ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ အပတ်စဥ်ထုတ်ပြန်ချက် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ
ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA)တွင် ဆွေးနွေးရမည့်အကြောင်းအရာများထဲမှ မြန်မာနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှည် ကိုယ်စားပြုခွင့်ကို ရွေးချယ်ရန် ကုလအဖွဲ့၀င်နိုင်ငံများသည် ဖိအားများနှင့် ရင်ဆိုင်နေရသည်။ ကုလသမဂ္ဂအထွေထွေညီလာခံတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား မြန်မာနိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်အသိအမှတ်ပြုရန် အတွက် ကုလသမဂ္ဂအား အရပ်ဘက်အဖွဲ့အစည်းများမှ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။ လူသတ်အာဏာသိမ်းအုပ်စုအား အသိအမှတ်ပြုမည်ဆိုပါက အထူးသဖြင့် နိုင်ငံသားတို့၏ အခြေခံအခွင့်အရေးဖြစ်သော ငြိမ်းချမ်းစွာ ထုတ်ဖော်ဆန္ဒပြမှုကြောင့် ထောင်ပေါင်းများစွာ ဖမ်းဆီးခံရသောမိသားစု၀င်များနှင့် မြန်မာပြည်သူလူထု၏ ဆန္ဒကို စော်ကားရာ ရောက်ပေမည်။ စစ်အာဏာသိမ်းသည့် (၇) လတာအတွင်းတွင် စစ်ကောင်စီသည် စစ်အုပ်ချုပ်ရေးနှင့် စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုကို ဆန့်ကျင်သော အရပ်သားပြည်သူတို့အား စစ်ဆင်နွဲခဲ့သည်။ UNGA သည် ယခင်မြန်မာနိုင်ငံအပေါ် ချမှတ်သည့် ဆုံးချက်တွင် လက်နက်မဲ့ အရပ်သားပြည်သူများအပေါ် မြန်မာစစ်တပ်၏ လက်နက်ကိုင်တပ်ဖွဲ့များမှ အလွန်အကျွံနှင့် သေစေလောက်သော အကြမ်းဖက်မှုဟု ပြင်းထန်စွာ ရှုတ်ချခဲ့ဖူးသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှလည်း မတည်ငြိမ်သော မြန်မာနိုင်ငံ၏အခြေအနေအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ခဲ့သည်။ ထို့ပြင် ၀ေဖန်မှုများကြားမှ စစ်ကောင်စီကို အသိအမှတ်ပြုရန်နှင့် ဒီမိုကရေစီပြန်လည်ရရှိရန် တောင်းဆိုမှုများသည် မြန်မာပြည်သူများအတွက် ကုလ၏ စိုးရိမ်မှုကို မေးခွန်းထုတ်စရာဖြစ်လာပေမည်။ တိုင်းပြည်တွင်းဖြစ်ပျက်နေသော လူ့အခွင့်အရေး အခြေအနေများသည် အသက်အန္တရာယ်ကို စိုးရိမ်နေရသောပြည်သူများအတွက် နေ့စဥ် အိပ်မက်ဆိုးဖြစ်လာနေသည်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် စုရုံးခွင့်သည် စစ်ကောင်စီမှ ကျယ်ကျယ်ပြန့်ပြန့် ဆင်ဆာဖြတ်တောက် မှုများကြားတွင် ဆုံးရှုံးနေသော လွတ်လပ်ခွင့်များအနက် တစ်ခုဖြစ်သည်။ အာဏာသိမ်းမှုကြောင့် မြန်မာစစ်တပ်နှင့် လက်နက်ကိုင်ကာကွယ်ရေး တပ်ဖွဲ့များအကြား လက်ရှိဖြစ်ပွားနေသော တင်းမာမှုတွင် အင်တာနက်ဖြတ်တောက်မှုသည် စစ်ကောင်စီမှ လူ့အခွင့်အရေးကို ချိုးဖောက်ရန် လက်နက်တစ်ခုဖြစ်လာသည်။ မြန်မာနိုင်ငံအနှံ့ နေရာတော်တော်များများတွင် အင်တာနက်ပြတ်တောက်မှုကြောင့် အထူးသဖြင့် ပဋိပက္ခဒေသတွင် နေထိုင်သော ပြည်သူများအား သတိပေးရန် ခက်ခဲစေသည်။ ကချင်ပြည်နယ် ဖားကန့်ဒေသတွင် သြဂုတ်လကတည်းမှ စတင်၍ အင်တာနက်ပြတ်တောက် ခံရပြီး လတ်တလောတွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် မိုဘိုင်းအင်တာနက်နှင့် တစ်ချို့သော Wi-Fi လိုင်းများ ဖြတ်တောက်ခံနေရသည်။ စစ်အာဏာသိမ်းသည့် အချိန်မှစ၍ နိုင်ငံသားတို့၏ လုံခြုံရေးကို ကာကွယ်သော ဥပဒေများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့မညီဘဲ ပြောင်းလဲ ပြင်ဆင်ခဲ့သည်။ အင်တာနက်ပြတ်တောက်မှုကြောင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်နေရသည်။ လာမည့်တိုက်ခိုက်မှုများကို ကြိုတင်ရှောင်ရှားရန် သတိပေးချက်များအား နည်းပညာများကို မှီခိုအားထားကာ ဆက်သွယ်မျှ၀ေခဲ့ကြသည်။ နိုင်ငံသားတိုင်းသည် သတင်းအချက်အလက် ရယူပိုင်ခွင့်အပါအ၀င် လွတ်လပ်လုံခြုံစွာ အသက်ရှင်နေထိုင်ခွင့်ရှိသည်။
တိုင်းရင်းသားဒေသများရှိ ပဋိပက္ခများ
ချင်းပြည်နယ်
စစ်ကောင်စီတပ်နှင့် ခုခံတော်လှန်ရေးတပ်ကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး နှစ်ဘက်လုံးတွင် ကျဆုံးမှုများ ရှိနေသည်။ ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) ပူပေါင်းတပ်ဖွဲ့မှ ထန်တလန်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၎င်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၁၂) ဦးသေဆုံးခဲ့သည်။ ချင်းလူ့အခွင့်အရေးအဖွဲ့၏ အသစ်ထုတ်ပြန်လိုက်သော စာတမ်းတိုတွင် ချင်းပြည်နယ်၏ အခြေအနေသည် “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်း” ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ လက်ရှိဖြစ်ပွားနေသော တိုက်ပွဲကြောင့် ဒေသခံ ၁၀၀၀ ကျော်သည် မြန်မာ-အိန္ဒိယ နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ကချင်ပြည်နယ်
ကချင်ပြည်နယ်မှ ဒေသခံများသည် ကချင်လက်နက်ကိုင်အဖွဲ့များနှင့် အကြမ်းဖက်တပ်မတော်ကြား အချိန်မရွေး ဖြစ်ပွားနိုင်သော ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည်။ မကြာသေးမီရက်သတ္တပတ်အတွင်းတွင် ဒေသခံရွားသားများသည် စစ်ကောင်စီ၏ ခြေကုပ်စခန်းများအား ဖြတ်လျှောက်မိခြင်းနှင့် ပစ်မှတ်ထား တိုက်ခိုက်ခံရခြင်း ကြောင့် အသတ်ခံခဲ့ရသည်။ အကြမ်းဖက်မှုများနှင့် စစ်ရေးမတည်ငြိမ်မှုများကြောင့် ထိုးစစ်ဆင်တိုက်ခိုက်မှုတိုးလာသည့် ဖားကန့်မြို့နယ်တွင် သြဂုတ်လကတည်းမှစတင်၍ အင်တာနက် ဖြတ်တောက်ခံနေရသည်။ တနိုင်းမြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ၏ ပစ်ခတ်ခြင်းကြောင့် အမျိုးသမီးတစ်ဦး၏ ဦးခေါင်းတွင် ကျည်ထိမှန် ခဲ့သည်။
မိုးညှင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်နှင့် တိုက်ပွဲများဖြစ်ပွားပြီးနောက် ဒေသခံအရပ်သား တော်တော်များများကို ဖမ်းဆီးခဲ့သည်။
မကွေးတိုင်းဒေသကြီး
မကွေးတိုင်းဒေသကြီးသည် ပြီးခဲ့သည် သီတင်းပတ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများကို ပြင်းထန်စွာခံစားခဲ့ရသည်။ လက်နက်ကိုင်တော်လှန်ရေး အရှိန်မြင့်လာသည်နှင့်အမျှ စစ်ကောင်စီသည် ၎င်တို့၏အုပ်ချုပ်ရေးကို ခြိမ်းခြောက်နှောက်ယှက်သည်ဟု ထင်ရသူမှန်သမျှကို နှိမ်နှင်းရန်စစ်ဆင်ရေးများကို တိုးမြင့်လျက်ရှိသည်။ ဂန့်ဂေါမြို့နယ်မှ လက်နက်မဲ့ အရပ်သား ( ၁၈ ) ဦးထက်မနည်း အကြမ်းဖက်နှိပ်စက် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ အသတ်ခံရသည့်သူများထဲတွင် အသက် (၈၀) အရွယ်အဖိုးအိုတစ်ဦးသည် လက်ကိုကျောနှောက်ပစ်တုပ်နှောင်ခံရကာ ဦးခေါင်းတွင်ပစ်သတ်ခံခဲ့ရသည်။ ရပ်ရွာကိုကာကွယ်ရန် စစ်ကောင်စီကို ပြန်လည်ခုံခံသော ဒေသခံများသည် လူငယ်များဖြစ်ကြပြီး စစ်ကောင်စီတပ်ကို ယှဥ်နိုင်သောလက်နက် တပ်ဆင်ထားခြင်းမရှိပါ။ မကွေးတိုင်းဒေသရှိ ထယ်လှော်ကျေးရွာကို စစ်ကောင်စီတပ်မှ ၀င်ရောက်စီးနင်းခဲ့ပြီး နေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ လတ်တလော ဖြစ်ပွားခဲ့သော မကွေးတိုင်းဒေသကြီး ဆောမြို့နယ် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သာ အနည်းဆုံး ၇၀ နှင့် အရပ်သားပြည်သူအပါ၀င် ဒေသခံကာကွယ်ရေးတပ်သား ၂၀ ဦးသေဆုံးခဲ့သည်။
ထန်တလန်မှာ တမြို့လုံးနီးပါးစစ်ဘေးရှောင်နေရ
ချင်းပြည်နယ်၊ ထန်တလန်မှာ ပစ်ခတ်မှုတွေကြောင့် ပြည်သူအများစု နေအိမ်စွန့်ခွာနေကြပြီး ဒီနေ့ စက်တင်ဘာ (၂၀)ရက်မှာတော့ တမြို့လုံးနီးပါးစစ်ရှောင်နေကြပြီလို့ သိရပါတယ်။ ထန်တလန်မြို့မှာ လူဦးရေ ၈၀၀၀ နီးပါးရှိတာဖြစ်ပြီး အခုတော့ ထောင်နဲ့ချီစစ်ဘေးရှောင်နေကြကာ မြို့ပေါ်မှာ လူဦးရေ ၅၀ကျော်လောက်သာ ကျန်ရှိတော့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ကျေးရွာတွေဘက်နဲ့ အိန္ဒိယနယ်စပ် ကို စစ်ဘေးရှောင်နေကြပါတယ်။
“ကျွန်တော်တို့ မြို့ကထွက်ခွာဖို့ ကားပေါ်က ထွက်တဲ့အချိန်တောင်လက်နက်ကြီးသံကြားလိုက်တယ်။ ထန်တလန်မြို့ပေါ်ကနေ ထွက်ပေါက် သုံးပေါက်ရှိတယ်။ နှစ်ပေါက်က စစ်တပ်ဘက်က နေရာယူထားပြီး ပစ်ခတ်မှုတွေလုပ်နေတယ်။ အခုလည်း လက်နက်ကြီးသံကြားတော့ ကျန်ခဲ့တဲ့သူတွေလည်း ထွက်လာ ဖို့ခက်နေတယ်။”လို့ စစ်ရှောင်ဒေသခံတဦးက ပြောပါတယ်။
အခုလို အစုလိုက်အပြုံလိုက် စစ်ဘေးရှောင်ရတာကြောင့် ကိုဗစ်ကပ်ရောဂါတဖန်ကူးစက်ပျံ့ပွားမှာကို စိုးရိမ်နေကြရပြီး အစားအသောက်၊ဆေးဝါးတွေပါ လိုအပ်နေပါတယ်။
စက်တင်ဘာ (၁၈)ရက်က ထန်တလန်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြား ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး စစ်ကောင်စီရဲ့ အင်အားသုံးပစ်ခတ်မှုတွေကြောင့် မြို့ပေါ်မှာ နေအိမ်အဆောက်အအုံ တွေ မီးလောင်ခဲ့ကာ မီးလောင်စဉ် မီးငြှိမ်းသတ်ဖို့ ထွက်လာသူတွေကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ သေဆုံးရတာတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို ထန်တလန်မြို့ပေါ်မှာ ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်ရတာဟာ သမိုင်းတလျှောက်ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။
ရခိုင်ကျောင်းသား (၄) ဦးအား မတရားဖမ်းဆီး ထောင်ချမှုနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ကြေငြာချက်
ဂန့်ဂေါ သတ်ဖြတ်မှု ရာဇဝတ်မှု မြောက်၊ မမြောက်
မြန်မာ စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နဲ့ ၁၀ရက်တွေအတွင်း မကွေးတိုင်း ဂန့်ဂေါမြို့နယ်က မြင်သာ၊ မွေ့လယ်နဲ့ ရေရှင် ကျေးရွာတွေက ဒေသခံ အချို့ကို PDF တပ်ဖွဲ့ ဝင်တွေအဖြစ် စွပ်စွဲချက်နဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံတွေနဲ့ PDF တပ်ဖွဲ့တွေက RFA ကို ပြောပြခဲ့ပါတယ်။
စစ်တပ်က ဖမ်းဆီးခံခဲ့ရပြီးတဲ့နောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသူတွေဟာ PDF တွေ အမှန် တကယ် ဟုတ်၊ မဟုတ် အတည်ပြုနိုင်ခြင်း မရှိသေးပေမယ့် ပြည်တွင်းက လူ့အခွင့်အရေးနဲ့ ဥပဒေ ကျွမ်းကျင်သူ အချို့ကတော့ ဒီဖြစ်ရပ်ဟာ စစ်ရာဇဝတ်မှုမြောက်ကြောင်း RFA ကို သုံးသပ်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
နိုင်ငံတကာ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေကတော့ နိုင်ငံတကာ ဥပဒေတွေအရ စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်ဖို့အတွက် ဒီသတ်ဖြတ်မှုတွေ ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေကို လက်နက်ကိုင်ပဋိပက္ခ armed conflict အဖြစ် သတ်မှတ်နိုင်ဖို့ အရေးကြီးကြောင်း ထောက်ပြပြောဆိုခဲ့ကြပါတယ်။
“စစ်ရာဇဝတ်မှုလို့ သတ်မှတ်ဖို့ဆိုရင် စစ်ဖြစ်နေတဲ့ အနေအထားဖြစ်ရပါမယ်။ မြန်မာနိုင်ငံမှာ စစ်တပ်ဟာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေတာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီပဋိပက္ခထဲက တစ်စုံတစ်ယောက်ကို ဖမ်းဆီးထိန်းသိမ်းခံခဲ့ရရင် ဂျနီဗာကွန်ဗင်းရှင်း သဘောတူညီချက်တွေက အကာအကွယ်ပေးထားပါတယ်။ ဖမ်းဆီးခံရတဲ့ သုံ့ပန်းကို သတ်ဖြတ်ခွင့်မရှိဘဲ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားရမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ သတ်ဖြတ်မယ် ညှဉ်းပန်းနှိပ်စက်မယ်ဆိုရင်တော့ စစ်ရာဇဝတ်မှုမြောက်တာ သေချာပါတယ်။ ဒါပေမဲ့လည်း PDF နဲ့ဖြစ်တဲ့ ပဋိပက္ခတွေကိုတော့ ခုချိန်အထိ လက်နက်ကိုင် ပဋိပက္ခအဖြစ် သတ်မှတ်လို့ မရသေးဘူးလို့ ကျွန်တော်တို့ထင်ပါတယ်။ PDF တပ်ဖွဲ့တွေဟာ စံချိန်မီ လက်နက်ကိုင်တပ်ဖွဲ့ အဆင့်ကို မရောက်သေးပါဘူး။ ဒါကြောင့်မို့ ဒီဖြစ်ရပ်တွေကို စစ်ရာဇဝတ်မှုမဟုတ်ဘဲ လူ့အခွင့်အရေး ချိုးဖောက်မှု လို့ပဲ ရှုမြင်ပါတယ်။”
ဒါကတော့ လူ့အခွင့်အရေး စောင့်ကြည့်ရေး Human Rights Watch အဖွဲ့က အာရှရေးရာ ညွှန်ကြားရေးမှုး Brad Adam က ပြောသွားတာပါ။
အခုလို PDF တပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်မှုဟာ စစ်ရာဇဝတ်မှု မမြောက်ကြောင်း သုံးသပ်လိုက်တာဟာ မြန်မာ့တပ်မတော်အနေနဲ့ သတ်ဖြတ်ခွင့် ရှိတယ်ဆိုတဲ့ သဘောမဟုတ်ကြောင်းလည်း Brad Adam က RFA ကို ပြောပါတယ်။
“ဒါပေမဲ့ ကျွန်တော်တစ်ခု ရှင်းအောင် ပြောလိုတာက စစ်ဖြစ်နေတဲ့ ကာလမှာပဲ ဖြစ်စေ၊ စစ်မဖြစ်တဲ့ အချိန်မှာပဲ ဖြစ်စေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ တစ်စုံတစ်ဦးကို သတ်ဖြတ်တယ်ဆိုတာ စစ်ရာဇဝတ်မှုလိုပဲ ဆိုးဝါးပြင်းထန်တဲ့ ရာဇဝတ်မှုဖြစ်ပါတယ်။ လူတော်တော်များများက စစ်ရာဇဝတ်မှုလို့ ခေါင်းစဉ်တပ်မှ ပြင်းထန်တဲ့ ရာဇဝတ်မှုဖြစ်မယ်လို့ ထင်နေကြပါတယ်။ အခုလိုမျိုး extrajudicial killing ဒါမှမဟုတ် unlawful killing လို့ခေါ်တဲ့ တရားစီရင်မှုမရှိဘဲ သတ်ဖြတ်တာဟာလည်း အလားတူ ဆိုးဝါးတဲ့ လုပ်ရပ် ဖြစ်ပါတယ်။”
Fortify Rights အဖွဲ့က Matthew Smith ကတော့ မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြင်သာကျေးရွာမှာ ဖြစ်ပွား ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို Fortify Rights အဖွဲ့က မှတ်တမ်း မတင်ရသေးတဲ့ အတွက် ဘယ်လို ရာဇဝတ်မှုမျိုး ဖြစ်မြောက်သလဲဆိုတာ ပြောရခက်ပေမယ့် ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း စစ်တပ်က ကျူးလွန်ခဲ့တဲ့ အလားတူ ဆိုးဝါးတဲ့ ရာဇဝတ်မှုတွေကို မှတ်တမ်းတင်ထားနိုင်ခဲ့တယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ အဖွဲ့အနေနဲ့ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ အခြား ရာဇဝတ်မှု တော်တော်များများကို မှတ်တမ်းတင်ထားပါတယ်။ အဲဒီ မကွေးတိုင်း၊ မြင်သာရွာက သတ်ဖြတ်မှုတွေမှာ ကြုံတွေ့ခဲ့သူတွေရဲ့ ပြောဆိုချက်အရဆိုရင် ကျွန်တော်တို့ မှတ်တမ်းတင်နိုင်ခဲ့တဲ့ အခြားရာဇဝတ်မှုတွေနဲ့ ကိုက်ညီနေပါတယ်။ မြန်မာ စစ်တပ်ဟာ အပြစ်ပေးအရေးယူခံရတာ မရှိဘဲ သတ်ဖြတ်တာ၊ အပြစ်မရှိပဲ ဖမ်းဆီး ချုပ်နှောင်ထားတာ၊ ညှင်းပန်းနှိပ်စက်တာလို ပြစ်မှုတွေ ကျူးလွန်ခဲ့တဲ့ အစဉ်အလာရှိတာ တွေ့နိုင်ပါတယ်။ ဒါကြောင့် မကွေးတိုင်း မြင်သာရွာက ဖြစ်ရပ်တွေဟာ စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်မြောက်ဖို့ ဖြစ်နိုင်ပါတယ်။ စစ်ရာဇဝတ်မှု အဖြစ် သတ်မှတ်နိုင်ဖို့ အတွက်ကတော့ အဲဒီဒေသမှာ နိုင်ငံခြား တပ်ဖွဲ့မဟုတ်တဲ့ တပ်ဖွဲ့ တစ်ခုခုနဲ့ armed conflict ဖြစ်နေကြောင်း သတ်မှတ်ချက်ရှိဖို့ လိုပါလိမ့်မယ်။”
Human Rights Watch အဖွဲ့က Brad Adam ရဲ့ သုံးသပ်ချက်အရတော့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ဗဟိုက အမိန့်ပေးချုပ်ကိုင်မှုနဲ့ ကာလရှည် လေ့ကျင့်သင်ကြားထားတဲ့ တပ်ဖွဲ့တွေ ရှိတဲ့အတွက် သူတို့ကို army ဒါမှမဟုတ် လက်နက်ကိုင် တပ်ဖွဲ့တွေအဖြစ် သတ်မှတ်လို့ ရပြီး မြန်မာစစ်တပ်နဲ့ ဒီတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တွေနဲ့ အကြား ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေကို လက်နက်ကိုင် ပဋိပက္ခ armed conflict လို့ သတ်မှတ်ကြောင်း၊ ဒီလို သတ်မှတ်နိုင်တဲ့အတွက် ဒီပဋိပက္ခတွေ အတွင်းမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို မသတ်ဖို့ စည်းကမ်းချက်ပါဝင်တဲ့ Geneva convention သဘောတူညီချက် အပါအဝင် နိုင်ငံတကာ ဥပဒေတွေနဲ့ အကျုံးဝင်ပေမယ့်၊ PDF တပ်ဖွဲ့တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေကတော့ အလားတူ အကျုံးမဝင်ဘူးလို့ ဆိုပါတယ်။
“မြန်မာ့တပ်မတော်နဲ့ PDF တပ်ဖွဲ့တွေအကြား ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေကို ပြည်တွင်းစစ်၊ ဒါမှမဟုတ် လက်နက်ကိုင် ပဋိပက္ခ armed conflict လို့ သတ်မှတ်လို့မရသေးပါဘူး။ ကျွန်တော်တို့ သိထားသလောက် ဆိုရင် PDF တပ်ဖွဲ့တွေဘက်က တပ်သား အင်အားအရကော၊ စစ်လက်နက်ပစ္စည်း အင်အားအရကော၊ ဗဟိုကနေ စနစ်တကျ ချုပ်ကိုင်ပြီး အမိန့်ပေးစေခိုင်းမှု ရှိ၊ မရှိ ဆိုတဲ့အချက်တွေ အရပါ ကြည့်မယ်ဆိုရင် PDF တွေကို လက်နက်ကိုင်တပ်ဖွဲ့လို့ သတ်မှတ်လို့ မရသေးပါဘူး။ ကျွန်တော်တို့ နားလည်ထားသလောက် ကတော့ ဒေသဆိုင်ရာ PDF တပ်ဖွဲ့တွေဟာ အထက်က အမိန့်ပေးစေခိုင်းမှုကြောင့် မဟုတ်ပဲ သူတို့ဘာသာ ဆန္ဒအလျောက် တိုက်ခိုက်တာ ဒါမှမဟုတ် မကြာခင်က ပေါ်ထွက်လာတဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မြန်မာ စစ်တပ်ကို တိုက်ခိုက်ကြဖို့ နှိုးဆောင်ချက်ကြောင့် ဖြစ်ပါတယ်။ မြန်မာစစ်တပ်နဲ့ PDF နဲ့ဖြစ်တဲ့ တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာ ဥပဒေတွေအရ armed conflict လို့ သတ်မှတ်လို့ ရတဲ့ အဆင့် မရှိသေးပါဘူး။ ဒါပေမဲ့ စစ်ဖြစ်နေတယ်လို့ သတ်မှတ်သည်ဖြစ်စေ၊ မသတ်မှတ်သည်ဖြစ်စေ အာဏာပိုင်တွေ အနေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သူတွေကို ဆက်ဆံတဲ့နေရာမှာ အတူတူပဲ ဖြစ်ရပါမယ်။ ထိခိုက်သေကျေအောင် လုပ်လို့မရပါဘူး။”
မကွေးတိုင်း ဂန့်ဂေါမြို့နယ်က ကျေးရွာတွေမှာ ဖြစ်ပွားတဲ့ သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ အာဏာသိမ်း စစ်ကောင်စီရဲ့ သတင်းပြန်ကြားရေး အဖွဲ့ ခေါင်းဆောင်နဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
RFA News
ကုလလူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာ့အရေး ဆွေးနွေးချက်
မြန်မာလူ့အခွင့်အရေးချိုးဖောက်မှု အထောက်အထား နိုင်ငံတကာတရားရုံးများ မှာ IIMM တင်ပြမည်
မြန်မာဆိုင်ရာ သီးခြား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ IIMM က စုဆောင်းထားတဲ့ မြန်မာ့ ရာဇဝတ်မှု ဆိုင်ရာ သက်သေ အထောက်အထားတွေကို တရားရုံးတွေ၊ ခုံရုံးတွေမှာ အသုံးပြု တရားစီရင်နိုင်ရေး ဆောင်ရွက်နေပါတယ်။ စက်တင်ဘာလ ၁၃ ရက်နေ့က ဂျီနီဗာ ကုလသမဂ္ဂ ရုံးချုပ်မှာ ကျင်းပတဲ့ ၄၈ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ပုံမှန် အစည်းအဝေးတွင်းမှာ IIMM အဖွဲ့ ခေါင်းဆောင်က အခုလို ပြောခဲ့တာပါ။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးပါမယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ ဖွဲ့စည်းခဲ့တဲ့ IIMM မြန်မာဆိုင်ရာ သီးခြား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့က မြန်မာနိုင်ငံတွင်း ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု သက်သေ အထောက်အထားတွေကို စုစည်းနေတာ ဖြစ်ပါတယ်။ စုစည်းရယူထားပြီးတဲ့ သက်သေ အထောက်အထားပေါင်း ၂သိန်း ၂ သောင်းနီးပါး ရှိနေပြီလို့ ပြောဆိုထားတဲ့ IIMM အဖွဲ့က ဒီသက်သေတွေကို ကမ ္ဘာတဝန်းက တရားရုံးတွေ၊ ခုံရုံးတွေမှာ အသုံးပြုနိုင်ရေး အတွက် ကြိုးပမ်းနေကြောင်း အဖွဲခေါင်းဆောင် Nicholas Koumjian က လူ့အခွင့်အရေးကောင်စီမှာ ပြောပါတယ်။
” ကျနော်တို့ရဲ့ သက်သေ အထောက်အထားတွေကို အသုံးပြုနိုင်ရေး အတွက် ခုံရုံးတွေ၊ တရားရုံးတွေနဲ့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်ရင်တော့ ကျနော်တို့ ဆောင်ရွက်နေတဲ့ ကိစ္စ တခုဖြစ်ပါတယ်။ နိုင်ငံတကာ ရာဇဝတ် တရားရုံး ICC ရှေ့နေတဲ့ မနက်ဖြန်မှာ ကျနော်တွေ့ဆုံပါမယ်။ ကျနော်တို့ ကြိုးပမ်း ဆောင်ရွက်ထားမှုတွေကို တရားရုံးတွေနဲ့ ခုံရုံးတွေမှာ အသုံးပြုပြီး နောက်ဆုံးမှာ တာဝန်ရှိသူတွေကို အရေးယူနိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်မှုက သိပ်ပြီး အရေးကြီးလှတယ်ဆိုတာကို ကျနော်တို့ နားလည်ပါတယ်။ ကျနော်တို့က တရားရုံးလည်း မဟုတ်၊ ခုံရုံးလည်း မဟုတ်ပါဘူး။ ဒါကြောင့် အမှုဖွင့်နိုင်ရေးနဲ့ တာဝန်ရှိသူတွေကို အရေးယူနိုင်ရေး အတွက် တခြားသူတွေကို အားကိုးရမှာပါ။”
မြန်မာနိုင်ငံတွင်းက ဆိုးရွားလှတဲ့ ရာဇဝတ်မှုတွေမှာ တာဝန်ရှိသူတွေကို တရားဥပဒေကြောင်းအရ စီရင်လိုတဲ့ ကမ ္ဘာတလွှားက ခုံရုံးတွေ၊ တရားရုံးတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရေး IIMM ဘက်က လက်တွေ့ လုပ်နေကြောင်းလည်း အဖွဲ့ခေါင်းဆောင် Nicholas Koumjian က လူ့အခွင့်အရေး ကောင်စီမှာ ရှင်းပြခဲ့ပါတယ်။
” ဥပမာ အားဖြင့် အာဂျင်တီးနားမှာ တရားဥပဒေကြောင်းအရ ဆောင်ရွက်နေတဲ့ ကိစ္စ တခု ရှိပါတယ်။ တရားရုံးရဲ့ universal jurisdiction နိုင်ငံတကာ စီရင်ပိုင်ခွင့် ပြဌာန်းချက်နဲ့ မြန်မာနိုင်ငံတွင်းက ရာဇဝတ်မှုတွေကို အာဂျင်တီးနား အနေနဲ့ စုံစမ်းစစ်ဆေးမလားဆိုတဲ့ အမှုကို အယူခံရုံးကို တင်ထားပါတယ်။ ကျနော်တို့ရဲ့ လုပ်ပိုင်ခွင့်ကို ရှင်းပြဖို့၊ နောက် ပြစ်မှုတွေ အတွက် တာဝန်ရှိသူတွေကို တရားမျှတစွာ အပြစ်ပေး စီရင်လိုတဲ့ ခုံရုံးတွေ၊ တရားရုံးတွေနဲ့ ကျနော်တို့ရဲ့ အချက်အလက်တွေကို မျှဝေရေး လုပ်ပိုင်ခွင့်ကိုလည်း ရှင်းပြဖို့ အတွက် အာဂျင်တီးနား အာဏာပိုင်တွေကို ဆက်သွယ်ခဲ့ပါတယ်။ အလားတူ အခွင့်အလမ်းမျိုးတွေကိုလည်း ကျနော်တို့ဘက်က ဆက်ပြီး ရှာဖွေသွားမှာပါ။”
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ စက်တင်ဘာလ ၁၃ ရက်နေ့က စတင်တဲ့ ၄၈ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ပုံမှန် အစည်းအဝေးမှာ IIMM ရဲ့ တတိယမြောက် မြန်မာဆိုင်ရာ အစီရင်ခံစာကိုလည်း တင်သွင်းခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းက ဆိုးရွားလှတဲ့ ရာဇဝတ်မှုဆိုင်ရာ အထောက်အထားတွေကို စုဆောင်း ရယူနေတဲ့ IIMM နဲ့ နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းပါတယ်။ IIMM ကို သက်သေ အထောက်အထား ပေးပို့သူတွေ၊ နောက် သက်သေ ဖြစ်လာနိုင်သူတွေ ဘေးကင်းလုံခြုံမှု ရှိစေရေး နိုင်ငံတကာက ဆောင်ရွက်ပေးကြဖို့ မစ္စတာ Koumjian က တိုက်တွန်းပါတယ်။ အရှေ့တောင် အာရှ ဒေသတွင်း နိုင်ငံတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နိုင်ဖို့ သူက မျှော်လင့်ထားပါတယ်။
” ကျနော်တို့ အဖွဲ့ဟာ အာဆီယံရဲ့ အချက် ၅ ချက်ပါ အစီအစဉ် ရည်မှန်းချက်တွေနဲ့လည်း အပြည့်အ၀ ကိုက်ညီမှု ရှိပါတယ်။ အထူးသဖြင့် အာဆီယံ အစီအစဉ်ထဲက ပထမဆုံး အချက် ဖြစ်တဲ့ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ လျှော့ချရေး ဆိုတဲ့ ပထမဆုံး အချက်ပါ။ အဆိုးရွားဆုံးသော နိုင်ငံတကာ ရာဇဝတ်မှု အထောက်အထားတွေကို ကျနော်တို့ စုဆောင်းဖို့ ကြိုးစားနေပါတယ်၊ ဒီသက်သေ အထောက်အထားတွေကို အသေအချာ စုစည်းရယူပြီး ပြစ်မှုကျူးလွန်သူတွေ၊ နောက် ပြစ်မှု ကျူးလွန်ဖို့ အလားအလာ ရှိသူတွေကို သတင်းစကား ပါးဖို့ ဖြစ်ပါတယ်။ သက်သေ အထောက်အထားတွေကို စုဆောင်းရယူမှုဟာဆိုရင် အာဆီယံက တောင်းဆိုထားတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးဆိုတာနဲ့ ကိုက်ညီမှု ရှိပါတယ်။ ဒီကိစ္စတွေ အားလုံး အတွက် အာဆီယံ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း မျှော်လင့်ပါတယ်။ ”
IIMM မြန်မာဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကတော့ မြန်မာနိုင်ငံတွင်းက အဆိုးရွားဆုံး နိုင်ငံတကာ ပြစ်မှုကြီးတွေ၊ နောက် နိုင်ငံတကာ ဥပဒေ ချိုးဖောက်မှု သက်သေ အထောက်အထားတွေကို စုစည်းပြီး ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေး အတွက် အမှု ပြင်ဆင်ဖို့ ဖြစ်ပါတယ်။ မြန်မာဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို အမေရိကန် က အခိုင်အမာ ထောက်ခံကြောင်းလည်း လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးမှာ အမေရိကန်က ပြောဆိုခဲ့ပါတယ်။
” မြန်မာဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ယန္တရားကို အမေရိကန် ပြည်ထောင်စုက အခိုင်အမာ ထောက်ခံပါတယ်။ IIMM ရဲ့ စုံစမ်းစစ်ဆေး ဆောင်ရွက်မှုတွေမှာ တိုးတက်မှုတွေ ရှိတဲ့ အတွက်လည်း ချီးကျူးပါတယ်။ မြန်မာပြည်သူတွေ မျှော်မှန်းတဲ့ အတိုင်း လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး ငြိမ်းချမ်း၊ ကြွယ်ဝတဲ့ ဒီမိုကရက်တစ် နိုင်ငံဖြစ်ရေး အတွက် ရက်စက်ကြမ်းကြုတ်မှုတွေ ထပ်ပြီး ဖြစ်မလာအောင် ကာကွယ်ရေး၊ ဘေးဒဏ်သင့်ခံရသူတွေရဲ့ လိုအပ်ချက်တွေကို ဖြေရှင်းပေးရေး၊ ပြစ်မှုတွေ အတွက် တာဝန်ရှိသူတွေကို အရေးယူ အပြစ်ပေးနိုင်ရေး အရေးကြီးပါတယ်။ ”
မြန်မာနိုင်ငံတွင်းမှာ လက်ရှိ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုင်ရာ ယုံကြည်လက်ခံနိုင်ဖွယ်ရှိတဲ့ ယုံကြည်စိတ်ချရတဲ့ အစီရင်ခံချက်တွေ အားလုံးနဲ့ ပတ်သက်ပြီး မြန်မာ အပါအဝင် မြန်မာရဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအားလုံးက ပူးပေါင်းဆောင်ရွက်ကြဖို့လည်း အမေရိကန်က တိုက်တွန်းထားပါတယ်။
VOA News