ရက်စွဲ။ ။ ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၁၈ ခုနှစ်
၁) နိုဝင်ဘာလ ၃၀ ရက်နေ့၊၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်တပ်ဦး၊ မြောက်ပိုင်း (ABSDF-NB) ဒုတိယ ဥက္ကဌ ဦးအောင်ဆွေဦး၊ ဗိုလ်မောင်ဦးနှင့် အရပ်သား ယာဉ်မောင်း ဦးသန်းထိုက်အောင် တို့အား မိုးညှင်းမြို့ ရွာသစ်ကုန်း ကျေးရွာရှိ နေအိမ်တအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ည်။ ထို့နောက် မိုးညှင်းမြို့ အခြေစိုက် ခြေလျှင်တပ်ရင်း ခလရ ၁၅၊ ဗိုလ်ကြီး သီဟစိုး မှ မိုးညှင်းမြို့မ ရဲစခန်း စခန်းမှုးထံသို့ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်နယ်မြေ၊ KIA နယ်မြေအတွင်း ခွင့်ပြုချက်မရရှိဘဲ ဝင်ရောက်နေထိုင်ခဲ့သဖြင့် မတရားသင်း အက်ဥပဒေ ၁၇(၁) ဖြင့် တရားစွဲဆိုခဲ့ပါသည်။
၂) ၂၀၁၈ ခု၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ပြီးခဲ့သည့် ၂၀ဝ၈ မေလက ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ ၌ စစ်ပွဲ အတွင်း ပိတ်မိနေသူများကို ကယ်ဆယ်ပေးရန် ဆန္ဒထုတ်ဖေါ်ပွဲပြုလုပ်ခဲ့ရာတွင် ဦးဆောင်သူများဖြစ်သည့် ဦးဇော်ဂျတ်၊ ဦးလွမ်းဇောင်း နှင့် ဒေါ်နန်ပူတို့ (၃) ဦးအား မြစ်ကြီးနားမြို့နယ်တရားရုံးက ထောင်ဒဏ် ၆ လနှင့် ဒဏ်ငွေ ၅ သိန်းကျပ် ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။ ထို ၃ ဦးအား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှုကြီးမျိုးမင်းဦးက တပ်မတော်အား အသရေပျက်စေသည့် ပုဒ်မ ၅၀ဝ ဖြင့် မြစ်ကြီးနားတရားရုံးတွင် အမှုဖွင့် ခဲ့ပြီး စက်တင်ဘာ ၃ရက်နေ့တွင် အသရေဖျက်မှု စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။
၃) ဒီဇင်ဘာလ ၇ ရက်နေ့တွင် ထိုနေ့တွင် ကချင်တက်ကြွလှုပ်ရှားသူ (၃) ဦးအား စီရင်ချက်ချမှတ်လိုက်သည့် အပေါ် ကန့်ကွက် ဆန္ဒပြခဲ့သည့် နောက်ထပ် ကချင်လူငယ် ၃ ဦးဖြစ်သည့် မဆွတ်ဆိုင်းထွယ်၊ ဘရန်မိုင်၊ မဆိုင်းခွမ်အောင် တို့ (၃) အား ထပ်မံဖမ်းဆီး၍ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခဲ့သည်။ ထို၃ ဦးကို စစ်ပွဲအတွင်း ပိတ်မိ ပြည်သူများကို ကယ်ဆယ်ပေးရန် ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ခဲ့သည့်ကချင်တိုင်းရင်းသား (၃) အား ထောင်ဒဏ် အမိန့်ချမှတ်ခြင်းအပေါ် တရားမျှတမှု မရှိသည့် စီရင်ချက်ဖြစ်ကြောင်း ကန့်ကွက်ဆန္ဒခြင်းကြောင့် နယ်မြေရဲများမှ ဖမ်းဆီး၍ ငြိမ်း၊စု၊စီ ပုဒ်မ ၁၉ ဖြင့် မြစ်ကြီးနားမြို့နယ် မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူခဲ့ခြင်း ဖြစ်သည်။
၄) ယနေ့ကာလသည် အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးအတွက် သက်ဆိုင်သူအားလုံးမှ ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်နေချိန်ဖြစ်ပါသည်။ ABSDF မြောက်ပိုင်းအဖွဲ့ သည် တပ်မတော်နှင့်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် မချုပ်ဆိုခင်ကာလနှင့် ချုပ်ဆိုပြီးသည့်အချိန်မှ ယနေ့အချိန်အထိ ကချင်ဒေသတွင် အခြေစိုက်နေခြင်းဖြစ်ပါသည်။ ယခုကဲ့သို့ ဖမ်းဆီး တရားစွဲဆိုခြင်းလိုက်သည် တည်ဆောက်ရရှိထားပြီးသော ယုံကြည်မှု၊ အပတ်တကုတ် ကြိုးစားဆောင်ရွက်နေသော ငြိမ်းချမ်းရေး ဖြစ်စဉ်များကို ထိခိုက်မှုများရှိလာနိုင်ရုံ သာမက NCA လက်မှတ်ထိုးရန် စိုင်းပြင်းနေသည့် ကျန်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုပါ တုန့်ဆိုင်းသွားစေနိုင်ပါသည်။ ထို့ကြောင့် အစိုးရအနေဖြင့် ယခုဖမ်းဆီးထားသော ABSDF-NB မှ ၃ ဦးအား အမြန်ဆုံးပြန်လွှတ်ခြင်းဖြင့် အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နှစ်နှစ်ကာကာ တန်ဖိုးထား ဆောင်ရွက်နေကြောင်း သက်သေပြပါရန် အလေးအနက်တိုက်တွန်းလိုက်ပါသည်။
၅) ယနေ့သည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာအဝှမ်း အနှစ် (၇၀) ပြည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ကျင်းပနေကြပါသည်။ ထိုသို့ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ လူသားတိုင်းမွေးရာပါ အခွင့်အရေးများကို လေးစားလိုက်နာရန်နှင့် ကာကွယ်စောင့်ရှောက်ရန်တို့အတွက် ရည်ရွယ်ခြင်းပင်ဖြစ်ပါသည်။ အဆိုပါ လူတိုင်း လိုက်နာရမည့် လူ့အခွင့်အရေးများထဲတွင် အခြေခံလွတ်လပ်ခွင့်အား မည်သူတဦးတယောက်ကမျှ လာရောက် ထိပါးနှောင့်ယှက်ခွင့်မရှိပေ။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်(၁၉) တွင် “လူတိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိရမည်”ဟု ဖေါ်ပြထားပေသည်။ ထို့အတူ လက်ရှိပြဌာန်းထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄ (က) တွင်လည်း “နိုင်ငံသားတိုင်း မိမိ၏ယုံကြည်ချက်၊ထင်မြင်ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ရေးသားခွင့်” နှင့် အပိုဒ်(ခ)တွင် “လက်နက်မပါဘဲငြိမ်းချမ်းစွာ စုဝေးခွင့်၊စီတန်းလှည့်လည်ခွင့်ရှိသည်” ဟု ပြဌာန်းထားပါသည်။ အခြေခံလူ့အခွင့်အရေးများကို လေးစားလိုက်နာရန် နှင့် ကာကွယ်စောင့်ရှောက်ရန်မှာ အစိုးရတွင် တာဝန်အရှိဆုံးဖြစ်ပါသည်။ ယခုကဲ့သို့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်မှု များကိုခြိမ်းခြောက်ခြင်း၊ မတရာဖမ်းဆီးအရေးယူခြင်း များပြုလုပ်နေမှုများကို မိမိတို့အေအေပီပီအနေဖြင့် ပြင်းထန်စွာကန့်ကွက်လိုက်ပါသည်။ ထို့အတူ လက်ရှိဖမ်းဆီးထားသော တိုင်းရင်းသားများအပါဝင် လွတ်လပ်စွာဆန္ဒထုတ်ဖေါ်ခြင်း၊ သတင်းယူခြင်း၊ ရေးသားဖော်ပြခြင်းကြောင့် ဖမ်းဆီး ထိန်းသိမ်း ထောင်ချထားသူများ အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးပါရန် အလေးအနက် တိုက်တွန်းလိုက် ပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

ကချင်ပြည်နယ် ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ အစိုးရစစ်တပ်က ဆိုးဝါးတဲ့လူ့အခွင့်ချိုးဖောက်မှုတွေကျူးလွန်ခဲ့တယ်လို့ ဥရောပကောင်စီက ဆုံးဖြတ်ပြီး တာဝန်ရှိတဲ့ စစ်တပ်ဘက် ထိပ်ပိုင်းအရာရှိကြီးတွေအပေါ် နောက်ထပ်ကန့်သတ်အရေးယူမှုတွေလုပ်မယ်လို့ ဒီကနေ့ကြေညာချက်ထုတ်ခဲ့ပါတယ်။ EU က မြန်မာအပေါ် အရေးယူကန့်သတ်မှုတွေ လုပ်ဖို့ စီစဉ်တာမှာ၊ ကုန်သွယ်မှုဆိုင်ရာ အထူးခံစားခွင့်ပေးတဲ့ GSP အခွင့်အရေးတွေကိုပါ ပြန်ရုပ်မယ်လို့ အရင်က သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့် အခု EU ဆုံးဖြတ်ချက်ထဲမှာ ဒီ ကုန်သွယ်ရေးအခွင့်ထူးခံ ပြန်ရုပ်သိမ်းဖို့ကိစ္စ မပါဝင်တာမို့၊ EU နဲ့ ကုန်သွယ်ရေးပိုင်းမှာ မျှော်လင့်ချက်တွေ ပြန်ဖြစ်လာပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မမေခ က စုံစမ်းမေးမြန်း သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ် ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ အစိုးရစစ်တပ်က ဆိုးဝါးတဲ့လူ့အခွင့်ချိုးဖောက်မှုတွေကျူးလွန်ခဲ့တယ်လို့ ဥရောပကောင်စီက ဆုံးဖြတ်ပြီး တာဝန်ရှိတဲ့ စစ်တပ်နဲ့ နယ်ခြားစောင့်တပ်က ထိပ်ပိုင်းအရာရှိကြီးတွေအပေါ် နောက်ထပ်ကန့်သတ်အရေးယူမှုတွေလုပ်မယ်လို့ EU ဥရောပကောင်စီက ဒီကနေ့ထုတ်ပြန်လိုက်တာပါ။ ကုန်သွယ်ရေးပိုင်းဆိုင်ရာခံစားခွင့်ပေးတဲ့ အခွင့်အရေးတွေကိုပါပြန်ရုပ်မယ်လို့ EU ဖက်က စဉ်းစားခဲ့တာမို့ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တွေဖက်က စိုးရိမ်မှုရှိခဲ့ပါတယ်။ ဒါပေမယ့် EU က အရေးယူသွားဖို့ဆိုတဲ့ ဆုံးဖြတ်ချက်ထဲမှာတော့ ကုန်သွယ်ရေးဒဏ်ခတ်မှု့ကိစ္စမျိုး မပါပါဘူး။

မြန်မာနိုင်ငံ ကုန်သည်ကြီးများ အသင်း UMFCCI ဒုဥက္ကဌ ဦးလှမောင်ရွှေကတော့ ဒီ ဆုံးဖြတ်ချက်ထဲမှာ တာဝန်ရှိတဲ့ လုံခြုံရေးပိုင်းတာဝန်ရှိသူတွေကို အရေးယူဖို့ဆိုတာပဲ ပါပြီး GSP ကိစ္စကိုပြောဆိုထားတာ မရှိလို့ စီးပွားရေးပိုင်းအရေးယးူမှုတွေ မလုပ်ဖးူးလို့ ကျိမ်း သေမပြောနိုင်သေးဘူးလို့ဆိုပါတယ်.

“အဓိကတော့ ကျနော်တို့အနေနဲ့တော့ ဒီမှာရှိတဲ့ stakeholder တွေပေါ့ အလုပ်ရှင် အလုပ်သမားပေါ့ ။ နောက်ပြီး ဒီမှာပါဝင်သူတွေ သူတို့အားလုံးကနေပြီး အတတ်နိုင်ဆုံး ဒီ GSP က ကျနော်တို့လို ဖွံ့ဖြိုးဖို့ ကြိုးစားတဲ့နိုင်ငံတွေမှာ ဒါတွေကို ပြန်ပြီးတော့ suspend မလုပ်ပါနဲ့ဦး ဆိုတာမျိုးကိုတော့ ကြိုးစားပြီးတော့ ကျနော်တို့ဘက်ကလုပ်ဖို့ရှိတယ်။ အစိုးရမှာလည်း ကျနော်တို့ ဒါတွေကြိုးစားပြီးတော့လုပ်နေတယ်လို့ ကျနော်တို့အနေနဲ့ အဲလိုပဲ နားလည်ပါတယ်။”

အရေးယူ ကန့်သန့်ဖို့ ပြင်ဆင်နေတဲ့ EU အနေနဲ့ ဘယ်လိုအရေးယူမလဲဆိူတာ တိတိကျကျမသိရသေးပါဘူး။ အခုလို အရေး.ယှုဖို့ပြင်ဆင်နေတဲ့ အပေါ် နိ်ုင်ငံရေးလေ့လာ သူံသပ်သူဦးမင်းခင်ကတော့

“အထူးသဖြင့်တော့ တပ်ဘက်ကပေါ့နော် ကာကွယ်ရေးဦးစီးချုပ်အပါအဝင် စစ်ပိုင်းခေါင်းဆောင်တွေ ဒီဟာကို ဘယ်လိုစဉ်းစားမလဲ ဒါကအရေးကြီးတယ်။ ကျနော်ဘယ်လိုမှန်းရမလဲဆိုတာကတော့ အတော်လေး ပြောရခက်တယ်။ ဘာလို့လဲဆိုတော့ သူတို့စဉ်းစားပုံ လုပ်ပုံကိုင်ပုံတွေက တကယ့်လမ်းကြောင်းအမှန်ကို တုံ့ပြန်နိုင်ပါ့မလား အဲဒါက စိတ်ပူတယ်။ တခြားလမ်းကြောင်း အဆင်မပြေတဲ့ လမ်းကြောင်းဘက်ကို အကြောင်းကြောင်းကြောင့် ရောက်သွားမှာကို စိုးရိမ်ပါတယ်။”

လူ့အခွင့်အရေးချိုးဖောက်တဲ့စွပ်စွဲချက်တွေကို ဆက်လက်စုံစမ်းဖို့ သီးခြားလွတ်လပ်တဲ့ လုပ်ငန်းစဉ်သစ်တခု လိုအပ်ပြီး၊ နိုင်ငံတကာရာဇဝတ်တရားရုံး ICC ရဲ့တရားစီရင်ပိုင်ခွင့်နဲ့ အပြည့်အဝအသိအမှတ်ပြုခံရတဲ့ မျှတ ဘက်မလိုက်တဲ့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေလုပ်ရေးပြင်ဆင်ဖို့အရေးကြီးတယ်ဆိုတာကိုလည်း ဥရောပကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ အလေးပေး ပြောထားပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကဖွဲ့စည်းထားတဲ့ နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ တွေ့ရှိချက်တွေအပေါ် ဥရောပကောင်စီက အထူးစိုးရိမ်တယ်လို့ပြောပါတယ်။ အခုနှစ်ဆန်း February လ ၂၆ ရက်နေ့က ချခဲ့တဲ့ ဥရောပကောင်စီရဲ့ မြန်မာနိုင်ငံ အခြေအနေဆိုင်ရာ သုံးသပ်ချက်ထဲမှာ မြန်မာအစိုးရကို တောင်းဆိုခဲ့တဲ့အတိုင်း လူ့အခွင့်အရေးချိုးဖောက်မှုမှာ တာဝန်ရှိသူတွေကို အမြန်ဆုံးအရေးယူနိုင်ရေးဆောင်ရွက်ဖို့၊ ကချင် ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေကို လူသားချင်းစာနာတဲ့အကူအညီပေးရေးအဖွဲ့တွေသွားရောက်နိုင်ဖို့နဲ့ အိုးအိမ်စွန့်ခွာခဲ့ရသူတွေ ဘေးကင်း သိက္ခာရှိစွာနဲ့ နေရပ်ပြန်နိုင်ဖို့ဆိုတဲ့အချက်တွေကိုလည်း ထပ်ပြီးတောင်းဆိုထားပါတယ်။

VOA News

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အနေအထားကို ကြည့်မယ်ဆိုရင် အားရ ကျေနပ်ဖွယ် အနေအထား တရပ်မှာ ရှိမနေသေး တာကို တွေ့ရပါတယ်။ နိုင်ငံတွင်း အချို့နေရာတွေမှာ ငြိမ်းချမ်းရေး မရရှိသေးတာ၊ စီးပွားရေး ဖွံ့ဖြိုးမှု မရှိသေးတာနဲ့ ဥပဒေ စိုးမိုးမှု ယုတ်လျော့နေတာတွေ စတဲ့ အကြောင်းအရင်းတွေကြောင့် ထိခိုက် နစ်နာမှုတွေ ရှိနေပါ တယ်။

ဦးသိန်းစိန် အစိုးရ တက်လာပြီးတဲ့ အချိန်မှာတော့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး လူ့အခွင့်အရေး ဆုံးရှုံးနေသူများ အတွက် ကာကွယ်ပေးမှု မြှင့်တင်ပေးရန် ရည်ရွယ် ဆောင်ရွက်ခဲ့ပါတယ်။ သို့သော် ကော်မရှင်ရဲ့ ဆောင် ရွက်ချက်တွေဟာ အခွင့်အရေး ဆုံးရှုံးသူ အများစုကို မလွှမ်းခြုံနိုင်ဘူးလို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်ကို လူ့အခွင့်အရေး ကြေညာ စာတမ်း ထုတ်ပြန်ကြေညာခဲ့တဲ့ နေ့ဖြစ်တာကြောင့် နှစ်စဉ်နှစ်တိုင်း လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ကာ ကမ္ဘာတဝှမ်းတွင် အခမ်းအနားများ၊ လှုပ်ရှားမှုများ ကျင်းပခဲ့ကြပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးဘုန်းကြွယ် ကို ဧရာဝတီက သတင်းထောက် ထွန်းထွန်းက တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

မေး ။ ။ လက်ရှိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေက ဘယ်လိုရှိသလဲ။

မေး ။ ။ လူ့အခွင့်အရေး ကော်မရှင်က၂၀၁၄ ခုနှစ် စက်တင်ဘာမှာ စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အရင် အစိုးရ လက် ထက်မှာ စဖွဲ့ခဲ့တာပေါ့။ အရင်တုန်းက လူ့အခွင့်အရေးဆိုတဲ့ စကားလုံးက တို့နိုင်ငံနဲ့ တော်တော် စိမ်းပါတယ်။ ကျယ်ကျယ် ပြန့်ပြန့်နဲ့ နားလည်ပြီး ဆောင်ရွက်လာနိုင်တာ နှစ်အနည်းငယ်ပဲ ရှိပါသေးတယ်။

ဒါကြောင့် ပြည်သူအများစုက မိမိတို့ မူလ အခွင့်အရေး ဘာရှိတယ် ဆိုတာ နားလည်ဖို့ လိုပါတယ်။ နားလည်အောင်လည်း ပညာပေး လုပ်ငန်းတွေကို ဒီထက်ပိုပြီး လုပ်ရမယ်။ နိုင်ငံတော်ရဲ့ ဝန်ကြီးဌာနတွေ၊ ပြည်သူလူထုနဲ့ ထိတွေ့ ဆက်ဆံနေရ တဲ့ ဌာနဆိုင်ရာတွေ အနေနဲ့လည်း လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အသိပညာ နည်းပါးသေးတဲ့ အတွက် သူတို့ကိုလည်း ပညာပေးတွေ လုပ်နေရတယ်။

ဒီလိုလုပ်ရင်းနဲ့မှ ဖြစ်ပေါ်လာတဲ့ လူ့အခွင့်အရေး ချိုးဖောက် နစ်နာမှုတွေကို ကော်မရှင် ဥပဒေ အရ တိုင်စာ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အရေးယူ ဆောင်ရွက်လျက် ရှိပါတယ်။ တိုင်ကြားစာတွေကလည်း ကော်မရှင်ကို အဆက်မပြတ် ရောက်ရှိ နေပါတယ်။ ဒါက ပြည်သူတွေအနေနဲ့ သူတို့ရဲ့ရပိုင်ခွင့်တွေကို ပိုမို နားလည်းလာတယ်လို့ ယူဆရပြီး တိုင်ကြားမှုတွေက လည်း ပိုများလာပါတယ်။

မေး ။ ။ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်တွေမှာ ဘယ်လို ပုံစံမျိုးတွေ အများဆုံး တွေ့ရလဲ။

ဖြေ ။ ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကတော့ ပုံစံ မျိုးစုံပါပဲ။ အိမ်ဖော်တွေကို နှိပ်စက်တာတွေ၊ ကလေးငယ်တွေကို လိင်ပိုင်း ဆိုင်ရာ စော်ကားတာတွေ စတဲ့ အမျိုးမျိုး ရှိနေကြတယ်။ ဒီနိုင်ငံမှာက အခု လူ့အခွင့်အရေး ဆိုတာကို ကျယ် ကျယ်ပြန့်ပြန့် သုံးလာကြတဲ့ အခါ ဒါနဲ့ ပတ်သက်တဲ့ ချိုးဖောက်မှုတွေက နယ်ပယ်စုံမှာ အနည်းအများ ဖြစ်နေကြတယ် ဆိုတာ တွေ့ရပါတယ်။

မေး ။ ။ လက်ရှိမှာ လူ့အခွင့်အရေး တောင်းဆိုသူတွေ၊ မြေယာ ပိုင်ဆိုင်ခွင့် အငြင်းပွားမှုများ တောင်းဆိုတဲ့ လူထုတွေ ပုဒ်မတွေ တပ်ပြီး တရားစွဲခံနေရတဲ့ ကိစ္စ ကော်မရှင် အနေနဲ့ ဘယ်လိုမြင်သလဲ။

ဖြေ ။ ။ ဒါတွေက ခုမှ ဖြစ်နေတာ မဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက အခြေတည်လာပြီးမှ ပေါ်ထွက်လာတဲ့ ပြဿနာတွေပါ။ အဲဒီမှာ သနားဖို့ ကောင်းတာက ဒေသမှာရှိပြည်သူတွေပဲ။ သူတို့က ဥပဒေနဲ့ ပတ်သက်ပြီး ဗဟုသုတ နည်းပါးတာလဲ ပါတာပေါ့။ သူတို့ရပိုင်ခွင့် ပိုင်ဆိုင်ခွင့်တွေကို ဥပဒေနဲ့ ဘယ်လို လုပ်ရမလဲ နားမလည်ကြဘူး။

ဒီမြေဒီရေမှာ လုပ်ကိုင်နေရင် ပိုင်ဆိုင်မှုလို့ ထင်နေကြတယ်။ အစိုးရပိုင်း ကျတော့လည်း ဥပဒေ အရ စာရင်းမဝင်ထားတဲ့ မြေယာတွေကို ဖွံ့ဖြိုးရေး ကိစ္စဖြစ်ဖြစ် အကြောင်းတခုခုကြောင့် စီမံကိန်းတွေ ဆောင်ရွက်တဲ့အခါ ပိုင်ဆိုင်မှုတွေ အငြင်းပွား လာကြရော။

ဥပဒေအရ ကြည့်တော့ ဒေသခံမှာ ဖယ်ပေးရပြီး လုပ်ကိုင်စရာ မရှိဘဲ ဘဝတွေ ပျက်ဆီးရတဲ့ အထိ ဖြစ်နေတာတွေလည်း ရှိတယ်။ ဒီအတွက် ဒေသခံပြည်သူတွေကို ဥပဒေ အရ ပိုင်ဆိုင်မှုတွေ ရရှိဖို့ ပညာပေးတွေ လုပ်ရမယ်။ အစိုးရ ကလည်း ဒီကိစ္စတွေကို ကြပ်ကြပ်မတ်မတ်နဲ့ ဥပဒေတွေကို ရေးဆွဲ ကိုင်တွယ်ဖို့ လိုတယ်။

မေး ။ ။ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပြည်သူ အပေါ် ကိုင်တွယ် ဆက်ဆံပုံနဲ့ ပတ်သက်လို့ ဝေဖန်မှုက ပြင်းထန်နေတယ်။ အချုပ် သား တချို့ သေဆုံးရတဲ့ ဖြစ်စဉ်တွေ အထိပါ ရှိလာနေတယ် ဆိုတော့။

ဖြေ ။ ။ ပွင့်ပွင့်လင်းလင်း ပြောရရင် မြန်မာ လူမျိုးတွေမှာ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ ကို အခြေခံကာ တဦးနဲ့ တဦး လုပ် ဆောင်မှုတွေက အနည်းနဲ့အများ ကွာခြားမှု ရှိပါတယ်။ ပြည်သူနဲ့ ထိတွေ့ဆက်ဆံနေတဲ့ သူတွေအနေနဲ့လည်း ရည်ရွယ် ချက်တခုနဲ့ လူ့အခွင့်အရေးတွေကို ချိုးဖောက်တာ မဟုတ်ဘဲနဲ့ ချိုးဖောက်မှန်း မသိ ချိုးဖောက်လိုက်တယ်။

သူတို့ ကိုယ်တိုင်က လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အသိပညာ နည်းပါးလို့ ဖြစ်သွားတာတွေလည်း တွေ့ရတယ်။ မှန်ကန် တဲ့ ချိုးဖောက်မှုတွေကို စစ်ဆေး ဖော်ထုတ်လို့ တွေ့ရှိတဲ့အခါမှာလည်း သက်ဆိုင်တဲ့ ဝန်ကြီးဌာနကို အကြောင်းကြားပြီး စုံစမ်း အရေးယူမှုတွေ ပြုလုပ်ဖို့ အကြံပြုချက် အစီအရင်ခံစာတွေ ပို့ပါတယ်။

ဒါကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်ပြီး အများဆုံး ဖြစ်ပွားနိုင်တဲ့ တပ်မတော်တို့၊ ရဲတပ်ဖွဲ့တို့ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကို ပညာပေး လုပ်ငန်း တွေကို ဟောပြောပို့ချမှုတွေ လုပ်နေပါတယ်။ ချိုးဖောက်မှုတွေကတော့ ရှိနေ ဆဲပါပဲ။ ဖြည်းဖြည်းချင်း လျော့ပါးအောင်တော့ ပညာပေးရော၊ ကာကွယ်ရေးကော လုပ်နေပါတယ်။ အုပ်ချုပ်ရေး၊ ဌာနဆိုင် ရာတွေကော ပြည်သူတွေပါ လူ့အခွင့်အရေးကို သိရှိ နားလည်လာတာနဲ့ အမျှ ချိုးဖောက်မှုတွေလည်း လျော့ကျလာမယ်လို့ ယုံကြည်ပါတယ်။

မေး ။ ။ တပ်မတော်နဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကော်မရှင် အနေနဲ့ ကိုင်တွယ်ခဲ့တာ ရှိ သလား။

ဖြေ ။ ။ ပဋိပက္ခ ဖြစ်နေတဲ့ ဧရိယာတွေမှာတော့ သူ့ဘက် ကိုယ်ဘက်မှန်း မသိဘဲ ဖြစ်နေတာတွေမှာ ကြားထဲက ခံရတာ ကတော့ ဒေသခံ ပြည်သူ တိုင်းရင်းသားတွေပဲဖြစ်ပါတယ်။ နှစ်ဖက်လုံးရဲ့ မြေစာပင်ဖြစ်တဲ့ ဒေသခံတွေမှာ လူ့အခွင့် အရေးအရ နစ်နာမှုတွေအများကြီး ဖြစ်ပေါ်ရတယ်။

တပ်မတော်ဘက်က လုပ်တာကော လက်နက်ကိုင် အဖွဲ့တွေက လုပ်တာကော လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ကိစ္စတွေ ကရှိတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဘယ်လို အရေးယူ ဆောင်ရွက်တယ် ဆိုတာ မသိရလို့ မပြောလိုဘူး။ တပ်မတော်နဲ့ ပတ်သက်ရင်တော့ ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးအရေးယူ ဆောင်ရွက်မှုတွေလည်း ရှိခဲ့ပါတယ်။

ဥပမာ တခုအနေနဲ့ တပ်မတော် စစ်ကြောင်းက ဗိုလ်ကြီး တဦးက ဒေသခံ အမျိုးသားတဦးကို မိသားစုချင်း ရန်ဖြစ်တဲ့ ကိစ္စမှာ တပ်ကို လာတိုင်တော့ ခေါ်စစ်ရင်းနဲ့ ပြန်လှန် ပြောဆိုကြတဲ့အခါ လက်လွန်ပြီး ပစ်သတ်လိုက်တဲ့ ကိစ္စဖြစ်တယ်။ ဒီကိစ္စမှာ စစ်ဆေးပြီးတင်ပြလိုက်တော့ တပ်ဘက်ကလည်း အရေးယူခဲ့သလို လူသတ်မှု အတွက်လည်း အရပ်ဘက် တရား ရုံးမှာ စစ်ဆေး အရေးယူမှု လုပ်နိုင်ခဲ့တယ်။ သက်သေ အထောက်အထား ခိုင်ခိုင်မာမာနဲ့ တိုင်ကြားမှု ရှိလာတဲ့အခါ အရေး ယူမှုကလည်း ရှိလာပါတယ်။

မေး ။ ။ တပ်နဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိလာခဲ့ရင် ကော်မရှင်အနေနဲ့ ဆောင်ရွက်ရာမှာ အခက် အခဲ ရှိလား။

မေး ။ ။ အဲဒါက နှစ်ပိုင်း ရှိပါတယ်။ အထောက်အထားနဲ့ တိုင်ကြားမှုတွေကို တပ်စည်းကမ်း ဥပဒေ အရ အရေးယူတာ ရှိသလို နယ်ဘက် ပြစ်မှု ဆိုင်ရာ ဥပဒေနဲ့ အရေးယူရမှာတွေ ရှိရင် အရေးယူမှုတွေ ရှိလာပါတယ်။ ချိုးဖောက်မှုတွေကို လိုက်ပါ လုပ်ဆောင်ရာမှာ လူ့အခွင့်အရေး ကော်မရှင် အနေနဲ့တော့ သိပ်အခက်အခဲ မရှိပါဘူး။

တတ်နိုင်သရွေ့ တွေ့ရှိချက်တွေကို အကြောင်းကြား တင်ပြတဲ့ အပေါ်မှာ ကာကွယ်ရေး ဝန်ကြီးဌာနက ပူးပေါင်း ဆောင်ရွက် မှုတွေ ရှိပါတယ်။ တပ်ဖြစ်ဖြစ် ဌာနဆိုင်ရာတေ ဖြစ်ဖြစ် လူ့အခွင့်အရေး ချိုးဖောက်မှု ရှိလာရင် ကော်မရှင် ကတော့ စုံစမ်း ဖော်ထုတ်ပြီး တွေ့ရှိချက်ကို အကြံပြုမယ်၊ အကြံပြုချက်ကို ပြည်သူထံထုတ်ပြန်ရမယ်။ ဒါကိုမှ လိုက်ပါ ဆောင်ရွက်ဖို့က သက်ဆိုင်ရာ တာဝန်ရှိတဲ့ ဌာနတွေပဲ။

ကော်မရှင်က ဖမ်းတဲ့ အလုပ်ကို လုပ်ဖို့ မဟုတ်ဘူး။ နစ်နာဆုံးရှုံးမှုတွေ ရှိလာရင် ဖော်ထုတ် တင်ပြဖို့ပဲ။ တင်ပြ အကြံပြု ချက်တွေကိုမှ လိုက်မလုပ်တာကတော့ သူတို့အပိုင်း သူတို့တာဝန်။ အဲဒီအခါ တာဝန်ယူ တာဝန်ခံတဲ့ ဌာနတွေက ပြည်သူ ထံရှင်းရမှာပါပဲ။

မေး ။ ။ ရခိုင်ပြည်နယ်က ဘင်္ဂါလီ ကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော် အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေ ပြင်းပြင်းထန်ထန် ရှိနေတဲ့ အပေါ် ကော်မရှင်အဖွဲ့ဝင် တဦးအနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ ။ ။ ဒါကတော့ ကျနော်တို့ အနေနဲ့ ပြောရတာ တော်တော် ခက်ပါတယ်။ ဒါတွေက တထိုင်ထဲ ပြောလို့ မရပါဘူး။ ပြဿ နာတခုက ဘယ်လိုပဲ စွပ်စွဲစွပ်စွဲ အဓိကကျတဲ့ ခိုင်မာတဲ့ သက်သေရှိဖို့ လိုအပ်ပါတယ်။ ဒီအတိုင်း ပါးစပ်နဲ့ စွပ်စွဲပြောဆိုနေ တာကတော့ ဘယ်သူဖြစ်ဖြစ် ပြောလို့ရတယ်။

ဘယ်လို ကျူးလွန်တယ်၊ ဘယ်လို လုပ်တယ် ဆိုတာတော့ ခိုင်ခိုင်မာမာ သက်သေပြဖို့တော့ လိုတာပေါ့။ စွပ်စွဲတဲ့သူတွေက ခိုင်မာတဲ့ သက်သေတွေနဲ့ ပြောဆိုလာတဲ့ အခါ စွပ်စွဲခံရသူက ပြန်ဖြေရှင်းဖို့ တာဝန်ရှိပါတယ်။ အခြေခံကတော့ ဒါပါပဲ။

မေး ။ ။ ထောင်တွေ အတွင်းမှာရော လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေ ဘယ်လို ရှိနေသေးလဲ။

ဖြေ ။ ။ အကျဉ်းထောင် ဆိုတာက ဘယ်သူမှ မနေချင်၊ မသွားချင်တဲ့ နေရာ။ ဒီလိုနေရာကို ရောက်လာတယ် ဆိုတာက လည်း သူတို့မှာ ဘယ်သူမှ မမြင်နိုင်တဲ့ အကြောင်းတရားတွေ တိုက်ဆိုင်မှုတွေ၊ ကံဆိုးမှုတွေ ရှိပါတယ်။ ရောက်လာတဲ့ သူ တွေ အကုန်လုံးက စိတ်ဓာတ်ရေးရာ အရကော အကုန်လုံး ကျဆင်းပြီး ရောက်လာတဲ့ သူတွေ များပါတယ်။

အဲ့ဒီမှာ ကောင်းတဲ့သူတွေ ပါသလို ဆိုးတဲ့သူတွေ ပါတယ်။ ဒီလိုလူတွေကို အုပ်ချုပ်ရတဲ့ အခါမှာ အုပ်ချုပ်သူ ထောင်ပိုင် တဦးစီရဲ့ စီစဉ်ဆုံးဖြတ်မှုက ကောင်းရင် ကောင်းသလို မကောင်းရင်တော့ ထိခိုက် နစ်နာမှုတွေက ရှိလာနိုင်တယ်။ ကိုယ်ချင်းစာ တရားနဲ့ အုပ်ချုပ်တတ်သူနဲ့ တွေ့တဲ့ ထောင်တွေမှာတော့ လူ့အခွင့်အရေး ချိုးဖောက်မှုက နည်းပါးပါတယ်။

တဖက်မှာလဲ သူတို့မှာ လုံခြုံရေး အရ ပြန်ကြည့်ရတဲ့ အပိုင်းတွေ ရှိပါတယ်။ အဓိကတော့ ထောင်တွေမှာထက် အလုပ် စခန်းတွေမှာ လူ့အခွင့်အရေး အရ ထိခိုက်နစ်နာမှုတွေ များပါတယ်။ ကော်မရှင်အနေနဲ့ တောက်လျောက် ကြည့်ရှု စစ်ဆေး မှုတွေ လုပ်နေပါတယ်။ နောက်ပိုင်းတော့ အကျဉ်းသားတွေအနေနဲ့ ကော်မရှင်က လာတဲ့အခါ တင်ပြချင်တဲ့ ကိစ္စတွေကို ပိုမို လွတ်လပ်မှု ရှိရှိ တင်ပြလာနိုင်သလို အခြေခံ ရပိုင်ခွင့်လေးတွေ ပိုမိုရရှိလာနိုင်တာကိုလည်း တွေ့ရပါတယ်။

မေး ။ ။ ကော်မရှင်ရဲ့ အကြံပြု တင်ပြချက်တွေကို လိုက်ပါ အကောင်အထည် ဖော်သူတွေကရော လူ့အခွင့်အရေးကို ဘယ်လောက်ထိ နားလည်တယ်လို့ ထင်လဲ။

ဖြေ ။ ။ အုပ်ချုပ်ရေး ဘက်က လူတွေကတော့ သူတို့ရဲ့ အုပ်ချုပ်ရေး အမြင်နဲ့ပဲ လုပ်ဆောင်ကြတာတဲ့ နေရာမှာ သူတို့ မမြင်တဲ့ လူ့အခွင့်အရေး ရှုထောင့်ကို ကျနော်တို့ ကြည့်ပေးပြီး လိုအပ်ချက်ကို ဖြည့်ပေးနေတာ။ ဒီလိုဖြည့်ပေးတဲ့ အတွက် အသိတရား ရှိတဲ့ အုပ်ချုပ်ရေး အာဏာပိုင်တွေကတော့ လက်ခံကြတယ်။ ဒါဟာ ဖြစ်သင့်တယ်၊ လိုက်လုပ်ဖို့ သင့်လျော် တယ် ဆိုတာမျိုး ရှိကြတယ်။

တချို့ကျတော့ ဘယ်လိုဖြစ်တယ် ဘာညာနဲ့ ဆင်ခြေတွေ အမျိုးမျိုး ရှိတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အရင်ထက်စာရင် ကော် မရှင်ရဲ့ အကြံပြုချက်တွေကို တော်တော်လေး လိုက်နာ ဆောင်ရွက် လာကြတာ တွေ့ရတယ်။ အကြံပြုချက်တွေကလည်း သူတို့ကို အပြစ်ရှာနေတာ မဟုတ်ဘူး။ သူတို့မမြင်တဲ့ လူ့အခွင့်အရေး ဆိုင်ရာ နစ်နာမှုတွေကို ဖော်ထုတ်ပြီး တင်ပြပေးတာ။ ဒါတွေကို အကျိုးရှိအောင် အသုံးချနိုင်ရင် သူတို့အတွက် အကျိုးရှိတယ်။ ပြည်သူတွေ အတွက်လည်း အကျိုးရှိလာမယ်။

မေး ။ ။ လူ့အခွင့်အရေး ဆိုင်ရာ သိရှိမှု အခြေအနေကိုရော ဘယ်လို သုံးသပ်ချင်ပါသလဲ။

ဖြေ ။ ။ အဓိကတော့ လူထုတွေက ဒါတွေကို မသိခဲ့လို့ သူတို့ကို လူ့အခွင့်အရေး ချိုးဖောက်လို့ ချိုးဖောက်နေမှန်း မသိလို့ ခံလိုက်ရတာတွေ ရှိပါတယ်။ နည်းပညာနဲ့ ဆက်သွယ်ရေးတွေ ထွန်းကားလာတဲ့ အခါကျတော့ ဒီကနေပိုမို သိလာတာ တွေရှိတယ်။ သတင်းတွေ၊ လူမှုကွန်ရက်တွေ ဖွံ့ဖြိုးလာတဲ့ အခါကျတော့ လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းတွေက ပိုမို ပေါ်ထွက်လာကြတယ်။

အရင်ကတည်းက ရှိနေတာတွေက ကျနော်တို့ မသိတာတွေလည်း ရှိနိုင်တယ်လေ။ အရင်က ဘာမှန်းမသိကျတော့ လူမသိ ဘဲ ပြီးသွားကြတဲ့ ကိစ္စတွေ ရှိတယ်။ ဒီဘက်ခေတ်ကျတော့ အသေးအမွှားက အစ သိနေကြတဲ့ အခါကျတော့ အမှုတွေက ပိုများ လာတဲ့ သဘော ရှိပါတယ်။ ကော်မရှင်ကတော့ မြို့ပေါ်ရော၊ ကျေးလက်တွေ အထိပါ ပညာပေး လုပ်ငန်းတွေ ဆက် လုပ်သွားဖို့ အစီအစဉ်တွေ ရှိပါတယ်။

မေး ။ ။ ဆောင်ရွက်ပြီးသမျှ လုပ်ဆောင်မှုတွေမှာရော ဘယ်လောက် တိုးတက်မှု ရှိသလဲ။

ဖြေ ။ ။ ကော်မရှင်က အခု ၄ နှစ်သား လောက်ပဲ ရှိသေးတယ်။ ဒီလိုအချိန်မှာ ကော်မရှင်မှာလည်း စိန်ခေါ်မှုတွေ အများ ကြီး ရှိပါတယ်။ ကော်မရှင်ရဲ့ ဆောင်ရွက်ရမယ့် ရည်ရွယ်ချက်တွေ အောင်မြင်ဖို့က ကော်မရှင် အားကောင်းပြီး ရေရှည် တည်တံ့ဖို့ လိုအပ်ပါတယ်။ ဒီလိုဖြစ်ဖို့က အစိုးရနဲ့ အုပ်ချုပ်ရေး ဆိုင်ရာ အဖွဲ့တွေ၊ လူမှုရေး အဖွဲ့အစည်းတွေက ပူးပေါင်း လုပ်ဆောင်မှသာ တိုးတက်လာမှာ ဖြစ်ပါတယ်။

မေး ။ ။ ပြည်သူတွေကို ဘာများ ပြောချင်ပါသေးလဲ။

ဖြေ ။ ။ ဒီနေ့ ဒီဇင်တာ ၁၀ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း နှစ် ၇၀ ပြည့်မှာ မြန်မာနိုင်ငံ သူ/သားတွေကလည်း အသိပညာတွေ ပိုမို သိရှိပြီး ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေမှာ ပူးပေါင်း ဆောင်ရွက်ပြီး လူ့အခွင့် အရေး ပြည့်ဝတဲ့ နိုင်ငံတခုကို တည်ဆောက်ကြမယ်လို့ ယုံကြည်ပါတယ်။ အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာတွေအနေနဲ့လည်း ပူးပေါင်း ဆောင်ရွက်ကြဖို့ ပြောလိုပါတယ်။

Irrawaddy News

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေဟာ ပိုမိုတိုးတက်လာတာကို တွေ့မြင်နိုင်ပြီ ဖြစ်တယ်လို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း နှစ်(၇ဝ) ပြည့်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ မြန်မာသမ္မတက ပြောကြားခဲ့တာပါ။

“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေရာမှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ ကြိုးပမ်း ဆောင်ရွက်မှုတွေကို ပြည်ထောင်စု ဝန်ကြီးဌာနတွေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ အဖွဲ့အသီးသီးတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် နိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေ ပိုမိုတိုးတက်လာတာကို တွေ့မြင်နိုင်ပြီဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းပါ အပိုဒ်တွေကို ကာကွယ်လေးစားလိုက်နာ ကျင့်သုံးကြစေဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်”လို့ သမ္မတ ဦးဝင်းမြင့်က ကတိပေး ပြောပါတယ်။

နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးအခြေအနေ ပိုမိုတိုးတက် ကောင်းမွန်လာစေဖို့ အတွက် ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းတွေ၊ အစိုးရနဲ့ ပုဂ္ဂလိကမီဒီယာ အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေဟာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း သမ္မတက တိုက်တွန်းပါတယ်။

သမ္မတ ဦးဝင်းမြင့်ဟာ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ဖို့ ပြည်ထောင်စု လွှတ်တော်မှာ ပြီးခဲ့တဲ့ မတ်လ ၃၀ရက်က ကတိသစ္စာပြုချိန်မှာလည်း လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေကို မြှင့်တင်ကာကွယ်ရပါလိမ့်မယ်လို့ ကတိပေးပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာ ၁ဝ ရက်နေ့ ကို ကုလသမဂ္ဂက အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အဖြစ် ဂုဏ်ပြုသတ်မှတ်ပြီး အခမ်းအနားတွေကို ကမ္ဘာအနှံ့ နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ လူ့အခွင့်အရေးနေ့ကို စစ်အစိုးရလက်ထက်က ပေါ်ပေါ်ထင်ထင်ကျင်းပ နိုင်ခဲဲ့ခြင်း မရှိဘဲ အရပ်သားအစိုးရလက်ထက်မှတရားဝင်ကျင်းပခွင့်ရတာဖြစ်ပါတယ်။

၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်က ကုလသမဂ္ဂအထွေထွေညီလာခံမှာ လူ့အခွင့်အရေး ကြေညာစာတမ်းကိုချမှတ်ရာမှာ ထောက်ခံမဲပေးခဲ့တဲ့ အဖွဲ့ဝင်နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ ပထမဆုံး ထောက်ခံခဲ့တဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။

နိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ နိုဝင်ဘာလအထိ လက်ခံရရှိတဲ့ တိုင်တန်းချက်ပေါင်း ၂၈၁၈ စောင်အနက် ၉၆၆ စောင်ကို စိစစ်ဆောင်ရွက်ခဲ့ပြီး ကွင်းဆင်းစစ်ဆေး မှုပေါင်း ၁၁ ကြိမ် ပြုလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်က ထုတြ်ပန်ထားပါတယ်။

ဒါ့အပြင် အကျဉ်းထောင် ၂၅ခု၊ ကျောက်ထုတ်စခန်း ၁ဝခု ၊စိုက်ပျိုးမွေးမြူရေး အတတ်သင်စခန်း ၁၂ခု၊ ရဲစခန်းအချုပ်ခန်း ၃၂ခု၊ တရားရုံး အချုပ်ခန်း ၃၂ ခု၊ ဆေးရုံအချုပ်ခန်း ၁၅ခုနဲ့ ဘိုးဘွားရိပ်သာ ၅ ခု သွားရောက် စစ်ဆေးခဲ့တယ်လို့လည်းဆိုပါတယ်

DVB News

ယနေ့တွင် တရားရုံးမှ ချမှတ်လိုက်သည့် ကချင်ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူများဖြစ်သည့် ကိုလွမ်းဇောင်း ၊ ကိုဇော်ဂျတ် နှင့် ဒေါ်နန်ပူ တို့ကို ရာဇသတ်ကြီး ပုဒ်မ (၅၀ဝ) ဖြင့် မြန်မာစစ်တပ်ကို အသရေဖျက်မှုဖြင့် ထောင်ဒဏ် ခြောက်လ နှင့် ဒဏ်ငွေ မြန်မာငွေ ငါးသိန်းချမှတ်လိုက်သည့်သတင်းသည် မြန်မာနိုင်ငံတွင်း အရပ်ဖက် လူ့အဖွဲ့အစည်းအတွက် စိုးရိ်မ်ဖွယ်ရာ သတင်းတစ်ရပ်ပင်ဖြစ်ပါသည် ။ ငြိမ်းချမ်းရေးနှင့် အကြမ်းဖက်မှု ပဋိပက္ခများတွင် ပိတ်မိနေသည့် ပြည်သူများအတွက် ဆန္ဒထုတ်ဖော်မှုများကို ရာဇဝတ်မှုအဖြစ် မသတ်မှတ်သင့်ပါ ။ ဥရောပသမဂ္ဂသည် တရားရုံး၏ ဆုံးဖြတ်ချက်အတွက် လွန်စွာ စိတ်မကောင်းဖြစ်ရပြီး သက်ဆိုင်ရာ အာဏာပိုင်များကို ပြစ်ဒဏ်ကို ပြန်လည် သုံးသပ်ရန်နှင့် တက်ကြွလှုပ်ရှားသူများအတွက် ယင်းတို့၏ လူ့အခွင့်အရေးများကို ဥပဒေအရ အရေးယူမည်ကို စိုးရိမ်စေခြင်းမရှိစေဘဲ ဆန္ဒထုတ်ဖော်ခွင့် ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်များရရှိစေရန် တောင်းဆိုအပ်ပါသည် ။

မြန်မာနိုင်ငံအတွင်း ကြီးလေးသော လူ့အခွင့်အရေး ကျူးလွန်ဖောက်ဖျက်မှုများအတွက် တာဝန်ခံမှုရှိစေရန်နှင့် အလားတူ ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန် အလို့ငှာ လွန်ခဲ့သော စက်တင်ဘာလအတွင်း အခြေခံအုတ်မြစ်တခုကို တည်ဆောက်ခဲ့ကြသည်။ အဆိုပါ ဆောင်ရွက်ချက်မှာ တစိတ်တပိုင်း ဖြစ်သော်လည်း အရေးပါလှသည်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး အသေးစိတ် အကျယ်တဝင့် ဖော်ပြချက်များနှင့် ဆောင်ရွက်သင့်သည်များကို အကြံပြုထားသော စာမျက်နှာ ၄၄၄ မျက်နှာပါ ကုလသမဂ္ဂ အစီရင်ခံစာတစောင်ကို လက်ခံရရှိပြီးသည့်နောက် ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကောင်စီ မှနေ၍ နောင်တချိန်တွင် တရားစီရင်မှုများ ဆောင်ရွက်နိုင်စေရေးအတွက် သက်သေစုဆောင်းရေး လုပ်ငန်းစဉ်အဖွဲ့တဖွဲ့ ထူထောင်ရေး အချက်ပါဝင်သော ဆုံးဖြတ်ချက်တရပ်ကို ချမှတ်လိုက်သည်။

အဆိုပါ “လွတ်လပ်သော လုပ်ငန်းစဉ်အဖွဲ့” သည် “၂၀၁၁ ခုနှစ် မှစ၍ မြန်မာနိုင်ငံအတွင်း ကျူးလွန်ခဲ့သည့် အပြင်းထန်ဆုံးသော နိုင်ငံတကာရာဇဝတ်မှုများနှင့် နိုင်ငံတကာ ဥပဒေ ဖောက်ဖျက်မှုများဆိုင်ရာ သက်သေ အထောက် အထား ရှာဖွေရေး၊ ပေါင်းစပ်ရေး၊ ထိန်းသိမ်းရေးနှင့် စိစစ်လေ့လာရေးတို့အပြင် လွတ်လပ်ပြီး တရားမျှတသော ရာဇဝတ်မှုခင်း ကြားနာမှုများ ချောမွေ့အောင် ဆောင်ရွက်ရေးနှင့် မှတ်တမ်းမှတ်ရာများ ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်” တာဝန်ပေးအပ်ခြင်း ရရှိထားပါသည်။

ယင်း လုပ်ငန်းစဉ် အဖွဲ့အစည်းသည် ဆီးရီးယားနိုင်ငံအတွက် လက်ရှိ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ် အဖွဲ့အစည်းနည်းတူပင် နောင်အနာဂတ်တွင် ပေါ်ပေါက်လာနိုင်မည့် နိုင်ငံတွင်းနှင့် နိုင်ငံတကာ ဥပဒေများ၏ ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှုများအတွက် အမှုတွဲ မှတ်တမ်းများကို သတ်မှတ်ထားသည့် တရားရုံးတော်၏ စံနှုန်းများနှင့်အညီ ပြင်ဆင်ပေးရန် တာဝန်ရှိသည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေး မစ်ရှင် (Fact Finding Mission – FFM) ၏ အပြီးသတ် အစီရင်ခံစာ အပြည့်အစုံကို စက်တင်ဘာလ ၁၈ ရက်တွင် ကောင်စီသို့ တင်သွင်းခဲ့သည်။

အစီရင်ခံစာတွင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်များတွင် ဖြစ်ပွားခဲ့သော လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအပါအဝင် နိုင်ငံတကာ ဥပဒေနှင့် ငြိစွန်းသည့် ရာဇဝတ်မှုများအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များတွင် တာဝန်ရှိကြောင်း၊ ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် မျိုးနွယ်စုတစုအား မျိုးဖြုတ်သည့် ရာဇဝတ်မှုအတွက်ပါ တာဝန်ရှိနိုင်သည့် အနေအထားတွင် ရှိနေကြောင်း ဖော်ပြထားသည်။

အစီရင်ခံစာပါ တွေ့ရှိချက်များအရ ၎င်းကိစ္စရပ်နှင့် စပ်လျဉ်း၍ ရိုးရှင်းပြီး အပြုသဘောဆောင်သည့် လူထုဆွေးနွေးမှုမျိုး မပြုလုပ်နိုင်အောင်ပင် အခြေခံ လွတ်လပ်ခွင့်များကို ချုပ်ချယ်ကန့်သတ်ထားကြောင်း သိရှိရသည်။

အဆိုပါ တွေ့ရှိချက်များကို မြန်မာနိုင်ငံ အနေအထားနှင့် ချိန်ထိုးကြည့်ပါက အံ့ဩစရာ မဟုတ်ပါချေ။ ရိုဟင်ဂျာများ တွေ့ကြုံခံစားရသည်များမှာ အလွန်တရာ ဆိုးဝါးလှသော်လည်း အဆိုပါ အမှုတခုတည်းပင် မဟုတ်ပါ။ နှစ်ပေါင်း ခြောက်ဆယ်ကျော် ကာလအတွင်း ရာဇဝတ်ဘေးမှ ပစားပေးခြင်းခံနေရသော တပ်မတော် အဖွဲ့ဝင်များ၏ ကျူးလွန်မှုကို နိုင်ငံတဝန်းလုံးရှိ လူထု အသီးသီးမှ စဉ်ဆက်မပြတ် ခံစားခဲ့ကြရသည်။

ဤအချက်ကိုထောက်ရှုသည့်အလျောက် လွတ်လပ်သော လုပ်ငန်းစဉ် အဖွဲ့အစည်းကို တာဝန်ပေးအပ်ရာတွင် မြန်မာနိုင်ငံအတွင်းရှိ နေရာဒေသတခု၊ လူအုပ်စု တစုအတွက်ကိုသာ ကန့်သတ်မထားချေ။

သို့သော်လည်း လုပ်ငန်းစဉ် အဖွဲ့အစည်းအတွက် ဝန်ထမ်းခန့်အပ်မှု ပြီးစီးသည်နှင့် ပြစ်မှုကျူးလွန်မှုများ၏ အတိမ်အနက်အရသော်လည်းကောင်း၊ လူသူငွေကြေး အင်အားပေါ်မူတည်၍ လည်းကောင်း လုပ်ငန်းဆောင်ရွက်မှု ဘောင်သတ်မှတ်သွားမည်ဖြစ်သည်။

အမှုတွဲ မှတ်တမ်းများ ပြင်ဆင်ရန် လိုအပ်နေသေးသဖြင့် ကုလသမဂ္ဂ အနေနှင့် ခုံရုံးဖွဲ့ရန် ဆုံးဖြတ်ချက် မချမှတ်ပါ။

နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (International Criminal Court – ICC) အနေနှင့် အဆိုပါ ရာဇဝတ်မှုများ၏ ကဏ္ဍအချို့ကို ကိုင်တွယ်နိုင်ဖွယ် ရှိသော်လည်း လက်ရှိတွင် အခြေအနေ တခုလုံးကို ကိုင်တွယ်နိုင်သည့် အနေအထား မရှိချေ။

နိုင်ငံတကာ သို့တည်းမဟုတ် အခြားသော နယ်ပယ်များနှင့် စပ်ဆိုင်သည့် တရားစီရင်မှုများ ပြုလုပ်သည့် အချို့သော နိုင်ငံခြားခုံရုံးများသည်လည်း အလားတူပင် ကျူးလွန်မှုများအားလုံးတွင်မှ တစိတ်တပိုင်းမျှကိုသာ ကိုင်တွယ်မည့် အနေအထားတွင် ရှိသည်။

ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေများအရ တရားခံများအပေါ် ၎င်းတို့ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှု အားလုံးအတွက် မျှတသော ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှုကို သေချာစေရာတွင် လိုအပ်သော လွတ်လပ်မှု၊ သမာသမတ်ကျမှု၊ အရည်အချင်း ပြည့်ဝမှုနှင့် စီရင်ပိုင်ခွင့် အာဏာတို့သည် မြန်မာနိုင်ငံအတွင်းရှိ မည်သည့်တရားရုံးတွင် မရှိပေ။

လုံခြုံရေးတပ်ဖွဲ့ဝင်များအား ၎င်းတို့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ခံစေရန်၊ သို့တည်းမဟုတ် ထိခိုက်ခံရသူများနှင့် ၎င်းတို့၏ မိသားစုများအတွက် ကုစားမှု ရရှိအောင် ထည့်သွင်းစဉ်းစားပေးရန်အတွက် မြန်မာနိုင်ငံ ၏ ပြည်တွင်း ဥပဒေအရာရှိများနှင့် တရားသူကြီးများတွင် လွတ်လပ်မှု၊ သမာသမတ်ကျမှုနှင့် အရည်အချင်းပြည့်ဝမှု ကင်းမဲ့နေသည်ကို တွေ့ရှိရပြီး ဖြစ်သည်။

အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကြောင့် လူ့အခွင့်အရေး လေးစားမှုရှိသည့် စစ်မှန်သော တရားဥပဒေစိုးမိုးရေး ပေါ်ထွန်းလာစရာ မျှော်လင့်ချက်များ ရှိလာသော်လည်း တရားမမျှတမှုများ ဆက်တိုက် ဖြစ်ပေါ်လာသောအခါ တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာသည်။ မကြာသေးမီက ရိုက်တာ သတင်းထောက်နှစ်ဦးကို မမှန်မကန် တရားစီရင်ပြီး ပြစ်ဒဏ်ချမှတ်လိုက်ခြင်းမှာ အထူးထင်ရှားသော ကိစ္စဖြစ်သည်။

မကြာမီက ကဲမ်ပိန်းလှုပ်ရှားမှုတွင် ပြည်တွင်း တက်ကြွလှုပ်ရှားသူများက “failed law” စာတန်းပါ ရှပ်အင်္ကျီများ ဝတ်ဆင်ခဲ့ကြသည်။ လူ့အခွင့်အရေး တောင်းဆိုတိုက်ပွဲ ဝင်နေသူများကို တရားလက်လွတ်စီရင်ပြီး အဆိုးဝါးဆုံးသော လူ့အခွင့်အရေး ဖောက်ဖျက် ကျူးလွန်သူများကိုမူ (အထူးသဖြင့် စစ်သားများ ပါဝင်နေပါက) ပြစ်ဒဏ်မပေးဘဲ ထားသည့် စနစ်တရပ်အပေါ် လူအများ မခံမရပ်နိုင်ဖြစ်သည်ကို ဤတွင် မြင်တွေ့ရသည်။

ရာဇဝတ်ဘေးမှ ပစားပေးထားသည့်အတွက်လည်း အဆိုပါ ပြစ်မှုကျူးလွန်သူများကို အားပေးအားမြှောက် ပြုရာကျပြီး ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို ထိခိုက်စေကာ အကြမ်းဖက်မှု သံသရာကို ရှည်ကြာစေသည်။

၂၀၁၁ ခုနှစ် တပ်မတော် အစိုးရမှ အရပ်သားတပိုင်း အစိုးရသို့ အာဏာ တဝက်တပျက် လွှဲအပ်ပြီးချိန်မှစ၍ အစိုးရ ကော်မရှင်ပေါင်း မြောက်မြားစွာ ဖွဲ့စည်းပြီး စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ် နှင့် ရခိုင်ပြည်နယ်များ အပါအဝင် ဒေသများ တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးခဲ့ကြသည်။ တရားစီရင်ရေး လုပ်ငန်းစဉ်များတွင် တပ်မတော်၏ ဩဇာလွှမ်းမိုးခြင်း ခံနေရခြင်းများ၊ တာဝန်ခံမှုရှိစေရေး သို့မဟုတ် ကုစားမှုရရှိစေရေးတို့ အတွက်ကိုမူ မည်သည့်ကော်မရှင်ကမှ ပြောဆိုခြင်း မရှိခဲ့ကြပေ။

လောလောလတ်လတ်ဖြစ်သော အစိုးရက ဖွဲ့စည်းပေးလိုက်သည့် ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် လည်း ထူးမခြားနား ဖြစ်ရုံမျှမက ရာဇဝတ်ဘေးမှ ပိုမိုပစားပေးနိုင်ရန် ခိုင်မာသော တာဝန်ခံမှုရှိရေး လုပ်ဆောင်ချက် များကို ကြန့်ကြာစေခဲ့သည်။

အသစ်ဖွဲ့စည်းလိုက်သည့် လုပ်ငန်းစဉ်အဖွဲ့မှ သက်သေ အထောက်အထားများ နောင်တချိန် ထွက်ပေါ်လာသောအခါ ပြည်တွင်းအဖွဲ့အစည်း ယန္တရားများသည်လည်း သမာသမတ်ကျမှု၊ အမှီအခိုကင်း လွတ်လပ်မှုရှိခြင်း၊ အရည်အချင်း ပြည့်ဝမှုရှိခြင်း၊ လုပ်ကိုင်နိုင်စွမ်းရှိခြင်း စသည့် အရည်အချင်းများ လုံလုံလောက်လောက် ရှိလာတော့မည်ဟု ထင်မှတ် ရပါသည်။ သို့သော်လည်း ဤသို့ဖြစ်လာရန် အချိန်ကာလအားဖြင့် ကြာညောင်းနိုင်ပေမည်။

ဤသို့သော အနေအထားတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (United Nations Security Council – UNSC) အား မြန်မာနိုင်ငံ အခြေအနေကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) သို့ လွှဲပြောင်းပေးရန် သို့မဟုတ် ခါတော်မီ ခုံရုံးတစ်ခု ဖွဲ့စည်းပေးရန် အချက်အလက်ရှာဖွေရေး မစ်ရှင် (FFM) အပါအဝင် တောင်းဆိုမှုများ တိုးမြှင့် ပြုလုပ်လာကြသည်။

မြန်မာနိုင်ငံသည် ရောမဥပဒေ သဘောတူညီချက် (နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးကို ဖွဲ့စည်းခဲ့သည့် နိုင်ငံတကာ သဘောတူညီစာချုပ်) တွင် ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိသည့်အတွက် သဘောတူညီချက်တွင် ပြဋ္ဌာန်းထားသည့် ရာဇဝတ်မှုများအတွက် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး၏ တရားစီရင်မှုကို ခံယူရန် သဘောမတူပေ (စွပ်စွဲခံရသည့် ကျူးလွန်သူသည် သဘောတူစာချုပ်ပါ အဖွဲ့ဝင်နိုင်ငံမှ နိုင်ငံသားဖြစ်ပါမှ ၊ သို့တည်းမဟုတ် အဖွဲ့ဝင်နိုင်ငံ၏ ပိုင်နက်အတွင်း ရာဇဝတ်မှု ကျူးလွန်မှသာလျှင် ခုံရုံးအနေနှင့် ၎င်း၏ စီရင်ပိုင်ခွင့်အာဏာကို ကျင့်သုံးနိုင်ပေလိမ့်မည်)။

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် အားလျော်စွာ လုံခြုံရေးကောင်စီ (UNSC) မှ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးအပ်မှု ပြုပါက ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိသည်။

ထို့အပြင် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ၏ ယေဘုယျ တရားစီရင်ပိုင်ခွင့်အား အခြေပြုချက်အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံကဲ့သို့ ရောမသဘောတူညီချက် အဖွဲ့ဝင်နိုင်ငံ၏ ပိုင်နက်အတွင်း ဖြစ်ပွားခဲ့သော ရာဇဝတ်မှုများအပေါ် ဥပဒေ သက်ရောက်မှု ရှိသည်။ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) မှ တရားစွဲဆိုသူများက တိုင်ကြားထားသော ရာဇဝတ်မှု များတွင်မှ အစိတ်အပိုင်းတရပ် သို့မဟုတ် မှုခင်း၏ တစိတ်တဒေသကို ဘင်္ဂလားဒေ့ရှ် ပိုင်နက်အတွင်း ကျူးလွန်ခဲ့ခြင်း ရှိ၊ မရှိကို ပဏာမ စစ်ဆေးမှုတရပ် ပြုလုပ်လျက်ရှိသည်။ ဤတွင် ပြည်ပသို့ နှင်ထုတ်ခြင်းဆိုင်ရာ လူသားမျိုးနွယ်စု အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုလည်း ပါဝင်ပြီး အဓိပ္ပါယ်သတ်မှတ်ချက်အရ နယ်စည်းဖြတ်ကျော်ခြင်း အစိတ်အပိုင်းတရပ် ဖြစ်သည်။

မြန်မာနိုင်ငံပြင်ပမှ နိုင်ငံများ၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ၊ အဝေးရောက် အုပ်စုများဘက်မှ နိုင်ငံတကာ ရာဇဝတ်ကြောင်းအရ အမှုစွဲဆိုရန် တောင်းဆိုမှုများသည် အကျယ်လောင်ဆုံး ဖြစ်သည်။

ပြည်တွင်းမှ နေ၍လည်း နိုင်ငံတကာ ခုံရုံး (ICC) သို့ လွှဲပြောင်းပေးအပ်ရန် တောင်းဆိုမှုများ မြင့်တက်လျက်ရှိ သော် လည်း အရပ်ဘက် အဖွဲ့အစည်းများ၊ သတင်းထောက်များနှင့် အခြားသော ဩဇာရှိ ပုဂ္ဂိုလ်များသည် အစိုးရနှင့် အမျိုးသားရေးဝါဒီ အုပ်စုများမှ အငြှိုးထားခံရမည်ကို စိုးရိမ်သည့်အတွက် နှုတ်ဆိတ်နေကြသည်။

ပြည်တွင်းဖြစ်စေ၊ ပြည်ပဖြစ်စေ၊ ပူးပေါင်းဆောင်ရွက်မှု ဖြစ်စေ နောင်တချိန်တွင် မြန်မာနိုင်ငံ၏ တရားမျှတမှုသည် မည်သည့် လမ်းကြောင်းပေါ်သို့ ဦးတည်စေကာမူ ထိရောက်သော ရာဇဝတ်မှုဆိုင်ရာ တရားစီရင်မှုများသည် တာဝန်ခံ မှု ရရှိစေရေး၊ နောင်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ထပ်မံမဖြစ်ပေါ်စေရန် တားဆီးရေးနှင့် ကုစားပေးနိုင်ရေးတို့ အတွက် အရေးပါသော အစိတ်အပိုင်းတခုကို ဖော်ဆောင်ပေးနိုင်သည်။

ရိုဟင်ဂျာများ အပေါ်နှင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ကျူးလွန်ခဲ့မှုများသည် မည်သည့်ခုံရုံးပုံစံကို အသုံးပြုစီရင် သည် ဖြစ်စေ သက်သေ အထောက်အထား လိုအပ်မည်ဖြစ်သည့်အလျောက် သက်သေအထောက်အထားများ စုဆောင်း သိမ်းဆည်းရန်နှင့် ပြစ်မှုမှတ်တမ်းများ ပြင်ဆင်ရန်အတွက် လုပ်ငန်းစဉ် အဖွဲ့အစည်းတရပ် ထားရှိခြင်းသည် အလွန် တရာ အရေးကြီးသော ကိစ္စဖြစ်သည်။

ရုပ်ဝတ္ထုသက်သေ အထောက်အထားများ ယိုယွင်းပျက်စီးသွား လျှင်သော် လည်းကောင်း၊ ဖျက်စီးခံလိုက်ရလျှင်သော် လည်းကောင်း အမှတ်သညာများ မှေးမှိန်သွားနိုင်သည်ဖြစ်၍ ကောင်းစွာ လေ့ကျင့်သင်ကြားထားသော ကျွမ်းကျင် ပညာရှင်များ၏ အကူအညီဖြင့် သက်သေအထောက်အထားများ စုဆောင်းရန် အရေးပေါ် လိုအပ်နေပါသည်။

သမိုင်းကို ခြေရာခံ၍ သာမက လက်တလောဖြစ်ရပ်များ သက်သေအထောက်အထား မှတ်တမ်းပြုစုမှု အမြောက် အမြားကို ပြည်တွင်းပြည်ပမကျန် (တခါတရံ၌ လွန်စွာ အန္တရာယ်များသော အခြေအနေများကြား၌ပင်) စုစည်းခဲ့ပြီး ဖြစ်ပါသည်။

လူ့အခွင့်အရေးဆိုင်ရာ အထောက်အထား မှတ်တမ်းပြုစုမှုများသည် အမှန်တရား ဖော်ထုတ်ရာတွင် ဖြစ်စေ၊ တရားမမျှ တမှုကို မီးမောင်းထိုးပြလိုလျှင်ဖြစ်စေ၊ အစိုးရနှင့် အစိုးရမဟုတ်သော ပုဂ္ဂိုလ်များအား အခြေအနေတရပ်ကို ကိုင်တွယ်လာအောင် ဖိအားပေးရာတွင် ဖြစ်စေ လွန်စွာ အရေးကြီးပါသည်။

ရှေ့အတွေ့အကြုံများ၏ သင်ကြားချက်အရ အနိဋ္ဌာရုံ ရာဇဝတ်မှုများကို မှတ်တမ်းပြုစုရာတွင် ဖြစ်နိုင်ပါက အတွေ့ အကြုံ အရှိဆုံး၊ လူသူပစ္စည်း အစုံလင်ဆုံး နှင့် ဘာသာရပ် နယ်ပယ်ပေါင်းစုံမှ အဖွဲ့များနှင့် ပြုလုပ်သင့်သည်။
မှတ်တမ်းပြုစုရာတွင် အဓိက အရေးကြီးဆုံး ကျင့်ဝတ်မှာ “ထိခိုက်မှု မရှိစေရေး” ဖြစ်သည်။ ဥပမာ ဆိုရသော် အသက် ရှင် လွတ်မြောက်လာသူများကို အင်တာဗျူးမပြုလုပ်မီ ဆောင်ရွက်ရန် ရှိသည်များကို ပူးပေါင်း ဆောင်ရွက်ထားပြီး၊ ၎င်းတို့အပေါ် ကျရောက်လာနိုင်သော ခြိမ်းခြောက်မှုနှင့် ဘေးဥပါဒ် အန္တရာယ်များကို ဂရုတစိုက် စဉ်းစားပေးခြင်းဖြင့် ထိခိုက်မှုများမှ ရှောင်နိုင်သမျှ ရှောင်ရှားပေးပါလိမ့်မည်။

လူတဦးတည်းအား အကြိမ်ကြိမ်အဖန်ဖန် အင်တာဗျူးလုပ်ခြင်းဖြင့် ယင်း၏ စိတ်ဒဏ်ရာကို ပြန်လည်တူးဆွသလို ဖြစ်ရုံသာမက နောင်အခါ တရားစွဲဆိုမှုများအတွက်ပါ ထိခိုက်သွားစေနိုင်သည်။

လွတ်လပ်မှုရှိသော လုပ်ငန်းစဉ်အဖွဲ့သည် အဆိုပါ ရည်မှန်းချက်များကို ဖြည့်ဆည်းပေးနိုင်ပေလိမ့်မည်။

လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးအနေဖြင့် အခြေခံမူများ ချမှတ်ရန် ရက်ပေါင်း ၂၀ အချိန်ရပြီး ယင်းနောက်၌ အဆိုပါ အခြေခံမူများကို အကောင်အထည်ဖော်ရန် ၁၂ လ အထိ အချိန်ယူနိုင်သည် (မှတ်တမ်းပြုစုမှုတွင် လစ်ဟာမှု များရှိပါက ဖြည့်ဆည်းပေးရန် အလို့ငှာ မစ်ရှင်(FFM) အတွက် လွှဲအပ်ပေးထားသည့် အာဏာရပ်ကို သက်တမ်းတိုးမြှင့် ပေးလိုက်ပြီး ဖြစ်သည်) ။

အဓိကထား စဉ်းစားရမည့် အပိုင်းမှာ လက်ရှိ သို့မဟုတ် အလားအလာရှိသော ပြည်တွင်း နှင့် နိုင်ငံတကာ တရားစီရင်ရေး စနစ်များ (နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC)၊ တရားစီရင်ခွင့်ရှိသည့် နိုင်ငံခြားတရားရုံး သို့မဟုတ် နောင်တချိန် မြန်မာနိုင်ငံအတွင်း၊ သို့မဟုတ် ယင်းတို့ကို ပေါင်းစပ်၍) ကို အားဖြည့်ပေးရန် ဖြစ်သည်။

အမှန်စင်စစ်အားဖြင့် ရာဇဝတ်ဆိုင်ရာ တာဝန်ခံမှုရှိစေရန် ဆောင်ရွက်ခြင်းသည် တရားမျှတမှု ရရှိရေးအတွက် လက်နက်ကိရိယာ တခုမျှသာဖြစ်ပြီး နစ်နာဆုံးရှုံးရမှုများကို အကုန်အစင် အဖတ်ဆယ်ပေးနိုင်မည် မဟုတ်ပေ။

သို့သော်လည်း ဤသို့ဆောင်ရွက်ခြင်းဖြင့် ဒုက္ခသည်များကို ကူညီရာရောက်သည့် အပြင် မြန်မာနိုင်ငံကိုလည်း လူ့အခွင့်အရေး ချိုးဖောက်မှု သံသရာမှ လွတ်မြောက်အောင် ကူညီပေးနိုင်ပေလိမ့်မည်။

တချိန်ချိန်တွင် ရာဇဝတ်မှုဆိုင်ရာ ရုံးတင်စစ်ဆေးမှုများ လိုအပ်လာမည်ဖြစ်ပြီး ဤတွင် အခြားစိန်ခေါ်မှုများ ထပ်မံ ပေါ်ထွက်လာပေလိမ့်ဦးမည်။ သို့သော်လည်း လက်ရှိအနေအထားတွင် လွတ်လပ်မှုရှိသော လုပ်ငန်းစဉ် အဖွဲ့ ဖွဲ့စည်းလိုက်ခြင်းနှင့်အတူ တာဝန်ခံမှုရှိစေရန် ဆောင်ရွက်ရေး အခြေခံအုတ်မြစ်ကို တည်ဆောက်ပြီး ဖြစ်လေသည်။ မြန်မာနိုင်ငံအတွက် တရားမျှတမှုနှင့် ငြိမ်းချမ်းရေး ရရှိစေလိုသူတိုင်း ဤကိစ္စကို ဝိုင်းဝန်းထောက်ခံပေလိမ့်မည်။

(Sean Bain သည် အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင် (International Commission of Jurists – ICJ) နှင့်အတူ အလုပ်လုပ်ကိုင်သည့် ဥပဒေရေးရာ အကြံပေး ဖြစ်သည်။ ဤဆောင်းပါးအား အင်္ဂလိပ်ဘာသာဖြင့် A legal path to justice emerges for Myanmar ဟု ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် “Asia Times” အွန်လိုင်းတွင် ဖြန့်ဝေခဲ့ပြီးဖြစ်သည်။)