ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ရခိုင်တိုက်ပွဲအတွင်း အရပ်သား ၆၂ ဦး သေဆုံး၊ ၁၅၆ ဦး ဒဏ်ရာရ
ရခိုင်ပြည်နယ် တိုက်ပွဲတွေအတွင်း အရပ်သား သေဆုံး ၆၂ ဦးနဲ့ ဒဏ်ရာရသူ ၁၅၆ ဦးရှိတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့ ကောက်ယူထားတဲ့ စာရင်းမှာ ဖော်ပြပါတယ်။
အဲဒီစာရင်းတွေဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ ဒီနှစ် ဇူလိုင်လ ၂၅ ရက်နေ့ထိ ကောက်ယူထားတာဖြစ်ပါတယ်။
အဲဒီထဲမှာ မိုင်းနဲ့ လက်နက်ကြီး ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၃ ဦး၊ ဒဏ်ရာရသူ ၅၃ ဦးဖြစ်ပြီး စစ်ကြောရေးတွေ၊ နှစ်ဖက်တိုက်ပွဲအတွင်း တခြားဖြစ်စဉ်တွေနဲ့ သေဆုံး၊ ဒဏ်ရာရတာတွေ အကုန်လုံးပါဝင်တယ်လို့ ဆိုပါတယ်။
အဲ့ဒီစာရင်းတွေဟာ မီဒီယာတွေ၊ တခြားအဖွဲ့အစည်းတွေတင်ပြချက်ကို ကောက်ယူထား တာမျိုး မဟုတ်ဘဲ REC ရဲ့ မြေပြင်ကွင်းဆင်း အဖွဲ့တွေရဲ့ ကောက်ယူထားချက်တွေကိုသာ အတည်ပြုကောက်ယူထားတာလို့ ဆိုပါတယ်။
တိုက်ပွဲတွေအတွင်း အရပ်သားသေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာတွေကို မဖြစ်အောင် စောင့်စည်းကြဖို့ လက်နက်ကိုင်တွေကို မေတ္တာရပ် ခံထားသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကိုလည်း စာရင်းကောက်ယူပြီး သမ္မတအပါအဝင် နိုင်ငံတော်အကြီးအကဲတွေနဲ့ လူ့ အခွင့်အခွင့်ကော်မရှင်တွေကို တင်ပြထားပေမဲ့ လက်ရှိမှာတော့ ဘာမှထူးခြားလာတာတွေ မရှိသေးပါဘူး။
ဒီကိစ္စရပ်တွေကို အစိုးရကသာ အရေးယူ အကောင်ထည်ဖော်ဆောင်ရွက်ပေးနိုင်မှာဖြစ်ပြီး မဆောင်ရွက်နိုင်ရင် အစိုးရရဲ့ အပြစ်သာဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီက ပြောပါတယ်။
REC ရဲ့ စာရင်းတွေထဲမှာ မွတ်ဆလင်အသိုင်းအဝိုင်းက သေဆုံးမှု၊ ဒဏ်ရာရမှု မပါဝင်ပေမယ့် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနဲ့ လူငယ်များအစည်းအရုံး ကောက်တဲ့ စာရင်းအရ မွတ်ဆလင်အသိုင်းဝိုင်းက သေဆုံးမှုအပါအဝင် တိုက်ပွဲအတွင်း သေဆုံးသူ ၇၂ ဦးရှိပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ တိုက်ပွဲတွေ ကြားထဲမှာ တပ်က မတော်ပစ်ခတ်လို့ အရပ်သားတွေ သေဆုံးဒဏ်ရာရတာတွေတော့ ရှိနိုင်သလို အေအေဖက်က ပစ်ခတ်လို့သေဆုံးတာတွေရှိတယ်လို့ပြောပါတယ်။
ဒါပေမယ့် အေအေကတော့ တိုက်ပွဲကာလမှာ ရက္ခိုင့်တပ်တော်က ပစ်ခတ်လို့ အရပ်သားတွေ သေဆုံးတာ တဦးမှ မရှိသေးဘူးလို့ ပြောပါတယ်။
ဝဏ္ဏခွာညို
DVB News
ယုံကြည်မှုတည်ဆောက်ခြင်းကို ထိပါးလာခြင်း : တပ်မတော်မှ အပစ်အခတ် ရပ်စဲရေး ကြေငြာထား သည့် ဒေသများရှိ လူ့အခွင့်အရေးအခြေအနေ
ယုံကြည်မှုတည်ဆောက်ခြင်းကို ထိပါးလာခြင်း : တပ်မတော်မှ အပစ်အခတ် ရပ်စဲရေး ကြေငြာထား သည့် ဒေသများရှိ လူ့အခွင့်အရေးအခြေအနေ
(၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ)
၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၆ ရက်
သတင်းထုတ်ပြန်ချက်
ကချင်နှင့် ရှမ်းပြည်နယ်များတွင် လက်နက်ကိုင် တိုက်ပွဲများပြင်းထန်နေစဉ်မှာပင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန် ပိုင်းတွင် မြန်မာ့ တပ်မတော်က မြန်မာပြည်မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတွင် လေးလတာ တဖက်သတ်အ ပစ်အခတ်ရပ်စဲကြောင်း ကြေငြာခဲ့သည်။ မြန်မာ့တပ်မတော်၏ အပစ်အခတ်ရပ်စဲရေးကြေငြာချက်ကို တိုင်းရင်း သားလက်နက် ကိုင်အဖွဲ့များ (EAOs) က သတိဖြင့် ကြိုဆိုခဲ့ကြပြီး အပြုသဘောဆောင်သည့် ပြုမူဟန်အဖြစ် လည်း ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်ပြီး စောင့်ကြည့်လေ့လာသူများကလည်း ကြိုဆိုခဲ့ကြသည်။
ယခုလို အပစ်အခတ်ရပ်စဲရေးကမ်းလှမ်းခဲ့သော်လည်း မြန်မာ့တပ်မတော်အနေဖြင့် ကချင်နှင့် ရှမ်းပြည်နယ်တို့ တွင် စစ်တပ်စခန်းသစ်များ တိုးချဲ့နေခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။ တပ်မတော်မှ EAOs တပ်စခန်းများအား စိတ်ထင်တိုင်း ပစ်ခတ်ခြင်း၊ လက်နက်ကြီး ဖြင့်ပစ်ခတ် တိုက်ခိုက်ခြင်းနှင့် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်းတို့ကြောင့် အပစ်အခတ်ရပ်စဲရေး ပထမလေး လကာလနှင့် ထပ်မံတိုးချဲ့သည့် ကာလများအတွင်း အရပ်သား သေဆုံး၊ ဒဏ်ရာရမှု၊ ထွက်ပြေးတိမ်းရှောင်ရမှု များနှင့် မြန်မာစစ်တပ်၏ စစ်အင်အားတိုးချဲ့မှုကို ပိုမိုခံကြရသည်။
အဆိုပါကာလအတွင်း တရားလက်လွတ်သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လိင်ပိ်ုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှုနှင့် တပ်မတော်မှ အရပ်သားများနေထိုင်ရာ သို့ လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့အပါအဝင် အရပ်သားများအပေါ် လူ့အခွင့် အရေးချိုး ဖောက်မှုများ ကျူးလွန်ကြသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကျူးလွန်မှုများကို လည်း ND-Burma အဖွဲ့ဝင်များမှ မှတ်တမ်းတင်ထာသည်။
ရှမ်းနှင့်ကချင်ပြည်နယ်များတွင် မြန်မာ့တပ်မတော်၏ ဆက်လက်ထိုးစစ်ဆင်နေမှုများနှင့် ရခိုင်နှင့်ချင်းပြည်နယ် များတွင် ပြင်းထန်သောတိုက်ပွဲများဖြစ်နေလင့်ကစား ၎င်းတို့၏ စတုတ္ထအဖွဲ့ဝင်ဖြစ်သော ရခိုင့်တပ်မတော် (AA) အားပါဝင်စေရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့က တိုက်တွန်းနေသော်လည်း ၎င်းတို့ကို အပစ်ခတ်ရပ်စဲရေးမှ ဖယ် ချန်ထားခြင်းသည် အပစ်ခတ်ရပ်စဲရေး အကောင်အထည်ဖေါ်ခြင်းကို ရုပ်ပျက်စေပြီး မသေချာမရေရာဖြစ်နေ သည့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြန်လည်အားဖြည့်အသက်ဝင်စေမည့် မည်သည့် အဓိပ္ပါယ်ရှိသော တွေ့ဆုံဆွေးနွေးမှုကို မဆို ထိခိုက်စေပါသည်။
မြန်မာ့တပ်မတော်အနေဖြင့် မြောက်ပိုင်းဒေသတွင် အပစ်အခတ်ရပ်စဲရေးကြေငြာခြင်းမျိုးနှင့် ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သည့် တခြားဆောင်ရွက်ချက်များကဲ့သို့ ငြိမ်းချမ်းရေးအား ရိုးသားမှုမရှိပဲ ကမ်းလှမ်းလုပ်ဆောင်ပါက ငြိမ်းချမ်းရေးနှင့် စစ်ပွဲများရပ်တန့်စေရန်အတွက် စစ်မှန်သည့်တိုးတက်မှုများကို ရရှိမည်မဟုတ် ပေ။ မြန်မာ့တပ်မတော် အနေဖြင့် ပြောထားသည့်အတိုင်း လက်တွေ့လုပ်ဆောင်ပါမှ ယုံကြည်မှုတည်ဆောက် နိုင်မည်ဖြစ်ပြီး ပဋိပက္ခဒေသများရှိ လူ့အသိုင်းအဝိုင်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများထပ်မံမဖြစ်ပွာစေရေး အတွက် အာမခံမှုများ တိုးချဲ့ဆောင်ရွက်ရမည်ဖြစ်သည်။ မြန်မာ့တပ်မတော်ဖက်မှ ရိုးသားသော ကြိုး ပမ်း အား ထုတ်မှုမပါဝင်ဘဲနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း မည်သည့်ယုံကြည်မှု၊ မည်သည့်ခိုင်မာသောတိုးတက်မှုမှ ရှိ လာလိမ့်မည်မဟုတ်ချေ။
ဆက်သွယ်ရန်:
ကိုတိန်ဦး
စည်းရုံးလှုံ့ဆော်ရေးအဖွဲ့
ဖုန်း- +၆၆ (ဝ) ၈၁၅၉၅၆၁၃၈
လိုည်းချီးစငါး
ဖုန်း + ၉၅ (ဝ) ၉၇၉၁၅၃၀၄၅၁
ND-Burma အကြောင်း
ND-Burma ၏ ကွန်ရက်အဖွဲ့ဝင် ၁၂ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြားသူ များအား ကိုယ်စားပြုကာ လုပ်ဆောင်နေသော အဖွဲ့များ ဖြစ်ကြပါသည်။ နစ်နာခဲ့သူများ၏ တရားမျှတ မှု ရရှိရေးအတွက် လူ့အခွင့်အရေးချိုးဖောက်မှုများကို ၂၀ဝ၄ ခုနှစ်မှစပြီး မှတ်တမ်းတင်နေသည့် ကွန် ရက်အဖွဲ့အစည်းဖြစ်ပါသည်။
အဖွဲ့ဝင်အဖွဲ့အစည်းများ
၁။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP-B)
၂။ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (Hurform)
၃။ ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) (KWAT)
၄။ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)
၅။ တအာင်းကျောင်းသားနှင့် လူငယ်အဖွဲ့အစည်း (TSYO)
၆။ ထားဝယ်အမျိုးသမီးသမဂ္ဂ (TWU)
ဆက်စပ်အဖွဲ့အစည်းများ
၁။ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)
၂။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)
၃။ ပအို့လူငယ်အဖွဲ့ (PYO)
၄။ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့ (HRDP)
၅။ နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက် (ပဲခူးအရှေ့ခြမ်း)
၆။ ရှေ့ပြေးအသံအဖွဲ့ (PV)
ဒေါင်းလုပ်ရယူရန်
ယုံကြည်မှုလျော့ပါးခြင်း : တပ်မတော်၏ အပစ်အခတ်ရပ်စဲရေးကြေငြာထားသည့် ဒေသများရှိ လူ့အခွင့်အရေးအခြေအနေ (၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ)
အကျဉ်းချုပ်
ကချင်နှင့် ရှမ်းပြည်နယ်များတွင် တိုက်ပွဲများပြင်းထန်နေစဉ်မှာပင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် မြန်မာ့ တပ်မတော်က မြန်မာပြည်မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတွင် လေးလတာ တဖက်သတ်အပစ်အခတ်ရပ်စဲ ကြောင်း ကြေငြာခဲ့သည်။ မြန်မာ့တပ်မတော်၏ အပစ်အခတ်ရပ်စဲရေးကြေငြာချက်ကို တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ (EAOs) က သတိဖြင့် ကြိုဆိုခဲ့ကြပြီး အပြုသဘောဆောင်သည့် ဆောင်ရွက်ချက်အဖြစ် ငြိမ်းချမ်း ရေးဖြစ်စဉ်နှင့် ပတ်သက်ပြီး စောင့်ကြည့်လေ့လာသူများကလည်း ကြိုဆိုခဲ့ကြသည်။
တပ်မတော်ထိပ်တန်းခေါင်းဆောင် ၄ ဦးနှင့် မိသားစုဝင်များကို အမေရိကန် ဒဏ်ခတ်အရေးယူ
ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ လူနည်းစု ရိုဟင်ဂျာများကို လူမျိုးတုံး သတ်ဖြတ်မှုနှင့် ဥပဒေမဲ့ ရှင်းလင်းဖယ်ရှားမှုများအပါအဝင် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှု လုပ်ရပ်များကြောင့်ဟုဆိုကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် မြန်မာ့တပ်မတော် ထိပ်တန်းခေါင်းဆောင်လေးဦးနှင့် မိသားစုဝင်များကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်မှူးချုပ်သန်းဦးနှင့် ဗိုလ်မှူးချုပ်အောင်အောင်တို့ကို ယင်းလုပ်ရပ်များအတွက် တာဝန်ရှိသူအဖြစ် ဒဏ်ခတ်အရေးယူလိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ဇူလိုင်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
ယင်းဒဏ်ခတ်အရေးယူမှု အပေါ် တပ်မတော်၏ သဘောထားကို သိရှိနိုင်ရန် တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကိုMyanmar Now ကဆက်သွယ်မေးမြန်းရာတွင် အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့အရေးယူမှုကြောင့် တပ်မတော်၏ “ဂုဏ်သိက္ခာပိုင်းဆိုင်ရာ” ထိခိုက်ကြောင်း ပြန်လည်ဖြေကြားသည်။
ပဋိပက္ခများ ဖြစ်ပွားလာသည့်အတွက် တိုင်းရင်းသားများ၏ အသက်အိုးအိမ်နှင့် နယ်မြေဒေသ လုံခြုံရေးအတွက် တပ်မတော်က စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ကြောင်း၊ ချိုးဖောက်မှုနှင့် ပတ်သက်သည့်စွပ်စွဲချက်များကိုလည်း လျစ်လျူရှုထားခြင်း မရှိဘဲ တရားဥပဒေနှင့်အညီစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ကို နိုင်ငံတကာအဖွဲ့အစည်းများနှင့်အခြားနိုင်ငံများက လေးစားစေလိုကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်နေသည့် အဖွဲ့အစည်း၏ ဂုဏ်သိက္ခာပိုင်းဆိုင်ရာကို နားလည်ရန် လိုအပ်ကြောင်း ၎င်းကဆက်ပြောသည်။
ယခုကဲ့သို့ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းမှာ အမေရိကန်နိုင်ငံခြားရေးဌာန၏ ဥပဒေပြဌာန်းမှုများအရ ချမှတ်လိုက်ခြင်းဖြစ်ပြီး ယင်းဥပဒေတွင် နိုင်ငံခြားတိုင်းပြည်များရှိ အစိုးရအရာရှိများသည် အဂတိလိုက်စားမှုများနှင့် ဆိုးဝါးသော လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်နေသည်ဟု ခိုင်မာသည့် သတင်းအချက်အလက်များ ရှိပါက ယင်းပုဂ္ဂိုလ်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို အမေရိကန်ပြည်ထောင်စုသို့ လာရောက်ခွင့် ပိတ်ပင်ရမည်ဟု ဖော်ပြထားသည်။
နိုင်ငံခြားရေးဝန်ကြီးသည် အဆိုပါ ဥပဒေအရ ပိတ်ဆို့အရေးယူခံရမည့်သူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လူသိရှင်ကြားဖြစ်စေ၊ သီးခြား (သိုသိုသိပ်သိပ်) ဖြစ်စေ ထုတ်ပြန်နိုင်သည်ဟု ဆိုသည်။
အမေရိကန်နိုင်ငံခြားရေးဌာနသည် (မြန်မာစစ်တပ်၏) အပြုအမူများ ပြောင်းလဲရန်နှင့် တာဝန်ရှိမှု၊ တာဝန်ခံမှုကို မြှင့်တင်ပေးနိုင်မည့် မူဝါဒများကို ထောက်ခံအားပေးသည့်အတွက် ယခုပိတ်ဆို့မှုသည် ယင်းရည်မှန်းချက်များ ဖြစ်မြောက်စေရန် တွန်းအားပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပိုမီယိုက ဆိုသည်။
လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ရှိသူများကို မြန်မာနိုင်ငံအစိုးရက အရေးမယူသေးသည့်အတွက် စိုးရိမ်မကင်းဖြစ်မိကြောင်း၊ မြန်မာစစ်တပ်သည် နိုင်ငံတစ်ဝန်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုများ ဆက်လက်ကျူးလွန်နေကြောင်း ဖော်ပြသည့် သတင်းနှင့် အစီရင်ခံစာများလည်း ရှိနေသေးကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။
မြန်မာတပ်မတော် ထိပ်သီးခေါင်းဆောင်ပိုင်း၏ တာဝန်ခံမှု မရှိပုံ တုန်လှုပ်ဖွယ် ဥပမာတစ်ခုမှာ အင်းဒင်ရွာလူသတ်မှုဖြစ်စဉ်ကြောင့် အကျဉ်းကျနေသည့် တပ်ဖွဲ့ဝင်များကို လအနည်းငယ်အကြာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်လွှတ်ရန်အမိန့်ပေးခဲ့သော်လည်း ယင်းလူသတ်မှုအကြောင်း ဖော်ထုတ်ရေးသားခဲ့သည့် သတင်းထောက်များမှာမူ ရက်ပေါင်း ၅၀၀ ကျော်အကျဉ်းကျခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အမေရိကန်ပြည်ထောင်စုသည် မြန်မာ့တပ်မတော် ထိပ်သီးခေါင်းဆောင်များကို အဆိုပါကိစ္စနှင့် ပတ်သက်၍ လူသိရှင်ကြားပိတ်ဆို့အရေးယူလိုက်သည့် ပထမဆုံးနိုင်ငံလည်းဖြစ်သည်။
၂၀၁၈ ခုနှစ် ဩဂုတ်လကလည်း ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေး ကျူးလွန် ချိုးဖောက်မှုတွင် တာဝန်ရှိသူများဖြစ်သည်ဆိုကာ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ ဘူးသီးတောင်အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ခင်မောင်စိုး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တပ်မ ၉၉ ၏ တပ်မမှူး ဗိုလ်မှူးချုပ်ခင်လှိုင်၊ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ကိုင်တွယ်ခဲ့သည့် ရဲမှူးချုပ် သူရစန်းလွင်နှင့် ခြေမြန်တပ်မ ၉၉ ၊ တပ်မ ၃၃ တို့ကို အမေရိကန်အစိုးရက ပစ်မှတ်ထားပိတ်ဆို့ အရေးယူမှုများ လုပ်ဆောင်ထားသည်။
Myanmar Now
သက်ငယ်မုဒိမ်းမှု ပပျောက်ရေးအတွက် တောင်ကြီးမြို့တွင် ဆန္ဒပြ
သက်ငယ်မုဒိမ်းမှု ပပျောက်ရေးအတွက် တောင်ကြီးမြို့တွင် ဇူလိုင် ၆ ရက် (ယနေ့) နံနက်ပိုင်းက လူတစ်ရာကျော် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သတင်း ရရှိသည်။
တောင်ကြီးမြို့ရှိ လူငယ်များ နှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ဦးဆောင်၍ အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို ပြုလုပ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံ စုရပ်မှ စတင်ထွက်ရှိကာ မြို့မဈေးမှ တဆင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး တစ်လျောက် ချီတက်လမ်းလျှောက် လာကြပြီး တောင်ကြီးမြို့ စူဌာမုနိ လောကချမ်းသာ စေတီတော်တွင် စုဝေးကာ ဆုတောင်းခဲ့ကြောင်း သိရသည်။
နေပြည်တော် တွင် ဖြစ်ပွားခဲ့သော သက်ငယ်မုဒိန်းမှုကို အမှုမှန်ပေါ်ပေါက်စေရေး နှင့် သက်ငယ်မုဒိမ်းမှုများကို ထိရောက်ပြင်းထန်သော သေဒဏ်ပေးရေး တို့ကို တောင်းဆိုခဲ့ကြောင်း သိရသည်။
Eleven Media Group
မြန်မာတပ်မတော်နဲ့ AA ကျူးလွန်မှု စစ်ရာဇဝတ်မှုဖြစ်နိုင်ကြောင်း Yanghee Lee သုံးသပ်
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွင်း တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်တပ်တို့ရဲ့ လုပ်ရပ်တွေက နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ရာရောက်ပြီး စစ်ရာဇဝတ်မှု မြောက်ကောင်း မြောက်နိုင်တယ်လို့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို အင်္ဂါနေ့မှာ တင်ပြခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့ လူ့အခွင့်အရေး တိုးတက်ရေး အတွက် ပြင်ဆင်ရမယ့် အချက်တွေကိုလည်း အကြံပြုတင်ပြသွားပါတယ်။ မြန်မာ့ အသွင်ကူးပြောင်းရေး ဆောင်ရွက်ချက်တွေကို မြန်မာ သံအမတ်ကြီးကလည်း တုံ့ပြန်သွားပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြပေးမှာပါ။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွင်း ဒီလပိုင်းတွေ အတွင်း ရခိုင်လက်နက်ကိုင်တပ် AA နဲ့ တပ်မတော်တို့ရဲ့ လုပ်ရပ်တွေက နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်နေတယ်လို့ မြန်မာ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက ဂျီနီဗာမှာ ကျင်းပနေတဲ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို အင်္ဂါနေ့က တင်ပြသွားတာပါ။
“ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် တောင်ပိုင်းတို့မှာ AA – ရခိုင်လက်နက်ကိုင်တပ်နဲ့ ပဋိပက္ခတွေက လနဲ့ချီ ရှိလာပြီ ဖြစ်ပြီး အရပ်သားတွေ အပေါ် အကြီးအကျယ် ထိခိုက်စေပါတယ်။ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ် AA တို့ရဲ့ လုပ်ရပ် အများအပြားက နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်နေပြီး စစ်ရာဇဝတ်မှုထိ ဖြစ်ကောင်း ဖြစ်နိုင်သလို လူ့အခွင့်အရေးလည်း ချိုးဖောက်နေပါတယ်။”
ရခိုင်လက်နက်ကိုင်တပ် AA ဘက်ကလည်း အရပ်သားတွေကို ပြန်ပေးဆွဲတဲ့ အစီရင်ခံချက်တွေ ရှိနေပြီး ဒီထဲမှာ ပလက်ဝက ဆောက်လုပ်ရေး လုပ်သား ၁၂ ဦး၊ နောက် ဘင်္ဂလားဒေရှ့် နယ်စပ်က ရွာသား ၅၂ ဦးတို့လည်း ပါတယ်လို့ မစ္စ ယန်ဟီးလီက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ တင်ပြခဲ့တာပါ။
ပြီးခဲ့တဲ့ဧပြီလတုန်းကတော့ မြန်မာ စစ်တပ်က ရဟတ်ယာဉ်ပေါ်ကနေ သေနတ်နဲ့ ပစ်တာကြောင့် ဝါးခုတ်နေကြတဲ့ ရိုဟင်ဂျာ အမျိုးသားနဲ့ ယောက်ကျာ်းလေး တချို့ သေဆုံးခဲ့ရတယ်လို့လည်း တင်ပြသွားပါတယ်။ ဒီနှစ် အတွင်း ဖြစ်ခဲ့တဲ့ ရခိုင်နဲ့ ချင်းပြည်နယ်တွင်းက တိုက်ပွဲတွေအတွင်း စစ်ရှောင် ထွက်ပြေးရသူ ၃၅,ဝ၀ဝ လောက် ရှိပြီလို့လည်း ထောက်ပြသွားပါတယ်။ ရခိုင်လက်နက်ကိုင်တပ် AA နဲ့ မြန်မာ စစ်တပ်ကြား တိုက်ပွဲတွေ မငြိမ်းသေးသလို အရပ်သား သေဆုံးဒဏ်ရာရမှုတွေ၊ ဖမ်းဆီး စစ်ဆေးခံရမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။
ဂျီနီဗာ အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ပြည်သူတွေရဲ့ ပါဝင်မှု၊ နောက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ အင်တာနက် လွတ်လပ်စွာ အသုံးပြုခွင့် ရနေတယ်လို့ တင်ပြသွားပါတယ်။
“မြန်မာ့ အသွင်ကူးပြောင်းရေး ကာလမှာ နေထိုင်နေကြတဲ့ မြန်မာပြည်သူတွေကတော့ ဒီမိုကရေစီ ကျင့်သုံးမှု ကျယ်ပြန့်လာတဲ့အပေါ်မှာ ကျေနပ်နေကြပါတယ်။ တိုးတက်မှုတွေ အပေါ်မှာလည်း ပြင်ပကနေ လေ့လာစောင့်ကြည့်သူတွေနဲ့ ရှုမြင်ပုံခြင်း ကွဲပြားပါတယ်။ မြန်မာနိုင်ငံက ဒေသစုံ၊ အလွှာစုံက လူတွေရဲ့ အသံတွေကိုလည်း အစိုးရက သိရှိနေပါတယ်။ အစိုးရဘက်က လူထုနဲ့ ပုံမှန် ထိတွေ့မှုလည်း ရှိပါတယ်။ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နဲ့ မီဒီယာ ကိစ္စကလည်း မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေထဲက တခုဖြစ်ပါတယ်။ မိုလ်ဘိုင်းလက်ကိုင်ဖုန်း အသုံးပြုမှုကလည်း ဒေသတွင်းမှာ အမြင့်ဆုံး ဖြစ်ပါတယ်။ အင်တာနက်နဲ့ လူမှုကွန်ယက် မီဒီယာတွေ အသုံးပြုခွင့် အပေါ် ပိတ်ပင်ကန့်သတ်ချက် မရှိပါဘူး။ ဒါပေမဲ့လည်း ကျနော်တို့ အနေနဲ့ လုံခြုံရေးနဲ့ လွတ်လပ်မှု၊ အခွင့်အရေးနဲ့ တာဝန်ယူမှု တာဝန်ခံမှုကိုတော့ ချိန်ညှိထားနိုင်အောင် လုပ်ရပါတယ်။”
တိုက်ပွဲတွေ ဖြစ်နေတဲ့ရခိုင်နဲ့ ချင်းပြည်နယ်တွင်းက ဒေသတချို့မှာ မြန်မာ အစိုးရက အင်တာနက်တွေ ဖြတ်တောက်ထားတဲ့အပေါ် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။ အင်္ဂါနေ့ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ မြန်မာ့ အရေးတင်ပြခဲ့တာမှာတော့ စစ်တပ်ဘက်က စစ်တိုင်းဒေသတွေမှာ အပစ်အခတ် ရပ်စဲထားတဲ့အကြောင်း၊ ငြိမ်းချမ်းရေးကိစ္စ၊ ရခိုင်အရေး ဖြေရှင်းနေတဲ့ အခြေအနေတွေကိုလည်း မြန်မာဘက်က တင်ပြသွားပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီကတော့ မြန်မာ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်စေဖို့၊ လာမယ့် အထွေထွေ ရွေးကောက်ပွဲတွေ လွတ်လပ်ပြီး မျှတမှု ရှိရေး အတွက် ပြင်ဆင်ရမယ့် ဥပဒေတွေကိုလည်း အခုလို ထောက်ပြသွားပါတယ်။
“ပထမဆုံး အနေနဲ့ ပုဒ်မ ၁၉နဲ့ ၂၀ – ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် ဥပဒေကို ပြင်ဆင်တာ ဒါမှမဟုတ်လည်း ဖျက်သိမ်းရပါမယ်။ NLD အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ကို ဦးဆောင်ခဲ့တဲ့ ဦးရွှေမန်းထံကို ကျမ တင်ပြခဲ့တဲ့ ဥပဒေ ၂၀ဝ ထဲမှာ ဒီဥပဒေက တခု အပါအဝင် ဖြစ်ပါတယ်။ ဒီ ကိုလိုနီခေတ်က ဥပဒေ တချို့က ပြန်လည် သုံးသပ်ရမှာပါ။ ပုဒ်မ ၅၀၅ (က) ပြစ်မှုဆိုင်ရာ ဥပဒေကို ပြန်လည်သုံးသပ်ရပါမယ်။ ပုဒ်မ ၆၆ (ဃ) ဆက်သွယ်ရေး ပုဒ်မ ဆိုရင်လည်း ပြန်လည် သုံးသပ်ရမှာပါ။ ဘာကြောင့်လဲ ဆိုတော့ ဒီပုဒ်မတွေက သဘောထား ကွဲလွဲမှုတွေကို ကန့်သတ်ပိတ်ပင်ထားပါတယ်။ လူတွေ ထုတ်ဖော် ပြောဆိုမှုကို ကန့်သတ်ထားပါတယ်။ သူ့တို့ရဲ့ လိုလားချက်တွေကို ထုတ်ဖော်ပြောဆိုမှု၊ သူတို့ ဆန္ဒတွေကို ထုတ်ဖော် ပြောဆိုမှုတွေကို ဒီဥပဒေတွေကို သုံးပြီး လူတွေကို ဖမ်ဆီး တရားစွဲဆို ထိန်းသိမ်းနေပါတယ်။”
ရိုဟင်ဂျာ ပဋိပက္ခအရေး ဖြေရှင်းတဲ့နေရာမှာ အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံဘက်က အခုထက်ပိုပြီး အားထည့် ဆောင်ရွက်ဖို့ကိုလည်း မစ္စယန်ဟီးလီက တိုက်တွန်းပါတယ်။
“မြန်မာ့ အရေးမှာ အရှေ့တောင် အာရှ နိုင်ငံများ အသင်း ASEAN ဘက်က ပိုပြီး ဆောင်ရွက်လာတဲ့အပေါ်မှာ ကြိုဆိုပါတယ်။ ပြီးခဲ့တဲ့ဆွေးနွေးပွဲတွေမှာ ပြောခဲ့သလိုပါပဲ ကျမ အနေနဲ့ အာဆီယံရဲ့ ပြည်တွင်းရေး ဝင်မစွက်ရဆိုတဲ့မူကို အထူးပဲ လေးစားပါတယ်။ ဒါပေမဲ့လည်း ရခိုင်ပြည်နယ်တွင်းက အခြေအနေတွေက ရခိုင်ပြည်နယ်ရဲ့ အပြင်ထိကို ရောက်ပြီး ဒေသတွင်းဆိုင်ရာ အခြေအနေ တခု ဖြစ်နေပါပြီ၊ နောက် ကမ္ဘာ့အရေးထိ ဖြစ်လာနိုင်ခြေလည်း ရှိနေတာကြောင့် ပြည်တွင်းရေး ဝင်မစွက်ရဆိုတဲ့ မူကို အာဆီယံ အနေနဲ့ ပြင်ဆင်ဖို့ စဉ်းစားရဖွယ် ရှိတယ်လို့ ကျမ ထင်ပါတယ်။ ဥပေက္ခာမပြုရေး မူကို စဉ်းစားကောင်း စဉ်းစားဖို့လိုမယ်လို့လည်း ကျမ အကြံပြုချင်ပါတယ်။”
မြန်မာ အစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်သင့်မခံသလို မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကိုလည်း ပြည်ဝင်ခွင့် ပိတ်ထားတာပါ။ ဒါ့အပြင် အထူးကိုယ်စားလှယ် တဦးနဲ့ အစားထိုးပေးဖို့လည်း မြန်မာဘက်က တောင်းဆိုသွားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်းဟီလီကတော့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ အစီရင်ခံ တင်ပြဖို့ ရှိနေပါတယ်။
VOA News