ငလျင်ဒဏ်အတွက် အရေးပေါ်အကူအညီများ ပေးမည်ဟု ကုလ၊ အီးယူနှင့် INGO အချို့ ကြေညာ
မြန်မာနိုင်ငံတွင် ယမန်နေ့ (မတ်လ ၂၈ရက်) က ဖြစ်ပွားခဲ့သည့် ငလျင်ကြောင့် ထိခိုက်မှုများအတွက် အရေးပေါ်အကူအညီ ယူရို ၂.၅ သန်း ကနဦးပေးအပ်သွားမည်ဟု ဥရောပသမဂ္ဂ (EU) က ထုတ်ပြန်ကြေညာလိုက်သည်။ ယခုပေးအပ်မည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေရသူများကို အဓိကထားကာ ထိခိုက်မှုအများဆုံး ကြုံတွေ့နေရသည့် မြန်မာနိုင်ငံမှ ပြည်သူများ၏ အသက်ကို ကယ်တင်ရန်နှင့် အရေးကြီး လိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးရန် ရည်ရွယ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဥရောပသမဂ္ဂသည် Copernicus ဂြိုလ်တုဝန်ဆောင်မှုကို အသုံးပြုကာ ထိခိုက်မှုများကို အကဲဖြတ် လေ့လာလျက်ရှိသည်။ “ယခုဖြစ်ပွားခဲ့သည့် အင်အားပြင်း ငလျင်၏ နောက်ဆက်တွဲအကျိုးဆက်များကို ခံစားနေရသော မြန်မာနိုင်ငံနှင့် ဒေသတွင်းရှိ ပြည်သူများနှင့်အတူ ဥရောပသမဂ္ဂက စည်းလုံးညီညွတ်စွာ ရပ်တည်နေပါသည်။ […]