ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

သတင်းစာဆရာ ဦးဟံသာညိန်းနဲ့ ဒါရိုက်တာစတီးတို့ ပြန်လွတ်လာ
ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ကမာရွတ်မီဒီယာပူးတွဲတည်ထောင်သူ အယ်ဒီတာချုပ် ဦးဟံသာညိန်းနဲ့ ဒါရိုက်တာစတီးတို့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်အမိန့်နဲ့ ဧပြီလ ၁၇ ရက် ဒီနေ့ ပြန်လွတ်လာကြတယ်လို့ သူ့ရဲ့မိတ်ဆွေတွေကပြောပါတယ်။
ပြန်လွတ်လာတဲ့ ဦးဟံသာညိန်းဟာ ကျန်းကျန်းမာမာရှိနေတယ်လို့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ဦးနေသန်မောင်က RFA ကိုပြောပါတယ်။
“လေးနှစ်ကျော်လောက် စောင့်ခဲ့ရတာဆိုတော့ ကျွန်တော်တို့လည်း ဝမ်းသာတာပေါ့ဗျာ။ သူကျန်းကျန်းမာမာ ရှိပါတယ်ဗျ”
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့က ရန်ကုန်မြို့က ကမာရွတ်မီဒီယာရုံးခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် ဦးဟံသာညိန်းဟာ ဦးနေသန်မောင်အတူ ဖမ်းဆီးခံခဲ့ရတာပါ။
အမေရိကန်နိုင်ငံသားခံယူထားတဲ့ ကမာရွတ်မီဒီယာတည်ထောင်သူ ဦးနေသန်မောင်ကို ၂၀၂၁ ခုနှစ် ဇွန်လမှာ စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပေမယ့် ဦးဟံသာညိန်းကိုတော့ ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့က ထောင်နှစ်နှစ်၊ ၂၀၂၂ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ နောက်ထပ်ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့တာပါ။
အလားတူ ဒါရိုက်တာစတီးဟာလည်း ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ သတင်းတွေကိုမျှဝေမှုနဲ့ ပြီးခဲ့တဲ့ ၂၀၂၃ မတ်လ ၂၀ ရက်နေ့ကတည်းက အဖမ်းခံခဲ့ရတာပါ။ ဒီနေ့မှာတော့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်အမိန့်နဲ့အတူ ပြန်လည်လွတ်မြောက်လာပြီလို့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေက ဖေ့စ်ဘွတ်လူမှုကွန်ရက်တွေကနေတစ်ဆင့် ရုပ်သံဗီဒီယိုတွေနဲ့ အသိပေးထားပါတယ်။
စစ်ကောင်စီက ဧပြီလ ၁၇ ရက်နေ့မှာကျရောက်တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ နိုင်ငံတစ်ဝန်းအကျဉ်းထောင်တွေက အကျဉ်းသူ၊ အကျဉ်းသား ၄၈၉၃ ဦးကို နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်ရင် လက်ရှိကျန်ရှိနေတဲ့ ပြစ်မှုတွေအတွက်ပါ တပါတည်းထပ်မံကျခံရမယ်ဆိုတဲ့ခံဝန်ကတိနဲ့ လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း ကြေညာထားပါတယ်။
RFA Burmese
အင်းတော်တိုက်ပွဲက ဖမ်းမိ စစ်သုံ့ပန်းတွေကို စစ်ဆေး အရေးယူမယ်လို့ NUG ထုတ်ပြန်
စစ်ကိုင်းတိုင်း အင်းတော်မြို့ သိမ်းတိုက်ပွဲအတွင်း စခန့်စွန့်လွှတ် ဆုတ်ခွာထွက်ပြေးသွားတဲ့ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦး ကို ဖမ်းမိခဲ့ကြောင်း၊ သူ နဲ့ အတူ တပ်သားတွေကို စစ်ဆေးနေပြီး အရေးယူမှုတွေ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။
လက်ရှိအချိန်မှာ ဖမ်းဆီးရမိထားတဲ့သူတွေကို စစ်သုံ့ပန်းဆိုင်ရာ မူဝါဒနဲ့အညီ ထိန်းသိမ်းထားပြီး စစ်ဆေးနေကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က ဟောင်ဝစ်ဇာ (၂) လက်၊ ၁၂၀ မမ (၂) လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ် နဲ့ ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းပိုက် ရရှိခဲ့တယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ထုတ်ပြန်ပါတယ်။
အင်းတော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ် ဩဂုတ်ကလ စတင်တိုက်ခဲ့တာဖြစ်ပြီး (၈) လကျော်ကြာပြီးနောက် ဧပြီလ ၇ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
ဒီစစ်ဆင်ရေးကို NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ကျောင်းသားတပ်မတော် ABSDF တပ်ရင်း ၁၁၊ ၁၄ နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ အထူးစစ်ကြောင်းအပါအဝင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ရင်း တပ်ဖွဲ့တွေ ဒရုန်းတပ်ဖွဲ့တွေ နဲ့ ကွန်မန်ဒိုတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
RFA Burmese
ငလျင်ဒဏ်ခံနေရချိန် စစ်တပ်က ဗုံးကြဲမှု လုံးဝ လက်ခံနိုင်စရာမရှိဟု ကုလကိုယ်စားလှယ်ပြော
မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ အရေအတွက် ၁,၆၀၀ ကျော်လာချိန်မှာ စစ်ကောင်စီတပ်က နိုင်ငံအနှံ့ လေကြောင်းကနေ ဗုံးဆက်ကြဲနေတာဟာ “လုံးဝ တရားလွန်တဲ့ကိစ္စ၊ လက်ခံနိုင်စရာမရှိတဲ့ကိစ္စ” ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ဝေဖန်လိုက်ပါတယ်။
ငလျင်ကြီးလှုပ်ပြီးတဲ့နောက် ပြည်သူတွေကိုကယ်ဖို့ ကြိုးစားရမယ့်အချိန်မှာ စစ်တပ်က ဗုံးတွေ ကြဲနေတာဟာ အင်မတန်ကို အံ့အားသင့်စရာကောင်းတယ်လို့ တွမ်အန်ဒရူးစ်က BBC သတင်းဌာန ကို ပြောပါတယ်။ စစ်တပ်အနေနဲ့ စစ်ဆင်ရေးအားလုံးကို ရပ်ဆိုင်းဖို့လည်း တောင်းဆိုလိုက်ပါတယ်။
“စစ်တပ်အပေါ် ဩဇာရှိတဲ့ ဘယ်သူမဆို ဖိအားပေးပြီး ဒါဟာ လက်ခံနိုင်စရာမရှိကြောင်း ရှင်းအောင်ပြောဖို့ လိုတယ်” လို့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ပြောဆိုလိုက်ပြီး “စစ်ကောင်စီအနေနဲ့ စစ်ဆင်ရေးအားလုံး ရပ်လိုက်ဖို့ ကျနော်တောင်းဆိုပါတယ်” လို့ ဖြည့်စွက်ပြောပါတယ်။
ငလျင်ကြီးလှုပ်ပြီး ၃ နာရီဝန်းကျင်ပဲ ကြာသေးတဲ့ ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲမှာ စစ်တပ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူ ၇ ယောက် သေဆုံးတယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရကတော့ ခုခံကာကွယ်စစ်ကလွဲလို့ ထိုးစစ်အားလုံးကို မတ် ၃၀ ရက်ကစပြီး နှစ်ပတ်ကြာ ရပ်နားထားမယ်လို့ ကြေညာထားပါတယ်။
DVB
သတင်းထုတ်ပြန်ကြေညာချက် – မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့် သက်ရှင်ကျန်ရစ်သူများနှင့် ထိခိုက်ခံစားရသည့် လူထုများအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအတွက် အရပ်ဘက်လူထုအဖွဲ့အစည်းများတောင်းဆို
၂၀၂၅ ခုနှစ်၊ မတ်လ၊ ၃၀ ရက်နေ့
သတင်းထုတ်ပြန်ကြေညာချက်
မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့် သက်ရှင်ကျန်ရစ်သူများနှင့် ထိခိုက်ခံစားရသည့် လူထုများအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအတွက် အရပ်ဘက်လူထုအဖွဲ့အစည်းများတောင်းဆို
အကူအညီပေးရေးအဖွဲ့အစည်းများအနေဖြင့် ကယ်ဆယ်ရေးအကူအညီများကို စစ်အုပ်စု၏ အမြတ်ထုတ်မှု မရှိစေရေး သေချာစွာ လုပ်ဆောင်ရမည်
၂၀၂၅ ခုနှစ်၊ မတ်လ၊ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ငလျင်ကြောင့် ပျက်ဆီးဆုံးရှုံးမှု ကြီးမားစွာ ကြုံတွေ့ခံစားနေရသော ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတဝှမ်း ပြည်သူလူထုများအတွက် အလွန်ပင်ဝမ်းနည်း ကြေကွဲရပါကြောင်း အောက်တွင်လက်မှတ်ရေးထိုးထားသော မိမိတို့ မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အရပ်ဘက်လူထုအဖွဲ့အစည်း ၂၆၅ ဖွဲ့တို့မှ ထုတ်ဖော်ပြသအပ်ပါသည်။ မြန်မာနိုင်ငံတွင် စစ်အုပ်စုမှ မြန်မာပြည်သူများအပေါ် အကြမ်းဖက်လုပ်ဆောင်မှုများ မြင့်တက်လာနေချိန်တွင် နောက်ထပ်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတစ်ခုကို ရင်ဆိုင်နေရခြင်းဖြစ်ရာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အရင်းအမြစ်များကို ချက်ခြင်းစုစည်းပြီး ငလျင်လှုပ်ခတ်မှု၏ဒဏ်ကြောင့် ထိခိုက်ခံစားရသော အသက်ရှင်ကျန်ရစ်သူများနှင့် လူမှုအသိုင်းအဝိုင်းများထံသို့ အရေးပေါ်အကူအညီများ တိုက်ရိုက်ပေးပို့ရမည်။ ထိုသို့လုပ်ဆောင်ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government – NUG)၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ (Ethnic Resistance Organizations – EROs)၊ အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ဒေသခံလူထုအခြေပြု အဖွဲ့အစည်းများ နှင့် မြေပြင်ရှိကယ်ဆယ်ရေးလုပ်ဆောင်နေသူများမှတစ်ဆင့် ပေးပို့လုပ်ဆောင်ရမည်။ ထို့အပြင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေး ကြိုးပမ်းလုပ်ဆောင်မှုများသည် မည်သည့်မိတ်ဖက်အဖွဲ့များ မှတစ်ဆင့် လုပ်ဆောင်သည်ဖြစ်စေ စစ်အုပ်စုမှ ၎င်း၏နိုင်ငံရေးနှင့် စစ်ရေးအရ အမြတ်ထုတ်ရန်အတွက် ခေါင်းပုံဖြတ်ခြင်း၊ ခြယ်လှယ်ခြင်း သို့မဟုတ် လက်နက်သဖွယ်အသုံးချခြင်းများ မရှိစေရေး သေချာစွာ ဆောင်ရွက်ရန် မိမိတို့မှ အလေးပေးတိုက်တွန်းလိုက်သည်။
ပြင်းအား ၇.၇ ရှိပြီး ဆယ်စုနှစ်ခုနှစ်ခုနီးပါးအတွင်း ဒေသတွင်း၌ဖြစ်ပေါ်သော အဆိုးရွားဆုံး ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့သည့် သောကြာနေ့က လှုပ်ခတ်သွားခဲ့သောငလျင်သည် လူပေါင်း ၂,၅၀၀ ကျော်သေဆုံး[1]စေခဲ့ပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူမှုအသိုင်းအဝိုင်းများအတွက် များစွားသော ပျက်စီးဆုံးရှုံးမှု များကို ဖြစ်ပေါ်စေခဲ့သည့်အပြင် နေအိမ်များနှင့် ဘာသာရေးဆိုင်ရာအဆောက်အအုံများ ပျက်စီးသွားခဲ့ပြီး သောင်းနှင့်ချီသော လူ့အသက်များကိုလည်း ဘေးအန္တရာယ်ကျရောက်စေခဲ့သည်။ လမ်းများနှင့် တံတားများ ပြိုပျက်ကာ ဆေးရုံများသည်လည်း ပြည့်လျှံနေသည်သာမက နောက်ဆက်တွဲလှုပ်ခတ်မှုများကြောင့် ပျက်စီးမှုများ ထပ်မံဖြစ်လာနိုင်မည်ကို စိုးရိမ်နေကြရသဖြင့် ချက်ချင်းနှင့် ပိတ်ပင်တားဆီးမှုမရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အရေးတကြီး လိုအပ်နေလျက်ရှိသည်။ ငလျင်ဒဏ်ခံရသော ဒေသများထဲတွင် စစ်ကိုင်း၊ မန္တလေး၊ မကွေးနှင့် ပဲခူး တိုင်းဒေသကြီးများ၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့်တောင်ပိုင်းနှင့် နေပြည်တော် တို့ပါဝင်သည်။ ယင်းဒေသအများစုမှာ NUG၊ EROs နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်မှုနှင့် အုပ်ချုပ်မှုအောက်တွင် ရှိသည်။ စစ်အုပ်စုသည် ငလျင်ဒဏ် သင့်ထားသည့် ၎င်းထိန်းချုပ်ထားသောဒေသ၌ဖြစ်စေ၊ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသ၌ဖြစ်စေ ၎င်းကိုဆန့်ကျင်တော်လှန်သည့် အစုအဖွဲ့များအား တိုက်ခိုက်ရန်နှင့် လွှမ်းမိုးအုပ်စိုးရန်အတွက် နိုင်ငံတကာအကူအညီများကို လက်နက်သဖွယ်အသုံးချရန် ကြိုးပမ်းလိမ့်မည်။ စစ်အုပ်စုလမ်းကြောင်းများ မှတစ်ဆင့် အကူအညီများ ပေးအပ်ခြင်း၏ အန္တရာယ်ရှိမှုကို မြန်မာနိုင်ငံ၏ သမိုင်းက ပြင်းထန်သော သတိများ ပေးထားပြီးဖြစ်သည်။
၂၀၀၈ ခုနှစ် ဆိုင်ကလုံးနာဂစ်ဖြစ်စဉ်တွင် ထိုစဥ်ကစစ်အာဏာရှင်သည် ၎င်းရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် အတုအယောင် လူထုဆန္ဒခံယူပွဲ၏ ရလဒ်ကို ခြယ်လှယ်ရန်အလို့ငှါ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာကယ်ဆယ်ရေး ကြိုးပမ်းမှုများကို လက်နက်သဖွယ် အသုံးပြုခဲ့သည်။ နိုင်ငံအတွင်းသို့ နိုင်ငံတကာ အကူအညီများ ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားခဲ့ပြီး အကူအညီများ အလွန်အမင်းလိုအပ်နေသည့် အသက်ရှင်ကျန်ရစ်သူများကို အကူအညီမပေးဘဲ စစ်တပ်ကရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေအား ထောက်ခံမဲများ ပေးမှသာလျှင် အကူအညီများကိုပေးမည်ဟု လုပ်ဆောင်ခဲ့ပြီး ၎င်း၏ထိန်းချုပ်မှုနှင့် နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်ပိုင်ခွင့်ကို အာမခံမှုရှိစေရန်အတွက် လူထုတို့၏ဆန္ဒမဲများကို အကူအညီများ နှင့် အတင်းအကျပ် အလဲအလှယ် လုပ်စေခဲ့သည်။ လိုအပ်သူများထံ အကူအညီများ ပေးပို့ရန် ကြိုးပမ်းခဲ့ကြသည့် ဒေသခံစေတနာ့ဝန်ထမ်းများနှင့် ဒီမိုကရေစီအရေးလှုပ်ရှားသူ အများအပြားကိုလည်း ထိုစဥ်စစ်အာဏာရှင်က ဖမ်းဆီးထောင်ချခဲ့သည်။ ထိုကဲ့သို့ မရှိမဖြစ်သော အခြေခံအကူအညီများကို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းစေခဲ့ခြင်းကြောင့် အရပ်သားကို အစုအပြုံလိုက် ထိခိုက်သေဆုံးမှုများ ဖြစ်ပွားစေခဲ့သည်။ နောက်ပိုင်း မြန်မာနိုင်ငံအတွင်းသို့ အကူအညီများ ဝင်ရောက်ခွင့် ပြုလိုက်သည့် အချိန်တွင်လည်း စစ်အာဏာရှင်နှင့် ၎င်း၏အရာရှိများသည် စစ်အာဏာရှင်နှင့်ဆက်စပ်သော မဲဆန္ဒ နယ်များကို အကျိုးအမြတ်ဖြစ်စေသည့်ကိစ္စများ အပါအဝင် ၎င်းတို့၏ပုဂ္ဂိုလ်ရေးနှင့် နိုင်ငံရေး အကျိုးအမြတ် အတွက် လှည့်ပြောင်းအလွဲသုံးစားခဲ့ကြသည်။ ဤသည်မှာ နိုင်ငံရေးအာဏာ တည်ဆောက်ရန်နှင့် ပုဂ္ဂိုလ်ရေး အကျိုးအမြတ်အတွက် မြန်မာလူထုများ၏ နာကျင်ခံစားမှုများကို ရက်စက်ကြမ်းကြုတ်စွာ ခြယ်လှယ် အမြတ်ထုတ်ခဲ့သော မြန်မာစစ်တပ်၏ လုပ်ရပ်ဥပမာတစ်ခု ဖြစ်သည်။
မြန်မာစစ်တပ်၏ အကူအညီများအပေါ် အမြတ်ထုတ်မှုသည် ယနေ့အချိန်ထိ ဆက်လက်တည်ရှိနေပြီး၊ ယင်းကို မကြာသေးခင်က ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်များဖြစ်သော ၂၀၂၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဆိုင်ကလုန်းမိုခါ၊ ၂၀၂၄ ခုနှစ်တွင်ဖြစ်ခဲ့သည့် တိုင်ဖုန်းယာဂီ၊ နှင့် ၎င်းတို့မှ နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများအပေါ် ဆက်လက်ကျူးလွန်နေသည့် လူမျိုးသုဥ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်ကို ဆန့်ကျင်သည့်ရာဇဝတ်မှုများအပေါ် တုံ့ပြန်သည့် ကယ်ဆယ်ရေးကြိုးပမ်းမှုများအပေါ် စစ်အုပ်စု၏ ပိတ်ဆို့မှုများနှင့် အမြတ်ထုတ်ခြယ်လှယ်မှုတို့က သက်သေအဖြစ်ရှိနေသည်။ သောကြာနေ့ ငလျင်လှုပ်ခတ် ပြီးချိန်၌ပင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် တရားဝင်မှုမရှိဘဲ ၎င်းကကြေညာ ထားသော ဒေသများထဲမှ စစ်ကိုင်းတိုင်းဒေသကြီးရှိ ချောင်းဦးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးရှိ ဖြူးမြို့နယ်၊ နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချိုမြို့နယ်ရှိ အရပ်သားနေရာများကို အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ယခုလ၏အစောပိုင်းတွင် မန္တလေးတွင်ရှိသော ဆေးရုံခုနှစ်ခုအား အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု၌ ပါဝင်သော ဆေးဘက်ဆိုင်ရာပညာရှင်များကို ခန့်အပ်သည်ဆိုသည့်စွပ်စွဲချက်ဖြင့် ပိတ်ပစ်ခဲ့သောကြောင့် လွန်စွာအကန့်အသတ်ရှိခဲ့သည့် ကျန်းမာရေးစောင့်ရှောက်မှုသည် ယခုအခါတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားခဲ့ပြီး ဖြစ်သည်။ နောက်ထပ်သော နောက်ခံအခြေအနေတစ်ခုမှာ စစ်အုပ်စုသည် နှစ်ရှည်လများ အင်တာနက်နှင့် ဖုန်းလိုင်းများကို ဖြတ်တောက်ထားသည့်အပြင် VPN သုံးစွဲမှုကိုလည်း ပြင်းထန်စွာ လိုက်လံပိတ်ဆို့နေသဖြင့် မြန်မာနိုင်ငံရှိ ဆိုးရွားပြင်းထန်သော ပျက်စီးဆုံးရှုံးမှုများဆိုင်ရာ သတင်းအချက်အလက်များ စီးဆင်းမှုကို ဟန့်တားနေပြီး အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ကြိုးပမ်းမှုများ ကိုလည်း သိသာစွာနှောင့်နှေးစေသည်။ ဤကြီးမားကျယ်ပြန့်သည့် မြေငလျင်ဒဏ်ကြောင့် ပျက်စီး ဆုံးရှုံးမှုများ ရှိနေသည့်အချိန်၌ပင်လျှင် လူ့အသက်များအပေါ် စာနာစိတ်ကင်းမဲ့သည့် ၎င်း၏လုပ်ရပ်နှင့် ယင်းထက်ပို၍ အရေးကြီးသည့်အချက်မှာ မည်သည့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုကိုမဆို ခေါင်းပုံဖြတ်အမြတ်ထုတ်လိုသည့် ၎င်း၏စိတ်ဆန္ဒက စစ်အုပ်စုသည် အကူအညီများကို ကြီးကြပ်ရန် သင့်လျှော်မှု မရှိသည်ကို မီးမောင်းထိုးဖော်ပြနေသည်။
ဤအရေးကြီးသောအချိန်တွင် ယနေ့မှစတင်အသက်ဝင်မည့် ငလျင်ဒဏ်သင့်နေရာများ၌ စစ်ရေးဆိုင်ရာထိုးစစ်ဆင်မှုများ နှစ်ပတ်ရပ်ဆိုင်းထားမည်ဆိုသည့် NUG ၏ ထုတ်ပြန်ကြေညာမှုကို မိမိတို့မှ ကြိုဆိုသည်။ သို့သော်တစ်ဘက်တွင် စစ်အုပ်စုသည် ငလျင်ဒဏ်သင့်ဒေသများဖြစ်သော မကွေးတိုင်း ဒေသကြီးရှိ ပေါက်မြို့နယ်၌ ယခုမနက်၌ပင် ဗုံးများဆက်လက်ကြဲချနေခဲ့သည်။ စစ်အုပ်စုဘက်မှလည်း တိုက်ခိုက်မှုများ အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်စေရေးနှင့်အတူ စစ်ရေးဆိုင်ရာ တိုက်ခိုက်မှုများအားလုံး ရပ်တန့်လာစေရေး သေချာစေရန် ကုလသမဂ္ဂနှင့် အာဆီယံတို့၏ ကူညီဆောင်ရွက်မှုကို မိမိတို့မှ စောင့်မျှော်နေပါသည်။
ပျက်ဆီးဆုံးရှုံးမှုများကြား၌ပင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူလူထုများက တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ရိုင်းပင်းကူညီပံ့ပိုးနေလျက်ရှိရာ ကုလသမဂ္ဂအေဂျင်စီများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အာဆီယံ၏ ပူးပေါင်းဆောင်ရွက်ရေးစင်တာ၊ အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တခြားနိုင်ငံတကာအသိုင်းအဝိုင်းတို့အနေဖြင် မြန်မာနိုင်ငံ၏ တရားဝင် သက်ဆိုင်သူများဖြစ်ကြသော NUG နှင့် EROs အပြင် အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် တိုက်ရိုက် ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် စစ်အုပ်စုမှ အကူအညီများကို ပိတ်ပင်ခြင်း၊ ခြယ်လှယ်ခြင်း သို့မဟုတ် လက်နက်သဖွယ်အသုံးပြုခြင်းတို့ မရှိစေရေး သေချာစွာ လုပ်ဆောင်ရမည်။ အကူအညီများကို ငလျင်ဒဏ်မှ ရှင်သန်ကျန်ရစ်သူများနှင့် ထိခိုက်ခံစားရသော ပြည်သူလူထုများထံ နှောင့်နှေးကြန့်ကြာမှု မရှိစေဘဲ အမြန်ဆုံး ရောက်ရှိစေရန်အတွက် ထိရောက်မှုရှိသည်ဟု သက်သေသာဓကများက ဖော်ပြပြီးသော နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှတစ်ဆင့် ပေးပို့ရမည် ဖြစ်သည်။ ငလျင်လှုပ်ခတ်ပြီးနောက် NUG မှ အရေးပေါ်လုပ်ငန်း ညှိနှိုင်းရေးကော်မတီများ လျင်မြန်စွာအသက်သွင်းနိုင်ခြင်းသည် တိုင်းရင်းသားများ၊ လူထုအသိုင်းအဝိုင်းအား ဦးဆောင်သော မိတ်ဖက်များနှင့်ပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများကို ဦးဆောင်ရန် ၎င်း၏အဆင်သင့် ဖြစ်မှုနှင့် စွမ်းဆောင်ရည်ကို ဖော်ပြနေသည်။ ငလျင်ဒဏ်သင့် လူထုများအတွက် မရှိမဖြစ်လိုအပ်သော အကူအညီများ ပေးနေပြီဖြစ်သော NUG နှင့် မြန်မာ့ငလျင်တုံ့ပြန်ရေးပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အပါအဝင် အထူးသဖြင့် လူထုရန်ပုံငွေများမှတစ်ဆင့် လျင်မြန်ထိရောက်သော ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်မှုများကို မိမိတို့မှ ချီးမွမ်းသည်။
နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် ထောက်ပံ့ရေးအေဂျင်စီများအား မိမိတို့မှ ထပ်မံသတိပေး လိုသည်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများသည် လူသားဆန်မှု၊ ဘက်မလိုက်မှု၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အမှီအခိုကင်းမှု၊ နှင့် မည်သူမျှထိခိုက်နစ်နာမှုမရှိစေရေး အခြေခံမူများနှင့် ကိုက်ညီရမည်ဖြစ်သည်။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာပြည်တွင်းအလုပ်အဖွဲ့သည် လုပ်ငန်းများ လုပ်ဆောင်ရာတွင် အဆိုပါအခြေခံမူများကို အပြည့်အဝ လိုက်နာရမည်ဖြစ်ပြီး စစ်အုပ်စုနှင့် ယခင်စစ်အာဏာရှင်လက်ထက်များတွင် အကူအညီပေးရေးဆိုင်ရာ ထိတွေ့လုပ်ဆောင်မှုများနှင့် အကူအညီ ပေးအပ်ခြင်းများမှ ရရှိခဲ့သည့် သင်ခန်းစာများကို အမှတ်ရလုပ်ဆောင်ရန် လိုအပ်သည်။ ယခုကပ်ဘေးဆိုး အပေါ် အရေးပေါ်တုံ့ပြန်မှုများ လုပ်ဆောင်ရာတွင် မြန်မာပြည်သူလူထု၏ အသက်၊ ဘေးကင်းလုံခြုံမှုနှင့် ကိုယ်စိတ်နှစ်ပါးဘေးကင်းလုံခြုံမှုများကို တန်ဖိုးထားလုပ်ဆောင်နေကြသည့် သက်ဆိုင်ရာအဖွဲ့အစည်းများ ဖြစ်သော အထူးသဖြင့် NUG၊ EROs နှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဦးစားပေးသော ချဥ်းကပ်မှုအပေါ် ဗဟိုပြုရမည်ဖြစ်ပြီး အကူအညီများဖြန့်ဝေရာတွင် စစ်အုပ်စု၏ ပိတ်ဆို့မှု သို့မဟုတ် အမြတ်ထုတ်မှုများမှ အင်တိုက်အားတိုက် ဝိုင်းဝန်းကာကွယ်ပေးကြရပါမည်။ ထိုသို့လုပ်ဆောင်ရန် ပျက်ကွက်ခြင်းသည် ရှိနှင့်ပြီးသား ရွားဆိုးလှသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေမည်ဖြစ်ပြီး လူသားတို့၏ အသက်များကို တက်ကြွစွာဖျက်ဆီးရန်အတွက် နာမည်ဆိုးဖြင့်ကျော်ကြားသော တရားမဝင်အဖွဲ့အစည်းဖြစ်သည့် စစ်အုပ်စုမှ နောက်ထပ်ချိုးဖောက်မှုများကို ထပ်မံကျူးလွန်စေရန် အာမခံပေးလိုက်သကဲ့သို့ ဖြစ်ပေမည်။
ကုလသမဂ္ဂ၊ အိမ်နီးချင်းနိုင်ငံများနှင့် တခြားနိုင်ငံတကာအသိုင်းအဝိုင်းတို့အနေဖြင့် သဘာဝ ဘေးအန္တရာယ်များ ကျရောက်သည့် အချိန်များတွင် အကူအညီများကို စစ်တပ်က ခြယ်လှယ်ခဲ့သည့် နာကျည်းဖွယ်သမိုင်းကို ပြန်လည်သတိရပြီး ဒဏ်သင့်ထားပြီး ထိခိုက်လွယ်သော ပြည်သူများကို ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရခြင်းနှင့် နောက်ထပ်ဒုက္ခခံစားရမှုများမှ ကာကွယ်ပေးရေး ပြတ်ပြတ်သားသား ဆောင်ရွက်ရန် မိမိတို့မှ တိုက်တွန်းတောင်းဆိုသည်။ မြန်မာပြည်သူများသည် ၎င်းတို့အပေါ် လက်နက်သဖွယ် အသုံးချခံရသည့် အကူအညီမျိုး မဟုတ်ဘဲ ၎င်းတို့၏ ဒုက္ခခံစားရမှုများကို လျော့နည်းသက်သာစေမည့် အကူအညီများနှင့် ထိုက်တန်သောသူများဖြစ်ကြသည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
ယခုသတင်းထုတ်ပြန်ကြေညာချက်ကို အမည်မဖော်ပြလိုသည့်အဖွဲ့အစည်း ၇ ဖွဲ့ အပါအဝင် အဖွဲ့အစည်းစုစုပေါင်း ၂၆၅ ဖွဲ့ တို့က လက်မှတ်ရေးထိုးထားသည်။
PDF ဖိုင်ကိုရယူရန် မြန်မာဘာသာ ၊ အင်္ဂလိပ်ဘာသာ။
ငလျင်ဒဏ်အတွက် အရေးပေါ်အကူအညီများ ပေးမည်ဟု ကုလ၊ အီးယူနှင့် INGO အချို့ ကြေညာ
မြန်မာနိုင်ငံတွင် ယမန်နေ့ (မတ်လ ၂၈ရက်) က ဖြစ်ပွားခဲ့သည့် ငလျင်ကြောင့် ထိခိုက်မှုများအတွက် အရေးပေါ်အကူအညီ ယူရို ၂.၅ သန်း ကနဦးပေးအပ်သွားမည်ဟု ဥရောပသမဂ္ဂ (EU) က ထုတ်ပြန်ကြေညာလိုက်သည်။
ယခုပေးအပ်မည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေရသူများကို အဓိကထားကာ ထိခိုက်မှုအများဆုံး ကြုံတွေ့နေရသည့် မြန်မာနိုင်ငံမှ ပြည်သူများ၏ အသက်ကို ကယ်တင်ရန်နှင့် အရေးကြီး လိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးရန် ရည်ရွယ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဥရောပသမဂ္ဂသည် Copernicus ဂြိုလ်တုဝန်ဆောင်မှုကို အသုံးပြုကာ ထိခိုက်မှုများကို အကဲဖြတ် လေ့လာလျက်ရှိသည်။
“ယခုဖြစ်ပွားခဲ့သည့် အင်အားပြင်း ငလျင်၏ နောက်ဆက်တွဲအကျိုးဆက်များကို ခံစားနေရသော မြန်မာနိုင်ငံနှင့် ဒေသတွင်းရှိ ပြည်သူများနှင့်အတူ ဥရောပသမဂ္ဂက စည်းလုံးညီညွတ်စွာ ရပ်တည်နေပါသည်။ ယခင်ဘေးအန္တရာယ်များကဲ့သို့ပင် လိုအပ်နေသူများကို ကူညီရန် ဥရောပသမဂ္ဂအနေဖြင့် အသင့်ရှိသည်။ ယခုပေးအပ်သည့် အရေးပေါ်အကူအညီသည် ငလျင်ဒဏ်ခံစားရသော ပြည်သူများအတွက် အလျင်အမြန်သက်သာရာရစေပြီး အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာတွင်လည်း အထောက်အကူဖြစ်စေပါလိမ့်မည်” ဟု ဥရောပသမဂ္ဂ၏ ‘တန်းတူညီမျှမှု၊ ကြိုတင်ပြင်ဆင်မှုနှင့် အကျပ်အတည်းစီမံခန့်ခွဲမှုဆိုင်ရာ’ကော်မရှင် အကြီးအကဲ ဟက်ဂျာ လာဘစ်က ပြောဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကော်မရှင်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်များနှင့်အတူ မြေပြင်ရှိ အခြေအနေနှင့် လိုအပ်ချက်များကို အကဲဖြတ်လျက်ရှိပြီး EU ၏ နောက်ထပ်အကူအညီများကို စုဆောင်းပေးသွားမည်ဖြစ်သည်။
ယခုကူညီမှုကြောင့် ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံအတွက် EU ၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီရန်ပုံငွေ စုစုပေါင်းမှာ ယူရို ၃၅ သန်းကျော်အထိ ရှိလာပြီဖြစ်သည်။
EU သည် ၁၉၉၄ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို စုစုပေါင်း ယူရို ၄၄၆ သန်းကျော်အထိ ပေးထားပြီး ဖြစ်သည်။
ဂျာမနီနိုင်ငံမှ NGO အဖွဲ့ဖြစ်သည့် Welthungerhilfe (WHH) ကလည်း ငလျင်ဒဏ်ကို ဆိုးရွားစွာခံစားခဲ့ရသည့် မန္တလေးမြို့ဝန်းကျင်အတွက် အရေးပေါ်အကူအညီ ဒေါ်လာ ၁၀၈,၀၀၀ (ယူရို ၁၀၀,၀၀၀) ကူညီမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
“ပျက်စီးဆုံးရှုံးမှုပမာဏကို တဖြည်းဖြည်းနဲ့ တွေ့လာရတယ်။ ငလျင်ကြောင့် အိမ်များ၊ လမ်းများ၊ တံတားများ ပျက်စီးခဲ့သလို မန္တလေးရှိ မိမိတို့၏အဖွဲ့ရုံးလည်း ပျက်စီးခဲ့ပါတယ်” ဟု ရန်ကုန်ရှိ WHH ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးဒါရိုက်တာ ဟင်နရီဘရောင်းက ပြောကြားခဲ့သည်။
ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က ငလျင်ဒဏ်ကြုံတွေ့ ခံစားရသော ဒေသအတွင်းရှိ ပြည်သူများအားလုံးအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး ကုလသမဂ္ဂက အထောက်အပံ့ပေးရန် တတ်နိုင်သမျှ အမြန်ဆုံး စုစည်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး အကြီးအကဲ ဖလက်ချာက ကူညီကယ်ဆယ်ရေးအတွက် ဗဟိုအရေးပေါ်တုံ့ပြန်မှု ရန်ပုံငွေထဲမှ ဒေါ်လာ ၅ သန်းကို ကနဦးခွဲဝေ သတ်မှတ်ပေးထားသည်။
Myanmar Now
မြန်မာကို ကူညီဖို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေကို စေလွှတ်လိုက်ပြီလို့ အတွင်းရေးမှုး