ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ပဋိပက္ခနှင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေစဥ်အ တွင်း လူ့အခွင့်အရေးအခြေအနေအကြောင်း “ဆုတ်ယုတ်သွားသော အခွင့်အရေးများ”
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) က ပဋိပက္ခနှင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေစဥ်အ တွင်း လူ့အခွင့်အရေးအခြေအနေအကြောင်း “ဆုတ်ယုတ်သွားသော အခွင့်အရေးများ” အမည်ရှိ အစီရင်ခံစာ အကျဥ်းချုပ်ကို ထုတ်ဝေခြင်း။
သတင်းထုတ်ပြန်ချက်
၂၀၂၀ ခုနှစ် သြဂုတ်လ ၇ ရက်
တကမ္ဘာလုံးတွင် လူပေါင်း ၁၈ သန်းကျော် COVID-19 ရောဂါ ကူးစက် ဖြစ်ပွားခဲ့ပြီး ကပ်ရောဂါဘေး၏ သက်ရောက်မှုကြောင့် ကမ္ဘာ့နေရာဒေသများတွင် အထိနာမှုများ ရှိပြီး အထိခိုက်အခံရနိုင်ဆုံး လူထုမှာ ကပ်ရောဂါအကြောင်း သတင်းအချက်လက်များ လက်လှမ်းမမီ ဖြစ်ကြရသည်။ ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် COVID-19 ကူးစက်ခံရသူ ၂ ဦး မြန်မာနိုင်ငံတွင် စတင်တွေ့ရှိပြီးနောက် ပဋိပက္ခများဖြစ်ပွားနေသည့် ပြည်နယ်အချို့အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် ကူးစက်ခံရသူ တဖြည်းဖြည်း များ လာသည်ကို တွေ့ရသည်။ အထူးသဖြင့် ပဋိပက္ခဒေသအတွင်းရှိ ပြည်သူများမှာ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရန် အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)- ND-Burma မှ ယခု နောက်ဆုံးထုတ်ဝေသည့် “ဆုတ်ယုတ် သွားသော အခွင့်အရေးများ” အစီရင်ခံစာတွင် ကပ်ရောဂါ ဆက်လက်ကူးစက် ပြန့်ပွားနေသည်နှင့်အမျှ ပဋိပက္ခဒေသတွင်းရှိ ပြည်သူများမှာ ဆေးကုသခံယူမှု၊ သတင်းအချက်အလက်နှင့် အကူအညီများ လက်လှမ်းမီရန် အပေးယူ အလျော့အတင်း လုပ်၍ ညှိနှုင်းဆောင်ရွက်နေရဆဲ ဖြစ်သည်ဟု နိဂုံးချုပ်ထားသည်။
COVID-19 ရောဂါအား ပူးပေါင်းတိုက်ဖျက်ရာတွင် ပြည်ထောင်စုအဆင့် အစိုးရနှင့် ဒေသန္တရအဆင့်ဆင့်မှ ဆောင်ရွက်ပေးမှု သည် မိမိတို့ ရပ်ရွာဒေသအတွင်းရှိ ပြည်သူလူထု၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိ၊ မရှိကို လည်း ဆန်းစစ် ထားသည်
အစီရင်ခံစာက လာမည့်ရွေးကောက်ပွဲနှင့် စစ်ပွဲများကြုံတွေ့နေရသည့် ပြည်သူလူထု၏ လုံခြုံရေးကို အထူး အလေးဂရုပြု ဆောင်ရက်ရန်လည်း အကြံပြု တိုက်တွန်းထားသည်။
အစီရင်ခံစာ ရယူလိုပါက မြန်မာဘာသာဖြင့် အင်္ဂလိပ် ဘာသာဖြင့်
ဆက်သွယ်ရန်
နိုင်အဲမွန်
+၆၆ ၈၆၁၆၇၉၇၄၁
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM)
မြန်မာနှင့် အင်္ဂလိပ်ဘာသာ
လွေးပိုးစေ – တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ (TSYU)
ဖုန်းး +၉၅ ၉၂၆၄၁၆၂၂၂၉
မြန်မာနှင့် အင်္ဂလိပ်ဘာသာ
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)
မြန်မာနိုင်ငံ လူ့အခွင့်အရေး အဖွဲ့များ လူ့အခွင့်အရေး မှတ်တမ်းပြု ခြင်းလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ရေး အတွက် နည်းလမ်းတရပ် ဖြည့်ဆည်းပေးသော အားဖြင့် (၂၀ဝ၄) ခုနှစ်တွင် လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။
ကွန်ရက် အဖွဲ့ဝင်တို့သည် မြန်မာနိုင်ငံရှိ လူမှုအသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို မှတ်တမ်းတင်ကာ စည်းရုံးတိုက်တွန်း တင်ပြခြင်းနှင့် နိုင်ငံရေး အသွင်ကူးပြောင်းရေးကာလတွင် တရားမျှတမှုနှင့် တာဝန်ယူ၊ တာဝန်ခံမှုရှိစေမည့် လုပ်ငန်းစဉ်များ အတွက်လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။
လူ့အခွင့်အရေး မှတ်တမ်း ကွန်ရက်သည် ကွင်းဆင်းအချက်အလက် စုဆောင်းရေး လုပ်ငန်းများအတွက် သင်တန်းများပေးခြင်း၊ ရရှိလာသည့် သတင်းအချက်အလက်များအား သိုမှီး ထိန်းသိမ်း ခွဲခြမ်းစိတ်ဖြာသည့် အချက်အလက်စီမံခန့်ခွဲမှုများ ပြုလုပ်သည်ပြီး လူ့အခွင့်အရေးအတွက် စည်းရုံးတိုက်တွန်းမှုများကိုလည်း ဆောင်ရွက်နေသည်။
တင်းပြည့် အဖွဲ့အစည်းများ
၁။နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)
၂။ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM)
၃။ကချင်အမျိုးသမီးများအစည်းအရုံး -ထိုင်းနိုင်ငံ (KWAT)
၄။တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)
၅။တအာင်းကျောင်းသားလူငယ်များ အဖွဲ့ (TSYU)
၆။ထားဝယ် အမျိုးသမီးသမဂ္ဂ (TWO)
၇။လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP)
၈။ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး( AASYC)
၉။အနာဂါတ်အလင်းတန်းဆုံမှတ် (FLC)
ဆက်စပ်အဖွဲ့ဝင်များ
၁။ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)
၂။ပအိုဝ်းလူငယ်များအစည်းအရုံး (PYO)
၃။ပဲခူး အရှေ့ – ယခင် နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက် (EB-FPPN)
၄။ ရှေ့ပြေးအသံ (PV)
မောင်တောတိုက်ပွဲတွင် တပ်နှင့်ရဲတပ်ဖွဲ့ဝင် ၆ ဦး ဖမ်းဆီးရမိဟု AA ထုတ်ပြန်
တပ်မတော်ဘက်မှ ၁၆ ဦး ကျဆုံးသည်ဟု AA က ထုတ်ပြန်သော်လည်း ရခိုင်နယ်လုံဝန်ကြီးကမူ လဝကဦးစီးမှူးတစ်ဦး အပါအဝင် တပ်နှင့်ရဲတပ်ဖွဲ့ဝင်စုစုပေါင်း ခြောက်ဦးသာ ကျဆုံးခဲ့ဟု ပြောသည်
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်း မေယုတောင်တန်းပေါ်၌ ဩဂုတ် ၃ တွင် ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တိုက်ပွဲအပြီး တပ်နှင့်ရဲတပ်ဖွဲ့ဝင် ခြောက်ဦး ဖမ်းဆီးရခဲ့ကြောင်း AA က ဩဂုတ် ၄ တွင် ယင်း၏အင်တာနက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။
ဘူးသီးတောင်အခြေစိုက် တပ်မတော် ခြေလျင်တပ်ရင်း၂၆၃ မှ ၄၈ နှစ်အရွယ် တပ်ကြပ်ဇော်ဇော်၊ ၃၆ နှစ်အရွယ် တပ်သားရဲနိုင်၊ ၂၇ နှစ်အရွယ် တပ်သားကောင်းထက်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များဖြစ်ကြသည့် ၃၇ နှစ်အရွယ် တပ်ကြပ်သစ်လွင်စိုး၊ ၂၈ နှစ်အရွယ် တပ်ကြပ်ထွန်းကျော်ကျော်နှင့် ၂၆ နှစ်အရွယ် တပ်သားမိုင်းဝေစံတို့ ၆ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
AA ၏ အဆိုပါ ထုတ်ပြန်ချက်နှင့် ပက်သတ်၍ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းကို Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသည့်အခါ “ဖမ်းမိတယ်ဆိုတော့လည်း အဲဒီအတိုင်းပဲပေါ့။ အဲဒီအတိုင်းပဲ ထားလိုက်တော့” ဟု ပြန်လည်ဖြေကြားပြီး ဖုန်းချသွားခဲ့သည်။
မောင်တောမြို့နယ်တောင်ပိုင်းရှိ ကျောက်ပန်းဒူရွာနှင့် ရသေ့တောင်မြို့နယ်ရှိ စေတီပြင်ရွာတို့ကို ဆက်သွယ်ထားသည့် မေယုတောင်တန်းပေါ်က အင်းဒင်တောင်ကျော်လမ်းပေါ် ဩဂုတ် ၂ နှင့် ၃ တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ရန် သွားရောက်စဉ် AA အဖွဲ့၏ ကြားဖြတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။
AA ၏ ဩဂုတ် ၃ ထုတ်ပြန်ချက်အရ တပ်မတော်စစ်ကြောင်းဘက်မှ ၁၆ ဦး ကျဆုံးခဲ့သည်ဟု ဆိုသော်လည်း ရခိုင်နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းကမူ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ ဦးစီးမှူးဦးကျော်ဇောခိုင်အပါအဝင် တပ်မတော်နှင့် ရဲတပ်ဖွဲ့၏ အရာရှိနှင့်တပ်သား စုစုပေါင်းခြောက်ဦးသာ ကျဆုံးခဲ့သည်ဟု ဖြေကြားခဲ့သည်။
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စောင့်ကြည့်မှတ်တမ်းတင်နေသည့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) ၏ ဇူလိုင် ၉ ထုတ်ပြန်ချက်အချက်အလက်များအရ တပ်မတော်နှင့် AA တိုက်ပွဲများကြောင့် ၂၀၁၉ တစ်နှစ်အတွင်း နှစ်ဖက်တပ်ဖွဲ့ဝင်ပေါင်း ၈၀၀ မှ ၁,၅၀၀ အတွင်း ကျဆုံးခဲ့သည်ဟု သိရသည်။
Myanmar Now News
ရသေ့တောင်မြို့နယ် ချိန်ခါလီရွာ၌ ပျောက်ဆုံးနေသူ၏ ရုပ်အလောင်းတွေ့ရှိ
ဦးထွန်းမောင်စိန် ပျောက်ဆုံးပြီး ၁၈ ရက်အကြာ ၎င်း၏နေအိမ်ဝင်းအတွင်း၌ အမျိုးသားရုပ်အလောင်းတစ်လောင်း တွေ့ရှိပြီး ဦးထွန်းမောင်စိန်ဖြစ်ကြောင်း မိသားစုဝင်များက အတည်ပြုသည်
ဇူလိုင် ၁၃ တွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပျောက်ဆုံးနေသည့် ဦးထွန်းမောင်စိန်ဟု ယူဆရသူ၏ ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းက ၎င်း၏နေအိမ် အိမ်သာကျင်းထဲတွင် တွေ့ရပြီး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟု မိသားစုဝင်များက ပြောသည်။
ဦးထွန်းမောင်စိန် ပျောက်ဆုံးနေခဲ့ပြီး ၁၈ ရက်အကြာတွင် ၎င်း၏နေအိမ်ရှိ အိမ်သာကျင်းထဲတွင် ရုပ်အလောင်းတစ်လောင်း ပုပ်ပွလျက်တွေ့ရှိရသဖြင့် ယင်းရုပ်အလောင်းမှာ ဦးထွန်းမောင်စိန်ဖြစ်သည်ဟု ၎င်း၏ မိသားစုဝင်များက ပြောသည်။
“စစ်တပ်က ရွာထဲကိုဝင်လာတဲ့အချိန်မှာ ကျွန်တော့်ယောက္ခမကို ဆိုင်ထဲမှာတွေ့လို့ အိမ်နောက်ဘေးလမ်းဝနားမှာ ပစ်သတ်ခဲ့တာပါ။ အိမ်ရှင်မ ရှေ့မှာ ပစ်သတ်ခဲ့တာ။ အလောင်းကို ကိုယ့်အိမ်ထဲက အိမ်သာတွင်းထဲကနေ တွေ့ရပါတယ်။ အခု ကျွန်တော့်ယောက္ခမကို ဆယ်လို့မရရင်လည်း ရတဲ့အထိ ဆယ်ယူပြီး ဆွေမျိုးတွေနဲ့ ရွာကလူတွေကို အကူအညီတောင်းပြီး သင်္ဂြိုဟ်ဖို့လုပ်နေပါတယ်” ဟု ဦးထွန်းမောင်စိန်၏ သားမက် ဦးမောင်ပုယေက ပြောသည်။
လူဦးရေ ၆၅၀ ခန့်နေထိုင်သည့် ချိန်ခါလီရွာ၏ တစ်မိုင်ခန့်အကွာ ကိုးတန်ကောက်ရွာအနီးတွင် ဇူလိုင် ၁၂ နှင့် ၁၃ တို့၌ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကာ တိုက်ပွဲအပြီး အသက် ၆၀ ကျော်အရွယ် ဦးထွန်းမောင်စိန် ပစ်သတ်ခံရသည်ကို ၎င်း၏ဇနီးဖြစ်သူကိုယ်တိုင် တွေ့မြင်ခဲ့ရသည်ဟု မိသားစုဝင်များက စွပ်စွဲထားသည်။
တပ်မတော်က ပစ်သတ်ခဲ့သည်ဟု မိသားစုဝင်များက စွပ်စွဲပြောဆိုထားသော်လည်း တပ်မတော်က ထိုသို့ပစ်ခတ်ခြင်းမရှိကြောင်းနှင့် တိုက်ပွဲဖြစ်နေချိန်တွင် ထိမှန်သွားခြင်းသာဖြစ်နိုင်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်က ပြောသည်။
“တိုက်ပွဲဖြစ်တော့ ဟိုပစ်၊ ဒီပစ် ပစ်ကြရင်းနဲ့ ထိတာနေမှာပေါ့။ ဒီအတိုင်းတော့ တပ်က မပစ်ပါဘူး။ ပစ်စရာလည်း အကြောင်းမရှိဘူး။ ရန်သူက ပစ်တယ်။ ကိုယ်ကလည်းပြန်ပစ်တယ်။ အဲလို ပစ်ကြ၊ ခတ်ကြရင်းနဲ့ ထိတာနေမှာပေါ့။ ဒါကတော့ ပြောလို့မရဘူးပေါ့။ သက်သက်ကြီးပစ်တယ်ဆိုတာတော့ မဟုတ်ပါဘူး။ မရှိပါဘူး” ဟု ဗိုလ်မှူးကြီးမင်းသန့်က ပြောသည်။
ချိန်ခါလီရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်ကျည်များ ကျရောက်မှုရှိခဲ့သောကြောင့် ဒေသခံ ရွာသား သုံးဦးလည်း ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိသွားပြီး ရွာသားများမှာ စိုးရိမ်ကြောက်လန့်ပြီး နီးစပ်ရာကျေးရွာများနှင့် စစ်တွေမြို့အထိ ထွက်ပြေးခိုလှုံခဲ့ကြသည်။
ရွာအတွင်းပိတ်မိနေခဲ့သည့် အသက်ကြီးပိုင်း ၁၀ ဦးခန့်ကို ဇူလိုင် ၁၄ က ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ရပ်မိရပ်ဖများနှင့် အရပ်ဘက်အဖွဲ့အစည်းများက သွားရောက်ကယ်ထုတ်ခဲ့စဉ် အဆိုပါပစ်သတ်ခံရသည်ဆိုသည့် ဦးထွန်းမောင်စိန်၏ အလောင်းကို ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ကြောင်း ချိန်ခါလီ ရွာသားတစ်ဦးက ပြောသည်။
ချိန်ခါလီရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးအပါဝင် ရွာသားအားလုံးနီးပါးမှာ ရသေ့တောင်မြို့နယ် မယူကမ်းဒေသရှိ အငူမော်ကုန်တန်း၊ သံချောင်း၊ လောင်းချောင်းကျေးရွာများနှင့် နီးစပ်ရာ ဆွေမျိုးများရှိသည့်ရွာများသို့ ထွက်ပြေးခိုလှုံနေကြရသည်။
၎င်းအပြင် ရသေ့တောင်မြို့နယ် မယူကမ်းဒေသမှ သံချောင်းရွာသားတစ်ဦးကို ယနေ့ နံနက်ပိုင်းက ချိန်ခါလီကျေးရွာနှင့် သံချောင်းကျေးရွာကြား မယူတောင်ကျော်လမ်း တောတွင်းတစ်နေရာတွင် မြေပြင်ပေါ်သို့ ခေါင်းစိုက်ပြီး သေဆုံးလျက်တွေ့ရကြောင်း ဒေသခံများက ပြောဆိုသည်။
ယမန်နေ့ နံနက်ပိုင်း ၈ နာရီခန့်တွင် ကျေးရွာနှင့် ၂ မိုင်ခန့်ဝေးသည့် သံချောင်းကျေးရွာနှင့် ချိန်ခါလီကျေးရွာကြားတွင်ရှိသည့် မယူတောင်ဘက်သို့ မျှစ်ခူးရန်သွားခဲ့ရာ ပြန်ရောက်မလာ၍ ရွာသားများက ယနေ့နံနက်ပိုင်း လိုက်လံရှာဖွေစဉ် ထိုသို့သေဆုံးလျှက်တွေ့ရှိရသည်ဟု သံချောင်းကျေးရွာဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်က မိန့်ကြားသည်။
“မနေ့က မနက်ပိုင်းကနေသွားတာ ညနေ ၆ နာရီလောက်မှာ သူ ပြန်မရောက်တာကို သိကြတယ်။ ရွာသားတွေကလည်း ညဘက်ကြီးဆိုတော့ ဒီမှာက နယ်မြေတွေကလည်း သိပ်ပြီးရှင်းလင်းနေတာ မဟုတ်ဘူးလေ။ ဒီနေ့မနက် ၆ နာရီလောက်မှာ သွားရှာတဲ့အချိန်မှာ အသေတွေ့တယ်” ဟု မိန့်ကြားသည်။
သေဆုံးသွားသူမှာ သံချောင်းကျေးရွာမှ လယ်သမားတစ်ဦးဖြစ်သူ ၆၂ နှစ်အရွယ် ဦးဝေတင်မောင်ဖြစ်ပြီး ခန္ဓာကိုယ်တွင် ဒဏ်ရာဒဏ်ချက်များလည်း မတွေ့ရ၍ မည်သည့်အတွက်ကြောင်းသေဆုံးသွားသည်ကို မသိရဟု အဆိုပါဆရာတော်က မိန့်ကြားသည်။
ဇူလိုင် ၁၄ နှင့် ၁၅ တွင်လည်း ရသေ့တောင်မြို့နယ်အတွင်းရှိ အောင်ချမ်းသာ၊ ကိုးတန်ကောက်၊ ချိန်ခါလီ၊ ဒုံးပိုက် ၊ အောင်ဗလ၊ ပေါက်တောပြင် ရွာသားများနှင့် မောင်တောမြို့နယ် တောင်ပိုင်းရှိ အင်းဒင်ကျေးရွာ၊ အင်းဒင်ကျေးရွာသစ်(အောင်သုခ)၊ အင်းဒင်အလယ်ရွာ၊ ပဲရုံကျေးရွာမှ လူဦးရေ ၃,၀၀၀ နီးပါး နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြသည်။
အဓိက ထွက်ပြေးနေရခြင်းမှာ ထပ်မံတိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးနေကြခြင်းဖြစ်သည်ဟု နေရပ်စွန့်ခွာထွက်ပြေးနေကြသူများက ပြောဆိုထားသည်။
Myanmar Now News
ကရင်အမျိုးသမီး အသတ်ခံရမှု တရားမျှတမှုရရေး ဒေသခံများ ဆန္ဒထုတ်ဖော်
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဘူးသို နှင့်ဒွယ်လိုး မြို့နယ်များမှ ဒေသခံလူထု ၄၆၀၀ ကျော်က ဇူလိုင်လ ၂၈ ရက်နေ့ မနက်ပိုင်းတွင် ဖာပွန်မြို့နှင့် ကမမောင်း မြို့များသို့ ချီတက်ဆန္ဒပြခဲ့ကြပြီး တရားမျှတမှု နှင့် ၎င်းတို့ဒေသတွင် တပ်မတော်က အရပ်သားများအပေါ် သတ်ဖြတ်မှုများ အဆုံးသတ်ရေးကို တောင်းဆိုခဲ့ကြသည်။
ကျေးရွာပေါင်း ၁၁၄ ရွာမှ ဒေသခံ ရွာသူရွာသားပေါင်း ၄၆၅၀ ဦး တို့က ကြွေးကြော်သံများကို ကြွေးကြော်ရင်း ဖာပွန်နှင့် ကမမောင်း မြို့များသို့ ချီတက်ခဲ့ကြခြင်း ဖြစ်သည်။
ထို ဆန္ဒပြပွဲသည် တပတ်အတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့ကလည်း ကျေးရွာ ၃၅ ရွာမှ ဒေသခံ ၁၅၀၀ ကျော်တို့က မြန်မာတပ်မတော် စခန်းများ၏ အပြင်ဘက်၌ ဆန္ဒပြခဲ့ကြသည်။
၎င်းတို့သည် ဇူလိုင် ၁၆ ရက်က မြန်မာ့တပ်မတော် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(၈) လက်အောက်ခံ တပ်ရင်းခမရ (၄၀၉) မှ စစ်သည် ၂ ဦးက ပိုလိုထာကျေးရွာမှ ကရင်အမျိုးသမီး နော်မုနော်ကို သတ်ဖြတ်ခဲ့ခြင်းအား ကန့်ကွက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
တပ်သား ၂ ဦးက နော်မုနော်ကို ပစ်သတ်၍ သူ၏ ရွှေဆွဲကြိုးကို ယူခဲ့သည့် ဖြစ်ရပ်သည် ၎င်းတို့အသိုင်းအဝိုင်းများ ရင်ဆိုင်နေရသည့် ရက်စက် ကြမ်းကြုတ်မှုများထဲမှ နောက်ဆုံး ပေါ်ပေါက်ခဲ့သော ဖြစ်ရပ်တခုဖြစ်ကြောင်း ဒေသခံများက ပြောကြသည်။
၎င်းတို့ ဒေသအတွင်း လာရောက်အခြေစိုက်သော တပ်မတော် တပ်စခန်း ၄ ခု ကို ပြန်လည် ရုပ်သိမ်းပေးရန် တောင်းဆို ကြသည်။
သူတို့က“ ကျွန်ုပ်တို့လူထုကို လာရောက် သတ်ဖြတ်ခြင်းကို ကျွန်ုပ်တို့ မကျေနပ်ပါ။ ”၊ “ကျွန်ုပ်တို့ ကျေးရွာအပေါ် လွှမ်းမိုး ဖိနှိပ်ခြင်းကို ကျွန်ုပ်တို့ မကျေနပ်ပါ”၊ “ကျွန်ုပ်တို့ လုံခြုံရေးအတွက် စည်းလုံးညီညွတ်စွာ လုပ်ဆောင်ကြပါစို့”၊ “ကျွန်ုပ်တို့ ချက်မြှုပ်ရာ ဒေသနှင့် အမွေအနှစ် ကျွန်ုပ်တို့နှင့်ဆိုင်သည်” ဟု အဓိပ္ပါယ်ရသော ကြွေးကြော်သံများကို ကရင် ဘာသာဖြင့် ကြွေးကြော်ခဲ့ကြသည်။
ကရင်အမျိုးသမီးအား သတ်ဖြတ်ခဲ့သော တပ်သား ၂ ဦး ကို ဇူလိုင်လ ၁၇ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး တပ်မတော်က ၎င်းတို့ ကို ပြင်းထန်စွာ အရေးယူသွားမည် ဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့က ပြောကြားခဲ့သည်။ စစ်ဘက် တရားရုံးဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အရေးယူမှုများကို ထိရောက်စွာနှင့် ပွင့်လင်း မြင်သာစွာ ဆောင်ရွက် သွားမည် ဟု သတင်းမှန် ပြန်ကြားရေးအဖွဲ့ က ထုတ်ပြန်ထားသည်။
“တပ်မတော်က စစ်တရားရုံးနဲ့ စစ်ဆေးနေပြီ။ စစ်ဆေးနေတာ နှစ်ရက်လောက် ရှိပြီ။ သူ့ကို စွဲထားတဲ့ အမှုတွေကတော့ လူသတ်မှု၊ စစ်ပြေးမှု၊ မူးယစ်မှု၊ လက်နက်မှု အဲဒီ အမှု ၄ မှုနဲ့ စွဲထားတာ ဖြစ်တယ်။ အဲဒါနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် အရေးယူသွားမှာ ဖြစ်တယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဇူလိုင် ၂၈ ရက်နေ့ ညနေပိုင်းက ဧရာဝတီသို့ ပြောသည်။
အဆိုပါ အမှုသည် စစ်မှုထမ်းချိန်၌ ကျူးလွန်သော အမှုဖြစ်၍ စစ်တရားရုံးဖြင့်သာ စစ်ဆေးမည် ဖြစ်သော်လည်း ပြစ်ဒဏ်ကို လျှော့ပေါ့ ချမှတ်မည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။
“အရေးယူတာကတော့ စစ်ပြေးမှုတို့ ဘာတို့ကတော့ တပ်မတော် အက်ဥပဒေအရ အရေးယူတာပေါ့။ လက်နက်မှုတို့၊ လူ သတ်မှုတို့ကတော့ ပြစ်မှုပြစ်ဒဏ် ပြဋ္ဌာန်းချက်မှာ ပါပြီးသားပဲ။ လူသတ်မှုဆိုရင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရပဲ အရေးယူရ မှာ ဖြစ်ပါတယ်။ ပြစ်ဒဏ်တွေကတော့ ရာဇသတ်ကြီးတွေမှာ ပါတဲ့ ပြစ်ဒဏ်တွေထက် လျော့စရာ မရှိပါဘူး” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။
တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြစ်မှုဖြစ်ပွားရခြင်းမှာ တပ်မတော်သား၏ ပုဂ္ဂလိကဆိုင်ရာ ကျူးလွန်ခြင်းကြောင့် ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် အလားတူ ဖြစ်ရပ်များ မဖြစ်ပွားရန် စစ်စည်းကမ်းပိုင်း ဆိုင်ရာ ပိုမိုတင်းကြပ်မှုများ ပြုလုပ်၍ စစ်သည်များ တိကျစွာ လိုက်နာရန် ဆောင်ရွက်သွားမည် ဟု ပြောသည်။
ထို့ပြင် တပ်စခန်းများသည် လုံခြုံရေးအရ ထားရှိသည့် စခန်းများ ဖြစ်သည့်အတွက် ပြောင်းရွေ့နိုင်ခြင်း မရှိကြောင်း၊ တပ် စခန်းများ ရုပ်သိမ်းရန် ဆန္ဒပြခြင်းမှာ နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများ ရှိကြောင်း ၎င်းက ပြောဆိုသည်။
ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ တဦးဖြစ်သည့် ကမမောင်းမြို့နယ် ကတိုင်ထိ ကျေးရွာမှ ဒေသခံ စောဘီကမူ တပ်မတော်က ပြစ်မှုကျူးလွန်သူများကို စစ်ဆေး၍ ပြင်းပြင်းထန်ထန် အရေးယူမည်ဆိုသော်လည်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် မတော်တဆ သေနတ်မှန်သည့် ပုံစံ ရေးသားထားခြင်းကြောင့် မြေပြင် အခြေအနေနှင့် ကွဲလွဲမှုများ ရှိနေ၍ စိတ်ချယုံကြည်နိုင်ခြင်း မရှိဟု ဆိုသည်။
“ကျနော့်အမြင်ကတော့ အပြောတမျိုး အလုပ်တမျိုး ဖြစ်နေတဲ့အတွက် စိတ်ချယုံကြည်မှု မရှိဘူး။ သတင်းမှန်ပြန်ကြားရေးမှာ ပြောထားတာတွေကလည်း ကျနော်တို့ ပြည်သူအတွက် မဟုတ်မမှန်ဘူးပေါ့။ သေနတ်ထုတ်တာကနေ မတော် တဆ ဖြစ်တယ်တို့ ဘာတို့လေ” ဟု ၎င်း၏ အမြင်ကို ပြောသည်။
ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN) ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီး ကလည်း တပ်မတော် အနေဖြင့် ၎င်း၏ အရေးယူ ဆောင်ရွက်မှုတွင် ပွင့်လင်းမြင်သာမှုကို အမှန်တကယ် ပြသရန် လိုကြောင်း ပြောသည်။
“ပွင့်လင်းမြင်သာမှု ဘာမှ မရှိဘူး။ သူတို့ (တပ်မတော်) က အမြဲပြောတာပဲ။ စုံစမ်းစစ်ဆေးမယ်လို့ ပြောပေမယ့် အရင် ဖြစ်ရပ်တွေ နဲ့ ပတ်သက်လို့ ဘာမှမကြားရသေးဘူး” ဟု ၎င်းက တပ်မတော်တပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် အရပ်သားများ သေဆုံးခဲ့ရသည့် အဖြစ်အပျက်များကို ရည်ညွှန်း၍ ပြောသည်။
ဇန်နဝါရီလ ၂ ရက်နေ့ မှ ဇူလိုင် ၁၆ အတွင်းတွင် မြန်မာ့တပ်မတော်၏ တပ်ရင်း ၅ ရင်းခု လက်အောက် တာဝန် ထမ်းဆောင်နေသော စစ်သားများ၏ ပစ်ခတ်မှုကြောင့် ဝါသိုးခို၊ ဝါးသိုးထာနှင့် ပိုလိုထာ ကျေးရွာများမှ အရပ်သား ၅ ဦး သေဆုံးရသည်ဟု ဆန္ဒပြသူများက ထုတ်ဖော် ပြောဆိုခဲ့သည်။
KPSN ၏ မှတ်တမ်းများအရ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် အမှတ် (၈) လက်အောက်ခံ ခမရ (၄၀၅) မှ တပ်သားများ က ဇွန်လ ၂ ရက်နေ့တွင် ဝါသိုးထာရွာသား တဦးကို ပစ်သတ်ခဲ့ကြောင်း သိရသည်။
မေလ ၉ ရက်နေ့တွင် ခမရ (၄၁၀) မှ တပ်သားများက ကူးဆိပ်ကျေးရွာမှ ရွာသား ၁ ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး ထို တပ်ရင်းမှပင် မေလ ၇ ရက်တွင် ဝါသိုးခိုကျေးရွာ အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြသည်။ မတ်လ ၅ ရက်နေ့တွင် မယ်ဝေ ရွာလမ်းပေါ်တွင် တပ်မတော် ၏ ခမရ (၃၃၈) မှ တပ်သားများက ကရင်သစ်တောဌာန (KNU ၏ သစ်တောရေးရာ ဌာန) ဝန်ထမ်း ၁ ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး၊ ဇန်နဝါရီလ အစောပိုင်းတွင်လည်း ဝါသိုးခို ရွာသား ၁ ဦး သေဆုံးခဲ့ ရသည်မှာ ခမရ(၄၀၈) မှ တပ်သားများက ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
ဆန္ဒပြသူများက အဆိုပါသတ်ဖြတ်မှုများနှင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီး ကျရောက်မှုများကို “ကျွန်ုပ်တို့ လက်မခံနိုင်” ဟု ထုတ်ဖော်ပြောဆိုကာ ထိုဖြစ်ရပ်များအတွက် တရားမျှတမှုရရှိရေးကို တောင်းဆိုခဲ့ကြသည်။
၂၀၁၈ ခုနှစ်မှစ၍ မြန်မာ့တပ်မတော်က ဖာပွန်ခရိုင်တွင် လမ်းဖောက်လုပ်ခြင်းကြောင့် တပ်မတော် နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ကြားတွင် တင်းမာမှုများ ဖြစ်ပေါ်စေခဲ့သည်။ ထိုဒေသသည် KNU တပ်မဟာ ၅ ၏ ထိန်းချုပ်မှု အောက်တွင်ရှိပြီး ယခင်နှစ်ကတည်းက စစ်ရေးအရ တင်းမာမှုများကို ပုံမှန် မြင်တွေ့နေရသည်။
KNU သည် ၂၀၁၅ ခုနှစ်တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (NCA) ကို လက်မှတ် ရေးထိုးခဲ့သော်လည်း တပ်မတော် နှင့် KNU တပ်ဖွဲ့များ အနေဖြင့် နယ်မြေအငြင်းပွားမှုများနှင့် ပတ်သက်သော ပဋိပက္ခများ ဖြစ်ပွားနေဆဲဖြစ်သည်။
(နေပြည်တော်မှ သတင်းထောက် ကျော်မျိုး ပူးပေါင်းရေးသားသည်။)
ဧရာဝတီသတင်း
ကွတ်ခိုင်ဒေသခံ နှစ်ဦး ရိုက်နှက်ခံရမှုကို အရေးယူပေးဖို့ TNLA ကို ကချင်ပါတီ တောင်းဆို
■ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် ဂါလိုင်ကျေးရွာမှာ ကချင်တိုင်းရင်းသား နှစ်ဦးကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်သားနှစ်ဦးက ရိုက်နှက်ခဲ့တာနဲ့ပတ်သက်ပြီး စစ်ဆေးအရေးယူပေးဖို့နဲ့ ဒေသတွင်းမှာ လူမျိုးဘာသာမရွေး စောင့်ရှောက်ပေးဖို့ ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) က ဒီနေ့တောင်းဆိုလိုက်ပါတယ်။
ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာဘက်မှာ ကချင်တိုင်းရင်းသားတွေကို ရိုက်နှက်တာ ဒီအမှုအပါအဝင် လေးခုလောက် ရှိပြီး အကျိုးအကြောင်းမမေးဘဲ အကြောင်းမဲ့ ရိုက်နှက်တာမျိုးတွေ ထပ်ဖြစ်မှာလည်း စိုးရိမ်တယ်လို့ KNC ပါတီ ဥက္ကဋ္ဌ ဦးMကောလက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က ကွတ်ခိုင်မြို့နယ် ဂါလိုင်ကျေးရွာမှာ နေထိုင်တဲ့ ကချင်မိသားစု ဦးလရှီးလဗျဆိုင်းနဲ့ ဇနီးကို တိုင်းရင်းသားလက်နက်အဖွဲ့ဖြစ်တဲ့ TNLA တပ်သားနှစ်ဦးက အကြောင်းမဲ့ ရက်စက်စွာ ရိုက်နှက်ခဲ့တာကို စိတ်မကောင်းဖြစ်မိတယ်လို့ KNC ပါတီ ပြောထားပါတယ်။
KNC ပါတီရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်ကို ဆက်သွယ်မေးမြန်းရာမှာတော့ အောက်ခြေကို စုံစမ်းနေပြီး ကျူးလွန်တယ်ဆိုရင် အရေးယူသွားမယ်လို့ ပြောပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်နဲ့ ရှမ်းမြောက်ဒေသမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကြား ညှိနှိုင်းဖို့ ပြင်ဆင်နေချိန်မှာ ဒီလိုဒေသခံ ဌာနေပြည်သူတွေနဲ့ ပဋိပက္ခမဖြစ်ပွားဖို့ ဆင်ခြင်ဖို့လိုကြောင်း၊ အားလုံးမျှော်လင့်တဲ့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်လာနိုင်တယ်ဆိုတာ သတိပြုဖို့လိုကြောင်း KNC ပါတီ တိုက်တွန်းထားပါတယ်။
မည်သည့်လက်နက်ကိုင်ဖွဲ့ကဖြစ်စေ အပြစ်မဲ့ပြည်သူလူထုကို ထိခိုက်စေတဲ့ ကျူးလွန်မှုတွေကို ရှောင်းရှားဖို့ကိုလည်း KNC ပါတီက တောင်းဆိုထားပါတယ်။
RFA News
မြန်မာရဲတပ်ဖွဲ့ကို ကူညီမှုရပ်ဆိုင်းဖို့ ဂျပန်အစိုးရကို HRW တိုက်တွန်း
မိုးမြင့်၊ ဝေမာထွန်း
■ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေပြီး အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာမရှိတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ကူညီထောက်ပံ့မယ့် အစီအစဉ်ကို ဂျပန်အစိုးရဘက်က ချက်ချင်းဖျက်သိမ်းသင့်တယ်လို့ နယူးယောက် မြို့ အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က ဒီနေ့ ဇူလိုင် ၂၃ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
ရခိုင်ပြည်နယ်ပဋိပက္ခအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေအပါအဝင် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားနေချိန်ကာလ အထိ ရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ပြပြီး ဂျပန်အစိုးရက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို မော်တော်ယာဉ်နဲ့ ဆက်သွယ်ရေးသုံးပစ္စည်းတွေဝယ်ယူဖို့ အမေရိကန်ဒေါ်လာ ကိုးသိန်းသုံးသောင်း လှူဒါန်းမယ့် အစီအစဉ်ကို ဖျက်သိမ်းဖို့ HRW က တိုက်တွန်းတောင်းဆိုလိုက်တာဖြစ်ပါတယ်။
လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ HRW ရဲ့ အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က မြန်မာရဲတပ်ဖွဲ့ဟာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေသာမက ရခိုင်ပြည်နယ်ထဲက ရခိုင်တိုင်းရင်းသား တွေနဲ့ ရိုဟင်ဂျာတွေအပေါ်မှာပါ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီးလုပ်ထားတာကြောင့် ဂျပန်အနေနဲ့ မပေးသင့်ဘူးလို့ ထောက်ပြပါတယ်။
“မြန်မာနိုင်ငံရဲတပ်ဖွဲ့က လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်နေတာဟာ ကာလကြာပါပြီ။ မြန်မာ့တပ်မတော်ရဲ့ ယန္တရားတစ်ခုအဖြစ်ရှိနေတာ၊ တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတာ၊ နောက် ပြီး ပြည်ထဲရေးဝန်ကြီးဌာနဟာလည်း အကြမ်းဖက်ဆောင်ရွက်မှုတွေမှာ ဆက်တိုက်ပါဝင်နေခဲ့တာ၊ ဆန္ဒပြ သူတွေကို နှိမ်နင်းရာမှာသာမဟုတ်ဘဲ ငြိမ်းချမ်းစွာ နိုင်ငံရေးလှုပ်ရှားနေတဲ့သူတွေ၊ တိုင်းရင်းသားလူနည်းစု တွေကိုပါ အကြမ်းဖက်ဆောင်ရွက်လေ့ရှိပါတယ်။ နယ်ခြားစောင့်တပ်အနေနဲ့လည်း နယ်စပ်တွေမှာ ရိုဟင်ဂျာ တွေနဲ့ ရခိုင်ကိစ္စတွေမှာ ပါဝင်နေသလို သတင်းထောက်တွေကို ထောင်ချောက်ဆင်ပြီးတော့ ဖမ်းခဲ့တာလည်း ရဲတပ်ဖွဲ့ပဲဖြစ်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီး မြင်တွေ့ခဲ့ရဖူးပါတယ်။”
တကယ်လို့ ဂျပန်အစိုးရက ဒီတိုက်တွန်းချက်ကို လျစ်လျူရှုပြီး မြန်မာရဲတပ်ဖွဲ့ကို ထောက်ပံ့ပေးခဲ့မယ်ဆိုရင် ဂျပန်အစိုးရဟာ ကိုယ့်စကားကို ကတိမတည်တဲ့ အစိုးရဖြစ်မယ်လို့လည်း Phil Robertson က ဆက်ပြောပါတယ်။
မြန်မာ့တပ်မတော်ရော၊ ရဲတပ်ဖွဲ့ကို နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေက ငွေကြေးထောက်ပံ့တာတွေ ရပ်မသွား တဲ့အပေါ် ဘာကြောင့်လို့ ထင်ပါသလဲလို့ RFA က မေးတဲ့အခါ၊ ဂျပန်ဟာ မြန်မာနဲ့ နှစ်နိုင်ငံချင်းဆက်ဆံရေးမှာ ပိုလွှမ်းမိုးနိုင်ဖို့ ငွေကြေးဓနသုံးစွဲတဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးနေတယ်လို့ ဝေဖန်ပါတယ်။
“ဂျပန်အစိုးရက သူတို့အနေနဲ့ အာရှပစိဖိတ်ဒေသတွင်းက အစိုးရတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စိုးရိမ်တယ်လို့ ထုတ်ပြောဖူးပါတယ်။ ပြီးတော့ သူတို့ရဲ့ နိုင်ငံခြားရေးမူဝါဒမှာလည်း လူ့အခွင့်အရေးဟာ အကြောင်းအရာတစ်ခုအဖြစ် ပါဝင်တယ်လို့လည်း ပြောထားတာရှိပါတယ်။ ပြီးတော့ နိုင်ငံခြား အထောက်အပံ့ အကူအညီပေးရေးကိစ္စတွေမှာ လူ့အခွင့်အရေးစံနှုန်းတွေနဲ့အညီ ပေးတယ်ဆိုပြီးတော့လည်းပြောပါတယ်။
တကယ်လို့ ဒီထောက်ပံ့မှုတွေကို မြန်မာကိုသာပေးမယ်ဆိုရင် ဂျပန်အစိုးရရဲ့ပြောစကားဟာ လက်တွေ့နဲ့ အလုပ် မကိုက်ညီဘူးဆိုတာ ပေါ်လာပါလိမ့်မယ်။ ဂျပန်ကတော့ သူတို့လူ့အခွင့်အရေးကို ဂရုစိုက်တယ်ဆိုပြီး ပြောပေမယ့် တကယ့်လက်တွေ့က သူတို့စိတ်ဝင်စားနေတာ လက်တွေ့နိုင်ငံရေးကစားပွဲတွေနဲ့ မြန်မာအစိုးရအပေါ် ဘယ်လိုလွှမ်းမိုးရမလဲဆိုတဲ့ ဟာတွေပဲဖြစ်ပါတယ်။ သူတို့လူ့အခွင့်အရေးကို ဂရုမစိုက်ပါဘူး။”
နောက်ပိုင်းမှာ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ရိုက်သင်တန်းပေးတဲ့ ဘယ်အဖွဲ့အစည်းမဆို၊ ဥပမာ ဥရောပသမဂ္ဂ EU လိုအဖွဲ့အစည်းတွေကိုပါ HRW က ရှုတ်ချသွားဖို့ရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ရဲတပ်ဖွဲ့ဟာ အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာမရှိဘဲ တပ်မတော်ရဲ့ ထိန်းချုပ်ထောက်ပံ့မှုနဲ့ လည်ပတ် နေတာဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်ခဲ့မှု မှတ်တမ်းတွေ ခိုင်ခိုင်လုံလုံရှိနေတယ်လို့ HRW က ဆိုပါတယ်။
HRW က ရဲတပ်ဖွဲ့အနေနဲ့ လူ့အခွင့်အရေးကျူးလွန်မှုတွေ ဆောင်ရွက်ခဲ့တယ်လို့ စွပ်စွဲပြစ်တင်တဲ့အချက်တွေထဲမှာ စစ်အုပ်ချုပ်ရေးကာလက အစိုးရနဲ့ ဆန့်ကျင်တဲ့ ကျောင်းသားတွေကို ဖမ်းဆီးနှိပ်စက်ခဲ့တာ၊ ရိုဟင်ဂျာတွေအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာ၊ နယ်မြေရှင်းလင်းရေးတွေကို တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာ၊ အဲဒီ စစ်ဆင်ရေးတွေမှာ ရွာတွေမီးရှို့ခံရတာ၊ လူတွေအစုလိုက်အပြုံလိုက် အသတ်ခံရတာ၊ အမျိုးသမီးတွေ အဓမ္မ ပြုကျင့်ခံရတာတွေ ပါဝင်တယ်လို့ဆိုပါတယ်။
ဒါကြောင့် ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် တပ်မတော်က ထိန်းချုပ်ထားတဲ့ ဝန်ကြီးဌာနတွေနဲ့ အဖွဲ့ အစည်းအားလုံးကို ဂျပန်နိုင်ငံက ကူညီထောက်ပံ့တာတွေ အားလုံးကို ရပ်ဆိုင်းသင့်တယ်လို့ HRW က တိုက်တွန်းလိုက်ပါတယ်။
ဆန္ဒပြမှုကြောင့် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထောင်ချမှုခံခဲ့ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကိုမင်းသွေးသစ် က HRW ရဲ့ တိုက်တွန်းချက်ကို ထောက်ခံပါတယ်။
“ကျွန်တော်တို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိဘူး။ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိပြီးတော့ စစ်တပ်က အလုံးစုံ authority ပေးနေတာဖြစ်တယ်။ နိုင်ငံတကာက ဘယ်လိုအကူအညီမျိုးပဲလာလာ နောက်ဆုံး လူသားချင်းစာနာတဲ့ အကူအညီပဲ ဖြစ်ပါစေဦးတော့ ရွေးကောက် တင်မြှောက်ထားတဲ့ အရပ်သားအစိုးရအနေနဲ့က သူတို့ကို ဘယ်လိုမှ ထိန်းချုပ်လို့ မရတဲ့အခါ ဒီအကူအညီ တွေသည် ရဲတပ်ဖွဲ့လက်ထဲရောက်တဲ့အခါ အဆိပ်ပင်ရေလောင်းသလို ဖြစ်နေမှာပဲ။”
ဒုရဲမှူးဟောင်း မိုးရန်နိုင် ကတော့ အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုအောက်ကို အပြည့်အဝရောက်မှ ရဲတပ်ဖွဲ့ကို ထောက်ပံ့မှုပေးမယ်ဆိုတာ မဖြစ်သင့်ဘဲ ကြားကာလမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ နိုင်ငံတကာ အကူအညီတွေ ရသင့်တယ်လို့ ယူဆပါတယ်။
“ရဲတပ်ဖွဲ့အနေနဲ့ ရသင့်တာပေါ့။ ရမယ်ဆိုပိုကောင်းတာပေါ့ ရသင့်တယ်ဆိုတာထပ်။ ဒါဆိုလို့ရှိရင်တော့ ရဲတပ်ဖွဲ့ကို အထောက်အကူအများကြီး ဖြစ်စေတယ်ပေါ့။ ရဲတပ်ဖွဲ့က အရပ်သားအစိုးရအောက်ရောက်မှ ထောက်ပံ့မယ်ဆိုတာမျိုးကတော့ ကျွန်တော်တို့အနေနဲ့ကတော့ သိပ်မကြိုက်ဘူးပေါ့ဗျာ။ ပြောချင်တဲ့ သဘောက ဘာကြောင့်လဲဆိုတော့ ဒီအရပ်သားအစိုးရ အောက်ရောက်မယ်ဆိုတာ ဘယ်တော့မှန်းမှ ပြောမရတာ။ ကြားထဲမှာတော့ အထောက်အပံ့ရလို့ရှိရင် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးအတွက် အများကြီး အထောက်အကူဖြစ်တာပေါ့။”
ဂျပန်အစိုးရဘက်ကတော့ ဒီလှူဒါန်းမှုက လူမှုတည်ငြိမ်မှုကို ဖန်တီးပေးနိုင်ဖို့နဲ့ ပြည်သူ့လုံခြုံရေးကိစ္စတွေကို ဆောင်ရွက်ရာမှာ ရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ကြောင်း ပြောထားပါတယ်။
ဂျပန်အစိုးရရဲ့ ကူညီထောက်ပံ့မှုအပေါ် HRW ရဲ့ ကန့်ကွက်ချက်နဲ့ ပတ်သက်ပြီး RFA က ရန်ကုန်မြို့မှာရှိတဲ့ ဂျပန်သံရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ ချက်ခြင်းမဖြေဆိုနိုင်သေးကြောင်းနဲ့ အီးမေးလ်ကတဆင့် တပတ်အတွင်း ဖြေဆိုပေးနိုင်မယ့်အကြောင်း တုံ့ပြန်ပါတယ်။
HRW ရဲ့ ဆက်သွယ်မေးမြန်းမှုအပေါ် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ထားတာမှာတော့ ကူညီထောက်ပံ့ မှုတွေကို ထိန်းသိမ်းသုံးစွဲဖို့ ပြောထားသလို မြန်မာအစိုးရဘက်ကလည်း ရည်ရွယ်ချက်အတိုင်း ထိရောက်စွာ အသုံးပြုမယ်လို့ အတည်ပြုထားပြီး ဂျပန်သံရုံးအနေနဲ့ စောင့်ကြည့်သွားမယ်လို့ ပြောထားပါတယ်။
ဂျပန်အစိုးရဘက်က စောင့်ကြည်မယ်လို့ ပြောပေမယ့် လက်တွေ့မှာ မလွယ်ကူနိုင်ဘူးလို့ ညီမျှခြင်းမြန်မာက အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။
“လက်နက်ဝယ်ယူတပ်ဆင်တာခြင်းကို ခွင့်ပြုတာတော့ ကျွန်တော်တို့ လုံးဝ အားမပေးပါဘူး။ ဒါပေမဲ့ ကျန်သော သူ့ရဲ့ဆက်သွယ်မှု၊ တိုင်ကြားမှု ယန္တရား အဲဒါမျိုးကိစ္စမျိုးကို လုပ်ဆောင်နိုင်ရင်တော့ ဒါအကျိုး ရှိတယ်လို့ ကျွန်တော်ယူဆတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တိုင်းပြည်မှာ ဒါဝယ်မယ်ပြပြီး နောက်တစ်နေရာ ရောက်သွားတဲ့ကိစ္စ။ ပေးသည့်တိုင်အောင် ကျွန်တော်တို့မှာ သံသယအများကြီး ဖြစ်နိုင်တဲ့အရာ စိုးရိမ်စရာ ဆက်ရှိနေပါတယ်။ ဂျပန်အစိုးရအနေနဲ့ ကူညီမယ် ပြီးရင် စောင့်ကြည့်မယ်ဆိုတာက အပြောလွယ်ပေမယ့် ခက်ခဲပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေက ဘယ်လောက်ထိ ခွင့်ပြုမှာလဲ။ ခွင့်ပြုမယ်ဆိုလို့ရှိရင်ကော ဘယ်လောက်ထိမှန်ကန်တဲ့ အရာမျိုးဖြစ်မှာလဲ။”
HRW ရဲ့ ပြစ်တင်မှုတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ တပ်ဖွဲ့ရဲ့ သဘောထားကို သိရဖို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ ရဲမှူးကြီး ကျော်သီဟကို မေးမြန်းဖို့ RFA က ကြိုးစားပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိတာကြောင့် စာပို့မေးမြန်းထားရာမှာ သူ့အနေနဲ့ ဒီအပေါ်မှာ သဘောထားမှတ်ချက်ပေးစရာမရှိကြောင်း စာနဲ့အကြောင်းပြန်လာပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတွေထဲက ညွှန်ကြားရေးမှူးချုပ် ဦးခိုင်ထွန်းဦးကို မေးမြန်းဖို့ ကြိုးစားပေမယ့်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။
HRW က မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လူ့အခွင့်အရေးချိုးဖောက်တယ်လို့ ပြစ်တင်မှုတွေထဲမှာ ၂၀၁၇ ခုနှစ်က အင်းဒင် ကျေးရွာလူသတ်မှုကို Reuters သတင်းဌာနက စုံစမ်းထောက်လှမ်းသတင်း ရေးသားရာမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းသမားနှစ်ဦးကို ထောင်ချောက်ဆင်ဖမ်းဆီးခဲ့တဲ့ အချက်ပါဝင်သလို ၂၀၂၀ ခုနှစ် ဧပြီလထဲ ကပ်ရောဂါ ပျံ့နှံ့ချိန် မန္တလေးမှာ ခွင့်ပြုချိန်ကျော်လွန်ပြီး အပြင်ထွက်ခဲ့တဲ့ လူတစ်ဦးကို ရဲတပ်ဖွဲ့က ရိုက်နှက်ခဲ့တဲ့ ဗီဒီယို မှတ်တမ်းအကြောင်းကိုလည်း ထည့်သွင်းထောက်ပြထားပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယန်း သန်း၁၀၀ (အမေရိကန်ဒေါ်လာ ၉ ၃၀,၀၀၀) ကို လှူဒါန်းမယ်လို့ ၂၀၂၀ ဇူလိုင်လ ၂ ရက်နေ့မှာ ကြေညာထားတာ ဖြစ်ပါတယ်။
RFA News