“မြို့ပေါ်မှာ ဘယ်သူမှ မရှိလို့ မနေရဲတာ”- ထန်တလန်စစ်မြေပြင်က ဒုက္ခသည်များ
စစ်မီး ပိုကြီးလာဖွယ်ရှိနေသည့် ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှ တိမ်းရှောင်ရသူ ၇၀၀၀ ကျော်သည် နယ်စပ်ကျေးရွာများတွင် သောင်တင်နေကြပြီး ဆက်လက်ရှင်သန်ရေးအတွက် ခက်ခဲလာသည်။ စက်တင်ဘာ ၁၈ ရက်နေ့က ထန်တလန်မြို့တွင်း လက်နက်ကြီးကျည်ထိသော နေအိမ်များ မီးလောင်ပြီးနောက် အသက် ၅၇ အရွယ် ပင်စင်စား သူနာပြု ဒေါ်နူးထာ၏ ထန်တလန်မြို့ နေအိမ်ရှေ့တွင် သေနတ်သံများ ထွက်ပေါ်လာသည်။ မီးငြှိမ်းသတ်ရန် ဆိုင်ကယ်ဖြင့် ရောက်လာသော ခရစ်ယာန်သင်းအုပ်ဆရာ ဦးကျုံးဗျက်ဟုမ်းကို စစ်ကောင်စီတပ်သားများက ပစ်ခတ်ရာမှ ထွက်ပေါ်လာသော သေနတ်သံများ ဖြစ်သည်။ စစ်သားတို့က သင်းအုပ်ဆရာ၏ လက်ချောင်းကို ဖြတ်ပြီး လက်ထပ်လက်စွပ်နှင့် နာရီတို့ကို ယူဆောင်သွားသည်ဟု ဒေသခံတို့ကို ကိုးကားပြီး ချင်းနှင့် ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်များက သတင်းထုတ်ပြန်သည်။ လူနေရပ်ကွက်များအတွင်း တိုက်ပွဲရောက်လာသောကြောင့် ဒေါ်နူးထာအပါအဝင် ဒေသခံတို့သည် မြို့ကို စွန့်ခွာပြီး နယ်စပ်ဒေသ ကျေးရွာများတွင် ရောက်ရှိ […]
