ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

မတူပီ-မင်းတပ် ပြည်ထောင်စုလမ်းမပေါ်က ကျေးရွာ၁၀ရွာ စစ်ပြေးနေရ
ချင်းပြည်နယ် မတူပီ-မင်းတပ် ပြည်ထောင်စုလမ်းမကြီးတလျှောက် စစ်ကောင်စီတပ်တွေ စစ်အင်အားတိုးမြှင့်လှုပ်ရှားနေတာကြောင့် လမ်းတလျှောက် ကျေးရွာ ၁၀ ရွာလောက်က ဒေသခံတွေ အိုးအိမ်ပစ် ဘေးလွတ်ရာ ထွက်ပြေးနေကြပါတယ်။ တောတောင်ထဲမှာ ခိုလှုံနေကြသူတွေအနေနဲ့ မီးခိုးထွက်မှာစိုးလို့ ထမင်းဟင်း ချက်ပြုတ်စားဖို့တောင် အခက်ဖြစ်နေကြပါတယ်။ ဒီစစ်ရှောင်တွေရဲ့ အခြေအနေ ရန်ကုန်ကရေးသားပေးပို့တဲ့သတင်းကို မဆုမွန်ပြောပြမှာပါ။
ချင်းပြည်နယ်ထဲက မင်းတပ်၊ မတူပီစတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေသလို အဲဒီဒေသဘက်မှာ စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ တိုးနေတာကြောင့် မတူပီ-မင်းတပ် ပြည်ထောင်စုကားလမ်းမကြီးတလျှောက်မှာရှိနေတဲ့ ရွာတွေ ဒုက္ခရောက်နေကြပါတယ်။ ကျေးရွာ ၁၀ ရွာလောက်က ဒေသခံတွေ ဘေးလွတ်နိုင်မယ့်နေရာတွေမှာ ပုန်းခိုနေကြရပါတယ်။ သူတို့အနေနဲ့ မီးခိုးငွေ့ထွက်မှာစိုးလို့ ထမင်းဟင်းတောင် ချက်ပြုတ်စားဖို့ အခက်အခဲဖြစ်နေတယ်လို့ ဒုက္ခရောက်နေသူတဦးက ဗီအိုအေကို ပြောပါတယ်။
“ပြည်ထောင်စုလက်မပေါ်မှာ သူတို့ရောက်မယ်ဆိုရင် ကျနော်တို့ ရှောင်ဖို့ကို ရှောင်ရမယ့် သဘောဖြစ်မယ်။ ဒီလမ်းမပေါ်တွေမှာ လက်နက်ကြီးတွေနဲ့လည်း တောက်လျှောက်နေတာကို လက်နက်ကြီးတွေနဲ့လည်း တောက်လျှောက် ဟိုဘက်ကို လမ်းရှင်းတဲ့ သဘောနဲ့ အမြဲတမ်းပစ်နေတဲ့ အခါကျတော့ ကျနော်တို့က ဒီဖက် ဝေးတဲ့ နေရာဘက်ကို ပြန်နေလှည့်တယ်။ ကျနော်တို့ ရွာနီးနားချင်းတွေမှာ ဥပမာ မီးခိုးတွေ ထွက်တဲ့နေရာကို ကျနော်တို့ စစ်ဘေးရှောင်တဲ့နေရာမှာပေါ့နော်။ အဓိကကျတော့ စစ်ဘေးထမင်းချက်တာ ပြုတ်တာရှိတယ်။ အဲ့ချိန်မှာ မီးခိုးထွက်တယ်။ သူတို့တွေ့လို့ရှိရင် အဲ့နေရာကိုလည်း ပြည်သူမှန်းမသိ ဘာမှမသိဘူး။ သူတို့ဖက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်တာတွေရှိတယ်။ အဲ့ဒါကြောင့် ကျနော်တို့က ကြောက်တာပေါ့နော်။ စိုးရိမ်နေရတာပေါ့နော်။”
မတူပီမြို့နဲ့ မင်းတပ်မြို့ကြား ပြည်ထောင်စုကားလမ်းမကြီး တဖက်တချက်က ဘေးလွတ်ရာ ထွက်ပြေးနေကြရတဲ့ ရွာတွေမှာ တရွာကို အိမ်ထောင်စု ၄၀၀-၅၀၀ လောက်ရှိတာမို့ ဒုက္ခရောက်နေကြသူပေါင်း ထောင်နဲ့ချီဖြစ်နေပါတယ်။ တောထောင်ထဲမှာ ပုန်းခိုနေကြရပေမဲ့ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ မကြာမကြာ လှမ်းပစ်ခတ်တာမို့ ဒုက္ခသည်တွေဟာ တနေရာကနေ တနေရာ မကြာခဏထွက်ပြေးနေကြရပါတယ်။
“သူတို့က ရမ်းသမ်းပြီးတော့ ပစ်တာပေါ့။ ဘယ်လိုပြောမလဲ။ ရှိတယ်ဆိုတာတော့ မသိအောင်တော့ ကျနော်တို့က နေတာပေါ့ဗျာ။ ဒါပေမယ့် တောတောင်တွေထဲကို ပစ်တော့တဲ့အခါ ကျနော်တို့ နေရာတွေလည်း လက်နက်ကြီးရောက်လာနိုင်တယ်ပေါ့နော်။ တခါမှ လက်နက်ကြီးသံလည်း မကြားဖူးဘူးဆိုတော့လေ ကြောက်တာပေါ့ဗျ။ ကလေးတွေက ကြောက်တယ်။ ဖိုးဖွားတွေက ကြောက်ကြတယ်ပေ့ါနော်။ အဲ့လက်နက်ကြီးတွေ ပစ်တာကြောင့် စစ်ရှောင်စခန်းတွေ ရွေ့ရတယ်ပေါ့နော် အဲ့လိုမျိုးတွေ ဖြစ်နေတယ်ဗျ။ တောတောင်တွေထဲမှာဆိုတော့ ကလေးတွေနဲ့ ဖိုးဖွားတွေနဲ့ တချို့ဆို မသွားနိုင်ကြဘူးလေးအဲ့လိုတွေ ဖြစ်နေတာပေါ့။ ရွာထဲတွေမှာ အခုလည်း တောက်လျှောက်ပစ်နေတာ အခုသေနတ်တွေနဲ့ အခုတောက်လျှောက်ရွာထဲမှာ စစ်ကြောင်းတွေလာတယ် ကားတွေမှာ နောက်မှာ အစီး ၈၃ စီးထဲမှာ ၈၂ပဲ အခုပြန်ဆင်းလာတယ်။”
အစီး ၈၀ ကျော်ပါတဲ့ စစ်ယာဉ်တန်းအင်အားနဲ့ စစ်တပ်က မတူပီမြို့ဘက် ဇန်နဝါရီလ ပထမသီတင်းပါတ်လောက်ထဲက ထိုးစစ်ဆင်တိုက်ခိုက်ပြီး ဒီနေ့တော့ ပြန်ထွက်သွားပြီလို့ ဒေသခံတွေကပြောပါတယ်။ စစ်တပ်တွေ ရောက်လာရင် သူတို့ဝင်လာတဲ့ ကျေးရွာတွေထဲ ရှာဖွေပြီး ယူချင်တဲ့ ပစ္စည်းတွေ ယူဆောင်သွားကြသလို လက်နက်ကြီး လက်နက်ငယ်တွေနဲ့လည်း ပစ်ခတ်တာကြောင့် ဒေသခံတွေ အိုအိမ်ပစ် ထွက်ပြေးကြတာလို့လည်း ထွက်ပြေးနေသူတွေက ပြောပါတယ်။ အဲဒီလို ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေ အကူအညီတွေ အလွန်အမင်းလိုအပ်နေကြပါတယ်။
“လုံခြုံမှုတော့ မရှိတော့ဘူးပေါ့။ တောတောင်တွေထဲရော လက်နက်ကြီးနဲ့ လှမ်းနေတော့အခါလေး။ အခက်အခဲတွေဖြစ်နေတယ်ပေါ့နော်။ စားစရာဆန်တွေလည်း မတူပီမြို့ပေါ်ကိုလည်း သွားဝယ်လို့ မရ၊ မတူပီမြို့ပေါ်သွားပြန်တော့လည်း ဖမ်းတယ်လေး။ တခြားအခက်အခဲကတော့ ကျနော်ပြောသလိုပေါ့။ စားရေးသောက်ရေးပါပဲ အဓိက စားရေးသောက်ရေး နေရေးထိုင်းရေး ဒီစစ်ဘေးရှောင်နေရာတွေပေါ့နော်။ အဲ့လိုမျိုး လုံခြုံမှုတော့ အတတ်နိုင်ဆုံး ကူညီနိုင်တဲ့ အနေအထားတွေ ရှိရင်တော့ ကူညီစေချင်တယ်ပေါ့နော်။ ဆက်သွယ်မှုတွေ ပြတ်တောက်နေတဲ့ နေရာတွေ ဖြစ်နေတာပေါ့နော်။”
ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေ ဘယ်တော့ အဆုံးသပ်မယ်မှန်းမသိကြတဲ့အတွက် ဒုက္ခသည်တွေအနေနဲ့ ဘယ်တော့ သူတို့နေအိမ်မှာ လုံလုံခြုံခြုံပြန်နေနိုင်မယ်ဆိုတာ မသိကြသေးပါဘူး။ ကယားပြည်နယ်ထဲမှာလည်း ဒီးမော့ဆိုနဲ့ ဖရူးဆိုမြို့နယ်တွေထဲက စစ်ပြေးဒုက္ခသည်တွေ ခိုလှုံနေတဲ့နေရာတွေအပေါ် ဇန်နဝါရီလ ၁၆ နဲ့ ၁၇ ရက်နေ့တွေက စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တဲ့အတွက် ဒုက္ခသည်တချို့ သေဆုံးခဲ့ရပါတယ်။
Voa News
ကယားတွင် တိုက်ပွဲများကြောင့် စစ်ရှောင် ၁ သိန်း ၇ သောင်းကျော် ရှိလာ
ကယားပြည်နယ်အတွင်း၌ တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် စစ်ဘေးရှောင်နေရသူဦးရေ ၁ သိန်း ၇ သောင်းကျော်ထိရှိ လာကြောင်း စစ်ဘေးရှောင်များအား ကူညီနေသည့် ကရင်နီ လူ့အခွင့်အရေး အဖွဲ့၏ ကောက်ယူထားသည့် စာရင်းများ အရ သိရသည်။
ကယား စစ်ဘေးရှောင် ပြည်သူများသည်အနေဖြင့် ကယားပြည်နယ်တွင်းပင် လှည့်လည် တိမ်းရှောင်နေထိုင်မှုမှာ လူဦးရေ တသိန်းနှစ်သောင်းခန့်ရှိပြီး ဒီမောဆိုမြို့နယ်အတွင်းမှာ တိမ်းရှောင်နေထိုင်ကြသူ အများဆုံး ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရှမ်းပြည်နယ် တောင်ပိုင်းရှိ တောင်ကြီး၊ ညောင်ရွှေ၊ ပင်းတယ၊ ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံး၊ မောက်မယ် စသည့် မြို့နယ်များသို့ နေရပ်စွန့်ခွာ တိမ်းရှောင်သူ ၃ သောင်းခန့်၊ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်းသို့ စစ်ဘေး ရှောင်သူ ၁ သောင်း ဝန်းကျင်ခန့်နှင့် မန္တလေး၊ ရန်ကုန် အစရှိသည့် မြို့ကြီးများသို့ ပြောင်းရွှေ့သူ ၅၀၀ ကျော် ရှိကြောင်း သိရသည်။
စစ်ဘေးရှောင်များအား ကူညီနေသည့် ကရင်နီ လူ့အခွင့်အရေးအဖွဲ့က တာဝန်ရှိသူ တဦးက “ဇန်နဝါရီ ၁၈ ရက်ထိ စာရင်းတွေအရဆိုရင် ၁ သိန်း ၇ သောင်း အထက်မှာပဲ ရှိတယ်။ ၂၀၂၁ ခုနှစ်ကုန် လက်ကျန်လူ စာရင်းနဲ့ ၂၀၂၂ နှစ်စမှာ ထပ်တိုးလာတဲ့ စစ်ဘေးရှောင် စာရင်းတွေပေါ့။ လွိုင်ကော်မြို့နယ်က ဇန်နဝါရီလ အတွင်းမှာကို ၆ သောင်းလောက် ထပ်ပြီး စစ်ရှောင်ခဲ့ရတယ်။ ပြည်နယ်တွင်းမှာ တိုက်ပွဲတွေ ရှိနေဆဲဆိုတော့ စစ်ရှောင်တွေလည်း ထပ်ရှိနေတုန်းပဲ” ဟု ပြောသည်။
ယခုအခါ ကရင်နီ (ကယား) ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများနှင့် စစ်ကောင်စီတပ်၏ လေကြောင်း ပစ်ခတ်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ ကျေးရွာများအတွင်း အကြမ်းဖက် ဝင်ရောက် စီးနင်းမှုများကြောင့် ဒေသခံ ပြည်သူ များမှာ ရပ်ရွာ စင်တာ၊ ဘာသာရေး အဆောက်အအုံများတွင် ယာယီ နေထိုင်ကြသူ၊ နီးစပ်ရာ တောတောင်များ အတွင်းသို့ ထွက်ပြေး တိမ်းရှောင်နေကြရသူများလည်း ရှိနေကြောင်း သိရသည်။
“လွိုင်ကော်မြို့က ၁၅ ရပ်ကွက်မှာ လူဦးရေ တသိန်းခွဲကျော် ရှိတယ်။ လွိုင်ကော်မှာ ရပ်ကွက် ၁၅ ခု ရှိတာမှာ ၃ ရပ် ကွက်လောက်ပဲ နည်းနည်းလေး အသက်ဝင်တယ်လို့ ပြောလို့ရတာပေါ့။ ကျန်တဲ့ရပ်ကွက်တွေမှာ လုံး၀ လူမရှိသ လောက် ဖြစ်သွားပြီ။ အစောင့်တွေလောက်ပဲ ကျန်ခဲ့တာ။ အခုဆို ဖရူဆိုမြို့ကလည်း စစ်ဘေးရှောင်ရတဲ့ အခြေအနေ တွေ ရှိတော့ ဖရူဆိုမြို့မှာ လူမရှိသလောက် ဖြစ်သွားပြီ” ဟု ကရင်နီ လူ့အခွင့်အရေးအဖွဲ့က တာဝန်ရှိသူတဦးက ဆက် ပြောသည်။
ကယားပြည်နယ်အတွင်း၌ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် တိုက်ပွဲများ ပိုမို ပြင်းထန်လာကာ လက်နက်ကြီး အသုံးပြုမှု၊ လေကြောင်း တိုက်ခိုက်မှုများ ရှိနေသလို အရပ်သား သေဆုံး ဒဏ်ရာရမှု၊ အရပ်သားပိုင်ပစ္စည်းများ ဖျက် ဆီးခံရမှု၊ နေရပ်စွန့်ခွာ ထွက်ပြေးရမှုများလည်း တိုးပွားလာရာ ၂၀၂၁ ခုနှစ်၊ မေလက စတင်၍ ကယားပြည်နယ်တွင် အိမ်အလုံးရေ ၆၅၀ ကျော်၊ ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ အပါအဝင် အရပ်သား ပိုင်ဆိုင်သည့် အဆောက်အအုံများ မီးလောင် ပျက်စီးခဲ့သည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) က ထုတ်ပြန်ထားသည်။
အာဏာသိမ်းစစ်တပ်က ပြည်သူ့ကာကွယ်ရေးတပ်များကို လေကြောင်းက တိုက်ခိုက်သလို မြို့တော်လွိုင်ကော်က လူနေရပ်ကွက်များပေါ်လည်း ပစ်ချခဲ့သဖြင့် မြို့ခံများက အိုးအိမ်များစွန့်ပြီး အထက် အညာဒေသ အထိပါ ထွက်ပြေးခိုလှုံနေကြရသူများပင်ရှိသည်။
လွိုင်ကော်မြို့ခံတဦးက “အကိုတို့က အညာမှာ သွားရှောင်နေတယ်။ အစကတော့ မိသားစုဝင်တွေ အရင်ရှောင်ခိုင်းပြီး ကိုယ်က အိမ်စောင့် အဖြစ်နေခဲ့သေးတယ်။ စစ်တပ်က မြို့ပေါ်ထိ ဗုံးကြဲလာတယ်။ မဲမဲမြင်ရာပစ်တော့ အိမ်လည်း မစောင့်နိုင်တော့ဘူး။ ခိုးချင်ရာခိုးပစေတော့။ တရက်ကွက်လုံးလည်း ဘယ်သူမှာမနေတော့ဘူး။ ပြေးကုန်ကြပြီ” ဟု ပြောသည်။
လွိုင်ကော်မြို့ပေါ် ရပ်ကွက်များတွင် လူမရှိသလောက်ဖြစ်သွားသလို ဒီးမော့ဆိုမြို့ဆိုရင်လည်း လေကြောင်းရော၊ လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်ထားသဖြင့် တမြို့လုံးနီးပါး နေအိမ်နှင့် ဘုရားကျောင်းများ ပျက်ဆီးသွားသလို မြို့ခံများသည် တောတောင်များ အတွင်း သွားရောက် ပုန်းရှောင်နေကြရသည်။
ကယားပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေမှုကြောင့် ယခုအခါ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အခြား လူ့အသုံး အဆောင်ပစ္စည်များ သယ်ယူပို့ဆောင်ရေးအတွက် လမ်းကြောင်း အခက်အခဲများ အဓိက ရင်ဆိုင်နေကြရသည်ဟု စစ်ရှောင်များအား ကူညီနေသူများက ဆိုသည်။
“ပြည်နယ်တွင်း စစ်ရှောင်တွေရဲ့ စားနပ်ရိက္ခာအတွက်က လတ်တလောအတွက်ပဲ ဖြေရှင်းပေးနိုင်တဲ့ အခြေအနေပေါ့၊ ရေရှည်အတွက်ဆိုရင်တော့ အဆင်မပြေနိုင်ဘူးလို့ သုံးသပ်ပါတယ်။ အဓိက အကြောင်းရင်းကတော့ ပြည်နယ်မှာ ရှိနေ တဲ့ စားနပ်ရိက္ခာက ပုံမှန်အခြေအနေမှာတောင် မလုံလောက်ဘူး၊ ဆန်စပါးအတွက် ပြည်နယ်တွင်း ထုတ်လုပ်မှုနဲ့ သုံးစွဲ မှုက မမျှတာပေါ့။ နောက်တခုက လက်ရှိအခြေအနေတွေကြောင့် ပြည်မကနေ ဆန်တင်ပို့ရတာ တော်တော်လေး ကျပ် လာတဲ့အပြင် ငွေရေးကြေးရေးကလည်း ခက်ခဲမှုတွေ ရှိလာတာကြောင့် စားနပ်ရိက္ခာပိုင်းက တော်တော်လေး ခက်ခဲ လာတယ်” ဟု ကရင်နီ လူ့အခွင့်အရေးအဖွဲ့က တာဝန်ရှိသူတဦးက ပြောဆိုသည်။
ကယားပြည်နယ်တွင် ဒီဇင်ဘာ ၂၄ ရက်ကလည်း ကလေးငယ်တဦး၊ လူသားချင်း စာနာမှုလုပ်ငန်း ဆောင်ရွက်သူ နှစ်ဦး အပါအဝင် အရပ်သား ၃၅ ဦး မီးရှို့ သတ်ဖြတ်ခံခဲ့ရသော်လည်း လုံခြုံရေး အခြေအနေနှင့် သွားလာခွင့်ဆိုင်ရာ ခွင့်ပြုမိန့် ရရှိရန် ကြန့်ကြာခြင်း၊ စစ်ဆေးရေး ဂိတ်များစွာ ရှိနေခြင်း စသည့် သွားလာမှုဆိုင်ရာ အခက်အခဲများကြားမှ လူသားချင်းစာနာမှု လုပ်ငန်း ဆောင်ရွက်သူများသည် ဒေသခံ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ထိခိုက် ခံစား ရသူများအတွက် အရေးပေါ် အကူအညီများကို ပေးနိုင်ရေး လုပ်ဆောင်လျက်ရှိသည်ဟုလည်း UNOCHA Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ ထုတ်ပြန်ထားသော်လည်း စစ်ဘေးရှောင်များအား ကူညီနေသည့် ကရင်နီ လူ့အခွင့်အရေးအဖွဲ့ကမူ လက်ရှိ အချိန်တွင် ကယားပြည်နယ်အတွင်း စစ်ဘေးရှောင်များအတွက် UNHR ၊ ICRC ၊ World Food ပရိုဂမ်နှင့် အခြား အဖွဲ့အစည်း အသီးသီး၏ ကူညီထောက်ပံ့မှုများ ရပ်ဆိုင်းသွားပြီ ဖြစ်ကြောင်း ပြောဆိုသည်။
ယခုအခါ ကယားပြည်နယ်အတွင်း၌ တိုက်ပွဲဖြစ်ပွားမှုများ နေ့စဉ်နီးပါး ရှိနေဆဲဖြစ်ရာ ဇန်နဝါရီ ၂၃ ရက်ကလည်း လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်များ အတွင်းသို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေး တပ်-ဒီးမော့ဆို(DMO-PDF) အလယ်ပိုင်းတိုင်း၊ လွိုင်ကော်(PDF)၊ KNDF ၊ KA တပ်ဖွဲ့တို့ တိုက်ပွဲများ ပြင်းထန်ခဲ့ ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်-ဒီမော့ဆို(DMO-PDF) က ထုတ်ပြန်ထားသည်။
ထို့ပြင် ဇန်နဝါရီ ၁၆ ရက် ညပိုင်းက ဒီမော့ဆို အနောက်ဖက်ခြမ်း နန်းမယ်ခုံနှင့် ဖရူဆိုမြို့အနောက်ဘက်ခြမ်း ရခီးဘူး စစ်ရှောင်စခန်းကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ရှောင်စခန်းမှ ကလေးငယ် တဦး အပါအဝင် ပြည်သူ ၃ ဦးနှင့် ဆေးဝန်ထမ်း ၃ ဦး သေဆုံးခဲ့ရကြောင်း KNDF က ထုတ်ပြန်ထားသည်။
Irrawaddy News
ပုလောမြို့ ဗုံးကွဲမှုတွင် ကိုယ်ဝန်သည်နှင့် သူ၏ ၆ နှစ်သား သေဆုံး
တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပေါက်ကွဲမှုတစ်ခုတွင် ကိုယ်ဝန်ဆောင်တစ်ဦးနှင့် ၎င်း၏ ၆ နှစ်အရွယ် သားဖြစ်သူတို့ ၎င်းတို့၏အိမ်အနီး ဒဏ်ရာအပြင်းအထန်ရကာ သေဆုံးသွားသည်။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပဝတ်ဖျားကျေးရွာတွင် ယမန်နေ့ (ဇန်နဝါရီ ၂၃) ညနေပိုင်းက မိုင်းဗုံးပေါက်ကွဲပြီး ၂၈ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် သူ၏ကလေး ၆ နှစ်သား သေဆုံးသွားသည်။
ညနေ ၅ နာရီခွဲခန့် ရွာတောင်ဘက်အစွန်ရှိ နေအိမ်မှ ၁၈ ပေခန့်အကွာတွင် မိုင်းပေါက်ကွဲ၍ မိခင်မှာ ပွဲချင်းပြီးသေဆုံးပြီး သားဖြစ်သူမှာ နာရီဝက်ခန့်အကြာတွင် သေဆုံးသည်ဟု ပဝတ်ဖျားရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။
“ဖြစ်ဖြစ်ချင်း ၅ မိနစ်လောက်ပဲ ရှိသေးတယ် ကျွန်တော်ရောက်သွားတယ်။ ကလေးက မျှော်လင့်ချက်မရှိပေမဲ့ အသက်နည်းနည်းရှူတယ်ဆိုတော့ ပို့လိုက်ရတာ။ ဆေးရုံရောက်ရောက်ချင်းပဲ သေသွားတယ်”ဟု အသက် ၃၀ ကျော်အရွယ် ထိုအမျိုးသားက ဆက်ပြောသည်။
ထိုရွာအနီးရှိ ဘုန်းကြီးကျောင်းတွင် ဇန်နဝါရီလဆန်းပိုင်းမှစ၍ ယနေ့အထိ စစ်ကောင်စီတပ်က အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသည်။
ပေါက်ကွဲမှုအပြီး မှတ်တမ်းတင်ထားသော ရုပ်သံဖိုင်တစ်ခုတွင် ၆ နှစ်အရွယ် စောလေလေး၏ ဘယ်ညာ ဒူးနှစ်ဖက် ထိခိုက်ကာ ဘယ်ဖက်ဒူးတွင် အရိုးများပေါ်သည်အထိ ပေါက်ပြဲဒဏ်ရာ၊ ဘယ်ဘက်နံကြား ပေါက်ထွက်၊ ဘယ်ဘက်လက်မောင်း၊ မျက်နှာတို့တွင် အပြင်းအထန်ဒဏ်ရာရထားပြီး မိခင်ဖြစ်သူ၏ ဆီးခုံ၊ ဝမ်းဗိုက်၊ ရင်ဘတ်နေရာတို့တွင် သွေးကွက်အချို့ တွေ့ရသည်။
မကြာသေးခင်ကမှ ပဝတ်ဖျားရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် နယ်မြေခံ ပြောက်ကျားအဖွဲ့များအကြား တိုက်ပွဲဖြစ်ခဲ့သေးပြီး ထိုရွာရှိ လူနေအိမ် ၅ လုံးမီးရှို့ခံရသည်။
အဆိုပါရွာမှ နေအိမ် ၅ လုံး မီးရှို့ခံရမှု၊ သားအမိနှစ်ဦး သေဆုံးမှုတို့မှာ စစ်ကောင်စီတပ်သားများ၏ လက်ချက်ဟု ဒေသခံများက ယူဆနေကြသည်။
“စစ်တပ်ဘက်က မလာစစ်ဘူး၊ သူတို့သိမှာပဲလေ၊ ဒါက သူလုပ်ထားတဲ့ လက်ချက်ဆိုတာ။ ကျွန်တော့်စိတ်ထင် ရည်ရွယ်ချက်ရှိရှိပဲ လာလုပ်ထားတယ်လို့ သတ်မှတ်ရမယ်။ သူ့အိမ်ရှေ့တည့်တည့်ပဲ။ သူ့အိမ်က ရွာပြင် နည်းနည်းရောက်တယ်” ဟု အထက်ပါအမျိုးသားက ပြောသည်။
အိမ်ခြေ ၂၅၀ ခန့်ရှိ ပဝတ်ဖျားကျေးရွာသည် ကရင်လူမျိုးအများစုနေထိုင်ကြပြီး ပုလောမြို့မှ ၁ မိုင်ခန့်သာ ကွာဝေးပြီး ထိုမြို့နယ်အခြေစိုက် ခြေမြန်တပ်ရင်း အမှတ် ၂၈၅ နှင့် ၆ မိုင်ခန့်ကွာဝေးကာ KNU တပ်မဟာ(၄) မြိတ်/ထားဝယ် ခရိုင်အတွင်း တည်ရှိသောရွာဖြစ်သည်။
ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားသော စစ်သားများက ညအချိန်တွင် လှုပ်ရှားမှုများရှိသည်ဟု အထက်ပါ ပဝတ်ဖျားရွာခံအမျိုးသားက ဆက်ပြောသည်။
“၁၂ နာရီ တစ်ချက် ၂ နာရီလောက် အဲဒီအချိန်ဆို ညတိုင်းလာတယ်။ ရွာလမ်းမအတိုင်းတော့ သူတို့က မသွားဘူး။ ရွာပြင်ကနေပြီးတော့ ချောင်းတာ။ ဘာချောင်းတာလဲ သူ့ရန်သူ ရှိလား၊ မရှိလား ဘာရည်ရွယ်ချက်နဲ့ လာတယ်တော့ ကျွန်တော်တို့လည်း သေချာမသိဘူး”ဟု ၎င်းက ဆိုသည်။
ပဝတ်ကုန်းကျေးရွာနေ အမျိုးသမီးတစ်ဦးကလည်း စစ်တပ်ကသာ အရပ်သားများကို ပစ်မှတ်ထားတတ်သည်ဟု ပြောသည်။
“ဒီဘက်က PDF တွေက ရွာသားတွေနဲ့ ရွာရဲ့ ပတ်ဝန်းကျင်တွေမှာ မထောင်ဘူး။ စစ်ကောင်စီတွေ လာတဲ့ လမ်းကြောင်းလောက်ပဲ ထောင်တာ” ဟု အမည်မဖော်လိုသော ထိုအမျိုးသမီးက ပြောသည်။
ထိုဖြစ်ရပ်၊ ထိုပြောဆိုချက်တို့နှင့် ပတ်သက်ပြီး ပုလောမြို့မရဲစခန်းကို ဖုန်းဆက်မေးမြန်းရာ တာဝန်ကျအရာရှိက မှတ်ချက်ပေးရန် ငြင်းဆိုသည်။ စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်း မရှိပေ။
ပေါက်ကွဲသည့်မိုင်းအမျိုးအစားမှာ စစ်ကောင်စီတပ်များက ထောင်ထားသည့် ခြေနင်းမိုင်းဖြစ်ကြောင်း ပုလောမြို့နယ် PDF အဖွဲ့က ယမန်နေ့ညက သတင်းထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၈ ညပိုင်းတွင် ပဝတ်ဖျားကျေးရွာအနီး စစ်ကောင်စီတပ်သားများ မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် အရာရှိ ၂ ဦးနှင့် တပ်သား ၅ ဦးသေဆုံးခဲ့သည်ဟု ပုလောမြို့နယ် PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ၎င်းတို့ကို ဆန့်ကျင်သော မည်သူ့ကိုမဆို နည်းမျိုးစုံဖြင့် ဖမ်းဆီးထောင်ချ နှိပ်စက်သတ်ဖြတ်နေရာ တနင်္သာရီတိုင်းတွင် တစ်နှစ်နီးပါးအတွင်း ဖမ်းဆီးခံထားရသူ ၉၅၀ နီးပါးနှင့် ပစ်သတ်ခံရသူ ၆၉ ဦး ရှိနေကြောင်း မွန်အခြေစိုက် သံလွင်တိုင်းသတင်းဌာန၏ ဇန်နဝါရီ ၂၂ ထုတ် သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
တိုက်ပွဲများကြောင့် တနင်္သာရီတိုင်းရှိ မြို့နယ် ၆ မြို့နယ်မှ ဒေသခံ ၄,၀၀၀ ခန့် ထွက်ပြေးနေရကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
Myanmar Now News
ပေါက်မြို့မှ ရွာများကို စစ်တပ် ဖျက်ဆီး၊ ဒေသခံတို့ ထပ်ထွက်ပြေးရန် ပြင်ဆင်
မကွေးတိုင်း၊ ပေါက်မြို့နယ် ကျေးလက်ဒေသကို စစ်တပ် ၄ ရက်ဆက် ဝင်ရောက်မွှေနှောက်ခဲ့ရာ ဒေသခံ ၃၀,၀၀၀ ခန့် ဘေးလွတ်ရာ ရှောင်နေရပြီး တော်လှန်ရေးသမားတို့လည်း တပ်ဖျောက်ထားရသည်။
မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်က ၄ ရက်ဆက် ဝင်ရောက် မွှေနှောက်ပြီး ယနေ့ ဇန်နဝါရီ ၂၄ တွင် ပြန်လည်ဆုတ်ခွာသွားသော်လည်း မြိုင်ဘက်မှ စစ်ကြောင်းများ ဝင်ရောက်လာဖွယ်ရှိသောကြောင့် ထပ်မံရှောင်တိမ်းရန် ပြင်ဆင်နေကြရသည်ဟု ဒေသခံတို့က ပြောသည်။
“သတင်းတွေကတော့ ကြားနေတယ်။ အခုပဲ ရှောင်ဖို့ ပြင်ဆင်ထုပ်ပိုးနေကြပြီ” ဟု ဇီးတောရွာမှ အသက် ၅၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ မှ ၂၃ အထိ ပေါက်မြို့နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း ကျေးရွာများကို စစ်သား ၁၀၀ ခန့်နှင့် ပျူစောထီး ၃၀ ခန့်ပါသည့် စစ်ကြောင်းက ဝင်ရောက်သွားပြီးနောက် ယနေ့ ပြန်လည်ဆုတ်ခွာသွားရင်း လမ်းတစ်လျှောက်ရှိ ကျေးရွာများကိုပါ ဖျက်ဆီးသွားကြသည် ဆိုသည်။
လက်ရှိတွင် ကျေးရွာပေါင်း ၁၀ ရွာမှ ဒေသခံ ၃၀၀၀၀ ခန့်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ကောင်စီစစ်ကြောင်းများ မြိုင်ဘက်မှ ရောက်လာမည်ဆို၍ ထပ်မံတိမ်းရှောင်ရန် ပြင်ဆင်နေကြရခြင်း ဖြစ်သည်။
အဆိုပါ ၄ ရက်ဆက် ကျေးရွာများအား ဝင်ရောက်စီးနင်းမှုတွင် တော်လှန်ရေးအင်အားစုများကို ထောက်ပံ့သူများ၊ အဖွဲ့ဝင်များ၏ မိသားစုများနေထိုင်ရာ နေအိမ်များကို ဖျက်ဆီးခြင်း၊ ပစ္စည်းများကို ယူဆောင်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း ယင်းဒေသခံများနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
စစ်တပ်နှင့် ပျူစောထီးက ယင်းသို့ ပြုမူသည်ဟူသော ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး ပေါက်မြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းသော်လည်း တုံ့ပြန်ချက် မရသေးသလို စစ်ကောင်စီကလည်း ထိုစစ်ကြောင်း၏ လှုပ်ရှားမှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ပေါက်မြို့နယ်တောင်ပိုင်းမှ ဘို့မယ်၊ တောင်ဘက်၊ လယ်ယာ၊ သစ်ညီနောင်၊ ပေါက်မြို့နယ်မြောက်ပိုင်းမှ လယ်အို၊ သရက်ကိုင်း စသည့်ကျေးရွာများအတွင်း ဝင်ရောက်မွှေနှောက် ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း တောင်ဘက်ကျေးရွာ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ဘို့မယ်ကတော့ တစ်ရွာလုံးနီးပါးပဲ၊ ဖျက်ဆီးသွားတာ။ အဝတ်အစား၊ စားစရာသောက်စရာ၊ ကောင်းတဲ့ဟာ အကုန်လုံး ထုပ်ပြီး ယောချောင်းအတိုင်း ရေမျှောပြီး ယူသွားတာ” ဟု ဇန်နဝါရီ ၂၁ က ဝင်ရောက်ခဲ့သည့် အခြေအနေကို လုံခြုံရေးအခြေအနေကြောင့် အမည်မဖော်လိုသော အမျိုးသမီးက ပြောပြသည်။
“သူတို့က ပင်ထောင်မှာ တပ်စွဲထားတာ၊ ဘို့မယ်ကျတော့ ပင်ထောင်ရဲ့အထက်မှာဆိုတော့ (ပစ္စည်းတွေ) ချောင်းအတိုင်း မျှောသွားတယ်၊ ပင်ထောင်ရောက်ရင် ဆယ်လိုက်ရုံပဲ၊ ပျူစောထီးတွေနဲ့ စစ်သားတွေနဲ့ ဝင်လာပြီးတော့ လိုချင်တာယူသွားတာပေါ့။ (ဒေသခံတွေ) အဖမ်းခံရတာမျိုးတော့ မရှိဘူး”
0003_a_house_in_bo_mae_village_magway_destroyed_by_army_23_jan_2022_photo_supplied.jpg
တောင်ဘက်ကျေးရွာတွင်မူ အဖမ်းအဆီးရှိသည်ဟု ထိုအမျိုးသမီးက ဆက်ပြောသည်။
“တစ်ရွာလုံးနီးပါးပဲ၊ အသုဘရှိလို့ လုပ်နေတဲ့နေရာက ဘိုးကြီးအိုမယ်ကြီးအိုတွေ၊ အသုဘအိမ်ကဟာတွေ အကုန်လုံး မိသွားတာပေါ့၊ ဖမ်းသွားတာ။ ဖမ်းပြီးတော့ သူတို့နေတဲ့ ဘုန်းကြီးကျောင်းဝိုင်းထဲမှာ ထားတာ၊ ညနေမိုးချုပ်ကျတော့ မိန်းမတွေကို ပြန်လွှတ်လိုက်တယ်၊ ယောက်ျားတွေကိုကျတော့ ဆက်ပြီး ဖမ်းထားတုန်းပဲ”ဟု ဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ထောက်ပံ့သည်ဟု ၎င်းတို့ယူဆသည့် မိသားစု ၃ စု၏ အိမ်များကို ချိပ်ပိတ်ခဲ့သည်။
ဇန်နဝါရီ ၂၀ တွင် စစ်သားများသည် လယ်ယာကျေးရွာကို ဝင်ရောက်စဉ် အမျိုးသားတစ်ဦးနှင့် နွားတစ်ရှဉ်းတို့ ပစ်ခတ်ခံရကြောင်း၊ ထိုအမျိုးသားမှာ ပျောက်ဆုံးနေခဲ့ပြီး၊ နွားများမှာ သေဆုံးနေသည်ကို တွေ့ခဲ့ကြရကြောင်း ဒေသခံများက ဆိုသည်။
လယ်ယာကျေးရွာမှ နေအိမ်အများစုကိုလည်း ဝင်ရောက်ပြီး အိမ်သုံးပစ္စည်းများကို ဖျက်ဆီးခြင်း၊ အိမ်များကို ဖျက်ဆီးခြင်းအပြင် အိမ်နှစ်လုံးကို မီးရှို့သွားခဲ့ပြီး၊ တစ်ရွာလုံးရှိ ဆိုင်ကယ်များကို စုပုံမီးရှို့ခဲ့ကြောင်း သိရသည်။
သစ်ညီနောင်ကျေးရွာသို့ ဇန်နဝါရီ ၂၂ က ဝင်ရောက်စဉ်တွင်လည်း အလားတူဖျက်ဆီးမှုများရှိခဲ့ကြောင်း ထိုကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။
“နွားတစ်ကောင်သတ်ပြီး စားသွားတယ်။ ဘုန်းကြီးကျောင်းထဲမှာ ရပ်ထားတဲ့ ၁၂ ဘီးကားတစ်စီးကို အကုန်ဖျက်ဆီးသွားတယ်။ အဲဒီရွာက (PDF) ခေါင်းဆောင်ပိုင်းကလူတွေရဲ့ ရွာဆိုတော့ သူတို့အိမ်တွေကို ဝင်တယ်။ အဝတ်အစားကအစ ဓားတွေနဲ့ ထိုး၊ အိမ်တိုင်တွေ ဖျက်၊ အကုန်ပဲ။ ဖျက်ဆီးသွားတာ” ဟု စစ်ကောင်စီတပ်ရန်ကြောင့် အမည်မဖော်လိုသူ ထိုအမျိုးသားက ဆိုသည်။
ပေါက်မြို့နယ်တောင်ပိုင်းအပြင် မြောက်ပိုင်းမှ ကျေးရွာများတွင်လည်း အခြားစစ်ကြောင်းတစ်ခု ဝင်ရောက်သွားသည်ဟု မကွေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“တောင်ပိုင်းတင်မဟုတ်ဘူး။ မြောက်ပိုင်းမှာလည်း စစ်ကြောင်းဝင်နေတယ်။ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့မှာ လယ်အိုနဲ့ သရက်ကန်ရွာက ရေနံဇုန်ကို မီးရှို့တာ၊ ညနေ သုံးနာရီလောက်မှာ” ဟု ပြောရေးဆိုခွင့်ရှိသူ မဟုတ်သဖြင့် အမည်မဖော်လိုသော ထိုအမျိုးသားက ဆိုသည်။
“ရေနံတွေ ခပ်ထားတဲ့ကန်တွေ၊ အခွန်မပေးလို့ပေါ့၊ သူတို့တောင်းတဲ့ပိုက်ဆံ မပေးလို့၊ မီးရှို့ပစ်တာ”
ပေါက်မြို့နယ်တော်လှန်ရေးတပ်ဖွဲ့များ လတ်တလော တိုက်ပွဲမဖော်ဆောင်နိုင်သေးဟု ဆိုသည်။
“ရှောင်နေကြရတာပေါ့။ တော်တော်ဂရုစိုက်နေရတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ ကျွဲဝယ်တယ် ခေါ်တာပေါ့၊ ဒလန်အကြီးစား ရှင်းတာလောက်ပဲ ရှိတယ်။ လုပ်မရဘူး”ဟု ထိုတပ်ဖွဲ့ဝင်က ဆိုသည်။
“စစ်ကြောင်းလိုက်ကြီး ချီတာဆိုတော့။ ကျွန်တော်တို့ရထားတဲ့ သတင်းအရဆို စစ်ကြောင်းထိုးဖို့ ပြင်နေတာ”
ယမန်နေ့ကလည်း မြိုင်နှင့် ပေါက်မြို့နယ်အကြားရှိ ကြက်စုအိုင်နှင့် သရက်ကန် ရေနံမှော်များကို စစ်တပ်က အင်အား ၃၀၀ ခန့်ဖြင့် စီးနင်းပြီး ငွေညှစ်ခဲ့ပြီး ငွေမပေးသော ရေနံမှော်ရှိ ရေနံတွင်းများနှင့် အနည်းဆုံး သိုလှောင်ခြံ ၃ ခြံ မီးရှို့ခံခဲ့ရသည်။
Myanmar Now News
မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ အပတ်စဥ်ထုတ်ပြန်ချက် ၂၀၂၂ ခုနှစ် ဇန်န၀ါရီလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ
မြန်မာ့အကြမ်းဖက်စစ်တပ်သည် ဆယ့်တစ်လတာ ကာလအတွင်း နိုင်ငံတကာ၏ အရေးယူဆောင်ရွက်ခြင်းမခံရဘဲ ပြည်သူအပေါ် ထိုးစစ်ဆင်စစ်ပွဲများကို ရပ်တန့်မှုမရှိ ဆက်လက်လုပ်ဆောင်နေသည်။ အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအ၀င် အပြစ်မဲ့ပြည်သူများသည် တိုက်ပွဲများကြား ပိတ်မိနေဆဲဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းတွင် ကရင်နှင့် ကယား(ကရင်နီ) ပြည်နယ်တို့တွင် ထိုးစစ်များ ပိုမိုဆိုးရွားလာသောကြောင့် ထွက်ပြေးတိမ်းရှောင်သူများ ထောင်နှင့်ချီရှိနေပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများ အလွန်လိုအပ်နေသည်။ မြန်မာနိုင်ငံအတွင်း အဓိက အကူအညီပေးရေးလမ်းကြောင်းများကို အကြမ်းဖက်စစ်တပ်မှ ပိတ်ဆို့ထားဆဲဖြစ်သည်။ အာဏာသိမ်းရန် ကြိုးပမ်းမှု စတင်ချိန်မှစ၍ ပထမဆုံး ခုခံတုံ့ပြန်သူများကို အကြမ်းဖက်စစ်အာဏာရှင်မှ ပစ်မှတ်ထားခဲ့ပြီး ရိက္ခာပေးပို့မှုများကို ကြားဖြတ်ဟန့်တားကာ ရိက္ခာများကိုပင် မီးရှို့ဖျက်ဆီးခဲ့သည်။
အရပ်ဘက်အဖွဲ့အစည်းများသည် မြေပြင်တွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ရဲ၀ံ့စွာ ဆက်လက် မှတ်တမ်းတင်နေကြသည်။ အကြမ်းဖက်စစ်အာဏာရှင်များ ချိုးဖောက်ခဲ့သော ရာဇ၀တ်မှုများအတွက် စုဆောင်းထားသော အထောက်အထားများသည် နိုင်ငံတကာ တရားစီရင်ရေး၏ အမြင့်ဆုံးအဆင့်တွင် ကျူးလွန်ခံရသူ ထောင်ပေါင်းများစွာအတွက် တရားမျှတမှု ရှိစေရန်အတွက် မရှိမဖြစ် လိုအပ်ပါသည်။ အရပ်သားများကို ပစ်မှတ် သို့မဟုတ် လူသားဒိုင်းအဖြစ် အသုံးပြု၍ မရပါ။ ၎င်းတို့အား ဘေးကင်းသော လမ်းကြောင်းများကို ပြေးခွင့်ပေးရမည် ဖြစ်ပြီး အကူအညီများကို ပိတ်ဆို့ခြင်း မပြုရပါ။ အခြေခံစံနှုန်းများနှင့် အရပ်သားပြည်သူတို့၏ အသက်ကို အကာအကွယ်ပေးခြင်းများကို လိုက်နာရန် ပျက်ကွက်သောကြောင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများအတွက် အကြမ်းဖက်စစ်အာဏာရှင်တွင် တာဝန်ရှိသည်။
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် လာရောက်လည်ပတ်ခဲ့သော်လည်း အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) သည် အကြမ်းဖက် စစ်အာဏာရှင်နှင့် မည်သို့ ဆက်ဆံရန် သဘောတူညီမှု မရရှိခဲ့ပေ။ အာဆီယံ၏ လက်ရှိဥက္ကဌဖြစ်သည့် ကမ္ဘောဒီးယားသည် ခရီးသွားလာရေး ကိစ္စများကို ကိုးကား၍ နိုင်ငံခြားရေး ၀န်ကြီးများနှင့် တွေ့ဆုံရန် ရွှေ့ဆိုင်းခဲ့သည်။ သို့သော်လည်း လေ့လာစောင့်ကြည့်သူများမှ သတိပြုမိသည်မှာ ၎င်းသည် တိုင်းပြည်အတွက် တစ်စုံတစ်ရာ အချက်ပြဖွယ်ရှိကြောင်းနှင့် စစ်အာဏာရှင်၏ ကိုယ်စားလှယ်မှန်သမျှကို ဖိတ်ခေါ်ခြင်းအပေါ် သဘောထားကွဲလွဲမှု အများအပြား ရှိနေသည်။
တိုင်းရင်းသားဒေသများတွင် စစ်အစိုးရတပ်များက လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်နေချိန်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်၏ ခရီးစဉ်ကို ရှုတ်ချသည့်သူများထဲတွင် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ပါဝင်ခဲ့သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်နှင့် ၈ ရက်တို့တွင် “ဝန်ကြီးချုပ် ဟွန်ဆန်သည် မကောင်းသော အကြံဥာဏ်ဖြင့် မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံရန် နေပြည်တော်သို့ လာရောက်ခဲ့သည်ဟု” SAC-M မှ ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ မြန်မာပြည်သူများ၏ အသံကိုနုတ်ပိတ်၍ မရနိုင်သကဲ့သို့ နှုတ်ဆိတ်နေမည်မဟုတ်ပါ။ နိုင်ငံတကာအသိုက်အဝန်းမှ မြန်မာပြည်သူတို့၏ အကာအကွယ်၊ ဘေးကင်းရေးနှင့် တရားမျှတမှုတို့အတွက် တောင်းဆိုချက်များကို တုံ့ပြန်ဆောင်ရွက်ရမည့်အချိန်ဖြစ်သည်။
တိုင်းရင်းသားဒေသများရှိ ပဋိပက္ခများ
ကရင်ပြည်နယ်
ကရင်ပြည်နယ်ရှိကျေးလက်များတွင် အကြမ်းဖက်စစ်တပ်၏ လေကြောင်းနှင့် မြေပြင်တို့တွင် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပိုမို ဆိုးရွားလာကြောင့် ကရင်ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင် နေရသည်။ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ၏အဖွဲ့၀င်အဖွဲ့အစည်းဖြစ်သော မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM ၏ အဆိုအရ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ တပ်မဟာ(၆)၏ ရင်းမြစ်များအရ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ မယ်တော်သလေးကျေးရွာရှိ နေအိမ်များတွင် အကြမ်းဖက်စစ်တပ်မှ မြေမြှုပ်မှိုင်းများ မြှုပ်ထားသည်ကို တွေ့ရှိရသည်။ “မြန်မာစစ်တပ်မှ နေအိမ်များ၊ အိမ်ခန်းများထဲနှင့် ခြံ၀န်းများထဲတွင် ထောင်ထားသည့် မြေမြှုပ်မှိုင်းများကို ကျွန်တော်တို့ တွေ့ရှိခဲ့တယ်။” မြေမြှုပ်မိုင်းကြောင့် စစ်ဘေးဒဏ်သင့် စစ်ဘေးရှောင် ဒုက္ခသည်များ တော်တော်များများ နေရပ်သို့ မပြန်နိုင်သေးပါ။ အကြမ်းဖက်စစ်တပ်မှ နေအိမ် ၆၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ နေအိမ်များပျက်ဆီးဆုံးရှုံးများနှင့် အကြမ်းဖက်စစ်တပ် မြှုပ်ထားသည့် မြေမြှုပ်မှိုင်း အန္တရာယ်သည် နေရပ်ပြန်ရေးအတွက် စိန်ခေါ်မှုဖြစ်နေသည်။
“ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ တံတား အမှတ် ၁ နှင့် တံတား အမှတ် ၅ နယ်စပ်ကြားတွင်ရှိသော ရွှေညောင်ပင်ကို အကြမ်းဖက်စစ်တပ်မှ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် မနက် ၁ နာရီတွင် တမင်တကာ လေကြောင်းဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု” ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်မှ သတင်းထုတ်ပြန်ခဲ့သည်။ တိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများကြောင့် ပိတ်ဆို့အရေးယူမှုများနှင့် စစ်ဂျက်လေယာဉ်များကို ထောက်ပံ့ပေးသော လေကြောင်းလောင်စာဆီများ ရပ်ဆိုင်းခြင်းအပါအဝင် နိုင်ငံတကာ အရေးယူဆောင်ရွက်မှုများအတွက် ကရင်အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် မဟာမိတ်လူ့အခွင့်အရေးအဖွဲ့များမှ တောင်းဆိုခဲ့သည်။
ကယား (ကရင်နီ) ပြည်နယ်
ကယား(ကရင်နီ)ပြည်နယ်တွင် ဆက်လက်ဖြစ်ပွားနေသော လေကြောင်းတိုက်ခိုက်မှုများကြောင့် မြို့တော် လွိုင်ကော်တွင် နေထိုင်သူ အများစု ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ဇန်နဝါရီ ၈ ရက်နှင့် ၉ ရက်တို့တွင် လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်တပ်တို့ကြား ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားပြီးနောက် အဆိုပါ တိုက်ခိုက်မှုများကို စတင်ခဲ့ခြင်းဖြစ်သည်။ ခုခံတော်လှန်ရေးသမားများ လက်နက်မချလျှင် အပြည့်အ၀ ထိုးစစ်ဆင်မည်ဟု စစ်အာဏာရှင်များချိန်းခြောက်နေချိန် ရဟတ်ယာဉ်များ ပျံဝဲနေသည်ကို ကြားရသည့်အတွက် အရပ်သားများ ထွက်ပြေးရန် ၀ေခွဲမရဖြစ်နေကြပြီး မြို့၏ အခြေအနေမှာ “လူသူကင်းမဲ့”နေသည့် အနေအထား ဖြစ်နေသည်။ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် တပြည်နယ်လုံးရှိ လူဦးရေ ၁၅၀,၀၀၀ ကျော်သည် အိမ်နီးချင်း ရှမ်းပြည်နယ် သို့မဟုတ် နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးခဲ့ရသည်။ လွိုင်ကော်မြို့ပေါ်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသောပြီး ဇန်နဝါရီလ ၁၂ ရက်နေ့တွင် လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ဆက်လက်ဖြစ်ပွားနေသော ထိုးစစ်များကြောင့် ထိခိုက်ခံစားရသည့် အရပ်သားများအား အကာအကွယ်ပေးရန် တောင်းဆိုထားသည်။ နိုင်ငံတကာအသိုင်းအဝိုင်းအား မေတ္တာရပ်ခံချက်တွင် အရပ်သားတို့၏ နေအိမ်များ၊ ရွာများရှိ နေအိမ်အဆောက်အဦများ မီးရှို့ခြင်းဖြင့် အကြမ်းဖက်စစ်တပ်မှ တမင်တကာ ပစ်မှတ်ထားနေကြောင်း KNPP မှ ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။ လွိုင်ကော်မြို့ထဲတွင် ပြီးခဲ့သည့် သီတင်းပတ်တွင် အကြမ်းဖက်စစ်တပ်မှ လျှပ်စစ်နှင့် ရေကို ဖြတ်တောက်ခဲ့သည်။
ရှမ်းပြည်နယ်
အကြမ်းဖက်စစ်တပ်နှင့် ဒေသခံခုခံတော်လှန်ရေးတိုက်ပွဲများ တိုးလာသောကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်းလောင်းမြို့နယ်တွင် လာရောက် ခိုလှုံကြသော စစ်ဘေးရှောင်များအတွက် အရေးပေါ်အကူအညီများလိုအပ်နေသည်။ ရှမ်းပြည်မြောက်ပိုင်းတွင်လည်း ကျေးရွာသား ၃၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရပြီး အနွေးထည်နှင့် ဆေး၀ါးများလိုအပ်လျက်ရှိသည်။ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် နှင့် အကြမ်းဖက်စစ်တပ်ကြား တိုက်ပွဲများကြောင့် အကြမ်းဖက်စစ်တပ်မှ စစ်သား ငါးဦး ကျဆုံးခဲ့သည်။ ဇန်န၀ါရီလ ၁၂ ရက်နေ့ ရှမ်းပြည်မြောက်ပိုင်း စခန်းသစ်မှ အကြမ်းဖက်စစ်တပ်သည် မန်းလွင်နှင့် ကောင်းဝိုင်ကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။ လွန်ခဲ့သည့် ရက်သတ္တပတ်တွင်း နှစ်ဖွဲ့ကြား တိုက်ပွဲများလည်း ဖြစ်ပွားခဲ့သည်။ ထိုနေ့တွင်ပင် အကြမ်းဖက်စစ်တပ်မှ အမြောက်ဖြင့် ပစ်ခတ်မှုကြောင့် မိန်းကလေးငယ် ၂ ဦး သေဆုံးခဲ့သည်။
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် တိုက်ပွဲများကြောင့် ဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုံကြသော စစ်ဘေးရှောင် (၃၀၀)အတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေသည်။ ထွက်ပြေးတိမ်းရှောင်သည့် သူများထဲတွင် ကလေးသူငယ်နှင့် အမျိုးသမီးများစွာပါ၀င်သည်။
ရန်ကုန်၊ ဒဂုံဆိပ်ကမ်းတွင် ဖမ်းခံရသူ ၃ ဦး သတင်းအစအနပျောက်နေ
ဧည့်စာရင်းစစ်စဉ် စစ်ကောင်စီတပ်က ဖမ်းသွားသည့် ရန်ကုန်မှ အသက် ၂ဝ ဝန်းကျင် လူငယ်များ မည်သည့်နေရာတွင် ထိန်းသိမ်းခံနေရမှန်း မသိရသေးပေ။
ရန်ကုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ စစ်တောင်းရိပ်မွန်အိမ်ရာတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖမ်းဆီးခံလိုက်ရသော လူငယ်သုံးဦး သတင်းအစအန လုံးဝပျောက်ဆုံးနေသည်။
ဇန်နဝါရီ ၁၂ ည ၁၁ နာခန့်က စစ်တောင်းရိပ်မွန်အိမ်ရာ၊ ၉၂ ရပ်ကွက်၊ နှင်းဆီလမ်း၊ တိုက်နံပါတ် ၄၁ ကို စစ်ကောင်စီတပ်သားများ ဝင်စီးစဉ် အသက် ၂ဝ ကျော် ထိုလူငယ်တို့ အဖမ်းခံရခြင်းဖြစ်သည်။
ထိုလူငယ်များမှာ ၂၃ နှစ်အရွယ် ကိုအောင်သူဟိန်း ခေါ် အောင်ကြီး၊ ၎င်း၏ ညီဖြစ်သူ ၂၁ နှစ်အရွယ် ကိုအောင်မင်းမြတ် ခေါ် ဖြူဖွေး၊ ဒဂုံတက္ကသိုလ် မြန်မာမှုပညာဘာသာရပ်နောက်ဆုံးနှစ် ကျောင်းသားလည်းဖြစ် ဒဂုံတက္ကသိုလ်၏ ကာယပညာနည်းပြ စေတနာ့ဝန်ထမ်းလည်းဖြစ်သည့် ၂၂ နှစ်အရွယ် ကိုနိုင်အောင် ခေါ် ဆိပ်ကမ်းတို့ ဖြစ်သည်။
အဖမ်းခံထားရသူများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရဲစခန်း စသည်များကို လိုက်လံစုံစမ်းမေးမြန်းနေသော်လည်း မည်သည့်သတင်းအစအနမျှ မရသေးကြောင်း ထိုလူငယ်တို့၏ မိသားစုဝင်များ၊ မိတ်ဆွေများက Myanmar Now ကို ယမန်နေ့(ဇန်နဝါရီ ၁၆)မွန်းလွဲပိုင်းတွင် ပြောသည်။
ထိုလူငယ်များ ဧည့်စာရင်းမတိုင်ဘဲ နေထိုင်ခြင်းဖြစ်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ စုံစမ်းသိရှိရကြောင်း ညီအစ်ကိုနှစ်ဦး၏ အစ်မဖြစ်သူက ပြောသည်။
“သူတို့ဆီ ဧည့်စာရင်း သွားစစ်တော့ တိုင်တဲ့သူက နည်းနေပြီး နေတာက ၆ ယောက်ဖြစ်နေတယ်ပေါ့။ အဲ့ဒါကြောင့်မို့ ခေါ်သွားတယ်” ဟု ထိုအမျိုးသမီးက ပြောသည်။
“ဝင်စစ်တော့ (လက်နက်)ပစ္စည်းလေးတွေ တွေ့တယ်ဆိုပြီး ခေါ်သွားတယ်လို့ အဲဒီအုပ်ချုပ်ရေးမှူးက ပြောတယ်။ ကျန်တာတော့ ဘာမှကို မသိရဘူး”
ညီအစ်ကိုနှစ်ဦးသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်လာသော လမ်းပေါ်ထွက်ဆန္ဒပြသည့် လှုပ်ရှားမှုတွင် ဖေဖော်ဝါရီလပိုင်းက စတင်ပါဝင်ခဲ့သူများဖြစ်သည်။
“အကြီးကောင်လေးကကျတော့ သူ့သားလေးက အစ်မတို့ဆီမှာ ကျန်နေခဲ့တယ်။ အခု ဒီလိုကိစ္စဖြစ်တော့လဲ သူ့ကလေးက ၂ နှစ်တောင်မပြည့်သေးဘူး။ ကလေးက မသိသေးဘူး။ တစ်ခုခုဖြစ်သွားမှာ အရမ်းစိုးရိမ်တယ်” ဟု ထိုအမျိုးသမီးက ဆိုသည်။
“သူတို့ နှိပ်စက်တဲ့ ဒဏ်တွေ မခံနိုင်မှာလဲ စိုးရိမ်တယ်။ အခုအချိန်အထိလဲ ဘာသတင်းအစအနမှ မရသေးတော့ အရမ်းတွေ စိတ်ပူနေကြတာ”
ဖမ်းပြီး ၅ ရက်ကြာသည်အထိ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသေးသလို ဧည့်စာရင်းအကြောင်းပြ ဝင်စစ်ရာမှ ဖမ်းခံရသည်ဆိုသော ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ၉၂ ရပ်ကွက် အုပ်ချုပ်ရေးတာဝန်ရှိသူများထံလည်း Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
အာဏာသိမ်းစစ်ကောင်စီကမူ PDF သံသယဖြင့် ဖမ်းမိသော သူများကို ကြီးငယ်မရွေး နည်းမျိုးစုံ ညှဉ်းပန်းနှိပ်စက်လေ့ရှိပြီး ၎င်းတို့လိုချင်သည့် အဖြေမရမချင်း ထိုသူများကို စစ်ကြောရေးစခန်းများထဲ၌ ညှဉ်းဆဲထားတတ်ကြသည်။
ထိုသို့ ဖမ်းဆီးခံရသူများသည် ညှဉ်းပန်းနှိပ်စက်မှုမျိုးစုံကျော်ဖြတ်ရပြီး နှိပ်စက်မှုဒဏ်ကြောင့် ၂၄ နာရီမပြည့်မီပင် ရုပ်ပျက်ဆင်းပျက်သေဆုံးသူများလည်း ရှိနေသဖြင့် ၎င်းတို့အတွက် အသက်အန္တရာယ်စိုးရိမ်ရကြောင်း ထိုလူငယ်သုံးဦးနှင့်အတူ ဆန္ဒပြပွဲလှုပ်ရှားမှုများတွင် အတူပါဝင်ခဲ့ဖူးသူ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“စစ်ကောင်စီဘက်က သူတို့ သတ်မှတ်ထားတဲ့ ဥပဒေအတိုင်း အရေးယူပေါ့ဗျာ။ ဒါပေမဲ့ အခုကြားရတာက မိခဲ့လို့ရှိရင် သတင်းအစအန ပျောက်သွားပြီး အသတ်ခံရတာတွေ ဘာတွေ သူတို့ စစ်ကြောရေးမှာ လုပ်တယ်။ အဲလိုမျိုးတွေမဖြစ်စေချင်လို့ လိုက်စုံစမ်းနေတာ”ဟု လုံခြုံရေးအရ သတင်းတွင် အမည်မဖော်ပြစေလိုသူ အထက်ပါအမျိုးသားက ပြောသည်။
လက်နက်နှင့်အတူတကွ ဖမ်းခံရသူများဖြစ်ပါက ၎င်းနှင့်ဆက်စပ်သူ အနည်းဆုံး ၅ ဦး၏ အမည်၊ နေရပ်လိပ်စာနှင့် လှုပ်ရှားမှုများအကြောင်းကို ထိုစစ်ကြောရေးအတွင်း မဖြစ်မနေပြောပြကြရပြီး မပြောပါက သေသည်အထိ ဆက်လက်ရိုက်နှက်ကာ ပို၍ ညှဉ်းဆဲကြတော့သည်ဟု ရန်ကုန်ရှိ စစ်ကြောရေးစခန်းနှစ်ခုအတွင်း တစ်လနီးပါးကျော်ဖြတ်ခဲ့ရသူ ကိုနီမောင်က ပြောသည်။
စစ်ကြောရေးခန်းအတွင်း နည်းလမ်းမျိုးစုံ ညှဉ်းပန်းနှိပ်စက်မှုများကြောင့် မခံရပ်နိုင်သည့်အဆုံးတွင် စစ်ကောင်စီအတွက် လိုချင်သည့် ထွက်ဆိုချက်များပေးရလေ့ရှိသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းမှာပင် ပြီးခဲ့သည့် နိုဝင်ဘာလလယ်ပိုင်းက ဖမ်းဆီးခံခဲ့ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင် လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်၏ ထွက်ဆိုချက်ဟုဆိုကာ ဇန်နဝါရီ ၁၄ တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအတွင်း ရုပ်သံမှတ်တမ်းတစ်ခု ထုတ်ပြခဲ့သေးသည်။
ရန်ကုန်တိုင်းအတွင်း စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ် ၆ ခုအနက် ဒဂုံဆိပ်ကမ်းမြို့နယ်လည်း ပါဝင်နေသဖြင့် ဖမ်းမိသူများကို ပုဒ်မတပ်အမိန့်ချပါကလည်း ရှေ့နေငှားခွင့်မရသည့် စစ်ခုံရုံးဖြင့်သာ အမိန့်ချခံရမည်ဖြစ်သည်။
နိုင်ငံအနှံ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများအတွက် တာဝန်အရှိဆုံးသူမှာ အာဏာသိမ်း စစ်ကောင်စီတပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖြစ်သည်။
ဒီဇင်ဘာ ၂၃ ရန်ကုန် တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် မိန့်ခွန်းပြောစဉ် စစ်ခေါင်းဆောင်က သွေးထွက်သံယိုမှုအနည်းဆုံးဖြစ်စေရန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားသည်။
Myanmar Now News