ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပထမဆုံးအကြိမ်အဖြစ် မြန်မာကိုယ်စားလှယ်စကားပြောခွင့်မရ
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ အပတ်စဥ်ထုတ်ပြန်ချက် (၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ)
ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)၏ မှတ်တမ်းပြုချက်အရ ကရင်ပြည်နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့များသည် အရပ်သားနှင့် လက်နက်ကိုင်များကို ခွဲခြားခြင်းမရှိဘဲ လေကြောင်းနှင့်သော်လည်းကောင်း၊ မြေပြင်တိုက်ခိုက်မှုများနှင့်သော်လည်းကောင်း ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ကာ ရမ်းသမ်းပစ်ခတ်ခဲ့သည်။ စစ်အာဏာသိမ်းသည့်အချိန်မှစ၍ အပြစ်မဲ့အရပ်သားများအား နေ့စဥ်နှင့်အမျှ အင်အားသုံး အကြမ်းဖက် တိုက်ခိုက်နေသည်။
ဘုရားဝတ်ပြုဆောင်များဖြစ်သည့် ဘုရားရှိခိုးကျောင်းများ မီးတင်ရှို့ ဖျက်ဆီးခံခဲ့ရသည်။ ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို ထောက်ခံပံ့ပိုးပေးသည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများသည် ၎င်းတို့၏ ဘုန်းကြီးကျောင်းထဲတွင်ပင် အသတ်ခံခဲ့ရသည်။ မိသားစု၀င်များသည် တစ်ကွဲတစ်ပြား ဖြစ်ခဲ့ရပြီး ၎င်းတို့၏ဘ၀ ဘေးကင်းလုံခြုံရေးအတွက် ထွက်ပြေးတိမ်းရှောင်နေရသည်။
စေတနာ့၀န်ထမ်းများသည် ထိခိုက်လွယ်သောလူအုပ်စုများ၏ လိုအပ်ချက်များအတွက် အကူအညီများကို ပေးပို့ရာတွင် ၎င်းတို့၏ ဘေးကင်းလုံခြုံရေးကို စွန့်စားကာ လုပ်ဆောင်နေရသည်။ ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများအတွက် ဆေးဝါး၊ ရိက္ခာများကို သွားရောက်သယ်ဆောင်လာသော စေတနာ့၀န်ထမ်းတစ်ဦး၏ ယာဉ်ကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ပစ်ခတ်မီးရှို့ခဲ့သည်။ ဒလန်၏ သတင်းပေးတိုင်းကြားမှုကြောင့် အရပ်သားတို့၏ သတင်း အချက်အလက်များ ပေါက်ကြားပြီး ၀င်ရောက်စီးနင်းရှာဖွေမှုများ ဆက်လက်ဖြစ်ပွားနေသည်။ ရန်ကုန်တွင် ဖမ်း၀ရမ်းမပါဘဲ ရုတ်တရက်၀င်ရောက်စီးနင်းခဲ့ရာ ပြီးခဲ့သည့် တစ်ပတ်တာ ကာလအတွင်း အနည်းဆုံးလူ ၃၅ ဦး ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးစဥ် တစ်ဦးသေဆုံးခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီသည် မြို့ပြနှင့် ကျေးလက်ဒေသ တစ်လျှောက်ရှိ ကြီးထွားလာသော ပျောက်ကျားတိုက်ခိုက်မှုများနှင့် စစ်အဏာသိမ်းမှု ဆန့်ကျင်သူများကို ရက်စက်စွာ အကြမ်းဖက် ချေမှုန်းနေသည်။
လူသားများ၏အသက်ကို လစ်လျူရှုခြင်းသည် နေ့စဥ်မြင့်တက်လာသော်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းများသည် အရေးယူမှုများ လုပ်ဆောင်ရန် နှေးကွေးနေဆဲဖြစ်သည်။ စစ်ကောင်စီသည် မြန်မာလူထုကို အကာအကွယ်ပေးရန်နှင့် မြန်မာပြည်သူတို့၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ကာကွယ်စောင့်ရှောက်ရန် စီမံအုပ်ချုပ်နိုင်စွမ်း မရှိကြောင်း သက်သေပြလျက်ရှိသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bacheletမှ လူ့အခွင့်အရေးကောင်စီ ညီလာခံသို့ မိန့်ခွန်းပြောကြားရာတွင် “ရှေ့ဆက်သွားမည့် မည်သည့် ဖြေရှင်းချက်အတွက်မဆို တာ၀န်ယူမှု၊ တာ၀န်ခံမှုသည် အရေးပါသော အချက်ဖြစ်သည်ဟု” ပြောကြားခဲ့သည်။ ပြီးခဲ့သည့်အပတ်တွင် မြန်မာကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းမှုသည် စစ်ကောင်စီလက်အောက် တိုင်းပြည်၏ လူမှုရေး၊ စီးပွားရေး မည်မျှထိ ပျက်စီးသွားကြောင်းကို ပြသနေသည်။ ကျပ်ငွေတန်ဖိုး တစ်ဒေါ်လာ ၂၂၀၀ ထိရှိလာခဲ့သည်။ ထို့အပြင် ၂၀၂၁ ခုနှစ် Freedom on Net နှစ်ပတ်လည် အစီရင်ခံစာတွင် စစ်ကောင်စီလက်အောက် မြန်မာနိုင်ငံ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဆက်လက်ကျဆင်းနေပြီး အင်တာနက်လွတ်လပ်ခွင့်နှင့် ပတ်သက်၍ ရမှတ် ၁၄ မှတ်ထိ တဟုန်ထိုး ကျဆင်းခဲ့သည်။ တစ်နှစ်အတွင်း အင်တာနက်လွတ်လပ်ခွင့် ကျဆုံးမှုသည် အဆိုးဆုံးဖြစ်သည်။ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများပိုမိုရရှိရန် အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပတ်သက်၍ အကူအညီများပေးနိုင်ရန်အလို့ငှာ ကုလ၏ကမ်းလှမ်းမှုကို စစ်ကောင်စီခန့် ကျန်းမာရေး၀န်ကြီးမှ ငြင်းပယ်ခဲ့သည်။ စစ်အာဏာသိမ်းမှု အောင်မြင်ခြင်းမရှိရန် ပြည်သူများသည် စစ်ကောင်စီကို ငွေတောင်းခံမှုများကို ပေးဆောင်ခြင်းမရှိဘဲ ဆန့်ကျင်နေကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ထုတ်ပြန်ချက်အရ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးမှ ပြည်သူ ၉၇% သည် ငွေပေးချေမှုများ လုပ်ဆောင်ခြင်းမရှိတော့ပါ။ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ပြည်သူ ၈၀% သည် အလားတူလုပ်ဆောင်ကြသည်။ ရက်စက်ကြမ်းကြုတ်သော စစ်အုပ်ချုပ်ရေးကို ငြင်းဆန်ခြင်းသည် မြန်မာပြည်သူတို့၏ စိတ်ဓါတ်နှင့် ခုံခံတော်လှန်မှုကို မီးမောင်းထိုးပြနေသည်။
တိုင်းရင်းသားဒေသများရှိ ပဋိပက္ခများ
ချင်းပြည်နယ်
ချင်းပြည်နယ်တွင် တရားမ၀င် အာဏာသိမ်းစစ်ကောင်စီ၏ အင်အားသုံးတိုက်ခိုက်မှုကြောင့် သေကြေပျက်စီးစေသော ပဋိပက္ခများဖြစ်ပွားနေဆဲဖြစ်သည်။ ချင်းပြည်နယ်၏ မြို့တော်ဟားခါးတွင် လအစပိုင်းမှစတင်၍ ပစ်ခတ်မှုများနှင့် ဗုံးပေါက်ကွဲမှုများ နေ့စဥ် ဖြစ်ပွားလျက်ရှိသည်။ စစ်ကောင်စီတပ်မှ ကျေးရွာများကို မီးတင်ရှို့ခြင်းနှင့် ရမ်းသမ်းပစ်ခတ်မှုများကို လုပ်ဆောင်နေသည်။ တန်တလန်ဒေသခံတစ်ထောင်ကျော်သည် စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများကို ထိပ်တိုက်ရင်ဆိုင်ရမည်ကို စိုးရိမ်သောကြောင့် မြန်မာ-အိန္ဒိယနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ထန်တလန်တွင် အကြမ်းဖက်တပ်နှင့် ချင်းဒေသပြည်သူ့ကာကွယ်ရေးတပ် (CDF)ကြား တိုက်ပွဲပြင်းထန်နေချိန် စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသည့်အထဲတွင် ခရစ်ယာန် သင်းအုပ်ဆရာတစ်ပါးလည်း ပါ၀င်သည်။ မီးလောင်ခဲ့သောအိမ်များကို မီးငြိမ်းသတ်ရန် ကြိုးစားစဥ် စစ်တပ်၏ပစ်ခတ်မှုကြောင့် ၎င်းသည် ကျည်ထိမှန်သေဆုံးခဲ့သည်။ အကြမ်းဖက်စစ်တပ်သည် သင်းအုပ်ဆရာ၏ လက်ကိုဖြတ်ပြီး လက်ထပ်လက်စွပ်နှင့် တန်ဘိုးရှိသော ပစ္စည်းတို့ကို ခိုးယူခဲ့သည်။ ချင်းပြည်နယ်၏ အဓိကကျသောဒေသများတွင်လည်း အင်တာနက် ဖြတ်တောက်ခြင်း ခံခဲ့ရသည်။
ကချင်ပြည်နယ်
ကချင်ပြည်နယ် မုံးကိုး ဒေသတွင် စစ်ကားအစီး ၄၀ နှင့်စစ်အင်အား ( ၂၀၀) ကျော် ရောက်ရှိ နေသောကြောင့် အရပ်သားဒေသခံကြား စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။ ကချင်ပြည်မှ ဒေသခံပြည်သူများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပါ် အကူအညီ လိုအပ်နေသူ (၃) သန်းကျော်တွင် ကချင်ပြည်နယ် ဒေသခံများပါ၀င်သည်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ကချင်ပြည်နယ် မြစ်ကြီးနားသို့ သွားရောက်စဥ် လုံခြုံရေးတင်းကြပ်ထားသော်လည်း ဒါဇင်နှင့်ချီသော လူငယ်တို့သည် အာဏာရှင်၏ ခရီးစဥ်ကို ဆန့်ကျင် ဆန္ဒပြခဲ့သည်။ ။ကချင်ပြည်နယ်၏ ဒေသအချို့သည် အင်တာနက် ဖြတ်တောက်ခြင်း ခံရသော ပြည်နယ် (၅) ခုနှင့် မြို့နယ် (၂၂) ခုတွင် ပါဝင်သည်။
ကယားပြည်နယ်
ကယားပြည်နယ် ဒီမော့ဆို့မြို့နယ် စစ်ဘေးရှောင်များ ခိုလှုံသောနေရာများတွင် စစ်ကောင်စီတပ်မှ မိုးရွာသွန်းသကဲ့သို့ တရစပ် ပစ်ခတ်ခဲ့သည့် တိုက်ပွဲတွင် လက်နက်အင်အား မမျှသောကြောင့် ဒေသခံကာကွယ်ရေးများ တပ်ဆုတ်ပေးလိုက်ရသည်။ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲသည် လေးနာရီခန့် ကြာမြင့်ခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်မှ တစ်ဦးကျဆုံးခဲ့သည်။
ကယားပြည်တွင်းရှိ စစ်ဘေးရှောင်စခန်းတွင် ကိုဗစ်-၁၉ ကူးစက်မှုတိုးလာသောကြောင့် စစ်ဘေးရှောင်များ၏ အခြေအနေမှာ ဆိုး၀ါးလာလျက်ရှိသည်။ စစ်ဘေးရှောင်ပြည်သူများကို ကူညီပေးနေသောသူများသည် အကြမ်းဖက်စစ်ကောင်စီမှ ပစ်မှတ်ထားခံရသောကြောင့် အသက်အန္တရာယ်ရှိသည်။ ကယားပြည်နယ်ရှိ စစ်ဘေးရှောင်များတွင် ကိုဗစ်ရောဂါကူးစက်ခံရသူ ၄၀ ရှိသည်ဟု သိရှိရသည်။
မန္တလေးတွင် NLD ပါတီဝင် ပရဟိတသမားတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်
ကိုသန်းထွန်း ဦး (ခ) ကိုမင်းကိုသိန်း (ခ) ကိုဖက်တီးမှာ ဖမ်းဆီးခံရပြီး ၂၄ နာရီအတွင်း သေဆုံးခဲ့ခြင်းဖြစ်ကာ မိသားစုက အလောင်းကိုပင် ကြည့်ရှုခွင့် မရခဲ့ပေ
မန္တလေးမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ပရဟိတသမားတစ်ဦးမှာ စစ်ကောင်စီ၏ ပစ်ခတ်ဖမ်းဆီးကာ နှိပ်စက်ခံရသဖြင့် ၂၄ နာရီအတွင်း သေဆုံးခဲ့ရသည်။
ပရဟိတလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေသူလည်းဖြစ်သည့် ကိုသန်းထွန်းဦး (ခ) ကိုမင်းကိုသိန်း (ခ) ကိုဖက်တီးကို အောင်မြေသာစံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၂၅ ရက်တွင် လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သေဆုံးသူ၏ မိသားစုနှင့် နီးစပ်သူ အမျိုးသမီးက ပြောသည်။
“လာဖမ်းတော့ သူတို့မိသားစု အိမ်မှာ အကုန်လုံးရှိနေတယ်။ ကလေးနှစ်ယောက်ရော၊ အသက် ၇၀ ကျော် သူ့အမေရော အကုန်ရှိတယ်။ ကိုဖက်တီးက ကျွန်တော်လိုက်ခဲ့ပါ့မယ်၊ သွေးကျဆေးလေးနဲ့ ကြွက်တက်ရင် သောက်တဲ့ဆေးလေး ယူဦးမယ်ဆိုပြီး ဆေးယူပြီး ချက်ချင်းလိုက်တယ်။ အဲ့ဒီမှာ ကျန်တဲ့မိသားစုတွေကို အိမ်ထဲမှာ အခန်းပိတ်ပြီး မကြည့်နဲ့၊ မထွက်နဲ့ဆိုပြီး ကိုဖက်တီးကို အိမ်ဝင်းထဲမှာပဲ ဒူးထောက်ထိုင်ခိုင်းတာ”ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
ကိုဖက်တီးမှာ ခန္ဓာကိုယ် ဝဖြိုးသောကြောင့် ဒူးထောက်ရန် အခက်အခဲဖြစ်နေချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒူးထောက်ရအောင် လုပ်ပေးမည်ဟုဆိုကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
“ဒူးထောက်ခိုင်းတော့ ကိုဖက်တီးက ခန္ဓာကိုယ်က ကြီးလွန်းတယ်၊ သူ ဒူးထောက်လို့ မရပါဘူးဆိုပြီး ပြောတဲ့အချိန်၊ ဒူးထောက်လို့ရအောင် လုပ်ပေးမယ်ဆိုပြီး သေနတ်နဲ့ပစ်တာ၊ ခြေထောက်ကိုတော့ မမှန်ဘူး။ ခြေထောက်ကြားကနေ အုတ်ခင်းကြမ်းပြင်ကို မှန်တယ်။ အဲ့ဒီမှာ ကိုဖက်တီးက ကျွန်တော် ရအောင်ထောက်ပါ့မယ်ဆိုပြီး အုတ်နံရံကို ဒူးထောက်ရတယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။
ကိုဖက်တီးကို စစ်သားနှင့် ရဲအင်အား ၇၀ ဝန်းကျင်ခန့်ဖြင့် လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ဖမ်းခံရပြီး နောက်တစ်ရက် (စက်တင်ဘာ ၂၆) မွန်းလွဲပိုင်းတွင် သေဆုံးပြီဖြစ်ကြောင်း မိသာစုထံ အကြောင်းကြားခဲ့သည်ဟု သိရသည်။
ဦးဖက်တီးသည် သေနတ်များ ပို့ဆောင်ပေးနေသူဖြစ်ကြောင်း သတင်းရသည့်အတွက် လာဖမ်းခြင်းဖြစ်ကြောင်း ဖမ်းဆီးရာတွင် ပါဝင်သည့် ဒုဗိုလ်မှူးကြီးတစ်ယောက်က ပြောဆိုခဲ့ပြီး နေအိမ်အနှံ့ မွှေနှောက်ရှာဖွေသော်လည်း မည်သည့်လက်နက်ပစ္စည်းမျှ မတွေ့ရှိခဲ့ဟု ဆိုသည်။
ကိုဖက်တီးမှာ နှလုံးရောဂါဖြင့် သေဆုံးသွားခဲ့ကြောင်း၊ ခွဲစိတ်စစ်ဆေးရာတွင် နှလုံးမှာ ပုပ်နေသည်ကို တွေ့ရကြောင်း၊ ကိုဗစ်ပိုးလည်း တွေ့ရှိသည့်အတွက် ချက်ချင်း သင်္ဂြိုဟ်လိုက်ကြောင်း ဒုရဲမှုးတစ်ဦးက မိသားစုကို လာရောက်အကြောင်းကြားခဲ့သည်ဟု အထက်ပါအမျိုးသမီးကပင် ပြောသည်။
“သူတို့လာအကြောင်းကြားတော့ မိသားစုက ငိုကြတာပေါ့။ သူ့အမေရည်၊ အဒေါ်နှစ်ယောက်ရယ်၊ ညီမရယ်။ ငိုတော့ လာပြောတဲ့ သုံးပွင့်ရဲ (ဒုရဲမှူး) က ခင်ဗျားတို့ကို လူမှုရေးအရ လာအကြောင်းကြားတာ၊ အော်ကြီးဟစ်ကျယ် လုပ်မနေနဲ့၊ ခင်ဗျားတို့ပါ ဖမ်းထားလိုက်လို့ရတယ်ဆိုပြီး ပြောတယ်” ဟု ၎င်းက ပြောသည်။
ကိုဖက်တီးသည် ခန္ဓာကိုယ်အလေးချိန်များနေသည်မှအပ မည်သည့်ရောဂါအခံမှ မရှိကြောင်း၊ လမ်းလျှောက်များချိန်တွင် ခြေထောက်ကြွက်သားများ အကြောတက်(ကြွက်တက်) တတ်ခြင်း၊ အစားအသောက်မှားချိန်တွင် သွေးအနည်းငယ်တိုးခြင်းသာရှိကြောင်း ကိုဖက်တီး၏ မိတ်ဆွေဖြစ်သူ အခြားအမျိုးသမီးတစ်ဦးက ဆိုသည်။
“သေသွားပြီလို့ ပြောတဲ့အချိန်တောင် မငိုခဲ့ရဘူး၊ ရဲတွေပြန်သွားမှ ငိုခွင့်ရတယ်။ လူတစ်ယောက်ကို ဖမ်းသွားပြီး ၂၄ နာရီတောင် မပြည့်သေးဘူး၊ သေပြီဆိုပြီး လာပြော၊ အလောင်းလည်းမရ၊ ဒါတော်တော် ရက်စက်ယုတ်မာတာပါ” ဟု ၎င်းက ပြောသည်။
လူထုက ရွေးချယ်တင်မြှောက်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူခဲ့သည့် စစ်ကောင်စီသည် နိုင်ငံတဝန်းရှိ ၎င်းတို့ကို ဆန့်ကျင်တော်လှန်သူများကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းများ လုပ်ဆောင်ဆဲဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဩဂုတ်လကုန်ပိုင်းစာရင်းအရ စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ၂၄ နာရီအတွင်း သေဆုံးရသူ ၆၆ ဦးရှိသည်။
Myanmar Now News
ဒီးမော့ဆိုတွင် အရပ်သား ၂ ဦး သတ်ခံရပြီး အိမ် ၃၀ ခန့် မီးရှို့ခံရ
ကယားပြည်နယ်မြို့တော်အနီး နှစ်ရက်တာတိုက်ပွဲအတွင်း ခရီးသည်တစ်ဦး ကားအတွင်း မီးလောင်သေဆုံးနေပြီး ရွာသားတစ်ဦး လက်နက်ကြီးကျည်ကြောင့် သေဆုံးခဲ့သည်။
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာတွင် စက်တင်ဘာ၂၅ နှင့်၂၆ ရက်နေ့များက တိုက်ပွဲဖြစ်ပွားစဉ် အရပ်သား ၂ ဦး သေဆုံးပြီး အိမ် ၃၀ ခန့် မီးရှို့ခံရသည်။
စက်တင်ဘာ ၂၅ ညနေ၌ ကုန်းသာရွာအနီး ရပ်ထားသည့် အိမ်စီးကားထဲတွင် လက်နောက်ပြန် ကြိုးတုပ်ခံထားရပြီး မီးလောင်ထားသူ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။
ဒီးမော့ဆိုဘက်မှ လာသော အဆိုပါကားကို စစ်တပ်က လိုက်လံပစ်ခတ်ခဲ့သောကြောင့် ကုန်းသာရွာထိပ်၌ ရပ်တန့်ခဲ့ကြောင်း၊ ကားထဲတွင် လိုက်ပါလာသူ အရေအတွက်ကို မသိရကြောင်း ၎င်းက ဆိုသည်။
“အဲဒါ စုံစမ်းနေဆဲပဲ ကျွန်တော်တို့ မသိရသေးဘူး။ အဲဒီကားကိုလည်း ကျွန်တော်တို့တားတယ်၊ တိုက်ပွဲဖြစ်နေတော့ မသွားဖို့။ ဒါပေမဲ့ ကားက မရပ်ခဲ့ဘူး။ စစ်ကောင်စီနားရောက်တဲ့အချိန် အရှင်လတ်လတ် မီးရှို့ခံရတာပေါ့။ ကားမှာ ဘယ်နှစ်ယောက်ပါသွားလဲ၊ အဲဒါလည်း ကျွန်တော်တို့ အတည်ပြုလို့ မရသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။
ကယားပြည်နယ်မြို့တော် လွိုင်ကော်နှင့် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိသော ဒီးမော့ဆိုမြို့ဝန်းကျင်တွင် စစ်ကောင်စီတပ်သည် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်အများအပြားကို ရင်ဆိုင်နေရသည်။
စက်တင်ဘာ ၂၆ တွင်လည်း စစ်တပ်က လက်နက်ကြီးများပစ်ခတ်သဖြင့် ကုန်းသာကျေးရွာ နေအိမ်၌ ရှိနေသည့် အသက် ၇၀ အရွယ် ဦးကြီးကျော်ဆိုသူ ရင်ဘတ်မှာ ဒဏ်ရာရသေဆုံးခဲ့သည်ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ယနေ့ (စက်တင်ဘာ ၂၇) တွင် သတင်းထုတ်ပြန်သည်။
ဦးကြီးကျော်၏ ရုပ်အလောင်းကို ယနေ့မနက် သုသာန်သို့ ပို့ဆောင်ရာတွင်လည်း သုသာန်အဝင်လမ်း၌ ထောင်ထားသောမိုင်း ထိသဖြင့် နာရေးကားရှေ့ဘီး(ဝဲဘက်) ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ကားတွင် လိုက်ပါလာသူ ၄ ဦး ထိခိုက်မှုမရှိကြောင်း PKPF က ဆိုသည်။
Karenni Generation Z Army (KGZA) မှ ဗိုလ်ဆော်ရယ်က ကုန်းသာကျေးရွာသို့ ရောက်လာသော စစ်တပ်က စက်တင်ဘာ ၂၅ ၌ နေအိမ် ၄ လုံးနှင့် စက်တင်ဘာ ၂၆ တွင် နေအိမ်အလုံး ၂၀ ကျော် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ပြောသည်။
“(စစ်တပ်က) ၂၄ ရက်နေ့ကစပြီး တပ်စွဲတာ။ ၂၅၊ ၂၆ မှာ တိုက်ပွဲပြင်းထန် (စစ်တပ်က) အကျအရှုံးများလို့ သူတို့ တပ်ဆုတ်ကြတယ်။ လမ်းဘေးအိမ်တိုင်း ဖောက်ထွင်းခံရတယ်။ ပစ္စည်းတွေအကုန်ဖျက်ဆီးတာ။ ဘုန်းကြီးကျောင်းအလှူခံပုံးထဲက ပိုက်ဆံပါမချန်ဘူး” ဟု ၎င်းက ဆိုသည်။
အဆိုပါတိုက်ပွဲနှစ်ရက်အတွင်း ကရင်နီတပ်မတော် (KA) နှင့်အတူ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များဖြစ်သည့် KNDF, KGZA, KPDF (Karenni People Defense Force), DPDF (ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်) နှင့် Loikaw PDF တို့ စုပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဗိုလ်ဆော်ရယ်က ပြောသည်။
ပြီးခဲ့သည့်မေလကုန်၌ တိုက်ပွဲဖြစ်ပွားထားခဲ့သည့် ကုန်းသာကျေးရွာအနီး ကျောက်ဆည်ကန်တွင် စစ်တပ်ဘက်မှ သေဆုံးမှုများခဲ့ပြီးနောက် ၎င်းအကျအဆုံးအပျက်အစီးများကို မှတ်တမ်းတင်ဓာတ်ပုံရိုက်မည်ဟု စစ်တပ်က အကြောင်းပြကာ စက်တင်ဘာ ၂၄ မွန်းလွဲပိုင်းမှစ၍ စစ်တပ်က အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးကာ တပ်စွဲလာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး ၁၀ ယောက် သေဆုံးခဲ့ကြောင်း၊ KNDF တပ်ရင်း (၁) မှ ဒုတပ်စုမှူးဖြစ်သူ အသက် ၂၀ အရွယ် သီအိုဒေါရို ဖမ်းဆီးသတ်ဖြတ်ခံရပြီး Loikaw PDF မှ အသက် ၂၅ နှစ်အရွယ် ပါစကွားလယ်(ခ) ခိုးခို တိုက်ပွဲအတွင်း ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။
Myanmar Now News
TSYU ရုံးဝန်ထမ်းတစ်ဦးနဲ့ TEC ဘော်ဒါဆောင်က ကျောင်းဆရာ ၅ ဦး ဖမ်းဆီးခံရ
စစ်တပ်ကပစ်သတ်ခဲ့သည့် ခရစ်ယာန်သင်းအုပ်ဆရာအပါအဝင် ကျဆုံးပြည်သူ ၁၁၁၄ ဦး ထိရှိလာ
မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၇ လခွဲကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၁၁၁၄ ယောက်ထိ ရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၂၀ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၈၂၈၉ ယောက် ဖမ်းဆီးခံခဲ့ရကာ ၆၆၃၇ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက အယောက် ၂၈၀ ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်ကတော့ ၁၉၈၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။
စက်တင်ဘာ ၁၈ ရက် ညနေပိုင်းက ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်ကို အကြမ်းဖက်စစ် အုပ်စုတပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် လူနေအိမ်တွေ မီးလောင်နေတဲ့ အတွက် မီးငြှိမ်းသတ်ဖို့ ဆိုင်ကယ်နဲ့သွားတဲ့ ထန်တလန်ရာပြည့်နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာ Cung Biak Hmun (ကျုံးဗျက်ဟုမ်း)ဟာ ပစ်သတ်ခံခဲ့ရပါတယ်။ ဒါ့အပြင် သူ့ရဲ့ နာရီ၊ ဖုန်းအပြင် လက်ချောင်းကိုဖြတ်ကာ မင်္ဂလာလက်စွပ်ကိုပါ ယူဆောင်သွားခဲ့တယ်လို့ သိရှိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ စည်ပင်ကြီး(ခေါ်) လက်ပံခုံကျေးရွာက အကြမ်း ဖက်စစ်အုပ်စုသတင်းပေး သတ်ဖြတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၁၈ ရက်နေ့က အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဟာ ကျေးရွာအတွင်း စီးနင်းဝင်ရောက်လာခဲ့ပြီး ဒေသခံ ရွာသား ဦးစိုးမင်းဦး(ခေါ်)ပေါကြောင်ရဲ့ နားထင်ကို သေနတ်နဲ့ ပစ်သတ်သွားခဲ့ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် အမည်မသိအမျိုးသားတယောက်ဟာလည်း ဆိုင်ကယ်နဲ့ ရွာအတွင်း ဝင်လာချိန်မှာ ပစ်သတ်ခြင်းခံခဲ့ရတယ်လို့ သိရှိရပါတယ်။
စက်တင်ဘာ ၁၇ ရက်၊ ည ၉ နာရီလောက်က မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ မြို့ လုလင်ကျေးရွာမှ မူလတန်းကျောင်းဆရာ ဦးအောင်သန်းဇော်နဲ့ အသက် ၁၅ နှစ်အရွယ် မောင်ကုလားတို့ဟာ ရွာထိပ်က ဆီဆိုင်မှာ ဆိုင်ကယ်ဆီသွားထည့်ချိန် ရွာမှာရှိတဲ့ Mytel တာဝါတိုင်ကို စောင့်နေတဲ့ စစ်သားတွေ တားဆီးခဲ့ပြီး ရိုက်နှက်စစ်ဆေးမေးမြန်းခဲ့ကြပါ တယ်။ အဲဒီနောက် ဦးအောင်သန်းဇော်ရဲ့ လည်ပင်းကို အနီးကပ် ပစ်ခတ်ခဲ့လို့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။ ဦးအောင်သန်းဇော်ကို မြို့သစ်ဆေးရုံကို ပို့ဆောင် ခဲ့ပြီး စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းမှာတော့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကို လွှဲ ပြောင်းချိန်မှာ ကျဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၁၇ ရက်၊ ည ၁၀ နာရီခွဲလောက်က မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့မှာ နေထိုင်တဲ့ ဦးကျော်ကျော်ဟာ ဆွေမျိုးတယောက် နေထိုင်မကောင်းလို့ ဆိုင်ကယ်နဲ့ သွားရောက်ကြည့်ရှုချိန် အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး တညလုံး ညှဉ်း ပန်းနှိပ်စက်ခံခဲ့ရကြောင်း သိရှိရပါတယ်။ နောက်တရက်မှာတော့ ဦးကျော်ကျော်ရဲ့ မိ သားစုကို အကြောင်းကြားလာတဲ့အတွက် သွားရောက်ခေါ်ဆောင်ချိန်မှာတော့ အသက်ရှိ သေးပေမယ့် လုံးဝမလှုပ်ရှားနိုင်တာကြောင့် မကွေးဆေးရုံကို ပို့ဆောင်ခဲ့ပြီး အဲဒီနေ့မှာပဲ ကျဆုံးသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်း မြို့နယ်က ကိုသိန်းစိုးအောင်ဟာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတာကြောင့် နောက်တရက်မှာပဲ ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်မှာတော့ ရိုက်နှက်ခံထားရတဲ့ ဖူး ယောင်ဒဏ်ရာတွေကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့ နယ်မှာ အကြမ်းဖက်စစ်အုပ်စုခန့် ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ် ပစ်ခတ်ခံခဲ့ရပြီး ကျေး ရွာအုပ်ချုပ်ရေးမှူးရဲ့ လူယုံသေဆုံးသွားခဲ့ကာ သားဖြစ်သူဟာလည်း ဒဏ်ရာရရှိသွားခဲ့တဲ့ ကိစ္စနဲ့စပ်လျဉ်းပြီး ကိုသိန်းစိုးအောင်နဲ့ ဇနီးဖြစ်သူအပါအဝင် ဒေသခံ ၃၀ လောက် ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။
အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင်နေကာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီး မေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အကြောင်းကြားဖို့ အသိပေးထားပါတယ်။
DVB News