မြန်မာ့ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြမှုတွေ အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေ လက်ချက်နဲ့ သေဆုံးသူ အနည်းဆုံး ၂၂၄ ဦး ရှိပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောဆိုထားပါတယ်။
“ဖမ်းဆီးစဉ် သေဆုံးရသူတွေ အပါအဝင် လုံခြုံရေး တပ်ဖွဲ့တွေ လက်ချက်နဲ့ သေဆုံးရသူ အရပ်သား အနည်းဆုံး ၂၂၄ ယောက် ရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ထုတ်ပြန်ထားကြောင်း” ပြောခွင့်ရ Farhan Haq က တနလာၤနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။
အမှန်တကယ် အရပ်သား သေဆုံးရမှုက ၂၅၀ နဲ့ အထက် ရှိနိုင်တယ်လို့ ကုလသမဂ္ဂက ယူဆထားပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ မတ်လ ၂၂ ရက်နေ့ အတည်ပြုချက် အရ အရပ်သား သေဆုံးသူ၂၆၁ ဦး ရှိပြီး အမှန်တကယ် သေဆုံးသူက ဒီထက် ပိုများကြောင်း၊ ဆက်လက် အတည်ပြုချက် ရယူ စုဆောင်းနေကြောင်း ဖော်ပြပါတယ်။ ဆန္ဒပြပွဲတွေ အပေါ် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ဒဏ်ရာရသူ ရာနဲ့ချီ ရှိနေပါတယ်။
ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်တပ်ဘက်က အင်အားသုံး နှိမ်နင်းမှု ရပ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက တစိုက်မတ်မတ် တောင်းဆိုထားပါတယ်။ မြန်မာ စစ်တပ်က ဖမ်းထားတဲ့ သတင်းထောက် အနည်းဆုံး ၄၀ ရှိနေကြောင်း၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို နှိပ်ကွပ်လာပြီး လွတ်လွတ်လပ်လပ် ထုတ်ဖော်ခွင့် မရအောင် လုပ်လာတဲ့ အပေါ် ကုလသမဂ္ဂဘက်က အထူးစိုးရိမ်ကြောင်းလည်း ပြောဆိုထားပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာ စစ်တပ်က အာဏာသိမ်းပြီးနောက် သတင်းထောက်တွေကို ပစ်မှတ်ထား ဖမ်းဆီးမှု၊ သတင်းမီဒီယာ ထုတ်ဝေခွင့်တွေ ရုပ်သံ လွှင့်ထုတ်မှုတွေကို ပိတ်ပင်ထားပြီး နိုင်ငံတွင်း အင်တာနက် ဆက်သွယ်မှုတွေကိုလည်း အာဏာသုံး ဖြတ်တောက်နေပါတယ်။

VOA News

ထုတ်ပြန်ရန်
[၂၀၂၁ ခုနှစ် မတ်လ ၂၂ ရက်နေ့] ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ Acting Resident and Humanitarian Coordinator မစ္စတာ အင်ဒရူး ကာ့ဒ်ဝုဒ်၏ “လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများမှ စုပေါင်း အရေးယူမှု” လုပ်ဆောင်ရန် တောင်းဆိုမှု မှတ်ချက်ပြုခြင်းကို ရှေ့ပြေးအသံအဖွဲ့နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်းများက ကြိုဆိုလိုက်သည်။ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအပေါ် ကျူးလွန်မှုများကို အပြစ်ပေးအရေးယူခံရခြင်း လုံးဝ မရှိဘဲ လုပ်ဆောင်နေသော သေစေလောက်သည့် အကြမ်းဖက်မှုများကို ရပ်တန့်ရန်နှင့် တရားမဝင် စစ်အုပ်စုမှ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအပေါ် လုပ်ဆောင်နေသည့် ခြိမ်း‌‌ခြောက်သော လှုပ်ရှားမှုကို ရပ်တန့်ရန် ထိရောက်သော စောင့်ကြည့်ရေးနှင့် ကြားဝင်ဖြေရှင်းရေး မစ်ရှင်တစ်ခုကို မြန်မာနိုင်ငံသို့ ချက်ချင်း စေလွှတ်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ မိမိတို့၏ တောင်းဆိုချက်ကို ထပ်မံ တောင်းဆိုလိုက်သည်။
၂၀၂၁ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် မစ္စတာ ကာ့ဒ်ဝုဒ်က ကုလသမဂ္ဂ သတင်းမီဒီယာများအား အကျဉ်းချုပ် တင်ပြရာတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ စုပေါင်း အရေးယူရန်အတွက် ပြောကြားချက်သည် အရပ်ဘက်လူထု အဖွဲ့အစည်းများ၏ တောင်းဆိုချက်များ ထင်ဟပ်နေပြီး “ပြည်သူတွေက ပိတ်ဆို့အရေးယူမှုလိုမျိုး ခိုင်မာတဲ့ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ပွင့်ပွင့်လင်းလင်းပြောရရင် ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့ (Peacekeeper) တွေကို တွေ့မြင်လိုတာ ဖြစ်တယ်…. ကျနော်တို့ လိုအပ်နေတာက အဖွဲ့ဝင်နိုင်ငံရဲ့ အရေးယူဆောင်ရွက်မှုနဲ့ လုံခြုံရေးကောင်စီမှာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ စုပေါင်း အရေးယူမှု ဖြစ်ပါတယ်။” ဟု မစ္စတာ ကာ့ဒ်ဝုဒ်က ပြောသည်။
“ကျမတို့အနေနဲ့ မြန်မာနိုင်ငံ ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာ အင်ဒရူးကာ့ဒ်ဝုဒ်ရဲ့ မြေပြင်အခြေအနေကို ထင်ဟပ်တဲ့ မှတ်ချက်ချမှုနဲ့ လုံခြုံရေးကောင်စီမှာ အဖွဲ့ဝင်နိုင်ငံတွေက ပူးပေါင်း အရေးယူမှုတွေ လုပ်ဆောင်ဖို့အတွက် တောင်းဆိုတာကို ကြိုဆိုပါတယ်။ မစ္စတာ ကာ့ဒ်ဝုဒ်က မြေပြင်အခြေအနေဟာ အလွန်ကြောက်မက်ဖွယ်ကောင်းပြီး “ပိုမိုဆိုးရွားလာနိုင်သလို အထိန်းအကွပ်မရှိ ဖြစ်သွားနိုင်တယ်။” လို့ သေသေချာချာ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ မြန်မာစစ်တပ်နဲ့ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့တွေဟာ ရာနှင့်ချီတဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို သတ်ဖြတ်ခဲ့ပြီး လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို အပြစ်ပေး အရေးယူခံရခြင်းမရှိဘဲ ကျူးလွန်နေတဲ့အချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူဆောင်ရွက်မှုမရှိဘဲ လှုပ်ရှားမှု ကင်းမဲ့နေတာဟာ ဘယ်လိုမှ လက်သင့်ခံနိုင်စရာ မရှိဘူး။” ဟု ရှေ့ပြေးအသံအဖွဲ့ (PV) မှ ဒေါ်ခင်ဥမ္မာက ပြောသည်။
စစ်အုပ်စုမှ ငြိမ်းချမ်းစွာဆန္ဒပြနေသူများအပေါ် တိုက်ခိုက်နေမှုများ ရပ်တန့်ရန်၊ နောက်ထပ် သွေးထွက်သံယိုဖြစ်မှုနှင့် အသက်သေဆုံးရမှုများကို ကာကွယ်တားဆီးရန် နှင့် မတရားဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးရန်အတွက် ထိရောက်မှုရှိသော စောင့်ကြည့်ရေးနှင့် ကြားဝင်ဖြေရှင်းရေး မစ်ရှင်တစ်ရပ်ကို မြန်မာနိုင်ငံသို့ ချက်ချင်းစေလွှတ်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို မြန်မာ အရပ်ဘက်လူထုအဖွဲ့အစည်း ၅၀၀ နီးပါးက အကြိမ်ကြိမ် တောင်းဆိုခဲ့ကြသည်။ ထို့အပြင် ၎င်းတို့မှ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ခဲယမ်းများ ပိတ်ဆို့အရေးမှုကို အရေးပေါ် ပူးပေါင်းချမှတ်ရန်နှင့် စစ်အုပ်စုမှ ၎င်းတို့ ကျူးလွန်ခဲ့သော၊ ဆက်လက် ကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်လှသည့် ရာဇဝတ်မှုများအပေါ် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရန်အတွက် မြန်မာနိုင်ငံကို နိုင်ငံတကာ ရာဇဝတ်တရားရုံး (International Criminal Court – ICC) သို့ လွှဲပြောင်းရန်လည်း အရေးတကြီး တောင်းဆိုခဲ့ကြသည်။
ထို့အပြင် မစ္စတာ ကာ့ဒ်ဝုဒ်က သတင်းမီဒီယာများကို ပြောကြားရာတွင် “အစားအစာ တဖြည်းဖြည်း ရှားပါးလာနေသည့် အကြပ်အတည်း” က မြန်မာနိုင်ငံတွင် ကျရောက်လာတော့မည်ကိုလည်း ဖော်ထုတ်ပြောဆိုခဲ့သည်။ ထိုသို့ ပြောဆိုချက်မှာ အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုများအတွက် အလွန်အရေးကြီးသော သတိ‌ပေးချက် လက္ခဏာများဖြစ်ပြီး ထိုသို့သော အစာရေစာ ခေါင်းပါးမှု ကပ်ဆိုးကြီးမှ ကာကွယ်ရန် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အဖွဲ့သည် အရေးတကြီး အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ပြီး မြေပြင်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များ ပြည့်မီစေရေးကို အာမခံပေးရန် လိုအပ်သည်။
“ကျနော်တို့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ကြားဝင်ဖြေရှင်းမှုတွေလုပ်ဆောင်ပြီး အသက်တွေ ကယ်တင်နိုင်အောင် ချက်ချင်း အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့တယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းက မလှုပ်မယှက်ဖြစ်နေတာဟာ ကျူးလွန်မှုတွေကို အပြစ်ပေး အရေးယူခံရခြင်း မရှိဘဲ ဆက်လုပ်လုပ်ဆောင်ဖို့ စစ်တပ်ကို အားပေးနေသလို ဖြစ်စေတယ်။ အရေးယူဆောင်ရွက်ခြင်း မရှိမှုက ကြာလာတဲ့အခါ ဒီရာဇဝတ်သားတွေ ဆက်လက်ကျူးလွန်နေတဲ့ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတဲ့ တိုက်ခိုက်မှုတွေအပြင် မြေပြင်ပေါ်မှာ အခုစတင်ဖြစ်ပေါ်နေတဲ့ အစာရေစာ ရှားပါးမှုကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေရဲ့ ခံစားရမှုတွေကိုလည်း ပိုမို ဆိုးရွားစေမှာ ဖြစ်တယ်။” ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) မှ နိုင်အဲမွန်က ပြောသည်။
ထိုအချက်များကို ထင်ဟပ်လျက် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC) မှ ကိုတိန်ဦးက “ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းတဲ့ အချိန်က စလို့ ပျမ်းမျှအားဖြင့် တစ်နေ့ကို လူငါးယောက်နှုန်း မြန်မာစစ်တပ်က သတ်ဖြတ်နေတာဖြစ်တယ်။ အနည်းဆုံး အသက်ပေါင်း ၂၅၀ သေဆုံးခဲ့ပြီးဖြစ်တယ်။ အရေးယူမှု မရှိတဲ့ရက် တစ်ရက် ကျော်လွန်သွားတာနဲ့ စစ်တပ်ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ငြိမ်းချမ်းစွာနဲ့ ရဲရင့်စွာ ကာကွယ်နေကြတဲ့ လူငယ် အများစုပါဝင်တဲ့ အပြစ်မဲ့တဲ့ အသက်တွေကို ရက်စက်ပြီး လူမဆန်တဲ့ စစ်တပ်က သတ်ဖြတ်နေတာဖြစ်တယ်။ မြန်မာပြည်သူတွေ ရင်ဆိုင်ခံစားနေရတာတွေကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဒီအတိုင်းထိုင်ကြည့်နေလို့တော့ မဖြစ်ဘူး။” ဟု ပြောသည်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
📧 ဒေါ်ခင်ဥမ္မာ၊ ရှေ့ပြေးအသံအဖွဲ့ (PV)၊ khinohmar@progressive-voice.org
📧 နိုင်အဲမွန်၊ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း(HURFOM)၊ auemon@rehmonnya.org
📧 ကိုတိန်ဦး၊ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)၊ aasyc.ghq@gmail.com

လွန်ခဲ့သည့် အပတ်အတွင်း ငြိမ်းချမ်းစွာဆန္ဒပြနေသူများအပေါ် တပ်မတော်မှ ဆက်လက်၍ အပြင်းအထန် နှိမ်နင်းနေသည်။ ပစ်ခတ်မှုကို ခုခံရန် ပြုလုပ်ထားသည့် အတားအဆီးများကို ဖြိုဖျက် နေသည့်အတွက် အကြီးအကျယ်ပျက်စီးနေမှုများ မြို့ပြနှင့် ကျေးလက်ရှိ လမ်းများပေါ်တွင် ပြည့် နှက်နေသည်။ စစ်အုပ်ချုပ်ရေး နှင့် မိုဘိုင်းအင်တာနက် ဖြတ်တောက်မှုများကို အပတ်စဥ် အကျဥ်းချုပ်တွင် ဖော်ပြထားသည်။

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်နှစ်ခု ထိစပ်နေရာ ကျေးရွာတွေမှာ မတ်လ ၁၅ ရက်နေ့ ညနေပိုင်းကစပြီး စစ်တပ်နဲ့ရဲက အကြမ်းဖက် ပစ်ခတ်ခဲ့တာကြောင့် လူ ၅ ဦး ကျဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

သပိတ်ကျင်းမြို့နယ်အတွင်းက ချောင်းကြီးကျေးရွာမှာ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး ရင်ဘက်ကျည်ထိကာ ကျဆုံးခဲ့ပြီး အဆိုပါကျေးရွာက ကလေးငယ်တစ်ဦး လည်း လက်ကို ကျည်ထိမှန်ကာ ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ကားလမ်းတလျှောက် ရွှေ့လျားသွားတဲ့ စစ်သားတွေပါတဲ့ကားပေါ်ကနေ ပစ်ခတ်သွားတာကြောင့် ကျောက်ဖြူကျေးရွာအနီးမှာ ဒေသခံသုံးဦး ကျည်ထိမှန်ခဲ့ပြီး ပြင်းထန်ဒဏ်ရာရသူနှစ်ဦးကို သပိတ်ကျင်းမြို့နယ် ကုတင်၁၀၀ စစ်ဆေးရုံမှာ ခေါ်ယူကုသပေးနေတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။

ကားလမ်းတလျှောက် စဉ့်ကူးမြို့နယ်အတွင်း ပစ်ခတ်ခဲ့တာတွေကြောင့် ကျည်တောက်ပေါက် ကျေးရွာက နှစ်ဦးကျဆုံးခဲ့ပြီး ရှစ်ဦး လောက် ဒဏ်ရာရရှိခဲ့သလို နွယ်ရုံကျေးရွာက တစ်ဦးနဲ့ ကံပျိုကျေးရွာမှာလည်း တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါကျေးရွာတွေမှာလည်း ထိခိုက် ဒဏ်ရာရသူတွေ ရှိတယ်လို့ သိရပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ အဆိုပါ ကျေးရွာတွေကို စစ်တပ်က ထပ်မံသွားရောက်နေပြီး တပ်စွဲထားတာတွေရှိနေတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။

DVB News

ယခုအပတ်အတွင်း ရှေ့တန်းမှ တိုက်ပွဲဝင်နေသူများ အကျအရှုံးများခဲ့သည်။ သေဆုံး၊ ဒဏ်ရာရမှု များနှင့် ဖမ်းဆီး၊ ထိန်းသိမ်းခံရမှုများ နေ့စဥ်များပြားနေသော်လည်း တာဝန်ယူ တာဝန်ခံခြင်းမရှိမှုက မြန်မာပြည်သူများ၏ဘဝကို မြဲမြံစွာ ချိတ်ဆွဲထားဆဲဖြစ်သည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်တပ်၏ အကြမ်းဖက်ဖိနှိပ်မှုများကို အဆုံးသတ်သွားသည်အထိ လုပ်ဆောင်ရန်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အတူတကွ စုပေါင်း၍သော်လည်းကောင်း၊ တနိုင်ငံချင်းစီအနေဖြင့်သော်လည်းကောင်း ကူညီဆောင်ရွက်ပေးကြရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် António Guterres က တိုက်တွန်းလိုက်သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် Stéphane Dujarric မှ ထုတ်ပြန်သော မြန်မာနိုင်ငံနှင့် ပတ်သက်၍ ထုတ်ပြန်ချက်တွင် “ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သည် မြန်မာစစ်တပ်ကြောင့် နိုင်ငံအတွင်း အကြမ်းဖက်များ မြင့်တက်ဖြစ်ပွားနေခြင်းအတွက် များစွာတုန်လှုပ်စိတ်ပျက်မိပါသည်” ဟု ဖော်ပြပါရှိသည်။

ထို့အတူ ဆန္ဒပြသူများအား သတ်ဖြတ်ခြင်း၊ တရားလက်လွတ်ဖမ်းဆီးခြင်းနှင့် ဖမ်းဆီးထိန်းသိမ်း ထားသူများကို ညှင်းပန်းနှိပ်စက်ခြင်းများသည် အခြေခံလူ့အခွင့်အရေးများကို ချိုးဖောက်ခြင်းဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ထိန်းထိန်း သိမ်းသိမ်းဆောင်ရွက်ကြရန်၊ ဆွေးနွေးမှုများ ပြုလုပ်ရန်နှင့် မြန်မာနိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်တင်ပေးရန် တိုက်တွန်းချက်များကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ဖီဆန်နေခြင်းဖြစ်ကြောင်းလည်း ထောက်ပြထားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အခြေအနေများ တည်ငြိမ်သွားအောင် ဆောင်ရွက်ရန်နှင့် ဆွေးနွေးမှုများ ပြုလုပ်ရန်၊ ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်သွားရန်လိုအပ်သည်များကို ပြင်ဆင်လုပ်ဆောင်ရန် အရေးကြီးသော အစိတ်အပိုင်းတခုအဖြစ် အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်အားနိုင်ငံသို့ လာရောက်ခွင့်ပေးရန်ကိုလည်း အတွင်းရေးမှူးချုပ်က မြန်မာစစ်တပ်ကို တိုက်တွန်းလိုက်သည်။

ထို့အတူ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သည် မြန်မာပြည်သူများ၊ ၎င်းတို့၏ ဒီမိုကရေစီအား ပြင်းပြစွာ လိုလားတောင့်တမှုများနှင့်အတူ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

မြန်မာနိုင်ငံထဲမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က လူထုရွေးကောက်တင်မြောက်ထားသည့် အရပ်သား အစိုးရထံကနေ စစ်တပ်က အဓမ္မ အာဏာသိမ်းယူခဲ့သည်။ ထိုကဲ့သို့ အာဏာသိမ်းလုပ်ရပ်အပေါ် မကျေနပ်၍ ဒီမိုကရေစီလိုလားကြောင်း ဆန္ဒပြသူများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့က စစ်မြေပြင်သဖွယ် ပစ်ခတ်နှိမ်နင်းမှုများ ဆက်တိုက်ပြုလုပ်နေလျှက်ရှိသည်။

ထိုကဲ့သို့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုများကြောင့် သေဆုံးသူ အရေ အတွက်မှာ အနည်းဆုံး ၁၈၂ ယောက် ထိရှိနေပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် အပါအဝင် ဖမ်းဆီးခံထားရသူ ၁၉၀၀ နီးပါး ရှိနေပြီဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က မတ်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Irrawaddy News