆီးခဲ့ပြီး မြို့နယ်အခြေစိုက် မွန်မြတ်စိတ်ထား လူမှုကူညီရေးအသင်းမှာ လူနာတင်ယာဉ်တစ်စင်း ဖျက်ဆီးခြင်း ခံခဲ့ရသည်။

156409081_2040999822714412_7375037252011467617_o-2.Jpg

မတ်လ ၃ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး မြောက်ဥက္ကလာပမြို.နယ်ရှိ ဆန္ဒပြပြည်သူများ။

ထို့ပြင် မြို့နယ် အခြေစိုက် လူမှုကယ်ဆယ်ရေး ဝန်ထမ်းများလည်း စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့၏ အကြမ်းဖက်မှုကြောင့် ပြင်းထန်သည့် ဒဏ်ရာများ ရရှိခဲ့သည်ဟု လူမှုကူညီရေး အသင်း တာဝန်ရှိသူများက ဆိုသည်။

We Love Narthokkalapa အဖွဲ့မှ ဒဏ်ရာရရှိသူကို သွားရောက်ခေါ်ဆောင်ရင်း ပိတ်မိနေသူ လူနာတင် ယာဉ်မောင်း လူငယ်တစ်ဦးနှင့်ဒဏ်ရာရရှိသူများကို စောင့်ရှောက်ပြုစုပေးသူ လူငယ်တစ်ဦးတို့ကိုလည်း လူနာတင်ယာဉ်ပေါ်မှ ဆင်းခိုင်းပြီး အကြမ်းဖက်ရိုက်နှက် ပစ်ခတ်ခဲ့သည်ဟု မျက်မြင်တွေ့ရှိရသူ ဂန္ဓလူမှုကယ်ဆယ်ရေး အသင်း တာဝန်ရှိသူက ပြောသည်။

“ကားပေါ်ကဆင်းခိုင်းပြီး ကားမောင်းတဲ့ ကောင်လေးရယ် နောက်တစ်ယောက်ရယ်ကို ထိုးတယ်။နောက်တစ်ယောက်ကိုတော့ ပေါင်ကို ချိန်ပြီး သေနတ်နဲ့ ပစ်သွားတယ်” ဟု ၎င်းက ပြောသည်။

မြို့နယ် အခြေစိုက် လှုမှုကူညီရေးအသင်း အသီးသီးမှ လူနာတင်ယာဉ်များ၊ကိုယ်ပိုင် ကားများကို အသုံးပြုပြီး ဒဏ်ရာရရှိသူ သေဆုံးသူများကို ပို့ဆောင်ပေးခဲ့ရပြီး ခွဲစိတ်ခန်း ဝင်ရန်မလိုအပ်သည့် ဒဏ်ရာ ရရှိထားသူများကို ယာယီဆေးခန်းများ ဖွင့်လှစ်ပြီး ကုသပေးနေပြီး တိကျသည့် သေဆုံး၊ဒဏ်ရာရရရှိသူ စာရင်းကို မထုတ်ပြန်နိုင်သေးကြောင်း မြို့နယ် အခြေစိုက် လူမှု ကူညီရေး အသင်း တာဝန်ရှိသူများက ဆိုသည်။

ရဲနှင့်စစ်တပ်များနှင့် မျက်နှာခြင်းဆိုင် အနေအထားတွင်ရှိသည့် နောက်ဆုံးကျန်ရှိသည့် နွယ်နီ မှတ်တိုင် အနီးရှိ သပိတ်စခန်းမှာလည်း ည ၇ နာရီကျော်တွင် လူစုကွဲသွားခဲ့ပြီး အာဏာပိုင်များက ည သန်းခေါင်ယံ အချိန်ထိ ရပ်ကွက်အတွင်း ဝင်ရောက် ပစ်ခတ်နေဆဲဖြစ်သည်ဟု ထိုမြို့နယ်တွင်နေထိုင်သည့် သတင်းစာဆရာ တစ်ဦးက ပြောသည်။

ထိုသို့ ပစ်ခတ်ဖြိုခွင်းရာတွင် အာဏာပိုင်များက အင်အား အလွန်အကျွံသုံးစွဲခဲ့ပြီး စနိုက်ပါ သေနတ်များကိုလည်း အသုံးပြုခဲ့သည်ဟု ထိုမြို့နယ်တွင် နေထိုင်သည့် ဆန္ဒပြသူ တစ်ဦးဖြစ်သည့် ကိုအောင်က ပြောသည်။

ထို အကြမ်းဖက် ဖြိုခွင်းမှုတွင် ဖမ်းဆီးခံရသူ ရာဂဏန်းခန့် ရှိနိုင်ပြီး ရဲနှင့်စစ်တပ် ပူးပေါင်း အဖွဲ့ဝင်များလည်း ဒဏ်ရရှိခဲ့ပြီး တိကျသည့် ကိန်းဂဏန်းများကို အတည်မပြုနိုင်သေးပေ။

ယမန်နေ့ (မတ် ၃) နေ့က ဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စခန်းများကို ရဲနှင့်စစ်တပ် ပူးပေါင်း အဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး မြောက်ဥက္ကလာပ မြို့နယ်ရှိ သပိတ်စခန်းများမှာ သေဆုံးမှုနှင့်ဒဏ်ရာ ရရှိမှု အများဆုံး ဖြစ်သည်။

ရန်ကုန် ပါရမီလမ်းရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စခန်းကိုလည်း ရဲနှင့်စစ်တပ် ပူးပေါင်း အဖွဲ့ဝင်များက ညှပ်ပူး၊ညှပ်ပိတ် ဖြိုခွင်းခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် ဒဏ်ရာပြင်းထန်သူ တစ်ဦးရှိခဲ့သည်။

ယမန်နေ့ (မတ် ၃) က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြိုခွင်းရာတွင် မုံရွာတွင် ၅ ဦး၊မန္တလေးတွင် ၃ ဦး၊ကလေးမြို့တွင် ၁ ဦး သေဆုံးခဲ့ရသည်။

ထိုနေ့ တစ်ရက်တည်းတွင် ဆန္ဒပြသူ ၃၀ ဦးထက်မနည်း အကြမ်းဖက်ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသည်ဟု ယူဆရပြီး တိကျသည့် အချက်အလက်များကို ရရှိရန် ဒေသအခြေစိုက် လူမှုကူညီရေး အဖွဲ့များနှင့် ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မတ် ၂ အထိ စာရင်းများအရ စစ်ကောင်စီမှ ဖမ်းဆီး၊ တရားစွဲဆို၊ ထောင်ချခြင်းခံထားရသူ ၁၂၉၄ ဦး ရှိနေပြီ ဖြစ်သည်။

Myanmar Now