ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

စစ်တပ်ဖမ်းသွားသည့် ခင်ဦးမြို့နယ်မှလူငယ် သေနတ်ဒဏ်ရာဖြင့် သေဆုံး
ယောက်သွားအိုင်ကျေးရွာတွင် လွန်ခဲ့သည့် သုံးရက်က စစ်ကောင်စီ ဖမ်းခေါ်သွားသည့် အသက် ၂၁ နှစ်အရွယ် လူငယ်၏ ရုပ်အလောင်းကို ရွာအပြင် လမ်းနံဘေးတွင် ဝဲဘက်ရင်အုံ သေနတ်ဒဏ်ရာနှစ်ချက်ဖြင့် ရှာတွေ့သည်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ခင်ဦးမြို့နယ်၊ ယောက်သွားအိုင်ကျေးရွာတွင် လွန်ခဲ့သည့်သုံးရက်က စစ်ကောင်စီဖမ်းသွားသည့် လူငယ်မှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို ယနေ့ (အောက်တိုဘာ ၃၁) နံနက်ပိုင်းတွင် ဒေသခံများက တွေ့ရှိခဲ့သည်။
အသက် ၂၁ နှစ်အရွယ် ယောက်သွားအိုင်ရွာသား ကိုအောင်နိုင်ဦး၏ ရုပ်အလောင်းကို ရွာအပြင် လမ်းဘေးတွင် တွေ့ရှိခြင်းဖြစ်ကြောင်း၊ ၎င်းမှာ အောက်တိုဘာ ၂၉ နံနက်ပိုင်းက ယောက်သွားအိုင်ကျေးရွာကို စစ်သား၊ ရဲနှင့် ပျူစောထီးအဖွဲ့ဝင် ၃၀ ခန့် ဝင်ရောက်စီးနင်းစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ထံမှ သိရသည်။
“အဲဒီတစ်ယောက်က ရွာထဲမှာ ပိတ်မိပြီး ဖမ်းခံရတာ။ ဖမ်းခံရတာကတော့ ရွာထဲတင်ပဲ။ (ရုပ်အလောင်း) တွေ့တာက ရွာအပြင်မှာ တောဘက်ကို သွားတဲ့လမ်းမှာ ပစ်သတ်ထားခဲ့တာ။ ခုမနက်မှတွေ့တာ မနေ့ညက ရွာထဲ မဝင်ရဲလို့ မဝင်ကြဘူး” ဟု ခင်ဦး PDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်လေ့ရှိသည့် ကိုအောင်နိုင်ဦးမှာ ဝဲဘက်ရင်အုံတွင် ရရှိထားသည့် သေနတ်ဒဏ်ရာ နှစ်ချက်တွေ့ရပြီး ရုပ်အလောင်းကို ကျေးရွာသုဿန်၌ ယနေ့ သင်္ဂြိုဟ်ရန် စီစဉ်ထားသည်ဟု ယောက်သွားအိုင် ကျေးရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။
“အသတ်ခံရတဲ့သူက ဒီအတိုင်းအရပ်သားပါပဲ။ ဘာကိစ္စမှ မရှိပါဘူး။ အလကားဖမ်းပြီး PDF ဆိုပြီး စွပ်စွဲပြီးသတ်သွားတာ” ဟုလည်း အထက်ပါရွာသားက ပြောသည်။
ကိုအောင်နိုင်ဦးမှာ မိဘနှစ်ပါးကို လုပ်ကိုင်ကျွေးမွေးနေသူဟု ထိုဒေသခံက ပြောသော်လည်း အသေးစိတ် မသိရှိရပေ။
အိမ်ခြေ ၃၀၀ နီးပါးရှိသည့် ယောက်သွားအိုင်ကျေးရွာတွင် လက်နက်နှင့် PDF အဖွဲ့ဝင်များရှိသည်ဟု စွပ်စွဲ၍ စစ်ကောင်စီနှင့် အပေါင်းအပါများက လာရောက်ဒုက္ခပေးခြင်းဖြစ်ကြောင်း ခင်ဦး PDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
“မနက်ခင်းဈေးရောင်းတဲ့ ဆိုင်ကယ်တွေကို သူတို့က လမ်းမှာတားပြီး သူတို့က ဈေးသည်ယောင်ဆောင်ပြီး ဝင်တာ ရွာကဒလံက သတင်းပေးပြီးတိုင်လို့ သူက လိုက်ပြတာ”ဟု ၎င်းက ပြောသည်။
ယောက်သွားအိုင်ကျေးရွာကို စစ်ကောင်စီက ဝင်ရောက်စီးနင်းစဉ် နေအိမ်လေးလုံး ဖျက်ဆီးခံခဲ့ရသည်ဟု သိရသော်လည်း ထိခိုက်ပျက်စီးမှုနှင့် ဖမ်းဆီးခံရသူ မည်မျှရှိသည်ကို မသိရပေ။ ထို့ပြင် စစ်ကောင်စီထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။
ယမန်နေ့ (အောက်တိုဘာ ၃၀) ကလည်း ခင်ဦးမြို့နယ်အတွင်း အိမ်ခြေ ၄၀၀ ခန့်ရှိ မကျီးအုပ်ကျေးရွာသို့ ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့က နေအိမ် ၅၀ ကျော်ကို မွှေနှောက်ရှာဖွေဖျက်ဆီးကာ ရွှေနှင့် စားသောက်ဖွယ်ရာများ ယူဆောင်သွားကြောင်း၊ ယနေ့နံနက်ပိုင်းတွင် အင်းပက်ကျေးရွာကို စစ်တပ်က ဝင်စီးကာ နေအိမ်နှစ်လုံးကို မီးရှို့ပြီး မွန်းလွဲပိုင်းအချိန်အထိ တပ်စွဲထားကြောင်း၊ ရွာအတွင်း မွှေနှောက်ရှာဖွေလျက်ရှိကြောင်း ခင်ဦး PDF ပြောခွင့်ရသူက ဆိုသည်။
ခင်ဦးမြို့နယ်အတွင်း ထိုသို့ ကျေးရွာဝင်ရောက်စီးနင်းခံရခြင်း၊ ဒေသခံများ ဖမ်းဆီးသတ်ဖြတ်ခံရခြင်း တို့နှင့် ပတ်သက်၍ စစ်ကောင်စီက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
ခင်ဦး PDF ၏ အဆိုအရ စစ်ကောင်စီတပ်သည် အောက်တိုဘာလမှစ၍ ပျဉ်ထောင်၊ မကျည်းတုံ၊ မဒေါင်းလှ၊ ရွာသစ် စသည့် ကျေးရွာများတွင် တပ်စွဲလျက် အနီးဝန်းကျင်ရှိ ရွာများသို့ တစ်ရွာပြီးတစ်ရွာ ဝင်ရောက်စီးနင်းနေသည်ဟု သိရသည်။
ပျဉ်ထောင်ကျေးရွာကို ဝင်စီးသည့် အောက်တိုဘာ ၁ တွင် စစ်တပ်၏ လက်ချက်ကြောင့် အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်အပါအဝင် ဒေသခံ ၅ ဦး သေဆုံးခဲ့ရသည်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် စစ်ကောင်စီလက်ချက်ဖြင့် ယခု အောက်တိုဘာလအတွင်း တစ်ဦးအပါအဝင် ဒေသခံ ၁၄ ဦး သေဆုံးခဲ့ရသည်ဟု သိရသည်။
Myanmar Now News
အင်းစိန်ထောင်ရောက် အသက်အငယ်ဆုံး ဓားစာခံ
ရန်ကုန်စည်ပင် သန့်ရှင်းရေးဝန်ထမ်း အာဏာဖီဆန်ပြီး တိမ်းရှောင်နေသဖြင့် အာဏာသိမ်းစစ်ကောင်စီက ထိုသူ၏ လူမမည်သမီး၊ ဇနီး၊ မိခင်တို့ကို အင်းစိန်ထောင်ထဲ ထည့်ထားသည်။
၂ နှစ်ကျော်သမီးငယ်ကို ချီပိုးထားသဖြင့် ကပိုကရိုဖြစ်နေသော အသက် ၃၀ ကျော်အရွယ် အမျိုးသမီးသည် လက်တစ်ဖက်က ပြေကျတော့မည့် ထဘီကို ထိန်းရင်း အင်းစိန်ထောင်၊ အမျိုးသမီးအချုပ်ဆောင်ကို ရောက်ရှိလာသည်။
အတူဖမ်းဆီးခံရသည့် ကလေး၏ အဘွား၊ ထိုအမျိုးသမီး၏ အသက် ၅၀ ကျော်အရွယ် ယောက္ခမလည်း အခြားအခန်းတစ်ခုသို့ ရောက်ရှိသွားသည်။ မတ်လ ၃၀ ရက်နေ့က မြေးအဘွား ၃ ယောက် ထောင်ထဲဝင်လာသည်ကို တွေ့ရသည့် အကျဉ်းသားများ ခဏတာ ဆွံ့အသွားကြသည်။
ကလေးငယ်ကို နံရံလေးဖက်ထဲတွင် တွေ့လိုက်ရသဖြင့် စိတ်မချမ်းမမြေ့ဖြစ်ရသည်ဟု ထောင်မှ ပြန်လွတ်လာသည့်အမျိုးသမီးတစ်ဦးက ပြောသည်။
“ရောက်ရောက်ချင်းမှာ သူ့တို့ သမီးယောက္ခမနှစ်ယောက်ကို အတူတူမထားဘဲ အခန်းခွဲထားတယ်။ စိတ်ညစ်ညူးစရာတွေ ပြည့်နေတဲ့ ကျွန်မတို့လို အဖမ်းဆီးခံပြည်သူတွေက သူတို့သားအမိကို မြင်ရတော့ ပိုပြီး သောကဖြစ်ရတယ်” ဟု ထိုအမျိုးသမီးက ဆိုသည်။
သူတို့ ထောင်ထဲရောက်လာကြခြင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးလိုသည့် ကလေး၏ ဖခင်ဖြစ်သူ စည်ပင်သာယာရေးဌာနဝန်ထမ်းကို ရှာမတွေ့သဖြင့် သူတို့ကို ဓားစာခံလုပ်လိုက်ခြင်းပင်။
စစ်ကောင်စီက ဇွန်လကုန်ပိုင်းနှင့် အောက်တိုဘာလလယ်ပိုင်းတွင် ထောင်နှင့်ချီသော အကျဉ်းသားများကို ပြန်လွှတ်ပေးသော်လည်း ထိုအမျိုးသမီး ၃ ဦးမှာ နာမည်ကျော် အင်းစိန်ထောင်ထဲတွင်သာ ဆက်ရှိနေသည်။
အာဏာဖီဆန်ခြင်း
ကလေး၏ ဖခင်ဖြစ်သူ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဝန်ထမ်းက အာဏာသိမ်းမှုဆန့်ကျင်သူတို့ ကတ္တရာလမ်းပေါ်ကပ်ထားသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး၏ ပုံများကို လိုက်ခွာရန် တာဝန်ကျသည်။
သူနှင့် လုပ်ဖော်ကိုင်ဖက်တချို့ ရုပ်ပုံများ လိုက်ခွာနေသည့်အလုပ်ကို ရပ်တန့်ကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လိုက်ကြသည်။ အဖမ်းခံရမည်ကို စိုးရိမ်သဖြင့် အိမ်မပြန်ဖြစ်သော်လည်း စည်ပင်ဝန်ထမ်းအိမ်ရာတွင် ကျန်ခဲ့သော မိသားစုကို နေရာ ရုတ်တရက်ပြောင်းရန် ငွေကြေးအဆင်မပြေခဲ့ပေ။
စစ်ကောင်စီတပ်က သူ့ကို လာဖမ်းချိန် အိမ်တွင် သူမရှိသဖြင့် မိသားစုဝင်များကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားသည်။ ဇနီးသည်က ကလေး ၆ ယောက်ကို တစ်ပါတည်းခေါ်သွားရန် ကြိုးစားခဲ့သော်လည်း စစ်ကောင်စီတပ်က နို့စို့ဆဲဖြစ်သော ၂ နှစ်ကျော်သမီးကိုသာ ခေါ်ခွင့်ပြုခဲ့သည်။
ကျန်နေခဲ့သည့် ကလေး ၅ ယောက်တွင် တစ်ယောက်က စကားမပြောတတ်သူဖြစ်ရာ ထိုကလေးအတွက် ပိုမိုစိတ်ပူရသည်ဟု အပူသည် မိခင်ဖြစ်သူက ဘဝတူ အကျဉ်းသားများကို ပြန်ပြောပြသည်။
“သူ့ကို ကျွန်မကိုယ်တိုင်ပဲ ထမင်းကျွေးတာကအစ လိုက်လုပ်ပေးရတာ။ အဲဒီကလေးကို စိတ်မချဘူး။ ဘယ်သူက သူ့ကို လုပ်ပေးမလဲ၊ ထမင်းကျွေးတာကအစ”ဟု မည်သည့်အချိန် အိမ်ပြန်ရမည်ကို မသိသော၊ ပြင်ပမှ သားသမီးများအတွက် စိတ်ပူနေရသော ထိုအမျိုးသမီးက ပြောသည်။
“ကျန်နေခဲ့တဲ့ကလေးတွေ ဘယ်ကိုရောက်ကုန်ပြီလဲ မသိဘူး။ ထမင်းရော စားရရဲ့လားမသိဘူး။ အိမ်က ယောက်ျားလည်း ဘယ်ရောက်သွားပြီလဲ၊ အဖမ်းများခံနေရပြီလားမသိဘူး”
စစ်ကောင်စီက ၎င်းကို ဆန့်ကျင်သူများအား တရားစွဲဆိုလေ့ရှိသည့် နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅ဝ၅-က ဖြင့် သူတို့ ၃ ဦးကို အမှုဖွင့်ကာ ဆက်လက်ထိန်းသိမ်းထားသည်။
အိမ်ပြန်လိုသော ကလေး
ဆန္ဒပြမှု၊ အာဏာဖီဆန်မှုများနှင့် ဆက်စပ်ပြီး အင်းစိန်ထောင်တွင်းသို့ အလုံးအရင်းဝင်ရောက်လာသူများက ထိုအမျိုးသမီး ၃ ဦးအတွက် စိတ်ထိခိုက်ခံစားကြရသည်။ သားသမီးများကို ခွဲခွာထားရစ်ခဲ့ရသည့် မိခင်တချို့ကလည်း မျက်ရည်ဝဲရသည်။
အချုပ်ထောင်အတွင်း ဘာမျှနားမလည်သေးသည့် ကလေးလေးငယ်ကို ထိန်းရသည့် ကိစ္စမှာလည်း မသေးလှပေ။ ပြင်ပတွင် ပြည်သူများ နေ့စဉ်ရက်ဆက် ရွတ်ဆိုခဲ့ကြသည့် တော်လှန်ရေးကြွေးကြော်သံများက ကလေးငယ်များ၏ နားဝယ် စွဲနေပြီ ဖြစ်သည်။
ထို့ကြောင့် “အရေးကြီးပြီ ညီနောင်အပေါင်းတို့ သွေးစည်းကာ ညီစေညီကြစို့၊ ရုံးမတက်နဲ့ ရုံးထွက်၊ အရေးတော်ပုံ အောင်ရမည်” စသဖြင့် အာဏာသိမ်းမှုဆန့်ကျင်သူတို့၏ သီချင်း၊ ကြွေးကြော်သံများကို ၃ နှစ်အရွယ် သမီးငယ်က ရွတ်ဆိုလေ့ရှိသဖြင့် ထောင်တွင်း အမှုထပ်ဖြစ်မည်စိုးရိမ်သည့် မိခင်က သမီးငယ်ကို ပါးစပ် အလျင်အမြန်လိုက်ပိတ်ရသည်။
ကလေးငယ်ကမူ မိခင်နှင့် အဘွား အမှုဆိုင်နေသည့် အထူးတရားရုံး၏ တရားခွင်တွင်လည်း ရံဖန်ရံခါ ရွတ်ဆိုလေ့ရှိသည်။
သူ့အဝတ်အနည်းငယ်ကို ကြွပ်ကြွပ်အိတ်ထဲ ထည့်ပြီး “အိမ်ပြန်မယ်၊ အိမ်ပြန်မယ်” ဟု ထိုကလေးငယ်က ပြောဆိုကာ အချုပ်ဆောင်အပြင်ဘက် ထွက်ရန် ကြိုးစားပြီးတိုင်း အိမ်ပြန်ရန် မိခင်ကိုသာ ပူဆာ ငိုကြွေးနေတတ်သည်။
လူကောင်ညှက်ညှက် ချစ်စရာကလေးငယ်ကို အကျဉ်းကျ လူကြီးများက ဝိုင်းဝန်းထိန်းပေးကြသည်။
မနက် ၈ နာရီ အဆောင်တံခါးဖွင့်လျှင် အခန်းအပြင် ထွက်ခွင့်ရကြသည်။ ညနေ ၅ နာရီ တံခါးပိတ်ချိန်မတိုင်မီ အကျဉ်းသား ၅၀ ခန့် တန်းစီအိပ်ရသည့်အခန်းထဲ ပြန်ဝင်ကြသည်။
မိခင်သောက
အကျဉ်းသားများထဲမှ ထောင်ဝင်စာရသူများ၊ ဝိုင်းဝန်းစောင့်ရှောက်တတ်သူများက နို့တိုက်မိခင်ကို အစားအစာ ဝေမျှပေးကြသည်။
အဖမ်းခံရပြီး ၂ လအကြာ ဇွန်လအတွင်း သူတို့နာမည်ဖြင့် ထောင်ဝင်စာထုပ် ရောက်ရှိလာသည်။ တစ်ကိုယ်ရေသုံးပစ္စည်းများဖြစ်သည့် ဆပ်ပြာ၊ သွားတိုက်ဆေး၊ အဝတ်အထည်တချို့ ပါဝင်သလို မုန့်ခြောက်၊ ကော်ဖီမစ်၊ အသားငါးချက်ဟင်းတို့ ပါဝင်သော အထုပ်ကို ဖြည်ရင်း အမျိုးသမီးနှစ်ဦး မျက်ရည်ကျကြရသည်။
အမျိုးသမီးကြီးက သူ့သားကို ပိုပြီး သတိရသွားသည်။
“ငါ့သားလေးဘယ်ရောက်နေလဲ မသိဘူး၊ ဒါတွေ ဘယ်သူကနေ ပို့တာလဲမသိဘူး။ ဘာမှမရှိတဲ့ကြားထဲက ဘယ်လို ပို့တာလဲ မသိဘူး” ဟု အမျိုးသမီးကြီးက ငိုပြီး ပြောသဖြင့် ဘေးမှ အမျိုးသမီးများလည်း ဝမ်းနည်းကြရသည်။
ထိုအထုပ်သည် ထောင်ဝင်စာမျှော်လင့်ချက်မဲ့နေသူတို့အတွက် ပါဆယ်ပို့ပေးတတ်သော အလှူရှင်တချို့ထံမှလည်း ဖြစ်နိုင်သည်ဟု ယူဆနေကြသည်။
ဖမ်းဆီးခံရသူများ ပြန်လွတ်တော့မည်ဆိုသည့် သတင်းက အချုပ်ထောင်နံရံများကို ဖြတ်ကျော်ပြီး အကျဉ်းကျနေသူများထံ မကြာခဏ ရောက်လာလေ့ရှိသည်။
ပြန်လွတ်မည့်ရက်ကို အဝတ်အစားထုပ်များ ကိုယ်စီပြင်ရင်း နေ့စဉ် မျှော်လင့်နေသူများထဲတွင် ကလေး၏ မိခင်နှင့် အဘွားလည်း ပါဝင်သည်။ ဇွန် ၃ဝ က တစ်နိုင်ငံလုံးအနေဖြင့် အကျဉ်းသား ၂ဝဝဝ ကျော်ကို အာဏာသိမ်းစစ်ကောင်စီက လွှတ်ပေးခဲ့သောကြောင့် အာဏာဖီဆန်မှုနှင့် မပတ်သက်ခဲ့သည့် သူတို့က ထိုစာရင်းတွင် ပါဝင်ရန် ပိုမိုမျှော်လင့်ခဲ့သည်။
အောက်တိုဘာလလယ်ပိုင်းက အလားတူ ထပ်မံလွှတ်ပေးသောအခါတွင်လည်း သူတို့ မပါဝင်ချေ။
ဤမိသားစုဝင် ၃ ဦးကို ဖမ်းဆီးထားမှုနှင့် ပတ်သက်ပြီး မေးမြန်းရန် စစ်ကောင်စီပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းကို အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဖုန်းဖြေကြားခြင်း မရှိပေ။
မိသားစုကိုပါ နှိပ်စက်ခြင်း
ဖမ်းဆီးခံရမှု၊ သတ်ဖြတ်ခံရမှုများ ရှိနေသော်လည်း ဖိနှိပ်မှုများကြားမှ အာဏာရှင်အမြစ်ဖြတ်ရန် ပြည်သူများက နည်းမျိုးစုံဖြင့် တွန်းလှန်နေကြဆဲဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က လက်လှမ်းမီသမျှ စုံစမ်းကောက်ယူ မှတ်တမ်းပြုချက်များအရ စစ်ကောင်စီက အောက်တိုဘာ ၂၈ အထိ ဆက်လက် ဖမ်းဆီးချုပ်နှောင်ထားသူအရေအတွက်မှာ ၇၀၇၉ ဦး ရှိနေသည်။
ထိုအသင်းမှာ ယခင်က ညှဉ်းပန်းနှိပ်စက်ခံရဖူးသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများဖြင့် ဖွဲ့ထားခြင်း ဖြစ်သည်။
လတ်တလော အာဏာသိမ်းမှု ဆန့်ကျင်သူတို့သည် ၎င်းတို့ထက် ပိုမိုဆိုးရွားစွာ ပြုမူခံနေရသည်ဟု AAPP အသင်း တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုသည်။
ဟု သူက ဆိုသည်။
အာဏာဖီဆန်သူ၏ မိသားစုဝင်တို့မှာ ရုပ်ပိုင်းသာမက စိတ်ပိုင်းဆိုင်ရာပါ နှိပ်စက်ခံနေရသည်ဟု သူက ဆက်ပြောသည်။
အာဏာသိမ်းစစ်အုပ်စု၏ နှိပ်ကွပ်မှုကို ခံနေရသည့် မိသားစုတိုင်းမှာ ကြေကွဲဖွယ်ရာ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်စီ ရှိကြရာ စည်ပင်ဝန်ထမ်း၏ မိသားစုဝင်များဖြစ်သော အင်းစိန်ထောင်ရောက် အမျိုးသမီး ၃ ဦး၏ ဖြစ်ရပ်မှာ ထိုအထဲမှ တစ်ပုဒ်ဖြစ်သည်။ ထိုအမျိုးသမီး ၃ ဦးသည် ပြင်ပမှ မိသားစုဝင်များနှင့် အဆက်ပြတ်နေကြသည်။
အင်းစိန်ထောင်သည် အာဏာသိမ်းမှုဆန့်ကျင်မှုနှင့် ဆက်စပ်ပြီး ဖမ်းဆီးခံရသူတို့၏ အဝင်အထွက်များပြားသည့်နေရာ ဖြစ်လာသည်။ စည်ပင်ဝန်ထမ်း၏ သမီးလေးသည်လည်း လာမည့် ဒီဇင်ဘာတွင် အသက် ၃ နှစ်ပြည့်မည်ဖြစ်သော်လည်း မွေးနေ့မတိုင်မီ ထောင်မှ လွတ်ရန် မသေချာသေးပေ။
ဖမ်းဆီးခံရပြီး လအနည်းငယ်အကြာ ထောင်တွင်းစကားဝိုင်းတစ်ခုတွင် သမီးလေး၏ မိခင်လည်း ဝင်ထိုင်နေသည်။ ပြန်လည်လွတ်မြောက်ပါက အိမ်တွင် လုပ်ကိုင်ဆောင်ရွက်ရမည့်အရာများအကြောင်း ပြောဆိုနေကြခြင်း ဖြစ်သည်။ ကလေးမိခင်၏ အခြေအနေက အများစုနှင့် ကွဲပြားနေသည်။
“ခုချိန် အိမ်ပြန်ရမယ်ဆိုရင်တောင် ပြန်စရာအိမ်က မရှိဘူး။ ကလေး ၅ ယောက်ကိုလည်း ဘယ်မှာ လိုက်ရှာရမလဲ မသိဘူး” ဟု ထောင်ထဲတွင် အသက် ၃ နှစ်ပြည့်တော့မည် ကလေး၏ မိခင်က ပြောလိုက်သည်။
Myanmar Now News
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ (ခ) ကိုကျော်မင်းယုအား အကြမ်းဖက်ဖမ်းဆီးမှုနှင့်ပတ်သက်၍ ထုတ်ပြန်ချက်
၂၅၊ အောက်တိုဘာလ၊ ၂၀၂၁
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၃ရက်နေ့ ညပိုင်းတွင် ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၏ ခေါင်းဆောင်တဦးဖြစ်သူ ကိုဂျင်မီ(ခ) ကိုကျော်မင်းယုအား အာဏာသိမ်းစစ်အုပ်စုမှ အင်အားအလွန်အကျွံသုံးပြီး အကြမ်းဖက်ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ ထိုသို့ ဖမ်းဆီးစဉ်အတွင်း ဦးခေါင်းတွင် အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။
အာဏာသိမ်း စစ်အုပ်စုသည် ၎င်းတို့နှင့် အယူအဆမတူသူများအား ဖမ်းဆီးရာတွင် မလိုလားအပ်ဘဲ ကြမ်းတမ်းစွာဆက်ဆံခြင်းများကို ပြုလုပ်နေသည်ကိုလည်း တွေ့ရှိနေရပါသည်။ ဖမ်းဆီးစဉ်ပစ်ခတ်ခံရပြီး သေဆုံးမှုများ၊ စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးမှုများလည်း ရှိနေသည်ကို တွေ့ရှိရပါသည်။ ထိုကဲ့သို့သော လုပ်ရပ်များသည် အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့အာဏာတည်မြဲရေးအတွက် တရားဥပဒေကို မထေမဲ့မြင်ပြုပြီး အပြစ်မဲ့ ပြည်သူများကို စိတ်ထင်တိုင်း တရားမဲ့ပြုကျင့်နေကြောင်း ပေါ်လွင်စေသည်။
ထို့ကြောင့် ကိုဂျင်မီ(ခ) ကိုကျော်မင်းယု နှင့်ပတ်သက်၍ ဖြစ်ပေါ်လာမည့် အကျိုးဆက်များအားလုံးသည် မတရားဖမ်းဆီးခဲ့သည့် စစ်အုပ်စုတွင် တာဝန်အပြည့်အဝရှိပြီး စစ်အုပ်စုအနေဖြင့် တာဝန်ယူ၊ တာဝန်ခံရမည်ဖြစ်သည်။ နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့်လည်း ကိုဂျင်မီအပါအဝင် မတရားဖမ်းဆီးခံထားရသူများအား ညှဉ်းပန်းနှိပ်စက်မှုများမှ ကာကွယ်ပေးရန်နှင့် လွတ်မြောက်ရေးအတွက် အားထုတ်ဆောင်ရွက်ပေးပါရန် မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်အသင်း (အေအေပီပီ) မှ အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
စတိတ်မန့်ဒေါင်းလော့ရယူရန် – Statement for Ko Jimmy_KT_Burmese by Ko David
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အပတ်စဥ်ထုတ်ပြန်ချက် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ မှ ၂၄ ရက်နေ့အထိ
အောက်တိုဘာလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တို့တွင် စစ်အာဏာသိမ်းသည့်အချိန်မှစ၍ ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဥ်းသား ၅၀၀၀ ကျော်ကို ပြန်လွတ်ပေးမည်ဟု စစ်ကောင်စီမှ ကြေငြာခဲ့သည်။ ထိုကဲ့သို့သော ဆုံးဖြတ်ချက်ချခြင်းသည် တိုက်ဆိုင်မှုမဟုတ်ဘဲ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မှ ယခုလနှောင်းပိုင်းတွင်ကျင်းပမည့် ထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီအား ဖိတ်ကြားရန် ငြင်းဆိုပြီးချိန်နှင့် မကြာမီ ကျရောက်မည့် မြန်မာတို့၏ရိုးရာ သီတင်းကျွတ်ပွဲတော် ကာလအတွင်းတွင် ပြန်လွတ်ပေးသောကြောင့် တိုက်ဆိုင်မှုသက်သက် မဟုတ်ဘဲ နိုင်ငံရေး အရသာ လွတ်ပေးခြင်းဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီသည် အရပ်သားပြည်သူများကို ကာကွယ်ရန် လုံး၀ ပျက်ကွက်ခဲ့သည်။ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် စစ်ကောင်စီမှ သဘောတူခဲ့သော်လည်း ၎င်းတို့၏ကတိက၀တ်ကို အကောင်အထည်ဖော်ဆောင်ခဲ့ခြင်းမရှိပါ။ စစ်ကောင်စီသည် နိုင်ငံတကာအသိုင်းအ၀ိုင်းထံမှ ငွေကြေး ၊ လက်နက်နှင့် တရား၀င်မှုရရန် ကြိုးပမ်းနေသည်ဟု ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews မှ ပြောကြားခဲ့သည်။ စစ်ဗိုလ်ချုပ်များ အလွန်တောင့်တသော တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခံရရန် ကြိုးပမ်းမှုများ မအောင်မြင်ခြင်းသည် ၎င်းတို့အပေါ် ယုံကြည်စိတ်ချမှုမရှိကြောင်းကို ပြောပြနေသည်
နိုင်ငံရေးအကျဥ်းသားများကို လွတ်ပေးပြီးနောက်မကြာမီ ပြန်လည်ဖမ်းဆီးခြင်းဖြင့် စစ်ကောင်စီ၏ ဂတိမတည်မှုကို ပြသခဲ့သည်။ သတင်းများအရ ဒါဇင်နှင့်ချီသော နိုင်ငံရေးအကျဥ်းသားများ ပြန်လည်ဖမ်းဆီးခံခဲ့ရသည်။ ဒီမိုကရက်တစ် မြန်မာ့အသံ(DVB)၏ သတင်းများအရ ရန်ကုန်၊ အင်းစိန်ထောင်အတွင်းမှ ပြန်လည်လွတ်မြောက်လာသူ အကျဥ်းသားတစ်ဦးကို တစ်နာရီမပြည့်မီ ပြန်လည်ဖမ်းဆီးခံခဲ့ရသည်ဟု သိရှိရသည်။ နိုင်ငံရေးကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ မှတ်တမ်းအရ အောက်တိုဘာလ ၁၈ ရက်နေ့ နိုင်ငံရေးအကျဥ်းသားများကို ပြန်လွတ်ပေးမည်ဟု ကြေငြာချက်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် အကျဥ်းသား ၁၁၀ ဦး ပြန်လည် ဖမ်းဆီးခံခဲ့ရသည်။ ပြီးခဲ့သည့် လများအတွင်း အကြမ်းဖက်စစ်ကောင်စီမှ နိုင်ငံရေးအကျဥ်းသား ၂၀၀၀ ဦးကို ပြန်လွတ်ပေးခဲ့သည်ဟု ထုတ်ပြန်ခဲ့သော်လည်း AAPP ၏ အတည်ပြုချက်အရ ၄၀၀ ဦး သာ လွတ်မြောက်ခဲ့သည်။ စစ်တပ်သည် ပြန်လည်လွတ်မြောက်သူများ၏ စာရင်းကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ ကမ္ဘာတဝှမ်းရှိ အစိုးရများမှ စစ်ကောင်စီတို့၏ လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့် နည်းဗျူဟာများကို ပြောင်းလဲသွားပြီဟူသော လက္ခဏာအဖြစ် မမှတ်ယူရန် အရေးကြီးသည်။ ဆန့်ကျင်ဘက်အနေဖြင့် ဤနည်းကို စစ်အာဏာရှင်အဆက်အဆက် ဆယ်စုနှစ် ပေါင်းများစွာ ကျင့်သုံးခဲ့သည့် ပုံစံတူနည်းမျိုးဖြစ်သည်။ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် လှည့်စားမခံဘဲ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရထံ အာဏာပြန်လွှဲပေးရန် စစ်ကောင်စီကို ဆက်လက်ဖိအားပေးရန် အရေးကြီးသည်။
အာဏာသိမ်းရန် ကြိုးပမ်းမှုသည် ဗိုလ်ချုပ်ကြီးများ မျှော်လင့်ထားသကဲ့သို့ အာဏာရှင်စနစ်သို့ လွယ်လွယ်ကူကူ သက်သောင့်သက်သာ ကူးပြောင်းမှုမဖြစ်ခဲ့ပေ။ ထို့အစား ပြည်သူလူထုသည် နုတ်ဆိတ်ရန် ငြင်းဆန်ခဲ့ပြီး ဆက်လက်ဆန့်ကျင်ဆန္ဒပြကာ နိုင်ငံတကာအသိုင်းအ၀ိုင်းကိုလည်း ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုများနှင့် ကမ္ဘာလုံးဆိုင်ရာ လက်နက်ပိတ်ဆို့မှုတို့ကို
ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုခဲ့ကြသည်။ မြန်မာနိုင်ငံအနောက်မြောက်ဘက်ရှိ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေကြီးတို့တွင် စစ်ဆင်ရေးတိုးချဲ့တိုက်ခိုက်မှုများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ တိုးလာသဖြင့် လူ့အခွင့်အရေးကောင်စီသို့ မြန်မာနိုင်ငံရေး အကျပ်အတည်းနှင့် ပတ်သက်၍ အရေးပေါ်အစည်းအ၀ေး တစ်ရပ်ပြုလုပ်ရန် Burma Campaign – UK မှ တောင်းဆိုခဲ့ကြသည်။ မြန်မာ နိုင်ငံတွင်းသို့ “နိုင်ငံခြား လက်နက်ကိုင်တပ်ဖွဲ့များ ရောက်ရှိလာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အားနည်းရန်အတွက် ချေမှုန်းရန် စစ်ကောင်စီသည် လုပ်ဆောင်နေကြောင်း” အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှ ထုတ်ပြန်ခဲ့သည်။
တိုင်းရင်းသားဒေသရှိ ပဋိပက္ခများ
ကယားပြည်နယ်
ကိုဗစ်-၁၉ ကူးစက်ရောဂါသည် လျှင်မြန်စွာဆက်လက်ပြန့်နှံ့နေပြီးဒေသခံပြည်သူလူထုအပေါ် ဆိုး၀ါးစွာ အကျိုးသက်ရောက်နေသည်။ဖရူဆိုမြို့နယ်တွင် ကိုဗစ်လူနာ ၁၀၀ ဦးတွေ့ရှိခဲ့သည်။
ကပ်ရောဂါသည် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများကြား တိုက်ပွဲများ မြင့်တက်နေချိန် ရှင်သန်ရုန်းကန်နေရသော ဒေသခံတို့၏ အသက်မွေး၀မ်းကြောင်းကို ထိခိုက်နေသည်။ ဖရူမြို့နယ်တစ်ခုထဲတွင် ပြည်သူ ၄၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင် နေရသည်။ တပြည်နယ်လုံးအတိုင်းအတာအရ လူပေါင်း ၈၅,၀၀၀ ကျော်သည် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည်။
ကရင်နီကာကွယ်ရေးတပ်မတော် (KNDF)မှ ဆေးမှူးများသည် ဒေသတွင်းရှိ စစ်ဘေးရှောင်များနှင့် ဖျားနေသော ကျေးရွာသားများကို ဆေးကုသမှု ပေးနေသည်။
ချင်းပြည်နယ်
ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အဆိုအရ စစ်ကောင်စီနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များအကြား ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ချင်းပြည်နယ်တစ်ခုတည်းတွင် အရပ်သား ၂၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ပြည်တွင်းနှင့် နိုင်ငံတကာတို့မှ အကူအညီအထောက်အပံ့များကို ပို့ဆောင်ရာတွင် စစ်ကောင်တပ်များ၏ အဟန့်အတား အနှောက်အယှက်များကြောင့် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ ခရီးသွားလာခြင်းနှင့် လုံခြုံရေးအခြေအနေများကြောင့် ဒေသခံများအား လုံ့လစိုက်ထုတ်ခြင်းမပြုရန် တွန်းအားပေးလျက်ရှိသည်။ လိုအပ်သောပစ္စည်းများနှင့် စားနပ်ရိက္ခာယူရန် ပြန်သွားသော စစ်ဘေးရှောင်များသည် ပစ်မှတ်ထားခံနေရသည်။ တစ်ချို့သည် အသတ်ခံရပြီး တစ်ချို့သာ ထွက်ပြေးလွတ်မြောက်ရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည်။
စစ်ကောင်စီတပ်မှ စစ်အင်အားအလုံးအရင်းဖြင့် လက်နက်ကြီးများ တပ်ဆင်မှုကြောင့် ဒေသခံတို့၏ လုံခြုံရေးကို ခြိမ်းခြောက်နေပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် အခြေအနေ ပိုမိုဆိုး၀ါးလာမည်ကို ဒေသခံများကြား စိုးရိမ်မှုများ မြင့်တက်နေသည်။
ကချင်ပြည်နယ်
စစ်ကောင်စီ၏ မတရားဖမ်းဆီးချုပ်နှောင်ခြင်းခံရသည် မြစ်ကြီးနားအခြေစိုက် သတင်းထောက်များ ပြန်လည်လွတ်မြောက်လာခဲ့သည်။ ၎င်းတို့သည် ယခုနှစ်အစောပိုင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသည့် သတင်းများကို ဖော်ပြခဲ့သောကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ကချင်သတင်းဌာန၏ အဆိုအရ မြစ်ကြီးနား သတင်းဂျာနယ်သတင်းထောက် Aje နှင့် Christopher တို့ကို ဧပြီလ ၁၃ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ဧပြီလ ၁၄ ရက်နေ့တွင် မမျိုးမြတ်ပန်ကို ဖမ်းဆီးခဲ့သည်။ 74 Media မှ Chan Bu နှင့် Kachin Waves La Raw တို့ကို မတ်လ 29 ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။
ကချင်ပြည်နယ်တွင် ရပ်ရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် ပရမ်းပတာ ပစ်ခတ်ခြင်း အပါ၀င် ရက်စက်ကြမ်းကြုတ်သော ထိုးစစ်ဆင်တိုက်ပွဲများကို အကြမ်းဖက် စစ်ကောင်စီတပ်များ ဆက်လက်လုပ်ဆောင်နေသည်။
ဖမ်းဆီးခံထားရသည့် ကိုဂျင်မီ မင်္ဂလာဒုံ စစ်ဆေးရုံ၌ အရေးပေါ်ကုသမှု ခံနေရ
စစ်ကောင်စီက ဖမ်းဆီးထားသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီ (ခေါ်) ဦးကျော်မင်းယုသည် မင်္ဂလာဒုံ စစ်ဆေးရုံတွင် အရေးပေါ်ကုသမှု ခံယူနေရဆဲဖြစ်ပြီး စိုးရိမ်ရသည့် အခြေအနေရှိကြောင်းသိရသည်။
အောက်တိုဘာလ ၂၃ ရက် ည ၉ နာရီခန့်က ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်ရှိ နေအိမ်တလုံးတွင် ကိုဂျင်မီကို စစ်ကောင်စီ က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ ဖမ်ဆီးမှုတွင် ကိုဂျင်မီ၏ ဦးခေါင်းထိခိုက်သွားကာ အသက် အန္တရာယ် စိုးရိမ်ရသည့်အခြေအနေမျိုးဖြစ်ကြောင်း၊ ထိခိုက်ခဲ့ရသည့် အသေးစိတ်ဖြစ်စဉ်ကိုမူ မသိရှိရသေးကြောင်းနှင့် နောက်ဆက်တွဲ အခြေအနေများနှင့် ပတ်သက်ပြီး စစ်ကောင်စီတွင် တာဝန်ရှိပြီး တာဝန်ယူရမည်ဖြစ်ကြောင်း ကိုဂျင်မီ၏ ဇနီး မနီလာသိန်းက ဆိုသည်။
“နောက်ဆုံးအခြေအနေကတော့ မင်္ဂလာဒုံ စစ်ဆေးရုံမှာ ရှိတယ်ကြားတယ်။ စိုးရိမ်ရတဲ့ အနေအထားတော့ ရှိတယ်၊ ဖမ်း တုန်းက အိမ်တံခါးတွေကို ဖျက်ပြီး အလုံးအရင်းနဲ့ ဝင်တာ၊ သား ၂ ယောက်ကတော့ လွတ်သွားတယ်။ ကိုဂျင်မီ ဖမ်းခံရတဲ့ ၂၃ ရက် ည ၉ နာရီ နောက်ပိုင်း အခြေအနေက စပြီးတော့ ဖြစ်လာတဲ့ အကြောင်းတရားတွေ အားလုံး စစ်ကောင်စီမှာ တာဝန်အများကြီးရှိတယ်။ အခုဆိုရင် သူ့ရဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားလို့ ကြားရတယ်။ ဖြစ်ပေါ်လာတဲ့ တခုချင်း တခုချင်းစီတိုင်းက စစ်ကောင်စီမှာ တာဝန်ရှိတယ်။ သူတို့ တာဝန်ယူရမယ်” ဟု ၎င်းက ပြောသည်။
ကိုဂျင်မီ တဦးတည်း ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပြီး၊ စစ်ကောင်စီအနေဖြင့် ကိုဂျင်မီ ဖမ်းဆီးခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကြေညာပြောဆိုလာခြင်း မရှိသေးပေ။
ကိုဂျင်မီသည် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်ဟောင်းလည်းဖြစ်ပြီး ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း တည်ထောင်သူတဦးဖြစ်ကာ ဒီမိုကရေစီအရေး နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့် အတွက် နှစ်ရှည်ထောင် ဒဏ်ကျခဲ့သူ တဦးလည်း ဖြစ်သည်။
ထို့ပြင် စစ်တပ်အာဏာသိမ်းသည့် အချိန်ကစပြီး အာဏာသိမ်း ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်သည့်အတွက် စစ်ကောင်စီက ပုဒ်မ ၅၀၅ (ခ) တပ်ကာ ဖမ်းဝရမ်းထုတ်ခံရထားရသူလည်း ဖြစ်သည်။
Irrawaddy News
ဟုမ္မလင်းမြို့တွင် CDM ကျောင်းဆရာမ ပစ်သတ်ခံရ
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှ ဒလန်ဟု သတင်းကြီးသူ လုပ်ကြံခံရသည့်နေ့တွင် သေနတ်သမား ၃ ဦးက ဆန္ဒပြခေါင်းဆောင်တစ်ဦး၏ နေအိမ်သို့ သွားရောက်ပြီး ပစ်ခတ်ခဲ့သည်။
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ ဆန္ဒပြပွဲဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုကျော်ဝင်းစိန်က သူ၏ နေအိမ်ကို ယမန်နေ့ (အောက်တိုဘာ ၂၄) ညနေပိုင်းတွင် သေနတ်သမား ၃ ဦး ရောက်လာပြီး ပစ်ခတ်ရာ မရီးဖြစ်သူ ကျောင်းဆရာမ သေဆုံးသွားသည်ဟု ပြောသည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူ အသက် ၃၀ ဝန်းကျင် ဆရာမ ဒေါ်မေနှင်းအေးမှာ ဝရန်တာ၌ ထိုင်နေစဉ် ခြေထောက်၊ လက်နှင့် ရင်ဘတ်တို့တွင် ကျည်ထိမှန်သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါနေအိမ်တွင် မိဘနှစ်ဦး၊ အစ်ကိုဖြစ်သူတို့လင်မယားနှင့် ၎င်းတို့၏ တစ်နှစ်အရွယ် သားငယ်တစ်ဦးတို့ နေထိုင်ကြခြင်း ဖြစ်သည်။
ညနေ ၆ နာရီခွဲခန့်က အဖြူရောင်ကားဖြင့် ရောက်လာသော အမျိုးသား ၃ ဦးက အဆက်မပြတ်ပစ်ခတ်ပြီး အိမ်ထဲသို့ ဝင်လာကာ ထွက်ပြေးသူများကို လိုက်လံပစ်ခတ်ခဲ့သေးသည်ဟု သိရကြောင်း ကိုကျော်ဝင်းစိန်က ပြောသည်။
လာရောက်ပစ်ခတ်သူများသည် သေနတ်ကို စနစ်တကျပစ်ခတ်ခဲ့သည်ဟု ကြားသိရပြီး အရပ်ဝတ်စစ်သားများဖြစ်နိုင်သည်ဟု ၎င်းက ယူဆနေသည်။
“အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဟုမ္မလင်းမြို့ပေါ်က ဆန္ဒပြမှုတွေမှာ ကျွန်တော့်ကို ဦးဆောင်သူတစ်ယောက်အနေနဲ့ သူတို့က သိထားကြတာ၊ ဒီဖြစ်စဉ်မတိုင်ခင်ကလည်း မိသားစုအပေါ်မှာ ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တယ်။ မိသားစုပိုင် စီးပွားရေးဖြစ်တဲ့ ဈေးဆိုင်ကိုလည်း မီးရှို့တာတွေ ရှိခဲ့တယ်။ အခုလည်း အဲ့ဒီအတွက်ကြောင့် အခုလိုလုပ်တယ်လို့ ထင်တယ်”ဟု ၎င်းက ပြောသည်။
တိမ်းရှောင်နေသည့် ကိုကျော်ဝင်းစိန်သည် ၎င်းတို့နှင့် မသက်ဆိုင်တော့ကြောင်း၊ အမွေပြတ်စွန့်လွှတ်ကြောင်း သြဂုတ်လတွင် မိဘများက ကြေညာခဲ့သည်။
သို့သော်လည်း မိသားစုမှာ ခြိမ်းခြောက်မှုများကို ဆက်လက်ကြုံတွေ့နေရပြီး၊ ဟုမ္မလင်းဈေးအတွင်းရှိ မိသားစုပိုင် ဈေးဆိုင်လည်း အောက်တိုဘာ ၁၈ တွင် မီးရှို့ခံခဲ့ရသည်။
ယမန်နေ့ (အောက်တိုဘာ ၂၄) မနက်တွင် ဟုမ္မလင်းမြို့၌ စစ်တပ်သတင်းပေးဟု စွပ်စွဲခံရသူ မောင်မော့ ပစ်ခတ်လုပ်ကြံခံရပြီးနောက် ညနေပိုင်းတွင် ကိုကျော်ဝင်းစိန်၏ မိသားစုနေအိမ်ကို သေနတ်သမားတို့က ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်သည်။
“အဲ့ဒီသတင်းပေးဒလန် ပစ်ခံရတာနဲ့ ပတ်သက်ပြီး ကျွန်တော့်မိသားစုကို မဲတယ်လို့ ထင်ပါတယ်။ ခက်တာက ကျွန်တော်က အဲ့ဒီလူကို သိလည်းမသိဘူး။ လူမှုကွန်ရက်မှာ ဒလန်ဆိုပြီး ပြန့်နေနေတဲ့ဓာတ်ပုံ မြင်ဖူးတာပဲ ရှိတယ်။ အိမ်ကလည်း ကျွန်တော်နဲ့ မပတ်သက်တော့တဲ့ကြားထဲက အခုလို ယုတ်မာတာက စစ်ကောင်စီရဲ့ လူမဆန်မှုကို ပိုမြင်ရတာပါပဲ ” ဟု ကိုကျော်ဝင်းစိန်က ဆိုသည်။
ယမန်နေ့ ပစ်ခတ်မှုများနှင့် ပတ်သက်ပြီး ဟုမ္မလင်းမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းသော်လည်း တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက ဖြေဆိုရန် ငြင်းဆန်သည်။
လက်ရှိအချိန်တွင် စစ်ကိုင်းတိုင်းအတွင်းရှိ တန့်ဆည်၊ ရေဦး၊ ကနီ၊ ထီးချိုင့်၊ ကသာတို့ကဲ့သို့သော ဒေသများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီကို လက်နက်ကိုင်ခုခံနေသည့်အတွက် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်။
ဟုမ္မလင်းသည် မြို့ဧရိယာကျဉ်းမြောင်းသော်လည်း မြို့ပေါ်နှင့် မြို့ပတ်လည်တွင် ခလရ တပ်ရင်း ၂၂၂၊ ခမရ တပ်ရင်း ၃၆၉၊ ၃၇၀၊ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်တို့ အခြေစိုက်ထားသည့်မြို့ဖြစ်သည်။
Myanmar Now News