ငလျင်ဘေးသင့် မြန်မာနိုင်ငံမှာ နိုင်ငံတဝန်းက သဘာဝဘေးအန္တရာယ် နဲ့ ပဋိပက္ခတွေကြောင့် ထိခိုက်ဒဏ်ရာရသူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေ ပိုမိုပြင်းထန်လာနေကြောင်းအပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးကော်မတီ IRC က သတိပေးလိုက်ပါတယ်။

ထိခိုက်ဆုံးရှုံးမှုအကြီးမားဆုံးဖြစ်တဲ့ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် နဲ့ ရှမ်းပြည်နယ်က အချို့ဒေသတွေဟာ ပျက်စီးဆုံးရှုံးမှုတွေကြားမှာ အကြပ်အတည်းတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

ICR မြန်မာ ရဲ့ ဒါရိုက်တာ Mohammed Riyas က “ငလျင်ကြောင့် လူ သိန်းနဲ့ချီ အိုးအိမ်တွေ စွန့်ခွာခဲ့ရပြီး အများစုဟာ အမိုးအကာ ဒါမှမဟုတ် လူပြည့်ကျပ်နေတဲ့ ယာယီတဲတွေမှာ နေထိုင်နေကြရကြောင်း၊ သဘာဝဘေးနောက်ပိုင်း အစားအသောက် စျေးနှုန်းတွေ မြင့်တက်လာခြင်းကြောင့်၊ မိသားစုအများအပြား အစားအစာ လျှော့ပြီး စားသုံးနေရကြောင်း၊ သုံးသပ်ချက်အရ အရေးပေါ်စားနပ်ရိက္ခာ နဲ့ ငွေကြေးအကူအညီတွေ လိုအပ်နေကြောင်း” ပြောပါတယ်။

ရန်ကုန်အခြေစိုက် IRC အကြီးတန်း ဝန်ထမ်းတစ်ဦးကလည်း “ပျက်စီးဆုံးရှုံးမှု အတိုင်းအတာ ပြင်းထန်လှပြီး၊ အကူအညီလိုအပ်မှုတွေ များစွာ ရှိနေပါတယ်။ အထူးသဖြင့် မိန်းကလေးများ၊ အိုးအိမ်စွန့်ခွာရသူတွေ နဲ့ ကျား-မအခြေပြု အကြမ်းဖက် အန္တရာယ်မြင့်မားနေတဲ့အမျိုးသမီးတွေကို အထူးစိုးရိမ်ပါတယ်လို့”ပြောပါတယ်။

အသက်ကယ်ရေးအကူအညီများပေးခြင်း၊ အရေးကြီးဝန်ဆောင်မှုများပြန်လည်ထူထောင်ရေး နဲ့ အသက်ဆုံးရှုံးမှုတွေကို တားဆီးနိုင်ရေးအတွက် နိုင်ငံတကာငွေကြေးအထောက်အပံ့တွေ ပိုမိုလိုအပ်နေတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က ပြင်းအား ၇.၇ ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် တစ်လအတွင်း လူပေါင်း ၃၈၀၀ ကျော်သေဆုံးခဲ့ပြီး IRC က ငလျင်ဘေးသင့်ပြည်သူ ၁၀,၁၃၃ ထံ ကျန်းမာရေးစောင့်ရှောက်မှု၊ ရေ နဲ့ သန့်ရှင်းရေးအစီအစဉ်တွေ၊ ကာကွယ်ရေးဝန်ဆောင်မှု နဲ့ ငွေသားထောက်ပံ့မှုတွေ ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

RFA Burmese

အမျိုးသမီးများအား စစ်မှုထမ်းစာရင်းသွင်းခြင်း။ စစ်အာဏာရှင်တို့၏ အတင်းအကြပ် စစ်မှုထမ်းရန် လုပ်ဆောင်မှုကြောင့် အမျိုးသမီးများအပေါ် သက်ရောက်မှုများ  

စစ်အာဏာရှင်တို့ အာဏာသိမ်းရန်ကြိုးပမ်းမှု ၄ နှစ်ကျော်ကြာမြင့်လာပြီဖြစ်သည်။ ထိုကာလအတွင်း ကျယ်ကျယ်ပြန့်ပြန့် ခုခံတွန်းလှန်မှုများနှင့် စစ်အာဏာရှင်တို့၏ ရက်စက်မှုကို သိသိသာသာ ဆန့်ကျင်မှု များ တိုးပွားလာသည်။ စစ်တပ်မှ မူကြမ်းရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာသိမ်းမှု သည် တရားမဝင်သော်လည်း စစ်အာဏာရှင်တို့က အတိုက်အခံတို့အား အကြမ်းဖက် တိုက်ခိုက်၍ နိုင်ငံတကာ စံချိန်စံညွှန်းများကို ချိုးဖောက်နေကြသည်။ တိုင်းရင်းသားဒေသများတွင် လက်နက်ကိုင် အဖွဲ့အစည်းများ တပ်စွဲထားခြင်း မရှိသည့်တိုင်  စစ်တပ်က ကျေးရွာများနှင့် ယာယီ အခြေစိုက်စခန်း များအား ရက်ရက်စက်စက် ပစ်ခတ်အကြမ်းဖက်လျှက်ရှိသည်။

စစ်အာဏာရှင်တို့၏ အကြမ်းဖက်မှုကြောင့် ပြည်သူ ၃.၅ သန်းကျော် စစ်ပြေးဒုက္ခသည်များ ဖြစ်လာကြ သည်။ အကျိုးဆက်အနေဖြင့် ကျောင်းများအား စစ်အာဏာရှင်တို့မှ လေကြောင်းဖြင့် မကြာခန တိုက် ခိုက်ခြင်းဖြင့် ကလေးများ လုံခြုံစိတ်ချစွာ ပညာသင်ကြားနိုင်ခွင့် ငြင်းဆန်ခံနေရသည်။ စစ်သားများလာ ရောက် တပ်စွဲထားခြင်းနှင့် ရွာနီးချုပ်စပ်နှင့် လယ်ယာလုပ်ငန်းခွင်တို့တွင် မြေမြှုပ်မိုင်းများ ထောင် ထား သည့်အတွက် မိသားစုများမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ရေရှည်တည်တံ့စေရန်နှင့် လုပ်ငန်း ခွင်ဝင်ရန်အတွက် ရုန်းကန်နေရသည်။ ငွေကြေးဖောင်းပွမှုနှင့် အလုပ်အကိုင်ရှားပါးမှုကြောင့် စားနပ် ရိက္ခာရရှိရန်မှာ ခက်ခဲလာသည်။ ထို့ကြောင့် တောတောင်အတွင်း ရှာဖွေရခြင်းနှင့် ဒေသထွက် ဟင်းသီး ဟင်းရွက်များအပေါ် မှီခိုဖြေရှင်းနေကြရသည်။

မြန်မာစစ်တပ်မှ တိုးမြှင့်တိုက်ခိုက်နေပြီး ဒေသခံပြည်သူလူထုမှာလည်း ခုခံတွန်းလှန်ရေး အဖွဲ့များအား လက်ခံအကူအညီပေးနေသည်ဟုလည်း စွပ်စွဲခံနေရသည်။ စစ်တပ် စစ်ဆေးရေးဂိတ်များ နေရာအနှံ့ရှိ နေပြီး အထူးသဖြင့် လမ်းပန်းဆက်သွယ်ရေး အချက်အခြာကျသည့် နေရာများတွင်ဖြစ်သည်။ ဖြတ် သန်းသွားလာသူများမှာ စစ်ဆေးမေးမြန်းခံရ၊ ငွေညှစ်ခံရခြင်းနှင့် မကြာခန လက်စတုန်း ဖျောက်ဖျက်ခံ နေရသည်။ ဂိတ်များတွင် တားဆီး စစ်ဆေးခံရသည့် အမျိုးသမီးနှင့် အမျိုးသားများသည် စစ်အာဏာ ရှင်တို့၏ အတင်းအကြပ်စစ်မှုထမ်းရန် စာရင်းပေးသွင်းခံကြရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆောင်ရမည်ဖြစ်သော်လည်း ဆယ်စုနှစ်တစုတိုင်အောင် ကျင့် သုံးမှုမရှိပေ။ သို့သော်လည်း လွန်ခဲ့သည့်နှစ်မှစပြီး စစ်အာဏာရှင်တို့က ပထမဦးဆုံး စတင်ကျင့်သုံးခဲ့ ပြီး အမျိုးသားများ အသက် ၁၈ နှစ်မှ ၃၅ အတွင်းနှင့်  အမျိုးသမီးများ အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း စစ်မှုထမ်းရန် အကျုံးဝင်သည်။ စစ်အာဏာရှင်တို့အနေဖြင့် စစ်မြေပြင်တွင် မကြုံစဖူး လက်လွတ်ဆုံး ရှုံးမှုများနှင့် ကြုံရပြီးနောက် အချိန်ကိုက်၍ စစ်မှုထမ်းရန် အတင်းအကြပ် ဆောင်ရွက်လာခြင်းဖြစ် သည်။ ND-Burma အဖွဲ့ဝင်ဖြစ်သည့် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) ၏ အစီရင်ခံ စာအရ အတင်းအကြပ် စစ်မှုထမ်းရန် ခေါ်ဆောင်ခံရသည့် လူငယ်များအား ရှေ့တန်းစစ်မြေပြင်သို့ စေ လွှတ်၍ အသက်အန္တရာယ်ရှိသည့် အခြေအနေအောက်တွင် အတင်းအကြပ် တိုက်ခိုက်ခိုင်းနေသည်။ ယခုအခါ အဆိုပါဥပဒေအတိုင်းကျင့်သုံးနေသည်မှာ တနှစ်ကျော်ကြာပြီဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဥ ပဒေမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် မွမ်းမံပြင်ဆင်မှုအချို့နှင့်အတူ အတည်ပြုပြဌာန်းခဲ့ခြင်းဖြစ်သည်။ စစ်အာဏာရှင်တို့မှ အတင်းအကြပ်စစ်မှုထမ်းစေခြင်းကို အလျင်အမြန်ဆောင်ရွက်နေသည့်အတွက် လူငယ်များအား ကျောင်း၊ ကားဂိတ်၊ သင်္ဘောဆိပ် (သို့မဟုတ်) မိသားစုနှင့် သူငယ်ချင်းများထံ အ လည် အပတ်သွားရောက်ရာတွင် အတင်းအကြပ် စစ်မှုထမ်းရန် ခေါ်ဆောင်ခြင်းအပါအဝင် မရိုးသားသည့် နည်းနာများကို အသုံးပြုနေသည်။ စစ်အာဏာရှင်တို့ ထိန်းချုပ်ထားသည့် ဒေသများတွင် လူငယ်များ မကြာခန ပျောက်ဆုံးနေသည်ကို တွေ့ရသည်။ ရလဒ်အနေဖြင့် ကျေးရွာများရှိ လူငယ်လူရွယ် များမှာ “ညအိပ်ရန်ပင် ကြောက်နေရသည်” ဟု ပြောဆိုကြသည်။

အမျိုးသမီးများအား စစ်မှုထမ်းစာရင်းသွင်းခြင်းစစ်အာဏာရှင်တို့၏ အတင်းအကြပ် စစ်မှုထမ်းရန် လုပ်ဆောင်မှုကြောင့် အမျိုးသမီးများအပေါ် သက်ရောက်မှုများ အစီရင်ခံစာအကျဥ်းချုပ်အား လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) မှ ထုတ်ပြန်ခြင်း

၂၀၂၅ ခုနှစ် ဧပြီလ ၂၇ ရက်

အမျိုးသမီးများအား စစ်မှုထမ်းစာရင်းသွင်းခြင်း။ စစ်အာဏာရှင်တို့၏ အတင်းအကြပ် စစ်မှုထမ်းရန် လုပ်ဆောင်မှုကြောင့် အမျိုးသမီးများအပေါ် သက်ရောက်မှုများ  ဆိုသည့် အစီရင်ခံစာအကျဥ်းချုပ်အား ND-Burma မှ ယနေ့ထုတ်ဝေလိုက်သည်။ စစ်အာဏာရှင်တို့အနေဖြင့် လူငယ်အမျိုးသားများကို အ ကြမ်းဖက်၍ စစ်မှုထမ်းစေခြင်းသာမက အမျိုးသမီးများကို မကြာသေးမီက အတင်းအကြပ် စစ်မှုထမ်းစေရန် ကြိုးပမ်းလာသည်။ အစီရင်ခံစာ၏ တွေ့ရှိချက်အရ စစ်အာဏာရှင်တို့၏ အတင်းအကြပ် ဖမ်းဆီး၍ ထိန်းသိမ်းထားရှိမှုအောက်တွင် အမျိုးသမီးများအနေဖြင့် အန္တရာယ်အကြီးအကျယ်ကြုံတွေ့ နေရပြီး စစ်မြေပြင်တွင် တိုက်ခိုက်ရန် စေလွှတ်ပါက ၎င်းတို့လုံခြုံရေးနှင့် အသက်အန္တရာယ်အတွက် စိုး ရိမ်စရာဖြစ်သည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုခဲ့ပြီးနောက် အမျိုးသမီးများ စစ်မှုထမ်းရန် အကျုံးမဝင်ဟု စစ်အာဏာရှင်များက ပြောဆိုသော်လည်း အသက် ၁၈နှစ်နှင့် ၂၇ နှစ်ကြား အမျိုးသမီးများ စစ်မှုထမ်းရန် စာရင်းကောက်ခြင်းကို ယခုနှစ်အစောပိုင်းတွင် စတင်ခဲ့သည့် အတွက် မိသားစုဝင်များအကြား စိုးရိမ်ပူပင်သောကရောက်ကြသည်။ စစ်အာဏာရှင်တို့အနေဖြင့် နယ်မြေဆုံးရှုံးမှုနှင့်အတူ စစ်သားများ လက်နက်ချဘက်ပြောင်းခိုလှုံမှုများပြားနေ၍ ထိုသို့ အတင်း အကြပ် စစ်မှုထမ်းစေရန် ကြိးပမ်းလာခြင်းဖြစ်သည်။

အမျိုးသမီးနှင့် မိန်းမပျိုများ၏ လုံခြုံရေးနှင့် အသက်ရှင်သန်ရေးအတွက် ND-Burma အဖွဲ့ဝင်များအ နေဖြင့် စိုးရိမ်မိသည်။ အတင်းအကြပ် စစ်မှုထမ်းစေခြင်းကြောင့် မိခင်၊ သမီးများ၊ ညီအစ်မနှင့် ကိုယ်ဝန် ဆောင်မိခင်တို့ မိသားစုနှင့် ဝေးကွာနေရသည့် လူထုအသိုင်းအဝိုင်းအကြား ကြီးကြီးမားမား သက် ရောက်မှုရှိစေသည်။ HURFOM ၏ အစီရင်ခံစာအရ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် အမျိုး သမီးများ အား မွန်ပြည်နယ် ကျိုက်ထိုမြို့တွင် စတင်၍ စစ်သင်တန်းပေးနေသည်။ မွန်ပြည်တော်လှန်ရေးတပ် (MSFF) ၏ အဆိုအရ စစ်သင်တန်း အပတ်စဥ် (၅) စတင်မည်ဟု ကြေငြာပြီးနောက် ရာနှင့်ချီသည့် အမျိုးသမီးများ လွတ်မြောက်နယ်မြေသို့ တိမ်းရှောင်လာသည်။ 

အကယ်၍ အမျိုးသမီးများအား အတင်းအကြပ် စစ်မှုထမ်းစေပါက လူကုန်ကူးခံရခြင်း၊ ရွှေ့ပြောင်း ရခြင်း၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရခြင်း၊ စိတ်ဒဏ်ရာနှင့် စိတ်ပူပင်သောကရခြင်း၊ လိင်ပိုင်းဆိုင် ရာ အကြမ်းဖက်ခံရခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်များကို ကြုံတွေ့ရနိုင်သည်။

အမျိုးသမီးများအား အတင်းအကြပ် စစ်မှုထမ်းစေခြင်းနှင့် ဆက်စပ်ပြီး အမျိုးသမီးများနှင့် မိန်းမပျိုများ အပေါ် ဆန့်ကျင်သည့် ပြစ်မှုများအား အမျိုးသမီးများ ဦးဆောင်သည့် KWAT, TWO နှင့် TWU အဖွဲ့များ အပါအဝင် ND-Burma အဖွဲ့ဝင်အဖွဲ့ အစည်းများမှလည်း မှတ်တမ်းတင်ထားသည်။ အမျိုးသမီးများဦး ဆောင်သည့် အဖွဲ့အစည်းများမှ စုဆောင်းရရှိထားသည့် သက်သေအထောက်အထားများအရ အမျိုးသ မီးများအပေါ် မလိုမုန်းထားမှုနှင့် အကြမ်းဖက်မှုများအပေါ် စစ်အာဏာရှင်တို့မှ အရေးမယူဘဲ ခွင့်ပြု ထားသည်။

ထို့အပြင် အတင်းအကြပ် စစ်မှုထမ်းစေရန် လုပ်ဆောင်မှုသည်  လူငယ်အမျိုးသားနှင့် အမျိုးသမီးတို့ စစ်မြေပြင်တွင် အသက်ဆုံးရှုံးမှုများ မဖြစ်ပွားစေရန် သေခြာစေမည့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ကြားဝင်ဆောင်ရွက်မှုများနှင့် ကိုက်ညီစေရမည်ဖြစ်သည်။

အနာဂတ်မြန်မာနိုင်ငံတွင် ကျားမတန်းတူညီမျှမှု ရှိရမည်ဟု အမျိုးသမီးများက အခိုင်အမာ ပြောဆိုနေ သည်။ အဆိုပါ ရည်မှန်းချက်များ ရရှိရမည်ဖြစ်ပြီး ကျားမ မရွေး ပြည်သူအားလုံး တူညီသည့် ကာကွယ် စောင့်ရှောက်မှု၊ လွတ်လပ်မှုနှင့် အခြေခံအခွင့်အရေးများရရှိရန်လည်း သေခြာစေရမည်ဖြစ်သည်။

ပိုမိုသိရှိလိုပါက:

နိုင်အဲမွန်

Signal: +66 86 1679 741

ဆန်ထွယ်

Signal : +66649369070


လူအခွင့်အရေး မှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma)  သည် အဖွဲ့ပေါင်း ၁၃ ဖွဲ့ဖြင့် ဖွဲ့စည်း ထားပြီး တိုင်းရင်းသားလူမျိုးစုများ၊ အမျိုးသမီးများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ ကိုယ်စားပြု ပါဝင်ကြပါသည်။ ၂၀၀၄ ခုနှစ်မှစတင်ကာ လူအခွင့်ရေး ချိုးဖောက်မှုများနှင့် ချိုးဖောက်ခံရသူများ၏ တရားမျှတမှုနှင့် ချိုးဖောက်သူများ တာဝန်ယူ တာဝန်ခံမှုရှိစေရန် မှတ်တမ်းတင်လျှက်ရှိသည်။ ကွန်ရက် တွင် အမြဲတမ်းအဖွဲ့ဝင် (၉) ဖွဲ့နှင့် ဆက်စပ်အဖွဲ့ဝင် (၄) ဖွဲ့ တို့ဖြင့် ဖွဲ့စည်းထားသည်။

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ကန်တော်ကျေးရွာအနီး စစ်ဘေးရှောင်စခန်းကို ဧပြီလ ၁၉ ရက်မနက် ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး နဲ့ အရပ်သား သုံးဦးသေဆုံးပြီး နောက်ထပ် အရပ်သား ရှစ်ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။

သေဆုံးခဲ့တဲ့ အရပ်သားတွေဟာ စစ်ဘေးဒုက္ခသည်တွေဖြစ်ပြီး အသက် ၃ နှစ်အရွယ် မစုမြတ်၊ အသက် ၁၇ နှစ်အရွယ် မမေဇွန်ဦးနဲ့ အသက် ၆၅ နှစ်အရွယ် ဦးတင်မောင်တို့ဖြစ်ပါတယ်။

“လေယာဉ်လာလာချင်း တန်းပစ်တာ။ ဗုံးသီးလေးလုံးကြဲတယ်။ တောထဲမှာ စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေ ထိခိုက်တယ် ၊ အကုန်လုံးက ပြည်သူတွေချည်းပဲ“

ဒါ့အပြင် ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဒီဗုံးကြဲတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ဗုံးမကြဲခင်မှာ ကန်တော်ရွာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ အာလကပ္ပကျေးရွာအနီးမှာလည်း စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

RFA Burmese

အာဆီယံဥက္ကဋ္ဌနဲ့ စစ်ခေါင်းဆောင်တို့ ဧပြီ ၁၇ ရက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွေ့ဆုံပွဲမှာ တိုက်ခိုက်မှုတွေ ရပ်စဲထားဖို့ ဆွေးနွေးခဲ့ပေမဲ့ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကတော့ ရပ်တန့်မသွားပါဘူး။

ဒေသခံတွေရဲ့ ပြောဆိုချက်အရ ဧပြီ ၁၈ ရက်ကနေ ဧပြီ ၂၀ ရက်အထိ သုံးရက်အတွင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၅၅ ဦးသေဆုံးပြီး နောက်ထပ် ၉၀ ဒဏ်ရာရခဲ့ပါတယ်။

သေဆုံးထိခိုက်သူတွေထဲ ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ စစ်ဘေးဒုက္ခသည်တွေလည်း ပါဝင်နေပါတယ်။

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ကန်တော်ရွာအနီး စစ်ဘေးဒုက္ခသည်စခန်းဟာ ဧပြီ ၁၉ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဧပြီ ၁၉ ရက်နေ့ ၁၁ နာရီ မိနစ် ၄၀ ဝန်းကျင်လောက်မှာ လေယာဉ်လာလာချင်း တန်းပြီးတော့ ပစ်တာ။ သုံးကြိမ်ဝဲတာဗျ၊ ပေါင် ၂၅၀ ဗုံးလို့ယူဆရတဲ့ ဗုံးသီးနှစ်လုံး၊ တစ်ကြိမ်ကြဲရင် ဗုံးသီးနှစ်လုံးနဲ့ နှစ်ကြိမ်ကြဲတယ်၊ rocket တွေနဲ့ပစ်တယ်ဗျ။ စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေ ထိခိုက်တယ်”

တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးနဲ့ အရပ်သားသုံးဦး သေဆုံးပြီး နောက်ထပ် PDF သုံးဦးနဲ့ အရပ်သားငါးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သေဆုံးခဲ့တဲ့ အရပ်သားတွေဟာ စစ်ဘေးဒုက္ခသည်တွေဖြစ်ပြီး အသက်သုံးနှစ်အရွယ် မစုမြတ်၊ အသက် ၁၇ နှစ်အရွယ် မမေဇွန်ဦးနဲ့ အသက် ၆၅ နှစ်အရွယ် ဦးတင်မောင်တို့ဖြစ်ပါတယ်။

မြင်းမူမြို့နယ် ကန်တော်ရွာအနီး စစ်ဘေးရှောင်စခန်း ၂၀၂၅ ခုနှစ် ဧပြီလ ၁၉ ရက်က  ဗုံးကြဲခံရပြီးနောက် တွေ့ရစဉ်။ (Citizen Photo)
မြင်းမူမြို့နယ် ကန်တော်ရွာအနီး စစ်ဘေးရှောင်စခန်း ၂၀၂၅ ခုနှစ် ဧပြီလ ၁၉ ရက်က ဗုံးကြဲခံရပြီးနောက် တွေ့ရစဉ်။ (Citizen Photo)

ဧပြီလ ၂၀ ရက်မှာ ကန့်ဘလူမြို့နယ် သင်တောရွာက ကုန်စုံဆိုင်လည်း ဗုံးကြဲခံလိုက်ရပြီး မိသားစုဝင်ခြောက်ဦး သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ပေါင် ၃၀၀ ဗုံးနဲ့ပစ်တာ၊ မနေ့က ညနေ ၆ နာရီ ၄၀ လောက်မှာဗျ။ အဲ့ဒါ ဒေါ်မူချို ကုန်စုံဆိုင်ကို ထိမှန်တာ၊ အဲ့ဒီ မိသားစုသေသွားတာ။ ယောက်ျားလေး သုံးဦး၊ မိန်းကလေး သုံးဦးဗျ”

ဒီတိုက်ခိုက်မှုအတွင်း အသက် ၂၀ အရွယ် မမိသေး၊ အသက် ၃၀ အရွယ် ကိုမင်းမင်း၊ ကိုဖိုးမော့၊ အသက် ၅၀ ဝန်းကျင်အရွယ်တွေဖြစ်တဲ့ ဒေါ်ခင်မာနှင်း၊ ဒေါ်စောနဲ့ ဦးကျော်မင်းကြီးတို့ သေဆုံးခဲ့တာပါ။

ဒီအပြင် နောက်ထပ် အမျိုးသားနှစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာလည်း ဧပြီ ၁၈ ရက်မှာ  ဗုံးကြဲတိုက် ခိုက်ခံလိုက်ရပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း အရပ်သား ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“ပေါင် ၅၀၀ ကြဲသွားတယ်၊ စာသင်ကျောင်းဆောင်မှာ အဆောင်သေးအပါအဝင် အဆောင်သုံး ဆောင်ပျက်စီးသွားတယ်။ ပြည်သူက ယောက်ျားလေး လေးဦးနဲ့ မိန်းကလေး နှစ်ဦးထိတယ်။ အသက်အရွယ်က လူလတ်ပိုင်းတွေပါ။ ထိခိုက်ဒဏ်ရာကတော့ မပြင်းထန်ပါဘူး”

ဒီသုံးရက်အတွင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အများဆုံးက မန္တလေးတိုင်းဖြစ်ပြီး ၃၇ ဦးသေဆုံးကာ ၄၁ ဦးဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ တနင်္သာရီတိုင်း တွေမှာလည်း အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့လည်း လက်ခံဖြေဆို တာမရှိပါဘူး။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ စစ်ကောင်စီဟာ အာဏာတည်မြဲဖို့အတွက် ဗုံးကြဲတိုက်ခိုက်နေတာလို့ ဝေဖန်ပါတယ်။

“စစ်တပ်မှာ ရည်ရွယ်ချက်တစ်ခုပဲရှိတယ်၊ အဲ့ဒါက သူတို့အုပ်စိုးမှုကို သက်ဆိုးရှည်ဖို့ပဲ။ အဲ့တော့ ဘယ်လိုပဲ ညာရ ညာရ၊ ဘာတွေလုပ်ရ လုပ်ရ လုပ်မှာပဲ။ သူ အပစ်အခတ်ရပ်စဲရေး ပြောတယ်၊ မရပ်ဘူး။ အဲ့တော့ ဘာလုပ်ရမလဲ ၊ ကျွန်မတို့က ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်ရုံပဲ။ စစ်တပ်ကို ယုံကို ယုံလို့မရဘူး”

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဝန်ကြီးဌာနကလည်း စစ်ကောင်စီတပ်ရဲ့ ကျူးလွန်မှုတွေကို အပြစ်ပေးအရေးယူနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေတယ်လို့ ဧပြီလ ၂၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က ဧပြီလ ၂ ရက်ကနေ ၂၂ ရက်အထိ ငလျင်ဘေးကူညီကယ်ဆယ်ရေးကို အာရုံစိုက်လုပ်ဆောင်ဖို့ ယာယီ အပစ်အခတ်ရပ်စဲမယ်လို့ ကြေညာခဲ့ပါတယ်။

ဒီအပစ်အခတ်ရပ်စဲရေးကို သက်တမ်းဆက်တိုးဖို့လည်း ဘန်ကောက်တွေ့ဆုံပွဲမှာ စစ်ကောင်စီဥက္ကဋ္ဌက ကတိပြုခဲ့တယ်လို့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါဟီဘရာဟင်က ပြောဆိုထားပါတယ်။

RFA Burmese

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ ငလျင်ကြောင့် အကျဉ်းသား ၃၀ ထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူ ၂၈၀ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်း(၇)ဖွဲ့က ဧပြီလ ၂၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲ နိုင်ငံရေးအကျဉ်းသားဆယ်ဦး၊ နိုင်ငံရေးအကျဉ်းသူ ဆယ်ဦး နဲ့ အခြားအကျဉ်းသား ၁၀ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နောက်ထပ် ဒဏ်ရာရသူ ၂၈၀ ကျော် ရှိပြီး ဒီအရေအတွက်ဟာ စနစ်တကျပြုစုထားနိုင်တဲ့ အရေအတွက်ဖြစ်သလို နောက်ထပ်လည်း တိုးလာနိုင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) တည်ထောင်သူ ကိုသိုက်ထွန်းဦးက RFA ကိုပြောပါတယ်။

“မျက်မြင်တွေ့ရှိမှု အရေအတွက်နဲ့ အတည်ပြုထားနိုင်ပြီးသား အချက်အလက်တွေအပေါ်မှာ အခြေတည်ပြီးတော့ ပြောတာဖြစ်ပါတယ်။ နိုင်ငံတကာအနေနဲ့လည်း မြန်မာငလျင်ကို အာရုံစိုက်နေတဲ့နည်းတူ အကျဉ်းထောင်တွေကိုလည်း ချန်မထားဖို့အဓိက ရည်ရွယ်ပါတယ်”

အိုးဘိုအကျဉ်းထောင်ဟာ ငလျင်ကြောင့် ဆိုးဆိုးဝါးဝါးထိခိုက်ပျက်စီးခဲ့ပေမဲ့ အခုချိန်အထိ ပြည်တွင်း ပြည်ပက လူသားချင်းစာနာမှု အကူအညီတွေမရရှိဘဲ စစ်ကောင်စီကလည်း သတင်းအမှောင်ချထား တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အိုးဘိုထောင်က အကျဉ်းသားတွေဟာ ငလျင်ကြောင့် ထိခိုက်ပျက်စီးနေတဲ့ အဆောက်အအုံတွေ အတွင်း အတင်းအကျပ် နေရာချထားခြင်းခံထားရပြီး နောက်ဆက်တွဲ ငလျင်တွေကြောင့် ထိခိုက်သေဆုံးမှုတွေ ဆက်လက်ကြုံတွေ့ရနိုင်တယ်လို့လည်း ဆိုပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

၂၀၂၅ ခုနှစ် ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်း (၁) ရက်နေ့က နိုင်ငံတစ်ဝန်းရှိ အကျည်းထောင်တွေကနေ အကျဉ်းသား ၄၈၉၃ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။

အဲ့ဒီထဲ မှာ နိုင်ငံရေးအကျဉ်းသား ၃၇၈ ဦးပြန်လွတ်လာပြီး အိုးဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၁၀၀ ဦးလည်း ပါဝင်ပါတယ်။

RFA Burmese