ကုလသမဂ္ဂကျွမ်းကျင်ပညာရှင်သုံးဦးပါဝင်သည့် မြန်မာ နိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီကိုဖွဲ့စည်းကြောင်း တပ် မတော်က အာဏာသိမ်းပြီး တစ် လပြည့်သည့် ယမန်နေ့(မတ်လ ၁ ရက်)တွင် ယင်းကောင်စီကထုတ်ပြန်ကြေညာသည်။

အဆိုပါ အကြံပေးကောင်စီ (SAC-M)တွင် ကုလသမဂ္ဂလူ့ အခွင့်အရေးကောင်စီ၏ မြန်မာ နိုင်ငံ လူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ အထူးအစီရင်ခံစာတင် သွင်းသူဟောင်း မစ္စစ်ရန်ဟီးလီ၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ် သောအချက်အလက်ရှာဖွေရေး မစ်ရှင်ဥက္ကဋ္ဌဟောင်း မာဇူကီဒါရူး စမန်နှင့် အချက်အလက်ရှာဖွေ ရေးမစ်ရှင်အဖွဲ့ဝင်ဟောင်း ခရစ် စီဒိုတီတို့ပါဝင်သည်။

ယင်းကောင်စီသည် မြန်မာ ပြည်သူများ၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် ပြစ်မှုကျူးလွန် ထားသူများ၏ တာဝန်ခံမှုရှိရေးတို့ အတွက် လုပ်ဆောင်မည်ဖြစ်ပြီး ပြည်တွင်းရှိ လူ့အခွင့်အရေးကာကွယ်ရပ်တည်သူများ၊ အရပ် ဘက်အဖွဲ့အစည်းများနှင့် မြန်မာ့ အရေးကျွမ်းကျင်သူများအတွက် နိုင်ငံတကာပလက်ဖောင်းအဖြစ် ပံ့ပိုးနိုင်ရန် ဖွဲ့စည်းခြင်းဖြစ်သည် ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

၎င်းတို့၏ အသံများကို အ ရေးပါသည့် ပါဝင်ပတ်သက်သူ များ၊ ဆုံးဖြတ်ချက်ချနိုင်သူများ ကြားသိနိုင်စေရန် အထက်ပါအ ကြံပေးကောင်စီက လုပ်ဆောင် မည်ဟု ဆက်လက်ဖော်ပြသည်။

‘‘မြန်မာစစ်တပ်ဟာ ပြည် သူလူထုကို ရာစုနှစ်ထက်ဝက် ကျော်ကြာအောင် ဖိနှိပ်ခဲ့ပြီး ဖက် ဒရယ်ဒီမိုကရေစီတည်ထောင်ဖို့ ကြိုးပမ်းမှုကို ပိတ်ပင်တားဆီးခဲ့ပါ တယ်။ နောက်ပြီး အရေးယူခံရ ခြင်းမရှိဘဲ ပြင်းထန်တဲ့လူ့အခွင့် အရေးချိုးဖောက်မှုတွေကို ကျူး လွန်ခဲ့ပါတယ်’’ ဟု မစ္စစ်ရန်ဟီး လီက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ၁၀ နှစ်တွင် မြန်မာစစ်တပ်သည် ၂၀၀၈ အခြေခံဥပဒေကြောင့်အာ ဏာအကန့်အသတ်ဖြင့် ရရှိသော ဒီမိုကရေစီနည်းကျတက်လာ သည့် ရွေးကောက်ခံအစိုးရများ ထံမှ အကျိုးဖြစ်ထွန်းမှုများရရှိခဲ့ ကြောင်း အထက်ပါထုတ်ပြန် ချက်၌ ဖော်ပြသည်။

၂၀၂၀ နိုဝင်ဘာ ရွေး ကောက်ပွဲတွင် အင်န်အယ်လ် ဒီပါတီက အစိုးရဒုတိယသက် တမ်းအတွက် အနိုင်ရခဲ့ပြီးနောက် ယင်းရလဒ်အပေါ် ကျေနပ်မှုမရှိ သည့် စစ်တပ်ခေါင်းဆောင်များ က အာဏာသိမ်းယူခဲ့ကာနိုင်ငံကို နောက်ထပ် အကျပ်အတည်းများ ဆီ တွန်းပို့ခဲ့ကြောင်း အကြံပေး ကောင်စီက သုံးသပ်သည်။

7Day News

စစ်တပ်က အာဏာသိမ်းယူပြီးချိန်မှစတင်ကာ စံချိန်တင် သွေးစွန်းခဲ့သော ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းစံပြဆေးရုံတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၂၁ ဦးကို လက်ခံကုသပေး ခဲ့ရာ ၁၄ ဦးမှာ သေသည်ထက်ဆိုးရွားသော သေနတ်ဒဏ်များဖြင့် လူနာများဖြစ်နေသည် 

(မှတ်ချက် – ယခုသတင်း၏ မှတ်တမ်းဓာတ်ပုံများတွင် Graphic Content များ ပါဝင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်)

အာဏာသိမ်းစစ်ကောင်စီ လက်ပါးစေ လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ယမန် (ဖေဖော်ဝါရီ ၂၈) နေ့တွင် အရပ်သား ၁၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူပေါင်း ၅၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ရာ ဒဏ်ရာရရှိသူများအနက် ၂၁ ဦးကို ရန်ကုန်ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းစံပြဆေးရုံတွင် လက်ခံ ကုသပေးခဲ့သည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူ ၂၁ ဦးအနက် ၁၄ ဦးမှာ သေသည်ထက် ဆိုးရွားသော သေနတ်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ ဆရာဝန်များ၏ အဆိုအရ သိရသည်။

ရန်ကုန်ဆေးရုံကြီးတွင် ဒဏ်ရာရရှိသူ ၁၉ ဦးနှင့် သင်္ဃန်းကျွန်းစံပြဆေးရုံတွင် ၂ ဦး လက်ခံကုသပေးခဲ့ရာ လေးဦးသေဆုံးခဲ့သည်ဟု အဆိုပါဆေးရုံများမှ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့ဝန်ထမ်းများ၏ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသော ကျန်းမာရေးဝန်ထမ်းများက ဆိုသည်။

Myanmar Now ၏ သီးခြားအတည်ပြုချက်များအရ သေဆုံးသူ လေးဦးမှာ ညီညီအောင်ထက်နိုင်၊ ဇင်လင်းထက်၊ အလယ်တန်းပြကျောင်းဆရာမ ဒေါ်တင်နွဲ့ရီနှင့် ဟိန်းထွဋ်အောင်တို့ ဖြစ်သည်။

ရန်ကုန်ဆေးရုံကြီး၏ ဆေးရုံမှတ်တမ်းအရ ဒဏ်ရာရရှိသူ သုံးဦးမှာ သေဆုံးပြီးမှ ဆေးရုံသို့ ရောက်ရှိလာ ခြင်းဖြစ်သည်။ ၂၃ နှစ်အရွယ် ညီညီအောင်ထက်နိုင်မှာ ဝမ်းဗိုက်အောက်ပိုင်းနေရာတွင် ကျည်ဆံထုတ် ချင်းပေါက်ဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။​

ရန်ကုန်ဆေးရုံကြီး အရေးပေါ်သို့ ရောက်ရှိလာသူ ၁၉ ဦးအနက် ၁၄ ဦးမှာ သေနတ်ဒဏ်ရာများဖြင့်ဖြစ်ပြီး ကျန်သူများမှာ မျက်ရည်ယိုဗုံးအငွေ့ ရှူမိခြင်း၊ ဖြိုခွင်းမှုအတွင်း ထိခိုက်ဒဏ်ရာရာခြင်းတို့ ဖြစ်ကြောင်း CDM ပြုလုပ်နေသည့် ဆရာဝန်များက ထုတ်ပြန်သည်။

အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးမှာလည်း လည်ပင်းသို့ ကျည်ဆန်ဖောက်ဝင်ခဲ့၍ အရေးပေါ် ကုသနေရပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း ရန်ကုန်ဆေးရုံကြီးမှ ဆရာဝန်တစ်ဦးက ယနေ့ (မတ် ၁) တွင် ပြောသည်။

“တစ်ရက် နှစ်ရက်အတွင်း ဆုံးသွားနိုင်ခြေ ရှိတာပေါ့။ မျော်လင့်ချက်ကတော့ တော်တော်လေး နည်းတယ်” ဟု အဆိုပါ ဆရာဝန်က ပြောသည်။

ဒဏ်ရာရာသူ ၁၁ ဦးကို အရေးပေါ်ခွဲစိတ်ပေးခဲ့ရပြီး အသက်အငယ်ဆုံးအဖြစ် ၁၇ နှစ်အရွယ် မိန်းကလေး တစ်ဦး ပါဝင်ပြီး အများစုမှာ အသက် ၂၀ နှင့် ၃၀ ဝန်းကျင် လူငယ်များ ဖြစ်ကြောင်း ဆေးရုံမှတ်တမ်းများ အရ သိရသည်။​

Mya_5856.Jpg

လက်နက်မဲ့ အရပ်သားများကို သွေးသံရဲရဲဖြစ်သည်အထိ အကြမ်းဖက်ဖမ်းဆီးခဲ့စဉ်။လက်နက်မဲ့ အရပ်သားများကို သွေးသံရဲရဲဖြစ်သည်အထိ အကြမ်းဖက်ဖမ်းဆီးခဲ့စဉ်။

ဒဏ်ရာရရှိသူများတွင် ကျည်အစစ်ဖြင့် ပစ်ခတ်ခံရ၍ အရိုးကျိုးသူများ၊ အာရုံကြောထိခိုက်သူများ ရှိပြီး အရေးပေါ် ခွဲစိတ်ခဲ့ရခြင်းဖြစ်ကြောင်း ဆရာဝန်များက ပြောသည်။

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရပြီး ထုတ်ချင်းပေါက်ဒဏ်ရာဖြင့် ရောက်ရှိလာသူ ၃ ဦးရှိပြီး အများစုမှာ လှည်းတန်းဖြိုခွင်းမှုအတွင်း ဒဏ်ရာရရှိခဲ့သူများဖြစ်သည်။

ရန်ကုန်ဆေးရုံကြီးသည် အရေးပေါ်လူနာများကို ကုသရန် လူအင်အား၊ စက်ပစ္စည်းနှင့် လူနာတင်ယာဉ်များ နှင့် ချိတ်ဆက်မှု အားကောင်းသောကြောင့် ဆန္ဒပြသူများကို ပစ်ခတ်မှုများ ရှိလာပါက ကုသပေးရန် CDM  ပြုလုပ်သည့် ဆရာဝန်များက စီစဉ်ထားကြသည်။

အရေးပေါ် ကုသနိုင်၍ အခြေကျသွားသော လူနာများကို ဆေးရုံကြီး၏ ကုန်ကျစာရိတ်အတိုင်း ကျခံကု သပေးမည့် ပုဂ္ဂလိက ဆေးရုံများဖြင့် ချိတ်ဆက်ကာ ပြောင်းရွေ့ ကုသခွင့် ရရှိမည်ဟု သိရသည်။

ဒဏ်ရာရရှိသူ ၅ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီး အပြင်းအထန် ဒဏ်ရာရရှိသူ ၁၀ ဦးမှာ အခြေအနေ တည်ငြိမ်နေသော်လည်း ထပ်မံ ခွဲစိတ်ရန်လိုအပ်သဖြင့် ပုဂ္ဂလိက ဆေးရုံတစ်ခုသို့ လွှဲပြောင်းထားကြောင်း လည်း သိရသည်။

ဖေဖော်ဝါရီ ၂၈ ဖြိုခွင်းမှုများအတွင်း ထိခိုက်ဒဏ်ရာပြင်းထန်သူများ ရှိသဖြင့် ရန်ကုန်ဆေးရုံကြီးနှင့် အခြားပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနအချို့ကို လိုအပ်ချက်အရ ဖွင့်လှစ်ထားခဲ့ခြင်း ဖြစ်ကြောင်း အရေးပေါ်ဆရာဝန်တစ်ဦးက ပြောသည်။

အဆိုပါဆရာဝန်များအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ အမိန့်ကို ဆက်လက်ဖီဆန်သွားမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကော်မတီ (CRPH) လက်အောက်တွင် တာဝန်ထမ်းဆောင်၍ အရေးပေါ်ကယ်ဆယ်ရမည့် ဒဏ်ရာရ ဆန္ဒပြသူများကို ကုသပေးခြင်း ဖြစ်ကြောင်းဆိုသည်။

“စစ်ကောင်စီသည် နိုင်ငံတော်အာဏာကို မတရားသဖြင့် သိမ်းယူသည့်အပြင် လူသတ်ပွဲများကိုပါ တရစပ် ကျူးလွန်နေသောကြောင့် ရာဇဝတ်သားအဖြစ် အရေးယူနိုင်ရန်အတွက် မှတ်တမ်းများ ပြုစုခြင်း၊ တင်ပြ ခြင်းများ ပြုလုပ်ရင်း CDM လှုပ်ရှားမှုကို အောင်ပွဲရသည်အထိ စနစ်တကျဆက်လက်ဆောင်ရွက်သွားမည်  ဖြစ်ကြောင်း အသိပေးအပ်ပါသည်” ဟု CDM ကျန်းမာရေးဝန်ထမ်းများအဖွဲ့က ယနေ့ တွင် ထုတ်ပြန်သည်။

ယမန်နေ့တွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်မရွံ့လက်နက်ကိုင်တပ်ဖွဲ့များသည် နိုင်ငံ့အနှံ့အပြားရှိ မြို့ကြီးများတွင် ရာဘာကျည်များ၊ ကျည်အစစ်များ၊ မီးခိုးဗုံးများ၊ အသံဗုံးများဖြင့် အကြမ်းဖက်ဖြိုခွင်း ခဲ့သည်။

ထိုသို့ ဥပဒေမဲ့ ပစ်ခတ်ဖြိုခွင်းမှုများအပေါ်  နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင်ဝေဖန်မှုများ၊ သတိပေး မှုများရှိလင့်ကစား အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များသည် ယနေ့တွင်လည်း ငြိမ်းချမ်း စွာဆန္ဒပြသူများကို အကြမ်းပတမ်းဖြိုခွင်းခဲ့သည်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူထားတာကို ပြန်မစွန့်လွှတ်ဘူးဆိုရင် ပိုပြီးပြင်းထန်တဲ့ အရေးယူဒဏ်ခတ်မှုတွေ ကြုံလာရ နိုင်တယ်လို့ အင်ဒီယားနားပြည်နယ်ကိုယ်စားပြု ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် Todd Young က သတိပေး ပြောဆိုလိုက် ပါတယ်။ အင်ဒီယာနာပိုလစ်မြို့မှာ မြန်မာ-ချင်းလူမှုအဖွဲ့အစည်းနဲ့ သောကြာနေ့က တွေ့ဆုံဆွေးနွေးစဉ်မှာ အခုလို ပြောဆိုသွားတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် စုစည်းတင်ပြထားပါတယ်။
စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကနေ အပြောင်းအလဲတွေ ဖြစ်လာစေနိုင်မယ့် နည်းလမ်းကိုရှာဖွေဖို့ အင်ဒီယားနား ပြည်နယ်အခြေစိုက် ချင်းတိုင်းရင်းသားအများစုပါဝင်တဲ့ မြန်မာ-ချင်း လူမှုအဖွဲ့အစည်းနဲ့ အမေရိကန် အထက်လွှတ်တော်အမတ် Todd Young တို့ အင်ဒီယာနာပိုလစ်မြို့မှာ ဖေဖေါ်ဝါရီ(၁၉) သောကြာနေ့ လည်က တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
မြန်မာ့တပ်မတော်အနေနဲ့ အရပ်သားအစိုးရကို အာဏာပြန်လွှဲအပ်ဖို့လိုတယ်လို့ ဆွေးနွေးပွဲမှာ အထက်လွှတ်တော်အမတ် Todd Young က တိုက်တွန်းသွားတာပါ။
“ ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရခဲ့ပေမယ့် ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က တရားဝင်မှု မရှိဘူးဆိုပြီး ကြံရွယ်လုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။ ဒါဟာ စစ်တပ်က ဒီမိုကရေစီကို သစ္စာဖေါက်လိုက်တာဖြစ်ပြီး ရွေးကောက်ခံ အရပ်သားကိုယ်စားလှယ်တွေကို အာဏာပြန်လွှဲအပ်ဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ပဲ အာဏာကို ပြန်မစွန့်လွှတ်ဘူးဆိုရင် ခုထက်ပြင်းထန်တဲ့ အရေးယူဒဏ်ခတ်မှုတွေ ကြုံလာရနိုင်ပါတယ်။ ဒီကိစ္စအတွက် အမေရိကန်အစိုးရကိုလည်း ကျနော်တို့ တိုက်တွန်းသွားမှာဖြစ်သလို၊ အကြိမ်ကြိမ် သတိပေးနှိုးဆော်နေမှာ ဖြစ်တယ်လို့ ကျနော့် မဲဆန္ဒနယ်မြေက ပြည်သူတွေကို အသိပေးလိုပါတယ်။ ”
Mr. Todd Young ဟာ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီဝင်တဦးဖြစ်ပြီး မြန်မာ့လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ လွှတ်တော်အတွင်း တက်ကြွစွာ ဆောင်ရွက်နေသူတဦးလည်း ဖြစ်ပါတယ်။
အင်ဒီယာနာပိုလစ်မြို့က သောကြာနေ့ဆွေးနွေးပွဲမှာ ပါဝင်ခဲ့သူ BACI (Burmese American Community Institute) မြန်မာ-အမေရိကန် လူမှုအဖွဲ့အစည်း တာဝန်ခံ ကိုအီလိုင်ဇာက အထက်လွှတ်တော် အမတ်နဲ့ ဆွေးနွေးပွဲလုပ်ရတဲ့ အကြောင်းကို ရှင်းပြပါတယ်။
“ဒီ စစ်အစိုးရကနေပြီးတော့မှ အာဏာသိမ်းတာနဲ့ ပက်သက်ပြီးတော့မှ ချက်ချင်း အဖမ်းခံထားရတဲ့ State Counselor ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ တခြားခေါင်းဆောင်တွေ ၊ နိုင်ငံရေးလှုပ်ရှားမှုမှာပါတဲ့ ခေါင်းဆောင်တွေ ချက်ချင်းအကြွင်းမရှိ လွှတ်ပေးဖို့ သူတို့ တောင်းထားတာရှိတယ်။ အဲဒါ တကယ်လို့များ စစ်အာဏာရှင်ကနေပြီးတော့ မလိုက်နာဘူးဆိုရင် ပိုပြင်းထန်တဲ့အရေးယူမှု၊ စီးပွားရေးပိတ်ပြီးအရေးယူမှု ၊ Diplomatic အနေနဲ့ အရေးယူမှုရယ် ပြီးရင် လိုရင်လိုအပ်သလို အရေးယူမှုဖို့ရယ် သူကနေပြီးတော့ ဦးဆောင်လုပ်ပေးနေတယ်။ ဆိုတော့ ဒါကို Civilian အရပ်သားအစိုးရဆီကို အာဏာပြန်လွဲပေးနိုင်ရန် ကျနော်တို့က အတန်တန် တိုက်တွန်းထားတာ ဖြစ်ပါတယ်။”
မြန်မာနိုင်ငံမှာ ရှစ်လေးလုံး စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ခဲ့ပေမယ့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းအလဲတွေ အလွယ်တကူ ဖြစ်မလာပဲ စစ်အာဏာရှင်တွေသာ သက်စိုးရှည်ခဲ့တာပါ။ အခုတခေါက် အမေရိကန်ရဲ့ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေက လက်တွေ့မှာ တကယ် ထိရောက်မှုတွေရှိလာနိုင်မှာပါလား။ ကိုအီလိုင်ဇာက ခုလို သုံးသပ်ပါတယ်။
“ကျနော်တို့ မျှော်လင့်ပါတယ် ဒီတခါတော့ အမေရိကန်ကနေပြီးတော့မှ UN ရယ်၊ မဟာမိတ်တွေရယ် ၊ ဥပမာအားဖြင့် မနေ့တုန်းကလည်း ဂျပန်၊ ပြင်သစ်နဲ့ သူတို့ ပေါင်းပြီးတော့မှ ဆက်လက်မယ်ဆိုပြီးတော့ နိုင်ငံခြားရေးဌာနဝန်ကြီး Blinken ကနေပြီးတော့မှ သူတို့ agreement ရထားပါတယ်။ တကယ့်တကယ် result အဖြေလည်းထွက်လာမယ့် action တွေဖြစ်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ တကယ်လို့များ စစ်အစိုးရကနေပြီးတော့မှ အာဏာမလွှတ်ဘူးဆိုရင် ကျနော်တို့က တခြားနည်းလမ်း အားလုံးကိုလည်း ရှာဖွေမှာဖြစ်ပါတယ်။”
ဘယ်လိုပဲဖြစ်ဖြစ် သူတို့အနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေပေမယ့် မြန်မာပြည်သူပြည်သားတွေရဲ့ နေ့စဉ်လှုပ်ရှားမှုတွေနဲ့အတူ တသားထဲရှိကြောင်း ကိုအီလိုင်ဇာက ပြောပါတယ်။
“ အထူးသဖြင့် CDM မှာပါတဲ့ အားလုံးကို ကျနော်တို့ ကျေးဇူးလည်းတင်တယ်၊ ခွန်အားလည်းရတယ်။ ပြီးတော့မှ Non-Violence movement ပြည်သူတွေ လုပ်နေတာကို ကျနော်တို့ အားပေးတယ်။ အဲလိုပဲ ပြည်တွင်းမှာ People power ပြည်သူလူထုရဲ့ အင်အားက အဓိကပါ။ ပြည်သူလူထုရဲ့ အင်အားက ဒီလိုသာ ဆက်သွားနေမယ် ၊ ဆက်လုပ်နေမယ်ဆိုရင် ကျနော်တို့ ပြည်ပမှာ ရောက်နေတဲ့ မြန်မာအသိုင်းအဝိုင်းရယ် ကျနော်တို့ အမေရိကန်နိုင်ငံအစိုးရရယ် ပိုပြီးတော့မှ ထောက်ပံ့ပြီးတော့ အားပေးနိုင်ဖို့ အလားအလာတွေလည်း ပိုများလာမယ်။ အဲဒါကြောင့် အားမလျှော့ကြပါနဲ့ ၊ ကျနော်တို့ Revolution ကျနော်တို့ တိုက်ပွဲကို မပြီးမချင်း ဆက်လုပ်ရအောင် ။ အဲလိုလုပ်တဲ့အချိန်မှာ Peaceful အကြမ်းမဖက်ပဲ စည်းကမ်းရှိရှိနဲ့ ကျနေ်ာတို့ ဆက်လုပ်ကြရအောင်လို့ ကျနော်ပြောချင်ပါတယ်။ ”
ခုလာမယ့် သီတင်းပတ်ကုန်မှာလည်း အင်ဒီယားနားပြည်နယ်ရောက် မြန်မာနဲ့တိုင်းရင်းသားပေါင်းစုံက မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆန္ဒပြ တောင်းဆိုကြမယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁ရက် အာ ဏာသိမ်းဖြစ်စဉ်နောက်ပိုင်း ဖမ်း ဆီးခံထားရသူ ၅၀၀ ဦးကျော်ရှိ ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်သည်။

AAPP ၏ မှတ်တမ်းများအရ ဖေဖော်ဝါရီ ၁ မှ ၁၈ ရက်အထိ ဖမ်းဆီး၊ တရားစွဲဆိုနှင့်ပြစ်ဒဏ်ချ မှတ်ခံထားရသူများပါဝင်ပြီး စုစု ပေါင်း ၅၂၁ ဦးရှိပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ဖမ်းဆီးခံရသူများတွင် ထောင်ဒဏ်ချမှတ်ခံရသူ သုံးဦး၊ ဖမ်းဝရမ်းနှင့် အမှုဖွင့်ခံထားရသူ ၃၂ ဦး၊ အမှုဖွင့်ခံထားရသူ သုံးဦး နှင့် ပြန်လည်လွတ်မြောက်လာသူ ၄၄ ဦးရှိရာ လက်ရှိအချိန်ထိ ၄၇၇ ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ် ဒဏ်ချမှတ်ခံထားရသည်ဟုထုတ် ပြန်ချက်ကဆိုသည်။

‘‘တချို့ကို နေအိမ်အကျယ် ချုပ်ထားတာရှိတယ်။ တချို့ကို စစ်တပ်ဝင်းထဲမှာ ထားတာရှိ တယ်။ တချို့ရဲစခန်းအချုပ်ထဲမှာ ထားတာရှိတယ်။ တချို့ကိုထောင်ထဲတွေမှာထည့်တာရှိတယ်။ တ ချို့လည်း ပုဒ်မတွေနဲ့၊ သဘာဝ ဘေးပုဒ်မတွေနဲ့ တရားစွဲဆိုနေတဲ့ အပိုင်းတွေလည်းရှိတယ်။ ဘာ ပုဒ်မမှမတပ်ဘဲ၊ ဘာအမှုမှတပ် လို့မရဘဲနဲ့ ဒီအတိုင်းကြီးချုပ်ထား တဲ့လူတွေလည်းရှိတယ်’’ဟု AAPP အလုပ်အမှုဆောင် ဦးအောင်မျိုး ကျော်က ပြောသည်။

ခိုင်လုံသည့် အကြောင်းပြ ချက်မရှိဘဲ ဖမ်းဆီးခံထားရသူများ အနက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေး၊ တကသခေါင်းဆောင် ဟောင်း ကိုမင်းသွေးသစ်၊ အဆို တော်စောဖိုးခွား၊ စာရေးဆရာ မောင်သာချို စသူတို့ပါဝင်ပြီးအား လုံးမှာ မတရားဖမ်းဆီးခံထားရ ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြ သည်။

‘‘လက်ရှိဖြစ်နေတဲ့ အခြေအ နေတွေမှာ ပြည်သူတွေရဲ့ဆန္ဒကို အမြန်ဆုံးအကောင်အထည်ဖော် ပေးဖို့ အရေးတကြီးလိုအပ် တယ်။ နိုင်ငံတကာမျက်နှာစာမှာ လည်း အင်မတန်မှကို မျက်နှာ ပျက်စရာတွေ ကျွန်တော်တို့ကြား နေရတယ်။ သိလည်းသိနေရတယ်။ အခုဆိုလို့ရှိရင် မျိုးဆက်သစ်တွေ ရဲ့ ဆန္ဒဖော်ထုတ်ပွဲတွေ၊ ဆန္ဒပြပွဲ တွေ နိုင်ငံအနှံ့ အရေးတော်ပုံကြီး ဖြစ်နေတယ်။ လူငယ်တွေ မျိုး ဆက်သစ်တွေရဲ့ အနာဂတ်မ ပျောက်အောင် ပြည်သူ့ဆန္ဒကို အမြန်ဆုံးဖြေရှင်းပေးဖို့ လိုအပ် တယ်လို့ပြောချင်တယ်’’ ဟု ဦးအောင်မျိုးကျော်ကဆိုသည်။

တပ်မတော်ကအာဏာသိမ်း ယူခဲ့ပြီးနောက် နိုင်ငံအနှံ့အာဏာ ရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် ဆန္ဒပြပွဲများနေ့စဉ်ဖြစ်ပွားလျက် ရှိရာ စစ်တပ်နှင့်ရဲတပ်ဖွဲဝင်များ က အကြမ်းဖက်ဖြိုခွင်းခြင်း၊ ဖမ်း ဆီးအရေးယူခြင်းများ နေ့စဉ်နီးပါး လုပ်ဆောင်လျက်ရှိသည်။

ယမန်နေ့ နံနက်ပိုင်းက လည်း မြစ်ကြီးနားမြို့ရှိ CDM တွင်ပါဝင်နေသည့် ကျောင်း ဆရာမနှစ်ဦးကို ရဲတပ်ဖွဲ့က ရိုက် နှက်ဖမ်းဆီးမှုများရှိခဲ့ပြီး ၎င်း ဆရာမနှစ်ဦးကို ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။

7Day News

ဖေဖော်ဝါရီ ၁ရက်နေ့ အာဏာသိမ်းမှု ဖြစ်ပွားပြီးတဲ့နောက် မြန်မာနိုင်ငံကို ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အကူအညီ ပေးအပ်နေတဲ့ အခြေအနေတွေ ပြောင်းလဲသွားပြီဖြစ်ကြောင်း နော်ဝေနိုင်ငံက ကြေညာလိုက်ပါတယ်။

အဲဒီ အပြောင်းအလဲကြောင့် နော်ဝေးနဲ့ မြန်မာ နှစ်နိုင်ငံ အစိုးရ အဖွဲ့အစည်းတွေ အကြား ဆောင်ရွက်နေတဲ့ အသိပညာပေးဆိုင်ရာ အစီအစဉ် အားလုံးကို ရပ်ဆိုင်းလိုက်ပြီလို့ နော်ဝေအစိုးရ ပြောပါတယ်။

မြန်မာနိုင်ငံဟာ အာရှမှာ အဆင်းရဲဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး အာဏာသိမ်းမှုက မြန်မာပြည်သူတွေအတွက် ပိုပြီး အခက်အခဲဖြစ်စေ မယ်လို့ ပြောပါတယ်။ အစိုးရခြင်း ဆက်ဆံနေတဲ့ အစီအစဉ်တွေကို ရပ်ဆိုင်းလိုက်ချိန်မှာ ကုလသမဂ္ဂနဲ့ လူမှုအဖွဲ့အစည်း တွေက တဆင့် ပေးအပ်တဲ့ အကူအညီတွေကို ဆက်လက်ပေးအပ်သွားမယ်လို့ နော်ဝေး နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီး Dag-Inge Ulstein က ပြောပါတယ်။

၂၀၂၁ ခုနှစ်အတွက် နော်ဝေးက မြန်မာနိုင်ငံက အစိုးရ အဖွဲ့အစည်းတွေရဲ့ ကျွမ်းကျင်မှုနဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် နော်ဝေး ကရိုနာ ၆၆.၅ သန်း (ဒေါ်လာ ၇.၈၆) ပေးအပ်ဖို့ ဘတ်ဂျက် လျာထားတာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်တုန်းကတော့ နော်ဝေး ကရိုနာ ၂၇၉ သန်း (ဒေါ်လာ ၃၃သန်းနီးပါး) နှစ်နိုင်ငံ ဆက်ဆံရေး အကူအညီအဖြစ် ပေးအပ်ခဲ့တာပါ။

နိုင်ငံတကာရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အားပေးကူညီမှုတွေ လိုအပ်နေဆဲ ဖြစ်တာကို မြန်မာနိုင်ငံအတွင်းက ဒီမိုကရက်တစ် အင်အားစုတွေက ပြသခဲ့ပြီ ဖြစ်ကြောင်း၊ ဒါကြောင့် မြန်မာနိုင်ငံ အတွင်းက လုပ်ငန်းအားလုံးကို ရပ်ဆိုင်းပစ်မှာ မဟုတ်ကြောင်း နော်ဝေနိုင်ငံက ပြောပါတယ်။

လုံခြုံရေးကောင်စီမှာ မြန်မာ အာဏာသိမ်းကိစ္စကို ထည့်သွင်းစဉ်းစားရေးအတွက် လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ အနေနဲ့ နော်ဝေနိုင်ငံကြိုးပမ်းခဲ့ကြောင်း၊ဖေဖော်ဝါရီလ ၄ ရက်နေ့က လုံခြုံရေး ကောင်စီရဲ့ ကြေညာချက်က အကောင်းဖက်ကို ဦးတည်တဲ့ လုပ်ရပ် ဖြစ်ပြီး အာဏာသိမ်းရာမှာ တာဝန်ရှိသူတွေကို ရှင်းရှင်းလင်းလင်း ပြောကြားလိုက်တဲ့ သတင်းစကား ဖြစ်ကြောင်း နော်ဝေး နိုင်ငံက ပြောပါတယ်။

VOA News

G-7 နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကိစ္စကို ဆန့်ကျင်တဲ့အမြင်အပေါ်မှာ တစ်သဘောထားတည်း ရှိကြတယ်လို့ ဗြိတိန်ဝန်ကြီး ချုပ် Boris Johnson က သောကြာနေ့က ပြောပါတယ်။

“ကမ္ဘာ့အရေးကိစ္စတွေ တော်တော်များများအပေါ်မှာ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်တူကြပါတယ်။ မြန်မာနိုင်ငံက အာဏာသိမ်းတဲ့ကိစ္စ ပဲဖြစ်ဖြစ်၊ ရုရှားနိုင်ငံ မော်စကိုမြို့မှာ ရုရှား အတိုက်အခံ ခေါင်းဆောင် Alexei Navalny ကို ဖမ်းဆီး ထိန်းသိမ်းထားတဲ့အပေါ်မှာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ တစ်သဘောတည်း ရှိပါတယ်” လို့ G-7 ထိပ်သီး အစည်းအဝေးမှာ ဗြိတိန် ဝန်ကြီးချုပ် Boris Johnson က ပြော ပါတယ်။

မြန်မာနိုင်ငံကိစ္စမှာ G-7 အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေက တင်းမာတဲ့သဘောထားကို ဖော်ပြထားတဲ့ ကြေညာချက် တစ်စောင် ထုတ်ပြန်ထားတယ်လို့လည်း သူက ပြောပါတယ်။

ကမ္ဘာ့ အင်အားကြီး ၇ နိုင်ငံရဲ့ G-7 ထိပ်သီးအစည်းအဝေးကို ဗြိတိန်နိုင်ငံက အိမ်ရှင်အဖြစ်နဲ့ ရုပ်သံ ဗီဒီယိုကတဆင့် ကျင်းပနေတာပါ။

လစ်ဘရယ် ဒီမိုကရေစီ နိုင်ငံအုပ်စုဖြစ်တဲ့ G-7 အဖွဲ့အနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကိစ္စတွေနဲ့အတူ COVID 19 ကပ်ရောဂါ လွန် ကာလ ပြန်လည် ထူထောင်ရေးနဲ့ ဥတုရာသီ ပြောင်းလဲမှုကိစ္စတွေကို အလေးထား လုပ်ဆောင်သင့်တယ်လို့လည်း ဗြိတိန် ဝန်ကြီးချုပ် Boris Johnson က ပြောပါတယ်။

G-7 အုပ်စုမှာ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ဂျပန်နိုင်ငံတွေ ပါဝင်ပါတယ်။

VOA News