ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ဟားခါးမှ ဖလမ်းသို့ ပြန်လာသည့် စစ်ကြောင်း နေအိမ် ၁၃ လုံး မီးရှို့
စစ်သည် ၂၀၀ ဝန်းကျင်ပါသည့် စစ်ကြောင်းက ဟားခါး -ဖလမ်း လမ်းတစ်လျှောက်ကျေးရွာများကို အသွားရောအပြန်ပါ ဖျက်ဆီးလုယက်ကြသည်ဟု ဒေသခံများထံမှ သိရသည်။
ချင်းပြည်နယ်၊ ဟားခါးမြို့မှ ဖလမ်းမြို့ဘက်သို့ ပြန်ဦးတည်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းသည် ယနေ့ (အောက်တိုဘာ ၂၅) နံနက်ပိုင်းတွင် တားလ်နှင့် တလန်ရောန်ကျေးရွာရှိ နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးသွားသည်။
ဖလမ်းမြို့နယ်၊ တားလ်ကျေးရွာကို ယမန်နေ့ ညနေက ရောက်ရှိလာပြီး စခန်းချခဲ့ကာ သံချပ်ကာယာဉ်နှစ်စီးနှင့် စစ်ကား အစီး ၅၀ ဝန်းကျင်ပါ ထိုယာဉ်တန်းမှ စစ်သားများသည် ပြန်လည်ထွက်ခွာသည့် ယနေ့ နံနက် ၇ နာရီခန့်တွင် နေအိမ်များကို မီးရှို့ကြသည်ဟု ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ (CNDF) ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။
“တားလ်ကျေးရွာကို မီးရှို့ကြတယ်။ ၁၀ အိမ်မီးရှို့တယ်။ ၂ အိမ်ကတော့ သူတို့ထွက်သွားတဲ့အချိန်မှာ ရွာသားတွေ ပြန်ငြှိမ်းသတ်နိုင်ခဲ့တဲ့အတွက် ၈ အိမ်တော့ ပြာကျသွားတယ်။ တလန်ရော်န်ကျေးရွာကို ရောက်တော့ အိမ် ၃ အိမ်ကို မီးရှို့ထားတယ်” ဟု ထိုသူက ပြောသည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှတစ်ဆင့် ချင်းပြည်နယ်မြောက်ပိုင်းသို့ စစ်အင်အားဖြည့်တင်းရန် ရောက်ရှိနေသည့် ထိုစစ်ကြောင်းသည် အောက်တိုဘာ ၁၂ တွင် ဖလမ်းမြို့သို့ ရောက်ရှိခဲ့ပြီး နောက်တစ်ရက်တွင် ဖလမ်းမှ ထွက်ခွာကာ မိုင် ၄၀ ကျော်ဝေးသည့် မြို့တော် ဟားခါးမြို့သို့ အောက်တိုဘာ ၂၀ ၌ ရောက်ရှိ စခန်းချခဲ့သည်။
ယင်းစစ်ကြောင်းသည် အောက်တိုဘာ ၁၃ မှ ၂၀ အတွင်း ဖလမ်းမှ ဟားခါးသို့ သွားရောက်ခဲ့သည်။
ထိုသို့ ရွာများကို မီးရှို့ခဲ့သည့် စစ်ကြောင်း ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်း-ဟားခါးလမ်းတစ်နေရာ၌ စခန်းချနေစဉ် အောက်တိုဘာ ၁၄ တွင် ချင်းလက်နက်ကိုင် ၂ ဖွဲ့က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။
ခရီးစဉ်အတွင်း ရီးလ်ရယ်တီးကျေးရွာမှ အိမ်ခြေ ၁၀ လုံးကျော်၊ တလန်ရောန်ကျေးရွာမှ နေအိမ် ၁၂လုံး၊ တားလ်ကျေးရွာမှ အိမ် ၃ လုံးအပါအဝင် စုစုပေါင်း အိမ်ခြေ ၃၀ ဝန်းကျင်နှင့် ခရစ်ယာန်ဘုရားကျောင်း ၂ ခု ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်။
ထို့နောက် ဟားခါး၌ ၂ ရက်ခန့်နေပြီး စစ်ကြောင်းသည် အောက်တိုဘာ ၂၃ တွင် ဟားခါးမှ ဖလမ်းမြို့သို့ ပြန်လာခြင်းဖြစ်သည်။ လမ်းတစ်လျှောက်တွင်လည်း စစ်တပ်ရန် ကြောက်ရွံ့၍ တိမ်းရှောင်နေရသဖြင့် လူသူမရှိသော ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ကြကာ အိမ်မွေးတိရစ္ဆာန်များကိုလည်း ပစ်သတ်သွားသည်ဟု CNDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ရွာလုံးကျွတ် ထပ်ပြီးရှောင်တိမ်းနေရသည့် တားလ်ကျေးရွာအတွင်း နေအိမ်များကို ဝင်ရောက်ရှာဖွေကာ အိမ်သုံးပရိဘောဂပစ္စည်းများ၊ စားနပ်ရိက္ခာများကို စစ်သားများက ကားဖြင့်တင်ကာ ယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
“သူတို့ (စစ်တပ်) က အိမ်မီးရှို့တာတောင် မကဘူး။ ရှိတဲ့ပစ္စည်းတွေကို အကုန်ယူသွားတာ။ ထိုင်ခုံတွေရော၊ ဗီရိုတွေရော ရှိသမျှကို ကားနဲ့တင်တာ။ စောင်တွေရော၊ ခေါင်းအုံးတွေရော အကုန်တွေ့သမျှအကုန် အိမ်ထဲမှာ ထားတာတွေကိုပါ ရှာပြီး။ ဖွက်တာတွေလည်း အကုန်ယူသွားပြီ။ ဆန်၊ ဆီရော ရှိသမျှ အကုန်ယူသွားတာ။ အံ့သြတယ်” ဟု တားလ်ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေရသည့် လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတစ်ဦးက Myanmar Now ကို ယနေ့ ပြောသည်။
ထိုသို့ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး အသုံးအဆောင်နှင့် ရိက္ခာများကို စစ်တပ်က ယူဆောင်သွားသည့်အတွက် တိမ်းရှောင်နေရသည့် ဒေသခံများမှာ တားလ်ကျေးရွာအတွင်း ပြန်လည်နေထိုင်ရန် အခက်အခဲဖြစ်နေရသည့်အတွက် အကူအညီများလိုအပ်နေသည်ဟု ၎င်းက ဆက်ပြောသည်။
“ရွာကအိမ်တွေကို မီးရှို့လိုက်တော့ ဘယ်မှာတည်းမလဲ၊ ဘယ်မှာနေမလဲဆိုတာ ခက်ခဲနေတာ ရှိပါတယ်။ ဆန်တွေရော ရှိသမျှအကုန်ပျက်စီးတော့ ရွာထဲဝင်ရင် ဘာမှ စားဖို့လည်းမရှိတော့ဘူး။ စောင်တောင်ခြုံဖို့လည်း မရှိဘူး။ ထိုင်ဖို့တောင် မရှိဘူး။ အကုန်လုံးပျက်စီးနေတယ်ဆိုတော့ ကူညီဖို့ပဲ လိုပါတယ်” ဟု သူက ပြောသည်။
စစ်ယာဉ်တန်းဖြတ်သန်းသည့် ရွာတချို့တွင် ဖျက်ဆီးလုယက်သည်ဟူသော ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းရန် ယနေ့ ဖုန်းဆက်သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။
ပြီးခဲ့သည့် ဇူလိုင်နှင့် ဩဂုတ်ကလည်း ဟားခါး-ဖလမ်း ကားလမ်းမဘေးရှိ ဖလမ်းမြို့မှ ၁၂ မိုင်အကွာ၊ အိမ်ခြေ ၃၆ လုံးနှင့် လူဦးရေ ၁၆၀ ဝန်းကျင်ခန့် ရှိသော တားလ်ကျေးရွာကို စစ်တပ်က ဝင်ရောက်ဖျက်ဆီးခဲ့ရာ နေအိမ်အားလုံး လူနေထိုင်မရအောင် ပျက်စီးသွားသည်ဟု သိရသည်။
ရွာလုံးကျွတ်ထွက်ပြေးရပြီး စစ်တပ်၏ နှစ်ကြိမ်ဝင်ရောက်မှုတွင် ကျပ်သိန်း ၃၀၀ ခန့် ဆုံးရှုံးခဲ့သည်ဟု ချင်းရေးရာအဖွဲ့ချုပ် (Institute of Chin Affairs) က ယင်းအချိန်က ထုတ်ပြန်ခဲ့သည်။
စက်တင်ဘာ ၁၈ တွင်လည်း ချင်းခရစ်ယာန်အဖွဲ့ချုပ်က ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်၏ သတ်ဖြတ်မှု၊ ဘာသာရေးအဆောက်အအုံဖျက်ဆီးမှုတို့နှင့် ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ထိုကြေညာချက်ပါ အချက်များမှာ စွပ်စွဲချက်များသာဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးနေကြောင်း စစ်ကောင်စီက စက်တင်ဘာ ၂၁ တွင် ရှားရှားပါးပါး ပြန်လည်တုံ့ပြန်ခဲ့သည်။
စစ်ကောင်စီက ချင်းဒေသစစ်ဆင်ရေးနှင့် ပတ်သက်ပြီး သတင်းအမှောင်ချထားသည်။
ယခုအကြိမ်ဖြင့် ဆိုပါက တားလ်ကျေးရွာသည် စစ်တပ်၏ မွှေနှောက်ဖျက်ဆီးမှုကို ၄ ကြိမ် ခံခဲ့ရပြီးဖြစ်သည်။
ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ထံမှ ရရှိသည့်စာရင်းအရ စစ်ကြောင်းဖြတ်သန်းရာ ဖလမ်း – ဟားခါးလမ်းရှိ ကျေးရွာ ၇ ရွာထက်မနည်းမှ ဒေသခံ ၄၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization – CHRO) က အောက်တိုဘာ ၁၅ တွင် ထုတ်ပြန်ခဲ့သည့် “Reign of Terror” အစီရင်ခံစာအရ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့တွင် သြဂုတ်နှင့် စက်တင်ဘာအတွင်း အဆောက်အအုံ ၂၀၀ ဝန်းကျင် ဖျက်ဆီးခံရပြီး ထက်ဝက်ကျော်မှာ ချင်းပြည်နယ်မှဖြစ်ကာ ခရစ်ယာန်ဘုရားကျောင်း ၇ ခု၊ ဘုန်းကြီးကျောင်းတစ်ခုနှင့် လူနေအဆောက်အအုံ ၉၀ ကျော် ပါဝင်သည်။
ထိုစစ်ကြောင်းတွင် သံချပ်ကာယာဉ် ၂ စီး၊ စစ်ကား ၅၉ စီးနှင့် စစ်သည်အင်အား ၂၀၀ ကျော်ပါဝင်ပြီး အသွားတွင် တစ်ပတ်နီးပါးကြာသော်လည်း အပြန်တွင် ၂ ရက်အတွင်း ဖလမ်းမြို့သို့ ယနေ့ (အောက်တိုဘာ ၂၅) ညနေ၌ ပြန်ရောက်ရှိနေကြောင်း CNDF အဖွဲ့ ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။
“သူတို့ ထန်တလန်ဘက်ကို သွားလို့မရတော့ ပြန်လှည့်လာတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဟားခါးဘက်မှာလည်း လူဖြည့်ပြီးသွားပြီဆိုတော့ ဖလမ်းဘက်ကနေ ဘယ်ကို တပ်ဖြန့်မလဲဆိုတာတော့ မသိရသေးဘူး။ ဖလမ်းဘက်ကနေ ရိဒ်လမ်းကြောင်းပိုင်းကို တပ်ပြန်ဖြန့်တာလည်း ဖြစ်နိုင်တယ်” ဟု CNDF ပြောရေးဆိုခွင့်ရှိသူက သုံးသပ်သည်။
စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ချင်းပြည်နယ်ကို အင်အားအလုံးအရင်းဖြင့် ဖြိုခွင်းရန် ချင်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းကို စစ်ကြောင်းနှစ်ခုဖြင့် ယခုလဆန်းပိုင်းမှစတင်ကာ စစ်တပ်က လက်နက်၊ လူအင်အားဖြည့်တင်းနေသည်။
အာဏာသိမ်းပြီးနောက် ဒေသအသီးသီးတွင် ခိုးဆိုးလုယက် သတ်ဖြတ်မှုကျူးလွန်နေသော စစ်ကောင်စီတပ်ကို ထောက်ခံသည်ဟူသော လူအနည်းငယ်ပါသည့် ထောက်ခံပွဲများကို ဒေသတချို့တွင် ယနေ့ပြုလုပ်ရာ စစ်ကောင်စီတပ်က အကာအကွယ်ပေးခဲ့ကြောင်း သိရသည်။
Myanmar Now News
PDF နှင့် ရွာသားများကို “ရှင်းလင်းရန်” ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ညွှန်ကြား
ယခုအခါ စစ်ကောင်စီ ခေါင်းဆောင်များသည် ကျေးလက်ဒေသမှ ကြီးထွားလာနေသော လက်နက်က်ိုင်ခုခံမှုနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) လှုပ်ရှားမှုကို အာရုံစ်ိုက်နေကြောင်း နေပြည်တော်ရှိ စစ်ဖက်လုံခြုံရေးရာ အသိုက်အဝန်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ရွာသားများကို “ရှင်းလင်းရန်” အမိန့်ကို ယခုလအတွင်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ထိုကိစ္စကို သိရှိသော သတင်းရင်းမြစ်များ၏ အဆိုအရ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက PDFs များကို အမြစ်ဖြတ် ချေမှုန်းရန် သူ၏တပ်မှူးများနှင့် တပ်ဖွဲ့များအားလုံးကို အမိန့်ထုတ်ပြန်ကြောင်း သိရသည်။
ထိုသို့ အမြစ်ဖြတ် ချေမှုန်းရန် အမိန့်နှင့်အတူ စိုးဝင်းက ရွာသားများနှင့် PDF များ ဆက်သွယ်ခြင်းကို တားမြစ်သည့် အမိန့်နှင့် ထိုအမိန့်ကို မလိုက်နာပါက ပြင်းထန်စွာ ဒဏ်ခတ်ရန်လည်း အမိန့်ပေးခဲ့သည်။
ခြေလျင်တပ်များ၏ အကြီးအကဲနှင့် အာဏာသိမ်း ဒုခေါင်းဆောင် ဖြစ်သော စိုးဝင်းသည် PDF များကို ချက်ခြင်း ရှာဖွေ တိုက်ခိုက်ရန် အမိန့်ပေးခဲ့ပြီး ကျေးရွားများတွင် ပုန်းအောင်းနေသူများ အားလုံးကို ဖမ်းဆီးရန်လည်း ပြောသည်။
ယခုအခါ စစ်ခေါင်းဆောင်များသည် တိုင်းရင်းသားဒေသများတွင် ၎င်းတို့ ယခင်က ကျင့်သုံးခဲ့သည့် ဖြတ် ၄ ဖြတ် သေနင်္ဂဗျူဟာကို ကျင့်သုံးနေပြီး PDF များ ရိက္ခာ၊ ရန်ပုံငွေ၊ ထောက်လှမ်းရေးသတင်းနှင့် လူသစ် မရရှိအောင် ပိတ်ဆို့နေသည်။
PDF အများအပြားသည် ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသားများထံမှ ရန်ပုံငွေကို မှီခိုနေရသည်။
အရပ်သား အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)က အာဏာသိမ်း စစ်ကောင်စီကို စစ်ကြေညာလိုက်သည့် အချိန်မှစတင်ပြီး စစ်ကောင်စီတပ်များသည် နိုင်ငံတဝှမ်းမှ PDF များ၏ ပိုမိုများပြားလာသော တိုက်ခိုက်မှုများကို ခံနေရသည်။
လွန်ခဲ့သော လများအတွင်းက မြန်မာစစ်တပ်သည် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်များတွင် လုပ်သေနတ်များ ကိုင်ဆောင်ထားသည့် PDF တပ်များနှင့် တိုက်ခိုက်ရာတွင် အကြီးအကျယ် အထိနာခဲ့ရသည်။
စစ်ကောင်စီသည် ၎င်းတို့ ရင်ဆိုင်ရန် ပြင်ဆင်မထားသည့် လက်နက်ကိုင်အုံကြွမှု ပုံစံသစ်ကို ရင်ဆိုင်နေရကြောင်းနှင့် ကြီးထွားလာနေသော ခုခံပုန်ကန်မှုကို ထိန်းချုပ်ရန် စွမ်းရည်မရှိကြောင်း သုတေသီများပြောသည်။
စက်တင်ဘာလမှ စတင်ပြီး စစ်ကောင်စီသည် အရပ်သားခုခံရေး တပ်များကို ရှင်းလင်းသည့် စစ်ဆင်ရေးများ ပြုလုပ်ရန်အတွက် န်ိုင်ငံမှ မတည်ငြိမ်ဆုံး ဒေသများသို့ တပ်ကူအနည်းဆုံး တပ်ရင်း ၄ ရင်း (စစ်သား ၃၀၀၀ ခန့်) ကို စေလွှတ်ခဲ့ကြောင်း ဒေသခံလက်နက်ကိုင်တပ်များ၏ အဆိုအရ သိရသည်။
မတ်လနှင့် ဧပြီလအတွင်းက ရန်ကုန်၊ မန္တလေးနှင့် ပဲခူးတို့တွင် ဆန္ဒပြပွဲများဖြစ်ပေါ်သောအခါ ထိုစစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြသမားများကို တွေ့ရာနေရာတွင် ရှင်းလင်းရန် မြေပြင်မှ စစ်ကောင်စီတပ်များကို ညွှန်ကြားခဲ့ကြောင်း ဧရာဝတီသတင်းဌာနက သိရသည့် နေပြည်တော်မှ အဆင့်မြင့်အရာရှိများက ထုတ်ပြန်သည့် ဌာနတွင်းအမိန့်စာများအရ သိရသည်။
“သူတို့ကို ရင်ဆိုင်တွေ့ရင် ရှင်းလင်းပစ်ပါ။ ဆူပူသူတွေက ငြိမ်းချမ်းစွာ ဆန္ဒပြရာကနေ လက်နက်ကိုင်အကြမ်းဖက်တဲ့ အဆင့်ရောက်လာပြီ” ဟု စစ်ကောင်စီ သုံးနေကျ စကားများဖြင့် ဧပြီလ ၁၁ ရက်နေ့က ထုတ်ပြန်သည့် ထိုအမိန့်တွင် ဖေါ်ပြထားသည်။
ထိုအမိန့်ကို ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကပဲ ထုတ်ပြန်ခဲ့ပြီး သူသည် နိုင်ငံတဝှမ်းမှ အထူးစစ်ဆင်ရေးအဖွဲ့များနှင့် ညှိနှိုင်းပြီး စစ်ကောင်စီတပ်များကို စီမံရာတွင် အရေးပါသော ခေါင်းဆောင်တဦးဖြစ်လာနေသည်။
Irrawaddy News
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အပတ်စဥ်ထုတ်ပြန်ချက် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ မှ ၁၇ ရက်နေ့အထိ
ဆယ်စုနှစ်များစွာ အလိမ်အညာများ၊ ငြင်းဆိုမှုများ နှင့် အမှန်တရားကိုဖုံးကွယ်သော လုပ်ကြံလီဆယ်မှုများကို မြန်မာ့အကြမ်းဖက်ကောင်စီ အမှီလိုက်နေသည်။ နိုင်ငံတကာအသိုင်းအ၀ိုင်း၏ သံတမန်ရေးရာ အခန်းကဏ္ဍသို့ မြေပြင်ပေါ်မှ သိရှိထားသော အခြေအနေမှန်များနှင့် ပြည်သူတို့၏ အသံကို မြှင့်တင်ကြားသိစေခဲ့သည်။ လာမည့်အောက်တိုဘာလ ၁၅ ရက်နေ့တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နိုင်ငံခြားရေး ၀န်ကြီးများသည် ယခုနှစ်အစောပိုင်း ဧပြီလ ၂၄ ရက်နေ့ ဂျကာတာတွင် ကျင်းပခဲ့သော အာဆီယံ ထိပ်သီးအစည်းအ၀ေး တွင် ချမှတ်ခဲ့သည့် အာဆီယံဘုံသဘောတူချက်ကို အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်မှ လိုက်နာမှု မရှိသောကြောင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းဆိုင်ရာ အရေးပေါ်အထူးအစည်းအ၀ေးကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျင်းပခဲ့သည်။ မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသော ခွဲခြားမှုမရှိသည့် အကြမ်းဖက်မှုများကို ထိန်းချုပ်ရန် ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာတာဝန်ခံမှု ယန္တရားများ နှင့် ပူးပေါင်းရန် ဆန္ဒမရှိခြင်းတို့ကြောင့် မြန်မာအရပ်ဘက်အဖွဲ့အစည်းများသည် လာမည့် အောက်တိုဘာ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့ထိ ကျင်းပမည့် အာဆီယံ ထပ်သီးအစည်းအ၀ေးတွင် အကြမ်းဖက် စစ်အုပ်စုအား မဖိတ်ကြားရန် တောင်းဆိုခဲ့သည်။
မြန်မာနိုင်ငံနှင့်အာဆီယံအကြား အထူးသဖြင့် အာဆီယံ အထူးသံတမန် Erywan Yusof သည် နိုင်ငံရေးပါတီအားလုံးနှင့် တွေ့ဆုံခွင့်မရသောကြောင့် ၎င်း၏ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်သဖြင့် တင်းမာမှုများ ကြီးထွားလာသည်။ အထူးသံတမန်Erywan Yusof သည် စစ်အာဏာသိမ်းသည့် နေ့ကတည်းမှ ဖမ်းဆီးထိန်းသိမ်းခံထားရသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်းမရှိရန် တားမြစ်ခံရသည်။ ဖိလစ်ပိုင်၊ ထိုင်းနှင့် တရုတ်ကဲ့သို့ နိုင်ငံများသည် အသီးသီး၌ ၎င်းတို့၏ ကိုယ်ပိုင်အာဏာနှင့် အကျိုးစီးပွားကိုကာကွယ်ရန် စစ်အာဏာသိမ်းမှုကို ရှုတ်ချရန် ကြောက်ရွံ့ခဲ့သောကြောင့် အကြမ်းဖက်စစ်ကောင်စီနှင့် အာဆီယံတို့၏ အပြန်အလှန်ဆက်ဆံရေး အချိန်ဇယားသည် တုံ့ဆိုင်းနေသည်။ သို့သော်လည်း လများကုန်လွန်လာသည်နှင့်အမျှ အကြမ်းဖက်စစ်ကောင်စီသည် တိုးတက်သော တွေ့ဆုံဆွေးနွေးမှုမှတဆင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒမရှိခြင်း သို့မဟုတ် စိတ်၀င်စားမှု မရှိခြင်း ၊ မရှိသည်မှာ ထင်ရှားလာသည်။
မြန်မာ့အရေးကို အာဆီယံအရေးပေါ်အစည်းအ၀ေးတွင် အာဆီယံအဖွဲ့၀င်နိုင်ငံများမှ အကြမ်းဖက်စစ်အုပ်စုအား ထိပ်သီးအစည်းအ၀ေးသို့ တက်ရောက်ခွင့် မပြုရန် ဆုံးဖြတ်ခဲ့ပြီး မြန်မာနိုင်ငံအတွက် နိုင်ငံရေးနယ်ပယ်မှ မဟုတ်သည့် အရပ်ဘက် ကိုယ်စားလှယ် တစ်ဦးကို ဖိတ်ကြားရန် ဆုံးဖြတ်ခဲ့သည်။ အာဆီယံ၏ ၀င်ရောက်မစွက်ဖက်ရေးမူ၀ါဒကြောင့် အကြမ်းဖက် စစ်ကောင်စီကို တာ၀န်ခံမှုရှိစေရန် ပျက်ကွက်ခဲ့သည်ဟု ကာလကြာရှည် ၀ေဖန်မှုများ ရှိနေခဲ့သော်လည်း အာဆီယံအပေါ် ယုံကြည်ကိုးစားမှုပေါ်ထွက်လာစေခဲ့သည်။ စစ်ကောင်စီ နိုင်ငံခြားရေး၀န်ကြီးဌာနမှ အာဆီယံဘုံသဘောတူညီချက် ၅ ချက်နှင့်ပတ်သက်၍ ကာကွယ်ပြောဆိုခဲ့ပြီး ၎င်းတို့သည် “ငြိမ်းချမ်းမှုနှင့် တည်ငြိမ်အေးချမ်းရေးကို ထိန်သိမ်းရန် ကြိုးပမ်းနေသည်ဟု ပြောင်ပြောင်တင်းတင်း ပြောဆိုခဲ့ပြီး နောက်ဆုံးတွင် အာဆီယံသည် ပြောင်းလွယ်ပြင်လွယ်ခြင်းမရှိဘဲ သို့မဟုတ် ၎င်းတို့၏ အခြေအနေကို နာမလည်ကြောင်း ပြင်းထန်စွာ တုန့်ပြန်ခဲ့သည်။
ပြည်တွင်းတွင် တပ်မတော်သည် အကွဲကွဲအပြားပြားဖြစ်နေသော လက္ခဏာများ တိုးလာသည်နေသည်ကို တွေ့ရသည်။ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသည့် စစ်သားအရေအတွက်များကိုလည်း မှတ်တမ်းတင်ထားသည်။ ပြည်သူ့စစ်သားအဖွဲ့သစ်သည် ပုံစံအမျိုးမျိုးဖြင့် စစ်အာဏာရှင်ကိုတွန်းလှန်ကာ ပြည်သူ့ရင်ခွင် သို့ကူးပြောင်းလာသည့် စစ်သားများဖြင့် ဖွဲ့စည်းထားသည်။ ယခုပတ်အတွင်းတွင် စစ်တပ်အကြီးအကဲများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ သမ္မတအား အတင်းအဓမ္မ ရာထူးမှ နှုတ်ထွက်ပေးရန် ခြိမ်းခြောက်ကာ နိုင်ငံတော်အာဏာကို လုယူခဲ့သည့်အတွက် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကို ကျူးလွန်ပြီး တပ်မတော်၏ စည်းကမ်းကိုဖောက်ဖျက်ခြင်း ဖြစ်သည်ဟု ပြည်သူ့စစ်သားအဖွဲ့မှ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
တိုင်းရင်းသားဒေသများရှိ ပဋိပက္ခများ
ချင်းပြည်နယ်
ချင်းပြည်နယ်ရှိ ဒေသခံများသည် အကြမ်းဖက်စစ်ကောင်စီ၏ စစ်အင်အား တို့းချဲ့လာမှုကြောင့် စိုးရိမ်ထိတ်လန့်နေရသော အခြေအနေတွင် ဆက်လက်နေထိုင်နေရသည်။ တပ်မတော်သည် ချင်းဒေသပြည်သူ့ကာကွယ်ရေးတပ်နှင့် ဒေသခံလက်နက်ကိုင်အဖွဲ့များကို ထိုးစစ်ဆင်တိုးချဲ့ရန် လက်နက်အင်အားအပြည့်အစုံဖြင့် နည်းလမ်းပေါင်းစုံ ကြိုးပမ်းလျက်ရှိသည်။ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ မှတ်တမ်းများအရ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဖလန်းမြို့နယ်မှ အသက် ၂၉ နှစ်နှင့် ၃၄ နှစ်အရွယ် အရပ်သားနှစ်ဦးကို အကြမ်းဖက်စစ်တပ်မှ ပစ်သတ်ခဲ့ပြီး ခန္ဒာကိုယ် အထက်ပိုင်းနှင့် မျက်နှာတွင် သေနတ်ဒဏ်ရာများဖြင့်သေဆုံးနေသော ၎င်းတို့၏ ရုပ်အလောင်းကို အောက်တိုဘာလ ၁၃ ရက်နေ့တွင် တွေ့ရှိခဲ့သည်။ ထိုးစစ်ဆင်တိုက်ပွဲများအတွင်း ခရစ်ယာန် ဘုရားရှိခိုးကျောင်းများ၊ ဘာသာရေးခေါင်းဆောင်များနှင့် စေတနာ့၀န်ထမ်းများကို တိုက်ခိုက်ခံရသည့် အကြိမ်ပေါင်း အနည်းဆုံး ၂၀ ရှိသည်ဟု ချင်းလူ့အခွင့်အရေးဖွဲ့မှ ထုတ်ပြန်ခဲ့သည်။
ကယားပြည်နယ်
ကယားပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ သိသာထင်ရှားစွာ များပြားလာနေသည်။ အရပ်သားများသည် ပစ်မှတ်ထားခံနေရသောကြောင့် အသက်ရှင်ရပ်တည်ရေးအတွက် မျော်လင့်ချက်မဲ့နေချိန် ၎င်းတို့၏ အသက်မွေး၀မ်းကြောင်းမှာလည်း ဆိုး၀ါးစွာ ခြိမ်းခြောက်ခံနေရ သည့် အခြေအနေဖြစ်သည်။ နိုင်ငံရေးအကျဥ်သားများကူညီစောင့်ရှောက်ရေးအသင်း ( AAPP)
၏ မှတ်တမ်းများအရ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်ကျေးရွာတွင် ရိက္ခာယူရန် ပြန်လာသော စစ်ဘေးရှောင် ညီအစ်ကိုနှစ်ဦး ဖြစ်ကြသည့် ဦးကျော်ဟိန်းနှင့် ကိုဒေါမိနစ်တို့အား အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခဲ့ပြီး ပစ်သတ်ခဲ့ရာ ဦးကျော်ဟိန်းမှာ သေဆုံးသွားခဲ့ပြီး ကိုဒေါမိနစ်မှာ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့သည်။
ဖရူဆိုမြို့နယ်မှ စစ်ဘေးရှောင်များသည် အရေးပေါ်အကူအညီနှင့် အထောက်ပံ့များ အရေးပေါ် လိုအပ်လျက်ရှိသည်။ အသက်ကယ်တင်စောင့်ရှောက်ရေးဆိုင်ရာ ပစ္စည်းများဖြစ်သည့် စားနပ်ရိက္ခာ၊ ရေ၊ဆေး၀ါးများ နှင့် အကူအညီပေးမှုဆိုင်ရာလမ်းကြောင်းကို အကြမ်းဖက်စစ်ကောင်စီမှ တားမြစ်ထားသည်။
ရှမ်းပြည်နယ်
ရှမ်းပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများကြောင့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် ဆေး၀ါးများ အရေးပေါ် လိုအပ်နေကြောင်း ရှမ်းအရပ်ဘက်အဖွဲ့အစည်းများမှ ပြောကြားခဲ့သည်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင်များသည် နေရပ်သို့ မပြန်နိုင်ကြသေးပေ။ အကြမ်းဖက်တပ်မတော်သည် Mytel ဆက်သွယ်ရေး တာဝါတိုင်များ အပါအ၀င် စစ်တပ်၏ စီးပွားရေးလုပ်ငန်းများကို ဖောက်ကွဲမှုများလုပ်ဆောင် ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် လူငယ်များကို ပစ်မှတ်ထားကာ ဖမ်းဆီးနေသည်။ သတင်းများအရ အကြမ်းဖက်စစ်ကောင်စီတပ်သည် လမ်းမပေါ်ရှိပြည်သူများကို အကြောင်းမဲ့ ပရမ်းပတာ ပစ်ခတ်မှုကြောင့် ပြည်နယ်တစ်၀ှမ်းလုံး၌ စိုးရိမ်မှုများကို ကြီးထွားစေခဲ့သည်။
ဂန့်ဂေါတွင် မြစ်ရေကြီးမှုကြောင့် စစ်ဘေးရှောင်ပြည်သူများ ရေဘေးပါရှောင်နေရ
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် မြစ်သာမြစ်ရေ မြင့်တက်လာပြီး စစ်ဘေးရှောင် နေသည့် ဒေသခံ ပြည်သူများ ရေဘေးပါ ထပ်မံ တိမ်းရှောင်နေရကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကောင်စီက ရွာအတွင်း မကြာခဏ ဝင်ရောက်စီနင်းပြီး နေအိမ်များ မီးရှို့ခံရသည့် နှမ်းခါးရွာတွင် ဒေသခံပြည်သူ ထောင်နှင့်ချီကာ မြစ်သာမြစ် တဖက်ကမ်းတွင် စစ်ဘေးရှောင်နေရခြင်း ဖြစ်ပြီး မြစ်ရေ မြင့်တက်လာမှုကြောင့် ထပ်မံ ရှောင်တိမ်းနေရခြင်း ဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် မြစ်သာမြစ်ရေမြင့်တက်နေပြီး မြစ်သာတမံရေပိုလွှဲမှလည်း အမြင့် ၅ ပေထက် မနည်း ရေလျှံကျနေကြောင်း သိရသည်။
နှမ်းခါးရွာ ဒေသခံတဦးက “မြစ်သာမြစ်ရိုး တလျှောက်ရှောင်နေရတာ အဓိကက နှမ်းခါးကပဲများမှာ မြစ်ရဲ့ အနောက်ဖက် ကပ်လျက်မှာ တည်ရှိတာကိုး။ မြစ်ရဲ့ တဖက်ကမ်းမှာ ရှောင်တာ စစ်ကောင်စီက ရွာထဲကို ဝင်ပြီဆိုရင် မြစ်ရဲ့ ဟိုဘက်ကမ်းကို ရှောင်ရတာ အဲဒီမှာက ကျွန်းလို ဖြစ်နေတော့ အဲဒီမှာ တဲလိုထိုးနေတာ အဲဒီထိပါ ရေရောက်နေလို့ ထပ်ရှောင်ရတာ” ဟု ပြောသည်။
စစ်ဘေးရော ရေဘေးပါရှောင်နေရသည့် ဒေသခံများ အနေဖြင့် စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်ချက်များ ရှိနေကြောင်း ဆိုသည်။
မြစ်ရေမြင့်တက်လာမှုကြောင့် မြစ်သာမြစ်ရိုးတလျှောက်ရှိ ကျေးရွာများတွင် တံတားများ နှစ်မြုပ်ပြီး လူနေအိမ်များလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရကြောင်း သိရသည်။
အောက်တိုဘာ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ မကွေးတိုင်း၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး နှင့် ရန်ကုန်တိုင်းတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ လက်အောက်ရှိ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားသည်။
Irrawaddy News
မိတ္ထီလာ NLD လွှတ်တော်အမတ်ကို ထောင်ကလွှတ်ပေးပြီးနောက် မြို့နယ်ရဲစခန်းသို့ခေါ်ဆောင်သွား
“မြို့ပေါ်မှာ ဘယ်သူမှ မရှိလို့ မနေရဲတာ”- ထန်တလန်စစ်မြေပြင်က ဒုက္ခသည်များ
စစ်မီး ပိုကြီးလာဖွယ်ရှိနေသည့် ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှ တိမ်းရှောင်ရသူ ၇၀၀၀ ကျော်သည် နယ်စပ်ကျေးရွာများတွင် သောင်တင်နေကြပြီး ဆက်လက်ရှင်သန်ရေးအတွက် ခက်ခဲလာသည်။
စက်တင်ဘာ ၁၈ ရက်နေ့က ထန်တလန်မြို့တွင်း လက်နက်ကြီးကျည်ထိသော နေအိမ်များ မီးလောင်ပြီးနောက် အသက် ၅၇ အရွယ် ပင်စင်စား သူနာပြု ဒေါ်နူးထာ၏ ထန်တလန်မြို့ နေအိမ်ရှေ့တွင် သေနတ်သံများ ထွက်ပေါ်လာသည်။
မီးငြှိမ်းသတ်ရန် ဆိုင်ကယ်ဖြင့် ရောက်လာသော ခရစ်ယာန်သင်းအုပ်ဆရာ ဦးကျုံးဗျက်ဟုမ်းကို စစ်ကောင်စီတပ်သားများက ပစ်ခတ်ရာမှ ထွက်ပေါ်လာသော သေနတ်သံများ ဖြစ်သည်။ စစ်သားတို့က သင်းအုပ်ဆရာ၏ လက်ချောင်းကို ဖြတ်ပြီး လက်ထပ်လက်စွပ်နှင့် နာရီတို့ကို ယူဆောင်သွားသည်ဟု ဒေသခံတို့ကို ကိုးကားပြီး ချင်းနှင့် ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်များက သတင်းထုတ်ပြန်သည်။
လူနေရပ်ကွက်များအတွင်း တိုက်ပွဲရောက်လာသောကြောင့် ဒေါ်နူးထာအပါအဝင် ဒေသခံတို့သည် မြို့ကို စွန့်ခွာပြီး နယ်စပ်ဒေသ ကျေးရွာများတွင် ရောက်ရှိ ခိုလှုံလျက်ရှိသည်မှာ တစ်လခန့် ကြာမြင့်လာပြီဖြစ်သည်။
“မြို့ပေါ်မှာ ဘယ်သူမှ မရှိလို့ မနေရဲတာ။ ကျွန်မ အရမ်းနေချင်တယ်၊ ဒီမှာက ရေလည်း အရမ်းရှားတယ်၊ မီးကလည်း ဆိုလာမီး၊ ည ၇ နာရီကနေ ၉ နာရီအထိ ပေးတာ။ မီးကလည်း သိပ်မလင်းဘူး” ဟု ဒေါ်နူးထာက ပြောသည်။
အိမ်မှ သူယူလာသည့် ကုလားပဲ၊ ရွာခံများက ပေးသည့် အသီးအနှံများဖြင့် စားသောက်နေရပြီး ရေရှည်တွင် အစားအသောက် ခက်ခဲလာမည်ဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီတပ်နှင့် လက်နက်ကိုင်ခုခံသူတို့ကြား တိုက်ပွဲများကြောင့် မြို့လုံးကျွတ်ထွက်ပြေးနေရသည့် ထန်တလန်ဒေသခံ ၇၇၀၀ ကျော်သည် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် ကျေးရွာများတွင် တိမ်းရှောင်နေရပြီး စားနပ်၊ ရိက္ခာအပါအဝင် အရေးပေါ်အကူအညီများ လိုအပ်နေသည့်အတွက် ပိုမိုထောက်ပံ့လှူဒါန်းပေးရန် ၎င်းတို့ကို ကူညီနေသူများက တောင်းဆိုနေကြသည်။
မြို့တွင်းတိုက်ပွဲ
နယ်စပ်တလျှောက် ရွာ ၅၀ ကျော်တွင် ခိုလှုံနေသူတို့ကို ကူညီနေသည့် အဖွဲ့အနည်းငယ်ထဲတွင် Thantlang Placement Affairs Committee – IDPs help (TPAC) အဖွဲ့လည်း ပါဝင်သည်။
ထိုအဖွဲ့မှ တာဝန်ခံ ဆလိုင်းလျှန်က ပြည်ပအခြေစိုက် ချင်းခရစ်ယာန်ဘာသာရေးအသင်းများနှင့် လူမှုရေးအဖွဲ့အစည်းတချို့က ထောက်ပံ့ပေးနေသော်လည်း စစ်ဘေးဒုက္ခသည်အရေအတွက် များလွန်းသဖြင့် လောက်ငမှု မရှိသေးကြောင်း ပြောသည်။
“အကူအညီမရှိဘဲ ဒီလိုမျိုး နောက်တစ်လလောက် နေသွားမယ်ဆိုရင်တော့ ဒါဟာ ကျွန်တော်တို့ တော်တော်လေး ဒုက္ခရောက်တော့မှာ” ဟု ဆလိုင်းလျှန်က ပြောသည်။
ခိုလှုံသည့်နေရာများမှာ ခရစ်ယာန်ဘုရားကျောင်း၊ စာသင်ကျောင်း၊ လူနေအိမ်များ ဖြစ်သောကြောင့် နေရာထိုင်ခင်းအခက်အခဲ များစွာမရှိသေးကြောင်း ၎င်းက ပြောသည်။
စက်တင်ဘာဒုတိယပတ်မှ အောက်တိုဘာ ၃ အထိ စာရင်းများအရ ခွာဟရိန်း၊ ဗန်ဇန်း၊ ဇနတ်၊ ဗိုင်လာမ်း၊ ဘွောလ် စသည့် တောင်ကြောများပေါ်ရှိ ရွာပေါင်း ၅၀ ကျော်တွင် ၇၇၂၅ ဦး ခိုလှုံနေပြီး ထန်တလန်မြို့အနီးအနားရှိ ရွာများတွင် တိမ်းရှောင်နေရသူများလည်း ရှိနေသည်။
နိုင်ငံ၏ အဆင်းရဲဆုံးဒေသတွင် တည်ရှိသည့် ထန်တလန်တွင် မြို့တွင်းတိုက်ပွဲများက စက်တင်ဘာတွင် အစပြုခဲ့သည်။
စက်တင်ဘာ ၉ တွင် CDF (ထန်တလန်) အဖွဲ့၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် မြို့နယ်အတွင်း ရှာဖွေစစ်ဆေးနေသော စစ်ကောင်စီတပ်မှ ၂ ဦး သေဆုံးကာ ဒေသခံ ၄ ဦး ဒဏ်ရာရသွားသည်။
စက်တင်ဘာ ၁၈ တွင် တိုက်ပွဲထပ်ဖြစ်ရာ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်သဖြင့် အဆောက်အအုံများ မီးလောင်ကာ မြို့လုံးကျွတ်နီးပါး စစ်ရှောင်ကြခြင်းဖြစ်သည်။
လူဦးရေ ၅၀,၀၀၀ ခန့်ရှိသည့် ထန်တလန်တွင် မြို့ပေါ်နေထိုင်သူအရေအတွက်မှာ ၈,၀၀၀ မှ ၁၀,၀၀၀ ကြား ရှိခဲ့သည်။
ထန်တလန်မှ ထွက်ပြေးရသည့် ဒေသခံများထဲမှ ၄၅၀၀ ကျော်သည် နယ်မြေထိစပ်နေသည့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲတွင် ရောက်ရှိနေပြီး မီဇိုရမ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းအချို့၏ အကူအညီကို ရယူနေရသည်ဟု ဆလိုင်းလျှန်က ပြောသည်။
ဗိုင်လာမ်းတောင်ကြောပေါ်တွင် ခိုလှုံနေသူများထဲမှ ၁၀၀ ကျော်သည် ကိုဗစ်နိုင်တင်းဖြစ်ပွားနေသည်ဟု ဆိုသည်။
“တချို့ရွာတွေဆိုရင် ကိုဗစ်နိုင်တင်းနဲ့ စည်းကမ်းနဲ့ ပတ်သက်ပြီး တင်းတင်းကျပ်ကျပ်လုပ်ထားတော့ ကူးစက်မှုတွေ မတွေ့ရဘူး၊ အခု ဗိုင်လာမ်းတောင်ကြောမှာဆိုရင်လည်း တင်းကျပ်မှုတွေလုပ်ထားပေမဲ့ ဒီလိုမျိုး ကူးစက်နှုန်းက ပျံ့နှံ့နေတာဆိုတော့ ဘယ်လိုကူးစက်လာမှန်း အတိအကျမသိသေးဘူး” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ကူးစက်ခံရသူများကိုလည်း သီးသန့်ခွဲမထားနိုင်သေးဘဲ ခိုလှုံနေသည့်နေရာတွင်ပင် မိသားစုနှင့်အတူ နေထိုင်ရန် စီစဉ်ထားရသည်ဟု ဆိုသည်။
ကိုဗစ်နိုင်တင်းဖြစ်ပွားနေသူတို့ကို CDM ဆရာဝန်များဖြင့် ဖွဲ့စည်းထားသည့် ကုသရေးအဖွဲ့တစ်ခုက ကုသပေးနေသော်လည်း ဆေးဝါးလိုအပ်ချက် ရှိနေဆဲဖြစ်သည်ဟု သိရသည်။
ကိုဗစ်ကြောင့် သေဆုံးသူ မရှိသေးကြောင်း၊ ကူးစက်သူများထဲမှ တစ်ဦးမှာ အောက်ဆီဂျင်ကျပြီး စိုးရိမ်နေရသည့် အနေအထားရှိသော်လည်း ပြန်ကောင်းလာနိုင်ကြောင်း ဆလိုင်းလျှန်က ပြောသည်။
စစ်ကောင်စီလက်အောက်တွင် ကျန်းမာရေးဌာနသည် မြို့ပေါ်ဆေးရုံများတွင်ပင် ဝန်ဆောင်မှုအကန့်အသတ်ဖြင့်သာ ပေးနေရသဖြင့် နယ်စွန်နယ်ဖျား တိမ်းရှောင်ရသူတို့နှင့် အလှမ်းဝေးနေသည်။ အာဏာမသိမ်းမီကတည်းက တိုင်းရင်းသားဒေသ စစ်ဘေးဒုက္ခသည်တို့ကို ကူညီလေ့မရှိသည့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနမှ တာဝန်ရှိသူများသည်လည်း အွန်လိုင်းအစည်းအဝေးများနှင့်သာ အလုပ်ရှုပ်နေသည်။
နိုင်ငံတကာအဖွဲ့အစည်းများ၏ လှုပ်ရှားဆောင်ရွက်နိုင်စွမ်းမှာ ကိုဗစ်နှင့် အာဏာသိမ်းပြီး ဖရိုဖရဲဖြစ်နေသော အခြေအနေများကြောင့် အကန့်အသတ် ပိုမို ကြီးမားလာနေသည်။
ပစ်ရန်ရှိသေးသည်
ပစ်ခတ်မှုများကြောင့် မြို့ပေါ်တွင်မူ လူမရှိသလောက်ပင်။ လက်ကျန် မြို့လူထုထက် စစ်ကောင်စီတပ်သားအရေအတွက်က ပိုများနေသည်။ စက်တင်ဘာလကုန်ပိုင်းတွင် မြို့ပေါ်တွင် ဒေသခံ ၃၀ ခန့်သာ ကျန်တော့သည်။
စက်တင်ဘာ ၃၀ တွင် ခရီးထွက်ရာမှ ပြန်လာသူတို့၏ မော်တော်ယာဉ် ပစ်ခတ်ခံရရာ မြို့မိမြို့ဖ ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရသွားကြသည်။
အောက်တိုဘာ ၇ ကလည်း မြို့ပေါ်သို့ ရိက္ခာလာပို့သည့် စစ်ရှောင်အမျိုးသားတစ်ဦး ပစ်ခတ်ခံရသည့်အတွက် လက်မောင်းတွင် ဒဏ်ရာရသွားသည်။
ထို့ကြောင့် အောက်တိုဘာ ၁၃ တွင် မြို့မိမြို့ဖတချို့နှင့် ဘာသာရေးခေါင်းဆောင်တချို့က မြို့ပေါ် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို သွားရောက် ညှိနှိုင်းကြသည်။
ညှိနှိုင်းမှုအပြီးတွင် ရွာအသီးသီးရောက် စစ်ဘေးဒုက္ခသည်တို့က မြို့ပေါ်ရှိ ၎င်းတို့နေအိမ်များမှ အသုံးအဆောင်ပစ္စည်းများကို ကားအစီးရေ ၄၀ ခန့်ဖြင့် သွားရောက်ယူဆောင်ကြသည်။
မြို့နှင့် ၁၀ မိုင်ခန့်ကွာသည့် ထွာလန်းရ်ကျေးရွာတွင် ခိုလှုံနေသည့် ဒေါ်နူးထာက ထန်တလန်မြို့ပေါ်ရှိ ၎င်း၏ နေအိမ်မှ အိုးခွက်ပန်းကန်များ၊ ဆောင်းရာသီအတွက် စောင်နှင့် အနွေးအထည်များကို ထိုနေ့က ပြန်ယူခဲ့သည်ဟု ဆိုသည်။
မြို့မိမြို့ဖတစ်ဦးက ၎င်းတို့နှင့် တွေ့ဆုံစကားပြောခဲ့ရသည့် စစ်ကောင်စီတပ်အရာရှိက ထန်တလန်မြို့တွင် တော်လှန်သူများရှိနေဦးမည်ဆိုပါက ဆက်လက်ပစ်ခတ်ရဦးမည်ဟု ဆိုသည်ဟု ပြောသည်။
“ဗျူဟာမှူးကတော့ ကျွန်တော်တို့တပ်မတော်က ထန်တလန်ကို မဝင်ဖို့ တစ်ခါမှမပြောပါဘူးတဲ့။ အမြဲတမ်း ခွင့်ပြုပါတယ်တဲ့။ ဒါပေမဲ့ ထန်တလန်မြို့က သူပုန်တွေရှိတယ်ဆိုရင်တော့ သူပုန်ရှိတဲ့မြို့ကတော့ ပစ်မှာပဲလို့ ပြောတယ်” ဟု အဆိုပါ မြို့မိမြို့ဖက ဆက်ပြောသည်။
စစ်ကောင်စီက ထန်တလန်အခြေအနေနှင့် ပတ်သက်ပြီး သတင်းအမှောင်ချထားသည်။
သင်းအုပ်ဆရာ ပစ်သတ်ခံသည့် သတင်းကိုမူ နိုင်ငံတကာသတင်းဌာနများကပါ တင်ဆက်လာပြီးနောက်ပိုင်းတွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သင်းအုပ်ဆရာ ကျုံးဗျက်ဟုမ်း ထန်တလန်မြို့အတွင်း မီးလောင်သွားသည့် နေရာသို့ သွားရောက်စဉ် ကျည်ထိခဲ့သည်ဟု ဆိုသည်။
“ဒီကျည်ထိမှန် သေဆုံးခြင်းနဲ့ ပတ်သက်ပြီး ထပ်မံစုံစမ်းစစ်ဆေးလျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြောင်း စစ်ကောင်စီက စက်တင်ဘာ ၂၁ တွင် သတင်းထုတ်ပြန်သည်။
အောက်တိုဘာလဆန်းမှ စတင်ပြီး ချင်းပြည်နယ်တွင် ထိုးစစ်များဆင်နွှဲရန်အတွက် စစ်ကောင်စီက စစ်သည် ရာနှင့်ချီ အင်အားဖြည့်တင်းလာနေသည်။
လလယ်ပိုင်းတွင် မကွေးတိုင်း၊ ပခုက္ကူမြို့ဘက်မှ သံချပ်ကာကား ၃ စီး အပါအဝင် စစ်ကားအစီး ၈၀ ကျော် ချင်းပြည်နယ်၊ မင်းတပ်မြို့သို့ ရောက်ရှိလာသလို စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက်မှ စစ်ကား အစီး ၄၀ ကျော်ပါသည့် စစ်ကြောင်း ဖလမ်းမြို့တွင် ရောက်ရှိလာသည်။
ယမန်နေ့ (အောက်တိုဘာ ၁၄) ကလည်း ဟားခါး-ဖလမ်း လမ်းပေါ်တွင် စခန်းချနေသည့် စစ်ကြောင်းကို CNA နှင့် CNDF တို့ ဝင်တိုက်ခဲ့သည်။ ထိုပစ်ခတ်မှုမှာ တိုက်ပွဲအသေးစားတစ်ခုသာ ဖြစ်သည်။
ချင်းတောင်ပေါ်တွင် တိုက်ပွဲကြီး တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားလာဖွယ် ရှိသဖြင့် မြို့ပေါ်ပြန်ရောက်ရေးမှာ အလှမ်းဝေးနေသေးသည့် ဒုက္ခသည်တို့လည်း ပိုမိုခက်ခဲလာနိုင်သည်ဟု ထွာလန်းရ်ကျေးရွာတွင် ခိုလှုံနေသည့် ဒေါ်နူးထာက ပြောသည်။
“ဒီမှာအဆင်မပြေလည်း ပြေအောင်နေရတာပေါ့။ ဘယ်လောက်များကြာမလဲဆိုပြီးမှ စိတ်ညစ်လိုက်တာ၊ အဖြူအမည်း မြန်မြန်ပေါ်ပါစေဆိုပြီးမှ ဘုရားသခင်ဆီမှာ ဆုတောင်းထားတယ်၊ အိမ်ကိုလည်း ပြန်ချင်လွန်းလို့။ ဒါပေမဲ့ သေနတ်သံကြားရင်တော့ သိပ်မပြန်ချင်ဘူးပေါ့နော်” ဟု ဒေါ်နူးထာက ပြောသည်။
ရွာခံတို့ ပေးသော အစားအစာကို အားနာနာနှင့် စားသောက်နေရကြောင်း၊ မြို့မှ ယူလာသည့် အစားအစာတို့မှာလည်း ရက်အနည်းငယ်အတွက်သာ ကျန်တော့ကြောင်း ထန်တလန်ရှိ အိမ်ကို လွမ်းဆွတ်သတိရနေသော ဒေါ်နူးထာက ပြောလိုက်သည်။
Myanmar Now News