ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

တောင်တွင်းကြီးမြို့နယ်၌ စစ်တပ်၏ပစ်ခတ်မှုကြောင့် ၁၆ နှစ်အရွယ် လူငယ် ၁ ဦး သေဆုံ
တောင်တွင်းကြီးမြို့နယ်မှာ မတ်လ ၂ ရက် ညနေပိုင်းက စစ်တပ်ရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး ကျည်ဆန်ထိမှန် သေဆုံးခဲ့ပါတယ်။
ရန်ကုန်-ပြည်ကားလမ်းအတိုင်း တောင်တွင်းကြီးဘက်သို့ ဆတ်သွားတိုက်နယ် အုပ်ချုပ်ရေးမှူးရုံး ဖွင့်ပြီးပြန်လာတဲ့ စစ်ကားတွေကို ဆတ်သွားကျေးရွာအနီး၊ တောစိမ်းကျေးရွာထိပ် ကားလမ်းဘေးမှာ ထိုင်နေတဲ့ လူငယ်တွေက “စစ်အာဏာရှင်အလိုမရှိ” လို့ ကြွေးကြော်စဉ် စစ်ကားတွေပေါ်မှ စစ်သားတွေဆင်းလာပြီး ကျွဲကျောင်းရင်း ဂိမ်းဆော့နေတဲ့ လူငယ် ၂ ဦးကို ထိုးကြိတ်ရိုက်နှက်ကာ ထွက်ပြေးတဲ့ လူငယ်တွေကို သေနတ်နဲ့ လိုက်ပစ်တဲ့အတွက် လူငယ်တစ်ဦး ကျည်ဆန်ထိမှန်ဒဏ်ရာနဲ့ ဆုံးသွားခဲ့တာပါ။
တချို့လူငယ်တွေ ဒဏ်ရာရရှိကာ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး ဆိုင်ကယ်တွေကိုလည်း ယူဆောင်သွားတယ်လို့ ဒေသခံ မျက်မြင်သက်သေတွေက ဒီဗွီဘီကို ပြောပါတယ်။
သေဆုံးသူမှာ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွား၊ အမှတ် ၅ ရပ်ကွက်မှာ နေထိုင်တဲ့ ဦးစိုးဝင်းနဲ့ ဒေါ်သင်းသင်းခိုင်တို့ရဲ့သား ကိုသီဟဇော်(ခ)နောင်နောင် အသက် ၁၆ နှစ် ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။
သူ့ရဲ့ ရုပ်အလောင်းကို မကွေးမြို့ကို ပို့ဆောင်မှာဖြစ်ပြီး မိသားစုသုံးယောက်နဲ့ နာရေးကူညီမှုကား လွှတ်ပေးဖို့ စစ်တပ်ဘက်က ပြောတယ်လို့ မိသားစုနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
DVB News
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၃-၂၈ နောက်ဆုံးအခြေအနေ
စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့အတွက် အသက်ခန္ဓာရင်း၍ တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့သော သူရဲကောင်းများအား မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြု အပ်ပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၂ ရက်နေ့ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၁၂၉၄) ဦးထိရှိခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက်မှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၄) ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၆၁) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၃၀၆) ဦးရှိခဲ့သည်။ ထို့ကြောင့် လက်ရှိ အချိန်အထိ (၉၈၈) ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အချိန်ထိ မတရားအကြမ်းဖက်ဖြိုခွင်းခြင်းခံခဲ့ရ၍ ကျဆုံးသွားခဲ့သူ (၃၀) ဝန်းကျင်ခန့်ရှိနေပြီဖြစ်သည်။
ယနေ့အဖမ်းအဆီးစာရင်းတွင် မိမိတို့အနေဖြင့် ယခုအချိန်အထိ ဖမ်းဆီးခြင်းခံရသူ (၁၆) ဦး၏အမည်စာရင်းကိုရရှိခဲ့၍ မှတ်တမ်းပြုထားပါသည်။ သို့သော်လည်း ရန်ကုန်မြို့အပါအဝင် အခြားဒေသအသီးသီး၌ ပြည်သူအယောက် ငါးဆယ် ဝန်းကျင်သည် ဖမ်းဆီးခြင်းခံခဲ့ရသည်။ မိမိတို့အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိပြီး ရရှိလာသည့်အချက်အလက်များကို ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။
၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့သည် တော်လှန်ရေးကောင်စီမှ စစ်အာဏာသိမ်းယူခဲ့သောနေ့ဖြစ်သည်။ ကြားကာလများတွင် လည်း စစ်အစိုးရအဆက်ဆက်အုပ်ချုပ်လာခဲ့သည်မှာ ၂၀၁၅ ခုနှစ်ထိတိုင်ဖြစ်သည်။ နှစ်ပေါင်း ၅၉ နှစ် ကြာမြင့်ပြီးသည့် နောက်တွင် စစ်တပ်မှ တတိယအကြိမ်မြောက် အာဏာသိမ်းမှုထပ်မံ၍ ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။ စစ်အုပ်စုမှ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရထံမှ နိုင်ငံ့အာဏာကို တရားမဝင်သောနည်းဖြင့် မတရား သဖြင့် ပြန်လည်သိမ်းယူခဲ့သည်။ ထို့ကြောင့် ယနေ့မျက်မှောက်ကာလတွင်လည်း နယ်ပယ်အသီးသီး၊ အလွှာအသီးသီးမှ ပြည်သူများသည် စစ်အာဏာရှင်ကို နည်းလမ်းအမျိုးမျိုး အသုံးပြု၍ ဆက်လက် ဆန့်ကျင်တိုက်ပွဲဝင်နေကြရသည်။ အာဏာသိမ်းစစ်အုပ်စုမှလည်း စစ်အစိုးရ အဆက်ဆက်အသုံးပြုလာခဲ့သည့် နည်းလမ်းများအတိုင်း ပြည်သူလူထုကို ရက်စက်စွာဖြင့် အကြမ်းဖက် ဖြိုခွင်းမှုများကို ဆက်တိုက်ဆိုသလိုပြုလုပ်လာခဲ့သည်။
နောက်ပိုင်းတွင် ယနေ့ဖြစ်စဉ်များအပေါ် ပြည်သူလူထု နှင့် နိုင်ငံတကာသို့ အချိန်နှင့်တပြေးညီ သတင်းယူ၍ တင်ပြလျက်ရှိ သည့် သတင်းထောက်များနှင့် သတင်းမီဒီယာများကို ပစ်မှတ်ထား၍ နှိပ်ကွပ်ခြင်းများ ပြုလုပ်လာသည်ကို တွေ့ရှိရသည်။ ထို့အပြင် “အာဏာသိမ်းအစိုးရ” ဟူသော အသုံးအနှုန်းမျိုးအသုံးမပြုရန်နှင့် ဆက်လက်အသုံးပြုနေပါက ထုတ်ဝေခွင့်ပိတ် မည်ဟုလည်း စစ်အုပ်စုက ခြိမ်းခြောက်ခဲ့သည်။ ထိုကဲ့သို့ နှိပ်ကွပ်ရာတွင် ရဲနှင့် စစ်သားများမှ သေနတ်၊ တုတ်စသည်တို့ကိုအသုံးပြု၍ အုပ်စုဖွဲ့ ရိုက်နှက် ကန်ကြောက်၍ လူမဆန်စွာ ဖမ်းဆီးခြင်း၊ အနာတရဖြစ်စေသည့် လက်နက်များကိုအသုံးပြု၍ ပစ်ခတ်ဖမ်းဆီးခြင်းစသည့် အကြမ်းဖက် နည်းလမ်းများကို အသုံးပြုလျက်ရှိသည်ကို တွေ့ရှိရပါသည်။ မတ်လ ၁ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များမှ တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့အခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) သတင်းထောက် ကိုကောင်းမြတ်လှိုင် (ခ) ကိုအောင်ကျော်ကို အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထိုကဲ့သို့ဖမ်းဆီး ရာတွင် သုံးလွှာရှိ ၎င်း၏အိမ်ကို ခဲများ၊ သေနတ်များဖြင့် တရစပ် ပစ်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ သတင်းသမားများကို ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်ခြင်းသည် သတင်းမှန်စီးဆင်းမှုအား ဖြတ်တောက်ခြင်းဖြစ်သည်။ အထူးသဖြင့် အာဏာသိမ်းစစ်အုပ်စုမှ လက်ရှိမြေပြင်၌ ဖြစ်ပွားလျက်ရှိသည့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်မှန်ကို ဖုံးကွယ်လိုသည့်အတွက်ဖြစ်သည်။ မြန်မာနိုင်ငံတွင် သတင်းထောက်များ၌ သိသာထင်ရှားသည့် အမှတ်တံဆိပ်ရှိပါက အကြမ်းဖက် ရိုက်နှက်၍ ဖမ်းဆီးခေါ်ဆောင်ခြင်းခံနေရသည့်အခြေအနေဖြစ်ပေါ်နေသည်။ နိုင်ငံတကာ၌ ဆန္ဒထုတ်ဖော်ပွဲ များတွင် သတင်းသမားများကို ဖမ်းဆီးခြင်းမရှိသော်လည်း မြန်မာနိုင်ငံတွင်မူ သတင်းသမားများသည် အချိန်မရွေးဖမ်းဆီး ခံရနိုင်သောအခြေအနေကိုရင်ဆိုင်နေကြရသည်။ မြန်မာနိုင်ငံ၏ သတင်းမီဒီယာဥပဒေ ပုဒ်မ ၇(က) နှင့် (ခ) တို့တွင် “သတင်းသမားတစ်ဦး သည် သတင်းရယူစဉ်တွင် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်း တစ်ရပ်ရပ်၏ဖမ်းဆီး ထိန်းသိမ်းခြင်း၊ သတင်းမှတ်တမ်း စသည့် သတင်းရယူခြင်းနှင့် သက်ဆိုင်သော ကိရိယာများကိုသိမ်းယူ ခံရခြင်းနှင့် ဖျက်ဆီးခံရခြင်းတို့မှ ကင်းလွတ်စေရမည်၊ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများရှိကယင်းတို့၏ ကာကွယ်စောင့်ရှောက်မှုကို တောင်းခံခွင့် ရှိစေရမည်” ဟု ဖော်ပြထားသည်။ လက်ရှိအချိန်တွင် ဖမ်းဆီး၊ တရားစွဲဆိုခြင်းခံထားရသည့် သတင်းသမား (၃၄) ဦးအထိ ရှိပြီး ၎င်းတို့အနက်မှ (၁၅) ဦးသာ ပြန်လည် လွတ်မြောက်လာခဲ့သည်။ ထိုကဲ့သို့သတင်းသမားများကို ဖမ်းဆီး၊တရားစွဲဆို ထားခြင်းကို အပြင်းအထန်ရှုတ်ချပါ သည်။ ၎င်းတို့ကို ချွင်းချက်မရှိ ချက်ချင်းပြန်လည်လွှတ်ပေးရန်နှင့် ပြည်သူလူထုထံ မှန်ကန်တိကျသော သတင်းအချက်အလက်များ ဆက်လက်ပေးပို့နိုင်စေရန်မှာ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ထည့်သွင်းဖိအားပေးရန် လိုအပ်သည်။
ယနေ့နံနက်ပိုင်းကတည်းက ဒေသအသီးသီးမှ ပြည်သူများသည် စစ်အာဏာရှင်ကို ဆန့်ကျင်၍ ဆန္ဒထုတ်ဖော်မှုများကို ဆက်လက် ပြုလုပ်လျက်ရှိသည်။ စစ်အုပ်စုမှ အင်အားသုံး၍ တားဆီး ပိတ်ဆို့ခြင်း၊ မီးခိုးဗုံး၊ အသံဗုံးများ၊ ရေကားတို့ဖြင့် ဖြိုခွင်းခဲ့သည်သာမက ရာဘာကျည်၊ ကျည်အစစ် တို့ဖြင့် ပစ်ခတ်မှုများကို ပြုလုပ်ခဲ့သည်။ အထူးသဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့၌ ရဲ နှင့် စစ်တပ်တို့မှ ကျည်အစစ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သား (၇) ဦးသည် ကျည်ထိ ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ အနက်မှ (၃) ဦးသည် စိုးရိမ်ရသည့်အခြေအနေတွင်ရှိကာ (၁၃) ဦးသည် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရန်ကုန်မြို့ရှိ လှိုင်မြို့နယ်၊ အင်းစိန်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ တာမွေ နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တို့၌လည်း အလားတူဖြိုခွင်းမှုများပြုလုပ်ခဲ့ပြီး ရာဘာကျည်ဖြင့်ပါပစ်ခတ်ခဲ့သည်။ ထို့ကြောင့် အရပ်သားပြည်သူ (၁၀) ဦးကျော် ဒဏ်ရာရရှိခဲ့ပြီး (၁၃) ဦးခန့်သည် ဖမ်းဆီး ခေါ်ဆောင်ခြင်းခံခဲ့ရသည်။ စမ်းချောင်းမြို့နယ်၌ စစ်သားများသည် နေရာအကွယ်များ၌ နေရာယူ၍ ဆန္ဒထုတ်ဖော် လျက်ရှိသော ပြည်သူများကို G3 ရိုင်ဖယ်သေနတ်များဖြင့်ချိန်ရွယ်ထားသည်ကို တွေ့ရှိရသည်။ ဖြိုခွင်းမှုများ၌တွေ့ရှိရ သည်မှာ ရဲ နှင့် စစ်သားများက ပြည်သူများကို အလွန်အမင်း ရန်လိုသည့် အပြုအမူများကို ပြုမူကာ အင်အားသုံး၍ အငြိုးကြီးစွာဖြင့် ရိုက်နှက်ကန်ကြောက် နှိပ်စက်သည်ကို တွေ့ရှိရသည်။ ဆန္ဒထုတ်ဖော်သောနေရာများကိုလည်း အကြမ်းဖက်နှိမ်နှင်းသည့် စစ်ဆင်ရေးများကဲ့သို့ ဖန်တီးထားသည်ကို တွေ့ရှိရသည်။ ၎င်းတို့မှ အချိန်မရွေးပစ်ခတ်နိုင်သော ကြောင့် ပြည်သူများ၏ အသက်အန္တရာယ် နှင့် လုံခြုံရေးမှာ နေ့စဉ်နှင့်အမျှ စိုးရိမ်ရသည့်အခြေအနေဖြစ်သည်။ အာဏာသိမ်း စစ်အုပ်စုသည် ၎င်းတို့ကျူးလွန်ခဲ့သော များစွာသော လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ခံရမည်ဖြစ်သည်။ ထို့ပြင် နိုင်ငံတကာအသိုင်းအဝိုင်းမှ အာဏာသိမ်းစစ်အုပ်စုကို ထိရောက်သော အရေးယူဆောင်ရွက်မှုများကို အမြန်ဆုံး လုပ်ဆောင်ရမည်ဖြစ်သည်။ ထိုကဲ့သို့မလုပ်ဆောင်နိုင်သေးသရွေ့ ပြည်သူများ၏ အသက်အိုးအိမ်များကို ထိပါးနေဦးမည် ဖြစ်သည်။
၎င်းပြင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ဝန်ထမ်းများကိုလည်း ပစ်မှတ်ထား၍ ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ဖမ်းဆီးခြင်းတို့ကို အာဏာသိမ်းစစ်အုပ်စုမှ လုပ်ဆောင်လာသည်ကို တွေ့ရှိရသည်။ မတ်လ ၁ ရက်နေ့၌ CDM ၌ပါဝင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ဝန်ထမ်း ၁၂ ဦးသည် ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ လှိုင်နယ်မြေ၌ တက္ကသိုလ်ပေါင်းစုံ ဆရာ၊ဆရာမများသပိတ်စစ်ကြောင်းပြုလုပ်မည့် စုရပ်၌ ရန်ကုန်တက္ကသိုလ်၊ အရှေ့တိုင်းပညာဌာနမှ ဆရာ ဒေါက်တာ အာကာမိုးသူကို အိမ်ကား နှစ်စီးပေါ်မှ အရပ်ဝတ်များ ဆင်းလာပြီး သေနတ်ထောက်ဖမ်းဆီးခဲ့သည်။ ထို့နောက် ရဲကားများရောက်ရှိလာကာ သပိတ်စစ်ကြောင်းကို စုရပ်၌တင် ဖြိုခွင်းခဲ့သည်။
အုပ်ချုပ်ရေးယန္တရားကို ရပ်တန့်သွားစေမည့် ပြည်သူ့ဝန်ထမ်းများ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာခြင်းက အာဏာသိမ်းစစ်အုပ်စုအပေါ် ပြင်းထန်သည့်ထိုးနှက်ချက်ဖြစ်သည်။ ထို့ကြောင့် စစ်အုပ်စုမှ CDM တွင်ပါဝင်သည့် ဝန်ထမ်းများကိုသာမက ၎င်းတို့ကိုပံ့ပိုးကူညီပေးသည့် ပြည်သူများကို ဖမ်းဆီးခြင်း၊ ဝရမ်းမပါဘဲ အိမ်အတွင်း ထိတိုင်အောင် ဝင်ရောက်၍ အကြမ်းဖက်ဖမ်းဆီးခြင်း၊ ဖမ်းဝရမ်းများထုတ်ခြင်း၊ ပုဒ်မမျိုးစုံတပ်ကာ တရားစွဲဆိုခြင်းများကို ဆက်တိုက်ပြုလုပ်လာခြင်းဖြစ်သည်။ ထို့ပြင် အရပ်ဝတ်ဖြင့်ဖမ်းဆီးခြင်းသည် ဥပဒေမဲ့လုပ်ရပ်ဖြစ်သော်လည်း ၎င်းတို့မှ ပြောင်တင်းစွာ ချိုးဖောက်လျက်ရှိကြသည်။ စစ်အုပ်စုမှ ဥပဒေနှင့်အညီဟု အကြောင်းပြ၍ ဥပဒေများကို ၎င်းတို့ စိတ်ကြိုက်ထင်သလို ပြုပြင်ပြောင်းလဲကာ ပြည်သူလူထုအပေါ် ဖိစီးနှိပ်စက်ခြင်း၊ ငြိမ်းချမ်းစွာဆန္ဒပြမှုများအပေါ် မတန်တဆအင်အားသုံး၍ အကြမ်းဖက်ဖြိုခွင်းခြင်း၊ အသက်သေလောက်သည်အထိ ကျည်အစစ်များအသုံးပြု၍ ပစ်ခတ်ခ ခြင်း၊ စနိုက်ပါဖြင့်ချောင်းမြောင်းလုပ်ကြံခြင်းများကို ပြောင်ကျကျကျူးလွန်လျက်ရှိပြီး ထိုကဲ့သို့သော လုပ်ဆောင်ချက်များ မှာ လူသားမျိုးနွယ်တစ်ခုလုံးအပေါ် အပြင်းထန်ဆုံးရာဇဝတ်မှုများ ကျူးလွန်ခြင်းဖြစ်ကြောင်း မိမိတို့မှ သုံးသပ်ပါသည်။ မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) အနေဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) က ဖွဲ့စည်းလိုက်သည့် အစိုးရအဖွဲ့ကို အပြည့် အဝ ထောက်ခံအပ်ပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်ရှိအခြေအနေများကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခြင်းခံထားရသူများ၏ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရသည်ကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)
ဆန္ဒပြသူများအပေါ် စစ်တပ်၏အကြမ်းဖက်မှု ပိုဆိုးလာခြင်းအား ကုလလူ့အခွင့်အရေးအဖွဲ့ရုံး ပြင်းထန်စွာရှုတ်ချ
မြန်မာနိုင်ငံတွင် ဆန္ဒ ထုတ်ဖော်မှုများအပေါ် အကြမ်းဖက်မှုများ ပိုမိုဆိုးရွားပြင်းထန် လာနေခြင်းကို ပြင်းထန်စွာရှုတ်ချ ကြောင်း ကုလသမဂ္ဂလူ့အခွင့်အ ရေးအဖွဲ့ရုံးက ထုတ်ပြန်သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ရုံး ပြောရေးဆိုခွင့်ရှိသူ Ravina Shamdasani ၏ မြန်မာနိုင်ငံဆိုင်ရာ ပြောဆိုချက်ကို ဖေ ဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ရာတွင် စစ်တပ်အနေဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသူများအပေါ် အင်အားသုံးဖြိုခွင်းမှုကို ချက်ချင်း ရပ်တန့်ရန် တောင်းဆိုကြောင်း ဖော်ပြခဲ့သည်။
နိုင်ငံအနှံ့နေရာများစွာတွင် ရဲနှင့် စစ်တပ်အင်အားစုများမှ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို တိုက်ခိုက်ခဲ့ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးမှ လက်ခံရရှိသော ခိုင်လုံသော သတင်းအချက်အလက် များအရ အနည်းဆုံး ၁၈ ဦး အ သက်ဆုံးရှုံးခဲ့ပြီး လူပေါင်း ၃၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့သည်ဟုထုတ်ပြန်သည်။
သေဆုံးမှုများ ဖြစ်ပွားခဲ့ရခြင်းမှာ ရန်ကုန်၊ ထားဝယ်၊ မန္တလေး၊ မြိတ်၊ ပဲခူးနှင့် ပခုက္ကူမြို့ များတွင် ကျည်ဆန်အစစ်များ အ သုံးပြုကာ လူအုပ်များအတွင်းသို့ ပစ်ခတ်ခဲ့သောကြောင့် ဖြစ်သည်ဟု ထုတ်ပြန်သည်။ နေရာအနှံ့တွင် အသံမြည်ဗုံးနှင့် မီးဗုံးများအပြင် မျက်ရည်ယို ဗုံးများကိုလည်း အသုံးပြုခဲ့သည်ဟု သိရကြောင်း ဖော်ပြထားသည်။
မြန်မာပြည်သူများအနေဖြင့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ဒီမိုက ရေစီကို ပြန်လည်ထူထောင်ရေး တောင်းဆိုပိုင်ခွင့်ရှိကြောင်း၊ အကြမ်းဖက် သွေးထွက်သံယို ဖိနှိပ်မှုမပြုလုပ်ဘဲ အဆိုပါ အခြေခံရပိုင်ခွင့်များကို စစ်တပ်နှင့် ရဲတပ်ဖွဲ့က လေးစားရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ဆရာမတင်နွယ်ဦးကျဆုံးခဲ့သောနေရာတွင် ဆရာ၊ဆရာမများက ဆုတောင်းပေးနေသည်ကိုယမန်နေ့ကတွေ့ရစဉ် (ဓာတ်ပုံ – 7Day News)
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူ များ၊ အရပ်ဘက်လူမှုအဖွဲ့အ စည်းမှ အဖွဲ့ဝင်များ၊ သတင်းစာဆရာများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို ဖမ်းဆီးခြင်းဖြင့် အတိုက်အခံများနှင့် ဆန္ဒပြသူများ၏ အသံများကို ပိုမိုပစ်မှတ်ထား လာခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၂၈ရက် တစ်ရက်တည်း၌ပင် ရဲတပ်
ဖွဲ့က ဆေးဘက်ဆိုင်ရာပညာရှင် နှင့် ကျောင်သားကျောင်းသူ အ နည်းဆုံး ၈၅ ယောက်နှင့် သတင်းစာဆရာ ခုနစ်ယောက်တို့ကို ဆန္ဒပြပွဲတွင်ပါရှိနေသည့်အတွက် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ထုတ်ပြန် ခဲ့သည်။
အာဏာသိမ်းပြီးချိန်မှစ၍ တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းခံရသူ ၁,၀၀၀ ကျော်ရှိသွားပြီ ဖြစ်ပြီး ယခုစာရင်းတွင် မပါဝင် ဘဲကျန်ရှိနေ သူအချို့လည်း ရှိနေ ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ အများစုမှာ တရား ဥပဒေနှင့်အညီ မှန်ကန်သော လုပ်ထုံးလုပ်နည်းများဖြင့် ဆောင်ရွက်မှုမရှိဘဲ လူ့အခွင့်အရေးများဖြစ် သော လွတ်လပ်စွာ တွေးခေါ်ယူ ဆခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်တို့ကို ကျင့်သုံးရုံဖြင့် ဖမ်းဆီး ထိန်းသိမ်း ခံကြရခြင်းဖြစ်ကြောင်း ဖော်ပြသည်။
ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက် ခံထားရသော အစိုးရအဖွဲ့ဝင်များအပါ အဝင် တရားလက်လွတ်ထိန်း သိမ်းခံထားရသူအားလုံးကို အ မြန်ဆုံးလွှတ်ပေးရန်လည်း ကုလ သမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ရုံး က ထပ်လောင်းတောင်းဆိုခဲ့သည်။
နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့်လည်း ဆန္ဒပြသူများနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည် ထွန်းကားရေးအတွက် ဆောင်ရွက်နေသူများအားလုံးနှင့် တစ်သားတည်းအတူ ရပ်တည်ရမည် ဖြစ်ကြောင်းလည်း ဖော်ပြသည်။
ထို့အပြင် မြန်မာနိုင်ငံဆိုင် ရာအိန္ဒိယသံရုံးကလည်း ရန်ကုန် မြို့နှင့် မြန်မာနိုင်ငံတစ်ဝန်းရှိ အခြားသောမြို့များတွင် အသက် ဆုံးရှုံးခဲ့ကြရသောသူများအတွက် အလွန်ပင် ဝမ်းနည်းစိတ်မကောင်း ဖြစ်မိကြောင်း ထုတ်ပြန်ထား သည်။
ယမန်နေ့က နိုင်ငံတစ်ဝန်း၌ စစ်အာဏာရှင်အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြသည့် ပြည်သူများအား တပ်နှင့် ရဲက အကြမ်းဖက်နှိမ်နင်းပစ်ခတ်၍ လူသေဆုံးမှု၊ ဒဏ်ရာရမှုများ ဖြစ်ပေါ်ပြီးနောက် အိန္ဒိယသံရုံးက ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်သည်။ သို့ရာတွင် ထုတ်ပြန်ချက်တွင် အသက်ဆုံးရှုံးခဲ့ကြရသည့် အကြောင်းရင်းကို ဖော်ပြထားခြင်းမရှိပေ။
ကွယ်လွန်သွားကြသော သူများ၏ မိသားစုဝင်များ၊ ချစ်ခင်ရသူများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြောင်း အိန္ဒိယသံရုံး ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။
သက်ဆိုင်သူများအားလုံး အနေဖြင့် ငြိမ်းချမ်းစွာညှိနှိုင်း အဖြေရှာခြင်းမှတစ်ဆင့် ပြဿနာ များကို ဖြေရှင်းရန်နှင့် ထိန်းထိန်း သိမ်းသိမ်းဆောင်ရွက်ရန်လည်း အိန္ဒိယသံရုံးက တိုက်တွန်းခဲ့ သည်။
7Day News
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာခြင်း
ကြေညာချက်အမှတ်၊ (၁၀/၂၀၂၁)
၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာခြင်း
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာကို စစ်အုပ်စုက အဓမ္မနည်းဖြင့် သိမ်းယူခဲ့ပြီး၊ တရားဝင် နိုင်ငံ့ခေါင်းဆောင်များဖြစ်သော သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင်၊ တက်ကြွလှုပ်ရှားသူများ၊ လူသိများထင်ရှားသူများကို ညတွင်းချင်း ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
၂။ အာဏာသိမ်းစစ်ကောင်စီသည် အကြမ်းမဖက်နည်းဖြင့် အာဏာဖီဆန်ကြသော နိုင်ငံ့ဝန်ထမ်းများ၊ စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြကြသူများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ရဟန်းသံဃာများ၊ ကျောင်းသား၊ ကျောင်းသူများ အပါအဝင် လက်နက်မဲ့ မိဘပြည်သူများကို နိုင်ငံတဝှမ်းရှိ လမ်းမများပေါ်တွင် ပစ်ခတ်သတ်ဖြတ်ခြင်း၊ ရိုက်နှက်ခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ ရာဇဝတ်သားများစေလွှတ်၍ ရပ်ရွာတည်ငြိမ်မှုနှင့် တရားဥပဒေစိုးမိုးမှုအပေါ်တွင် ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေခြင်းသည် နိုင်ငံတော် နှင့် နိုင်ငံသူ နိုင်ငံသားများအပေါ် အကြမ်းဖက် စစ်ကြေညာခြင်းဖြစ်သည်။
၃။ နိုင်ငံတစ်ဝှမ်းရှိ လမ်းမများ၊ ရပ်ရွာလူမှုအသိုက်အဝန်းများသည် စစ်ကောင်စီ၏ လုပ်ရပ်များကြောင့် စစ်မြေပြင် များအဖြစ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ စစ်ကောင်စီ၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် လက်နက်မဲ့ ပြည်သူအများ အပြား အသက်ဆုံးရှုံးရပြီး ဖြစ်သကဲ့သို့၊ ၎င်းတို့၏ အသက်အိုးအိမ်စည်းစိမ်များသည်လည်း နေ့စဉ်နှင့်အမျှ အကြမ်း ဖက်မှု အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေကြပြီ ဖြစ်သည်။
၄။ ပြည်သူများ၏ ဒီမိုကရေစီ ဆန္ဒမဲများဖြင့် ရွေးကောက်တင်မြှောက်ခံထားရသည့် ပြည်ထောင်စုလွှတ်တော်အား ကိုယ်စားပြုသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ)၏ အကြမ်းဖက် လုပ်ရပ်များအားလုံးကို အပြင်းထန်ဆုံး ရှုတ်ချသည်။ ၅။ သို့ဖြစ်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နှင့် နိုင်ငံသူ နိုင်ငံသားများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပါ အကြမ်းဖက်မှုများကို ကျူးလွန် လျက်ရှိသည့် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” အား “အကြမ်းဖက်အုပ်စု” အဖြစ် ကြေညာလိုက်သည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
ကြွေးကြော်သံ အိမ်ထဲက အော်ဟစ်တဲ့ ရန်ကုန်ည ဆန္ဒပြပွဲများ
စစ်အာဏာသိမ်းထားတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ နေ့ခင်းဖက်မှာသာမကပဲ ပုဒ်မ(၁၄၄) အမိန့်ထုတ်ထားတဲ့ ညဘက်အချိန်မှာပါ ရန်ကုန်ရဲ့ မြို့နယ်တချို့မှာ စတင်လုပ်ဆောင်လာနေတဲ့ အကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
“ သပိတ် သပိတ် မှောက် .. မှောက် ၊ ဒီမိုကရေစီရရှိရေး တို့အရေး.. တို့အရေး ၊ စစ်အာဏာရှင်စနစ် ကျဆုံးရေး .. တို့ အရေး တို့အရေး ..”
အခုကြားနေရတဲ့ အသံတွေက ညမထွက်ရအမိန့် 144 ထုတ်ထားချိန်မှာ တာမွေမြို့နယ် ရပ်ကွက်တချို့က လမ်းမတန်းဘေး ဝဲယာမှာရှိတဲ့ တိုက်ခန်းတွေပေါ်ကနေ ည ၉ နာရီကျော် ၁၀ နာရီကြားဝန်းကျင် ကြွေးကြော် ဆန္ဒပြနေကြတာဖြစ်ပါတယ်။
မြန်မာပြည်သူတွေဟာ နေ့ခင်းဖက် အန္တရာယ်တွေကြားမှာ ပင်ပန်းကြီးစွာ ဆန္ဒပြကြသလို ၊ ည ၈ နာရီ ရောက်တိုင်းလည်း သံပုံးတီးဆန္ဒပြသူ အတော်များများ ရှိနေတဲ့ကြားက ခုလိုညဘက် ဟစ်ကြွေးဆန္ဒပြတာတွေကို တနင်္ဂနွေ ၊ တနင်္လာညတွေမှာ စလုပ်လာကြတယ်လို့ ဗဟန်းမြို့ခံတဦးက ရှင်းပြပါတယ်။
“ကျနော်တို့ ဗဟန်းနဲ့ တာမွေက နယ်စပ်ချင်းလည်း ကပ်နေတယ်လေ။ အဲဒီတော့ ကျနော်တို့နဲ့ ကပ်နေတဲ့ တာမွေဘက်အခြမ်းမှာ၁၄၄ ထုတ်ပြန်ထားတဲ့ အခြေအနေမှာပါ ။ အခုညဘက်တွေကနေပေါ့နော် တိုက်ပေါ်မှာ အသံတွေနဲ့ တိုက် တတိုက်ကနေ အော်လိုက်တယ်ဆိုရင် ကြွေးကြော်သံတွေပေါ့ အော်ကြတာပေါ့။ ဆိုတော့ ခုက နေ့ခင်းတင်မဟုတ်တော့ဘူးပေါ့ ၊ ညပိုင်းတွေမှာပါ အာဏာရှင် စစ်အစိုးရရဲ့ အမိန့်တွေကို မနာခံတော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ ဆန္ဒပြနေကြတာပေါ့နော်၊ ဆန္ဒဖော်ထုတ်နေကြတာပေါ့နော်။ ဆန္ဒဖော်ထုတ်နေကြတာကတော့ ဘယ်သူကမှ တားဆီးတယ် အရေးယူတယ်ဆိုတာမျိုး တစုံတရာကတော့ အခုအချိန်အထိ မတွေ့ရသေးဘူး။”
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လမ်းမပေါ်ထွက် ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲ လုံခြုံရေးတွေ ပစ်ခတ်ရာက အနည်းဆုံးလူ ၃၀ ဝန်းကျင် သေဆုံးခဲ့တာပါ။ ဒါကြောင့် ထိခိုက်ကျဆုံးမှု နည်းရအောင် ပြည်သူတွေဘက်က နည်းလမ်းပြောင်းသုံးလာပုံ ရတယ်လို့ ဗဟန်းမြို့ခံက သုံးသပ်ပါတယ်။
“ကျနော်တို့ဘက်က ဆန္ဒပြတဲ့အခါမှာ အခုဒီလို လူတွေ ထိခိုက်ဒဏ်ရာရတာတွေ မဖြစ်အောင် ၊ ဆုံးရှုံးနစ်နာမှုတွေ မဖြစ်အောင် ပေါ့နော် ဒီဟာကို ဦးဆောင်ပေးနေတဲ့ လူတွေရဲ့ ညွှန်ကြားချက်တွေလည်း ရှိတယ်ပေါ့လေ။ အဲဒီအခါကျတော့ လူတွေက ထိခိုက်မှုတွေနည်းအောင်ဆိုပြီးတော့ နေ့ခင်းနေ့လည်ဆိုရင်လည်း လမ်းတွေထိပ်မှာပေါ့နော် ထိုင်ပြီးတော့ အုပ်စုလိုက် အုပ်စုလိုက် အဲဒီလို ဆန္ဒပြနေကြတာပေါ့နော်။ အဲဒီတော့ ကြည့်ရတာကတော့ မနက်ဖြန်လောက်ကနေစပြီးတော့ သိပ်ထွက်ကြမယ့် ပုံစံတော့ မတွေ့ရဘူးပေါ့နော်။ နေလည်ဘက်မှာလည်း မိမိသက်ဆိုင်ရာ လမ်းတွေထိပ်တွေမှာ ဆန္ဒပြမယ့် ပုံစံမျိုးတွေတော့ တွေ့နေရတယ်။ အဓိကတော့ ဆန္ဒပြပြည်သူလူထုဘက်က ထိခိုက်နစ်နာမှုတွေ မရှိအောင် အဲလို ပုံစံပြောင်းလာတဲ့ သဘောပါပဲ။”
ဆန္ဒပြပွဲတွေဟာ အရှိန်ကျသွားဦးမှာ မဟုတ်သေးဘူးဆိုတာ Gen-Z လို့ခေါ်တဲ့ မျိုးဆက်သစ်တွေရဲ့ စိတ်အင်အားနဲ့ လှုပ်ရှားမှုတွေကို မြင်နေရတယ်လို့ ဗဟန်းမြို့ခံက ရှုမြင်ပါတယ်။
“တဖက်နဲ့တဖက် အခုလိုဖြစ်နေကြတဲ့အချိန်မှာ လူထုဘက်ကလည်း အလျှော့ပေးမယ့် အခြေအနေမျိုးကို လုံးလုံးကြီး မတွေ့ရသေးဘူးပေါေ့နာ်။ တဖက်ကလည်း သူတို့ရဲ့ အရေးယူဆောင်ရွက်မှုကို ဘယ်လောက်အတိုင်းအတာအထိ ဆက်လုပ်ဦးမလဲဆိုတာတော့ နည်းနည်းအချိန်တော့ ယူကြရဦးမယ်ထင်တယ်။ အဲဒီတော့ လူထုဘက်ကတော့ ဒီတပွဲမှာတော့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြုတ်အောင် တိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ရှိနေတယ်ပေါေ့နာ်။ အဲဒီတော့ ဆန္ဒပြမှုတွေကတော့ တော်တော်နဲ့ ပြီးနိုင်ဦးမှာ မဟုတ်ဘူး ပေါ့နော်။ ကျနော်တို့ ဟိုတုန်းက ၈၈ တုန်းက အခြေအနေတွေနဲ့ အရမ်းကို ကွာခြားသွားပြီပေါ့နော် ။ ဒီတပွဲမှာတော့ Gen-Z တွေက ပွဲသိမ်း အောင်ပွဲခံမယ်လို့ ကျနော်ယူဆတယ်။ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်နိုင်မယ်လို့ ကျနော်တို့ကတော့ အဲဒီလို ယူဆနေတယ်။”
ညမထွက်ရအမိန့် ထုတ်ထားတဲ့ချိန်အတွင်း ရန်ကုန်မြို့နဲ့အခြားမြို့ကြီးတွေမှာ စစ်တပ်နဲ့ရဲ့က ညဖက် ကင်းလှည့်နေတာပါ။ ဒါပေမယ့်လည်း ရန်ကုန် မြို့နယ်အတော်များများက ရပ်ကွက်တွေမှာတော့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ရဲ့လမ်းညွှန်ချက်အတိုင်း ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားကြပြီး ကိုယ့်ရပ်ကွက်ကို ကင်းစောင့်နေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
VOA Burmese