စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်၊ပါဟုတ်ကြီးရွာမှ ရှမ်းနီလူမျိုး ကျောင်းသား လူငယ် ၂ ဦးကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) မှ တပ်ဖွဲ့ဝင် ၅ ဦးက သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က “အဲဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ဆေးတဲ့အခါမှာ KIA ရဲ့တာဝန်ထမ်းဆောင်နေရင်းနဲ့ ဖြစ်တာ မဟုတ်ဘူးလို့ ကျနော် တို့ စစ်ဆေးလို့ရပါတယ်။ သဘောကတော့ ဒီလိုလုပ်ဖို့ KIO ကညွှန်ကြားတာလည်း မရှိပါဘူး။ သူတို့အချင်းချင်း သောက်ရင်းစားရင်း ရန်ဖြစ်ကြတယ်ဆိုတဲ့ စစ်ဆေးချက် ကျနော်တို့ရပါတယ်” ဟု ပြောသည်။

ကျူးလွန်သူများကို စစ်ဆေးမေးမြန်းနေဆဲဖြစ်သဖြင့် ဖြစ်စဉ် အတိအကျကို မသိရသေးကြောင်း၊ စစ်ဆေး မေးမြန်းမှုများ ပြီးစီးပါက ကျူးလွန်သူများကို အရေးယူသွားမည်ဖြစ်ပြီး သေဆုံးသွားသူ ၂ ဦး၏ မိဘများကိုလည်း တောင်းပန်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အသတ်ခံလိုက်ရသူများမှာ ပါဟုတ်ကြီးရွာမှ အသက် ၁၇ နှစ်အရွယ် နဝမတန်းကျောင်းသား မောင်ဇော်မျိုးဦး နှင့် မုံရွာတက္ကသိုလ်တွင် အင်္ဂလိပ်စာပထမနှစ် အဝေးသင်တက်ရောက်မည့် မောင်သန့်ဇင်အောင်တို့ဖြစ်ပြီး ၎င်းတို့ ၂ ဦးသည် ညီအစ်ကိုဝမ်းကွဲ တော်စပ်သူများဖြစ်ကြောင်း မောင်သန့်ဇင်အောင်၏ ဖခင် ဦးအိုက်ဆန်းက ဧရာဝတီသို့ ပြောသည်။

ဦးအိုက်ဆန်း က “မနေ့က (ဇူလိုင် ၂၂ ရက်) မှ ကျနော်တို့ ကြားလိုက်ရတယ်ဗျ။ KIA ဘက်က သူတို့ ဘာသာရေး ဆရာက တဆင့် လက်လွန်သွားပြီဆိုတာကို ချိတ်ဆက်ပြီး ကျနော်တို့ကို ပြောတယ်ဗျ” ဟု ပြောသည်။

မောင်သန့်ဇင်အောင်သည် အမေရိကန် သံရုံးတွင် အင်္ဂလိပ်စကားပြော သင်တန်းတက်ရောက်နေသူဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် သင်တန်းများ ပိတ်ထားချိန်တွင် ၎င်း၏ ဇာတိဖြစ်သော ပါဟုတ်ကြီးရွာ နေအိမ်သို့ ပြန်ရောက်နေသူဖြစ်ပြီး ရန်ကုန်သို့ ဇူလိုင် ၇ ရက်တွင် ပြန်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

သို့သော် ဇူလိုင်လ ၆ ရက်၌ KIA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၁၆ ရက် အကြာတွင်မှ KIA ဘက်က သားဖြစ်သူ၏ ဖြစ်ရပ်အပေါ် အကြောင်းကြားလာခြင်းဖြစ်ကြောင်း ဦးအိုက်ဆန်းက ပြောသည်။

၎င်းက “ကျနော်တို့ ပါဟုတ်ကြီးရွာက ကုန်းပေါ်နဲ့ အောက်ကျင်းဆိုတာ ရှိတယ်ဗျ။ ကျနော်တို့က ကုန်းပေါ်မှာနေတာ။ ခါတိုင်းလည်း အောက်ကျင်းကို ဆင်းဆင်းသွားနေတာ။ အဲဒါ ခါတိုင်းလည်း ဆင်းနေတာဆိုတော့ ကျနော်လည်း ဘာမှ မပြောလိုက်တော့ဘူးလေ။ အဲဒီနေ့က ရန်ကုန်ပြန်သွားရတော့မယ်ဆိုတော့ သူတို့က နှုတ်ဆက်တဲ့ အနေ နဲ့ ပျော်ပွဲစားထွက်ကြတာပေါ့။ အဲဒီလိုအခါမှာ ဖြစ်တာပဲ” ဟု ပြောပြသည်။

ရှမ်းနီနိုင်ငံရေးပါတီများကမူ ပါဟုတ်ကြီးရွာ အနီးရှိ ဆယ်ဇင်းရွာတွင် KIA တပ်ဖွဲ့ဝင် ၅ ဦး စီးလာသည့်ကားကို ကျောင်းသားများ စီးလာသည့် ဆိုင်ကယ်က တိုက်မိရာမှ အချင်းများပြီး ရန်ပွဲဖြစ်ပွားကာ လူငယ် ၂ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

ဦးအိုက်ဆန်း က “တယောက်နဲ့ တယောက် စကားပြောကြဆိုကြရင်းနဲ့ သူတို့ကလည်း ယူနီဖောင်းနဲ့ မဟုတ်တဲ့ အခါကျတော့ အရပ်သား အချင်းချင်းလိုမျိုးဖြစ်တော့ ကလေးတွေက ထိုးလိုက်ကြိတ်လိုက်တာလိုမျိုး ဖြစ်တယ်ဗျ။ သူတို့ ကလည်း လူများတဲ့အခါမှာ ကျနော်သားကလည်း ၁ ယောက်၊ ၂ ယောက်နဲ့ဆိုတော့ မဖြစ်နိုင်ဘူးလေ။ အဲဒီနေ့ ကပဲ တခါတည်း ပွဲချင်းပြီး ဖြစ်သွားသလားတော့ မသိဘူး” ဟု ဆိုသည်။

KIA ဘက်ကမူ လူသတ်မှု ကျူးလွန်သည့် ၎င်းတို့ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးထားပြီး အမှုဖြစ်စဉ်အမှန်ကို စုံစမ်းစစ်ဆေးနေသည်ဟု ဆိုသည်။ အသတ်ခံရသူ မောင်သန့်ဇင်အောင်၏ ဖခင်ဖြစ်သူ ဦးအိုက်ဆန်း ကမူ သားဖြစ်သူ၏ အလောင်းကို ပြန်လိုချင်ကြောင်း ပြောသည်။

“ပထမအချက်က ကျနော့်သားရဲ့ အလောင်းကို ပြန်ရချင်တယ်ဗျ။ ပြီးရင်တော့ ဗုဒ္ဓဘာသာ အနေနဲ့ ကောင်းမှု ကုသိုလ် လုပ်ချင်တာပေါ့။ လက်ရှိကတော့ ကလေးရဲ့ အလောင်းကို မမြင်ရသေးဘူး။ မတွေ့ရသေးတဲ့ အခါ ကျတော့ ဘာသာရေးနဲ့ ပတ်သက်လို့ ဘာမှကို မလုပ်နိုင်တာ” ဟု ဦးအိုက်ဆန်း က ဆိုသည်။

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကမူ “ကျနော်တို့ မူအားဖြင့်တော့ အလောင်းပြန်ပေးလို့ရပါတယ်။ ဒါပေမယ့် လက်တွေ့ပိုင်းမှာတော့ ကျနော်လည်း ပြောလို့မရဘူး။ သူတို့ အလောင်းကို ဘယ်လို လုပ်လိုက်တယ် ဆိုတာက ကျနော်လည်း သဲသဲကွဲကွဲမသိဘူး” ဟု ပြောသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ရှမ်းနီနိုင်ငံရေးပါတီ ၂ ခုဖြစ်သော တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ (TNDP) နှင့် ရှမ်းနီ (တိုင်းလျန်) သွေးစည်း ညီညွတ်ရေးပါတီ (SSP) တို့က KIA တပ်ဖွဲ့ဝင်များ၏ လုပ်ရပ်ကို ဇူလိုင်လ၂၃ ရက်တွင် ကြေညာချက်များ အသီးသီး ထုတ်ပြန်ကာ ကန့်ကွက်ခဲ့သည်။

TNDP ပါတီ ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်ကလည်း KIA တပ်ဖွဲ့ဝင်များသည် ရှမ်းနီလူမျိုးများအား အနိုင်ကျင့် သတ်ဖြတ်မှုများကို ယခုမှ ဆောင်ရွက်ခြင်းမဟုတ်ဘဲ KIA တပ်ဖွဲ့ တည်ထောင်စဉ်ကတည်းကပင် ဆောင်ရွက် နေခြင်း ဖြစ်သည်ဟုဆိုသည်။

၎င်းက “ဒါမျိုးတွေ ဖြစ်နေရင် ပြဿနာက ပိုကြီးလာနိုင်တယ်လေ။ သူတို့ဘက်ကလည်း တိုင်းရင်းသားအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်ရေးကို ရှေးရှုပြီးတော့မှ လုပ်တဲ့သူကို နောင်ကျဉ်အောင် အရေးယူဖို့လိုသလို နောင်ကိုဘယ်တော့မှ မလုပ်ဖို့ကိုလည်း သူတို့အနေနဲ့ ဆင်ခြင်ဖို့လိုပါတယ်” ဟု ပြောသည်။

KIA ဘက်ကမူ ကျောင်းသားလူငယ် ၂ ဦး အသတ်ခံရမှုသည် ကျူးလွန်သူ လူတဦးချင်းနှင့်သာ ဆိုင်သည့် ပြဿနာဖြစ်ပြီး ရှမ်းနီနှင့် ကချင်လူမျိုးများအကြား ဖြစ်သည့် ပြဿနာမဟုတ်ဟု ပြောဆိုထားသည်။

ဧရာဝတီသတင်း

အပြစ်ပေးတာက ခဏလောက်ပဲ လွတ်ငြိမ်းချမ်းသာ ပေးလိုက်တာပဲ။ အဲဒါမျိုးတွေရှိတာပေါ့။ အဲဒါကြောင့် ပြောရမယ်ဆိုရင် တပ်မတော်ရဲ့ လုပ်ထုံးလုပ်နည်းအပေါ်တော့ ယုံကြည်စိတ်ချမှု သိပ်မရှိဘူး

မိုးမိုး။

အသက်၄၀ အရွယ် ကရင်အမျိုးသမီး နော်မူနော်အား ပစ်သတ်ခံရမှုအတွက် နိုင်ငံတကာ လူအခွင့်အရေးအဖွဲ့အစည်းများက စုံစမ်းစစ်ဆေးမှုပြုလုပ်၍ ကျူးလွန်သူကို ထိရောက်စွာ အရေးယူပေးရန် ကရင့်နိုင်ငံရေးနှင့် လူမှုအဖွဲ့အစည်းများက မနေ့က သဘောထားထုတ်ပြန် တောင်းဆိုခဲ့ကြသည်။

၂၀၂၀ ခုနှစ် ဇူလိုင် ၁၆ရက်တွင် စကခ(၈)လက်အောက်ခံ၊ ခြေလျင်တပ်ရင်း (ခမရ-၄၀၉)မှ တပ်သားနှစ်ဦးသည် ခိုသွီးထာ (လှဂွန်းဂျို) ကျေးရွာအခြေစိုက်စခန်းမှ ထွက်လာသော ဖာပွန်ခရိုင် ဒွယ်လိုမြို့နယ် ပိုလိုးထာရွာသူ နော်မူနော်အား အကြောင်းမဲ့ပစ်သတ်သွားပြီး လက်ဝတ်ရတနာများ ချွတ်ယူသွားခဲ့မှုအပေါ် လုံးဝကန့်ကွက်ရှုတ်ချကြောင်း KNU Concerned Group၊ ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

ပစ်သတ်ခံရသူ နော်မူနော်။ ဓာတ်ပုံ- ကော်သူးလေ

“ဒီလို အပြစ်မဲ့ ပြည်သူလူထု တယောက်လည်း ဖြစ်တယ်။ အမျိုးသမီးတယောက်လည်းဖြစ်တယ်။ မိခင်တယောက်လည်း ဖြစ်တယ်။ ဒီလိုမျိုး ပြစ်ခတ် သတ်ဖြတ်တာမျိုးက ကျမတို့ လုံးဝ လက်မခံဘူး။ ငြိမ်းချမ်းရေး မရှိသ၍ပေါ့လေ။ စစ်အာဏာရှင်လို အုပ်စိုးတဲ့ အချိန်ကလာမှာ ဒီလိုမျိုး အမျိုးသမီးတွေကတော့ သူတို့ရဲ့ ဘဝ လုံခြုံမှုမရှိ ဘူးလို့ ကျမ ပြောချင်တယ်။ ဒီလိုဖြစ်ရပ်မျိုးက ရာဇဝတ်မှု ဖြစ်တယ်။”ဟု KNU Concerned Group မှ ပြောရေးဆိုခွင့်ရှိသူ နော်စီဖိုးရာစိန်က HI (အမျိုးသမီး အွန်လိုင်းစာမျက်နှာ) သို့ ပြောသည်။

ဤကဲ့သို့ မြန်မာ့တပ်မတော်၏ မတရားညှင်းပန်း နှိပ်စက်အနိုင်ကျင့်ခြင်း၊ အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ အမျိုးသမီးများအပေါ် မုဒိမ်းပြုခြင်း၊ ပြည်သူလူထုများ၏ ပစ္စည်းများအား အတင်းဓမ္မရယူခြင်းများသည် ကရင်နယ်မြေအပါအဝင် တိုင်းရင်းသားနယ်မြေအသီးသီးတွင် မကြာခဏ ဖြစ်ပွားနေကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုအခြေအနေများကို ပြည်တွင်းတရားစီရင်မှုဖြင့် ထိရောက်စွာ အရေးယူနိုင်ခြင်းမရှိသဖြင့် ထိုသို့ကျူးလွန်မှုများ ရပ်တန့်ရန်နှင့် ထိရောက်စွာ အရေးယူတားဆီးဟန့်တားရန် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သော Human Right Watch နှင့် Ammesty International အဖွဲ့အစည်းများမှ စုံစမ်းစစ်ဆေးရန် KNU Concerned Group မှ တောင်းဆိုထားသည်။

 
နော်စီဖိုးရာစိန်။ ဓာတ်ပုံ- နော်စီဖိုးရာစိန်ဖေ့ဘွတ်

“စစ်တပ်ရဲ့ အုပ်ချုပ်မှု၊ စစ်တပ်ရဲ့ အာဏာကိုကတော့ အစိုးရ လက်အောက်မှာ ရှိဖို့ိလိုတယ်။ အစိုးရ ထိန်းသိမ်းဖို့ လိုတယ် ပေါ့နော်။ အခုဆိုရင် စစ် တပ်က လုပ်ချင်သလို လုပ်တယ်။ ပြည်သူလူထုကို သူကာကွယ်ရမယ့်အစား ဖြစ်ချင်သလို လုပ် တယ်။ အထူးဖြင့် တိုင်းရင်း သား ပြည်သူလူထု အပေါ်မှာပေါ့လေ။ ဒီလိုမျိုး ရာဇဝဋ်မှု ကျူးလွန် တာကတော့ ဒါကို ထိ ရောက်စွာ အရေးယူဖို့လိုတယ်” ဟု နော်စီဖိုးရာစိန်က ဆိုသည်။

ဤဖြစ်ရပ်နှင့်ပတ်သက်ပြီး KNU Concerned Group အပါအဝင် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) နှင့် Karen Peace Support Network (KPSN) အဖွဲ့မှလည်း အသီးသီးမှလည်း တပ်မတော်နှင့် မြန်မာအစိုးရအနေဖြင့် ကျူးလွန်သူများကို ထိရောက်စွာ အရေးယူပေးရန် ကြေညာချက်ထုတ်ပြန်ခဲ့ကြသည်။

ထိုအခြေအနေနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ကျူးလွန်သူ တပ်မတော်သားနှစ်ဦးဖြစ်သည့် တပ်သား သန်းစိုးလွင်နှင့် ဟိန်းမင်းထက်တို့အား ဇူလိုင်လ ၁၇ ရက်နေ့ကပင် ဖမ်းဆီးရမိထားပြီးဖြစ်ကြောင်းနှင့် စစ်စည်းကမ်းဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူရန်အတွက် ပွင့်လင်းမြင်သာစွာ အမြန်ဆုံး စစ်ဆေးအရေးယူဆောင်ရွက်သွားမည့်အကြောင်း ၎င်း၏ အင်တာနက်စာမျက်နှာတွင် မနေ့ည ၁၀ ခွဲတွင် ချက်ချင်း သတင်းထုတ်ပြန်ထားသည်။

တပ်မတော်သားများအနေဖြင့် ၎င်းတို့ကိုင်ဆောင်သည့် လက်နက်အား ရန်သူနှင့် နှစ်ဖက်ထိတွေ့တိုက်ခိုက်ချိန်မှလွဲ၍ အခြားသူများအား ထိခိုက်ဒဏ်ရာနှင့် အသက်အန္တရာယ်ဖြစ်စေခြင်းမျိုးကို ဥပဒေအရ တင်းကြပ်စွာ တားမြစ်ထားသည့်အပြင် လုံး၀ သည်းခံခွင့်လွှတ်ခဲ့ခြင်းမရှိသည့် အစဉ်အလာအတိုင်း ကျူးလွန်သူများကို ထိရောက်ပြင်းထန်စွာ အရေးယူသွားမည့်အကြောင်းနှင့် မှုခင်းဖြစ်စဉ်အား သက်ဆိုင်ရာ အထက်ဌာနသို့ အချိန်နှင့် တပြေးညီ သတင်းမပို့ခဲ့သည့် စခန်းတာဝန်ရှိသူများကိုလည်း စစ်တရားရုံး၏ စစ်ဆေးတွေ့ရှိချက်အတိုင်း အရေးယူသွားမည့်အကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး စာမျက်နှာတွင် ဖော်ပြထားသည်။

သို့သော် အရေးယူမှုများသည် ပြည်သူလူထု သိရှိရန် ပွင့်လင်းမြင်သာမှု ရှိရမည့်အပြင် ကင်းလွတ်ခွင့်ပြုမှုများ မရှိရန်အတွက် အရပ်သားများအပေါ် ရာဇဝတ်မှုကျူးလွန်သော တပ်မတော်သားများကို တပ်မတော်ခံရုံးဖြင့်မဟုတ်ပဲ အုပ်ချုပ်ရေးဥပဒေဖြင့် အပြစ်ပေးရန် လိုအပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဌဟောင်းဖြစ်သူ နော်စီဖိုးရာစိန်မှ ဆိုသည်။

“အပြစ်ပေးအရေးယူမှု လုပ်တဲ့အခါ ထိုက်တန်တဲ့ အပြစ်ပေးအရေးယူတာ မရှိတာ ရှိတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတောင်မှ အပြစ်ပေးအရေးယူမှုက ထိရောက်တဲ့ အရေးယူမှု မရှိဘူးပေါ့လေ။ အပြစ်ပေးတာက ခဏလောက်ပဲ လွတ်ငြိမ်းချမ်းသာ ပေးလိုက်တာပဲ။ အဲဒါမျိုးတွေရှိတာပေါ့။ အဲဒါကြောင့် ပြောရမယ်ဆိုရင် တပ်မတော်ရဲ့ လုပ်ထုံးလုပ်နည်းအပေါ်တော့ ယုံကြည်စိတ်ချမှု သိပ်မရှိဘူး။” ဟု နော်စီဖိုးရာစိန်မှပြောပါသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီမှုစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း ယခုနှစ် ၂၀၂၀ အတွင်း ပြီးခဲ့သည့် ဇန်နဝါရီလမှစပြီး ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ KNU ကြား ထိတွေ့တိုက်ခိုက်မှုများ မကြာခဏ ရှိနေပြီး စစ်ပြေးဒုက္ခသည် ရာနှင့်ချီ ထွက်ပြေးတိမ်းရှောင်ရမှုများ ရှိခဲ့သည်။

Hi Burma

တအာင်းအမျိုးသမီးငယ်တဦး အဓမ္မပြုကျင့်ခံရခြင်းနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

ရက်စွဲ။  ။ ဇူလိုင်လ ၂၀ ရက်၊ ၂၀၂၀ ပြည့်နှစ်

၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့တွင် နမ္မတူမြို့နယ်၊ ချောင်းဆာအုပ်စုတွင် နေထိုင်သည့် အမျိုးသမီး ငယ်တဦးသည် တောင်ယာမှပြန်လာစဉ် အဓမ္မပြုကျင့်ခံရသည့် ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ကြောင်း မိမိတို့လူ့အခွင့် အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ သိရှိရသည်။ အမျိုးသမီးငယ်မှာ အသက် ၁၆ နှစ် မပြည့်သေးသည့် အမျိုးသမီးငယ် တစ်ဦးဖြစ်သည်။

ကာယကံရှင် အမျိုးသမီးငယ်ကိုယ်တိုင်မှ ကျူးလွန်သူ အမျိုးသားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) မှ တပ်ဖွဲ့ဝင်တဦဖြစ်သည့် စိုင်းအိုက်ပန်ဆိုသူ ဖြစ်သည်ဟု ထုတ် ဖေါ်ပြောကြားခဲ့ကြောင်းသိရှိရပြီး ထိုတပ်ဖွဲ့သည် လွန်ခဲ့သော ၂ လခန့်မှ နမ္မတူမြို့နယ်တဝိုက်တွင် အခြေချ လှုပ်ရှားနေသော တပ်ဖွဲ့ဖြစ်ကြောင်းလည်း သိရှိရသည်။

သို့သော် အမှုမှန်ဖေါ်ထုတ်ရေးနှင့် တရားမျှတမှုရရှိရန်အတွက် တအာင်းအရပ်ဘက်အဖွဲ့အစည်းများနှင့် ရှမ်းအ ရပ်ဘက်အဖွဲ့အစည်းများမှ RCSS/SSA တပ်ဖွဲ့နှင့် ညှိနှိုင်းဖြေရှင်းရန် ကြိုးစားခဲ့သော်လည်း ယခုချိန်အထိ ညှိနှိုင်းမှု မရသေးဘဲ ပထမဆုံး သတင်းထုတ်ပြန်ခဲ့သည့် ရွှေဖီမြေ သတင်းအေဂျင်းစီအားလည်း RCSS/SSA တာဝန်ရှိသူများမှ ထိုဖြစ်စဉ်အား   ငြင်းဆန်ခဲ့သည်ဟု သိရှိရသည်။ ထို့အပြင် မိသားစုနှင့် ပါဝင်ပတ်သက် ခဲ့သော အရပ်ဘက်အဖွဲ့အစည်းများအားလည်း RCSS/SSA တပ်ဖွဲ့မှ ခြိမ်းခြောက်မှုများရှိသည်ဟုလည်း အ ရပ်ဘက်အဖွဲ့အစည်းများထံမှ သိရှိရသည်။

RCSS/SSA သည် အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထား သည့် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင်လည်း Geneva Call နှင့် ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရေး သဘောတူညီမှုစာချုပ်ကိုပါ လက်မှတ်ရေးထိုး ထားသည့် အဖွဲ့အစည်းတခုဖြစ်သည်[1]

ထိုဖြစ်ရပ်မှာ လူ့အခွင့်အရေးရှုထောင့်မှလည်းကောင်း၊ တရားဥပဒေစိုးမိုးရေးရှုထောင့်မှလည်းကောင်း လူ့အ ဖွဲ့အစည်းမှ လက်မခံနိုင်သည့်  လုပ်ရပ်ဖြစ်ပါသည်။ အစိုးရတပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေး အဖွဲ့အစည်းများသည် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရမည်သာ ဖြစ် သည်။

သို့သော်လည်း အစိုးရတပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ အကြား ပဋိပက္ခများတွင် အရပ်သားများနှင့်အရပ်ဘက်အဖွဲ့အစည်းများမှာ နှစ်ဖက်တပ်များ၏ ပစ်မှတ်ထားခံနေဆဲ ဖြစ်သည်ကို အထက်ပါဖြစ်ရပ်က သက်သေပြလျှက်ရှိသည်။ ထိုကဲသို့ဖြစ်ရပ်များမှာ ရှမ်းပြည်နယ် မြောက် ပိုင်းတွင် သာမဟုတ်ဘဲ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ ဒေသတိုင်းတွင် ဖြစ်ပွားနေခြင်းဖြစ်သည်။

ထိုဖြစ်စဉ်သည် ဒေသတခုတည်းတွင် အတူနေထိုင်ကြသည့် တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲမှုကို ဖြစ် ပွားစေနိုင်ပြီး မြန်မာနိုင်ငံတွင် အရေးတကြီးလိုအပ်နေသော အမျိုးသားပြည်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးကိုပါ ထိခိုက်စေနိုင်ပါသည်။

ဤကဲသို့ တရားလက်လွတ်ကျူးလွန်နေမှုများအား လျစ်လျူရှုနေမည်ဆိုလျှင် ပြည်သူတို့၏ ဘဝလုံခြုံရေး မှာ အထူးစိုးရိမ်ရသည့် အခြေအနေသို့ ဆိုက်ရောက်သွားမည်ဖြစ်ပါသည်။

ထိုကြောင့် မိမိတို့ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) အနေဖြင့် အထက်ပါ ဖြစ်ရပ်အား အမှုမှန် ပေါ်ပေါက်ရန်နှင့် တရားမျှတမှုရရှိရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ အမြန်ဆုံးဖော်ဆောင်ပေးရန် အလေးအနက် တိုက်တွန်း တောင်းဆိုလိုက်ပါသည်။ ထို့အတူ အစိုးရတပ်မတော်အပါအဝင် မည်သည့် လက် နက်ကိုင်အင်အားစုမဆို လူ့အခွင့်အရေးအား တိကျစွာ လေးစားလိုက်နာ‌ကြရန်နှင့် အရပ်ဖက်ပြည်သူများ အပေါ် စောင့်ထိန်းရမည့် ကျင့်ဝတ် စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာ ကျင့်သုံးကြပါရန် ထပ်မံတိုက်တွန်း လိုက်ပါသည်။

 

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)

ဆက်သွယ်ရန်…

လိုည်းပိုးစေ

ဖုန်း-၀၉၂၆၄၁၆၂၂၂၉

 

အဖွဲ့ဝင်များ

၁။နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

၂။ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း

၃။ကချင်အမျိုးသမီးများအစည်းအရုံး -ထိုင်းနိုင်ငံ

၄။တအာင်းအမျိုးသမီးအဖွဲ့အစည်း

၅။တအာင်းကျောင်းသားလူငယ်များအစည်းအရုံး

၆။ထားဝယ် အမျိုးသမီးသမဂ္ဂ

၇။လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့

၈။ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး(ရ၊က၊လ၊စ)

၉။အနာဂါတ်အလင်းတန်းဆုံမှတ်

 

ဆက်စပ်အဖွဲ့ဝင်းများ

၁။ချင်းလူ့အခွင့်အရေးအဖွဲ့

၂။ပအိုဝ်းလူငယ်များအစည်းအရုံး

၃။ပဲခူး အရှေ့ – ယခင် နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်

၄။ ရှေ့ပြေးအသံ


[1] https://www.genevacall.org/the-restoration-council-of-shan-state-signs-geneva-calls-deed-of-commitment-for-the-protection-of-children-from-the-effects-of-armed-conflict/?fbclid=IwAR3I4P1ZHn8gUxSM5T_d0loizFdj8HoFxQU3boXpaFPdV2XkJw_gKwRngRg

Download PDF 

တပ်မတော်အက်ဥပဒေအရ တပ်မတော်သားတစ်ဦးသည် ပြစ်မှုကျူးလွန်ပြီး သုံးနှစ်ကျော်လျှင် စစ်တရားရုံးက ယင်းပြစ်မှုအတွက် အရေးယူစီရင်နိုင်ခြင်း မရှိပေ

တပ်မတော်သားများ ပြစ်မှုကျူးလွန်ပါက သုံးနှစ်ကျော်လွန်ပြီးနောက် အရေးယူမရသည့် တပ်မတော်အက်ဥပဒေပါ ပုဒ်မကို ပြင်ဆင်ရန်ဥပဒေကြမ်းကို ယနေ့ (ဇူလိုင် ၁၅) ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ တပ်မတော်သားကိုယ်စားလှယ်က တင်သွင်းခဲ့သည်။

၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေပုဒ်မ ၁၂၅ (၁) တွင် တပ်မတော်သားတစ်ဦးသည် “ပြစ်မှုကျူးလွန်သည့် နေ့ရက်မှ သုံးနှစ်ကုန်ဆုံးသည့်အခါ ထိုပြစ်မှုအတွက် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ခြင်းကို စတင်မပြုလုပ်ရ” ဟု ပြဋ္ဌာန်းထားသည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး အောင်ထွန်းလင်းက ပြင်ဆင်လိုသည့်ဥပဒေကြမ်းတွင် အချိန်ကာလသတ်မှတ်ချက်သုံးနှစ်ကို ပြစ်မှုကျူးလွန်သည့်နေ့ရက်မှ စတင်ရေတွက်ခြင်းအပြင် နစ်နာသူနှင့် အရေးယူနိုင်သည့်အခွင့်အာဏာပိုင်က ပြစ်မှုကျူးလွန်မှု သို့မဟုတ် ပြစ်မှုကျူးလွန်သူကို စတင်သိရှိသည့် အစောဆုံးနေ့ရက်မှ စတင်ရေတွက်ရန် ဟူသည့် ဖြည့်စွက်ချက်များကို အဆိုပြုခြင်းဖြစ်သည်။

“အရေးယူခံထိုက်သူကို အရေးယူခံရခြင်းမှ ကင်းလွတ်ခြင်းမရှိစေရန်အတွက်လည်းကောင်း၊ စစ်စည်းကမ်း ထိန်းသိမ်းမှုအတွက်လည်းကောင်း ပြင်ဆင်ရန်ဖြစ်ကြောင်း တင်ပြပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီး အောင်ထွန်းလင်းက ဥပဒေကြမ်းတင်သွင်းစဉ် ပြောခဲ့သည်။

သို့သော် ယင်းပုဒ်မနှင့် အကျုံးဝင်သော ပြစ်မှုများတွင် စစ်ပြေးမှု၊ လိမ်လည်လှည့်ဖျား၍ စစ်မှုထမ်းအဖြစ်စာရင်းသွင်းမှု၊ စစ်ပုန်ကန်မှု စသည်တို့ မပါဝင်ပေ။

အဆိုပါ ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် အမျိုးသားလွှတ်တော်အမတ်များက သဘောတူခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဥပဒေကြမ်းအပေါ် လေ့လာသုံးသပ်ရန် ဥပဒေကြမ်းကော်မတီသို့ တာဝန်ပေးထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကချင်ပြည်နယ် အမှတ် (၁၁) အမျိုးသားလွှတ်တော်အမတ် ဒေါက်တာခွန်ဝင်းသောင်းက အဆိုပါ ဖြည့်စွက်ချက်များသည် အချိန်ကာလသတ်မှတ်ပုံကို နောက်ဆုတ်ပေးလိုက်ခြင်း ဖြစ်သည်ဟု သုံးသပ်သည်။

“အမှုပေါ်ပေါ် မပေါ်ပေါ် အမှုဖွင့်ထားရမှာပေါ့။ ပြီးတော့ စတင်ဖြစ်ပွားပြီးနောက် သုံးနှစ်အတွင်း မဟုတ်တော့ဘဲ တရားခံသိတဲ့နေ့က သုံးနှစ်အတွင်းလို့ပြင်လိုက်တဲ့သဘောပေါ့။ (ကာလသတ်မှတ်ချက်ကို) နောက်ဆုတ်ပေးတဲ့သဘောပေါ့” ဟု ၎င်းက ပြောသည်။

တပ်မတော်၏ ယခုခြေလှမ်းမှာ ကြိုဆိုရမည်ဖြစ်သော်လည်း နားလှည့်ပါးရိုက်မဖြစ်ရန်လိုသည်ဟု ရှမ်းစစ်ဘေးဒုက္ခသည်များကူညီရေး (ထိုင်း-မြန်မာနယ်စပ်) ကော်မတီဝင် စိုင်းလင်းက ထောက်ပြသည်။

“လက်တွေ့ဘယ်လိုဖြစ်လာမယ်ဆိုတာ မသိသေးပေမယ့် မူအရတော့ အပေါင်းလက္ခဏာဆောင်တယ်လို့တော့ ပြောလို့ရပါတယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။

ဇွန်၂၈ တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းတစ်ခု၏ ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့သော်လည်း တပ်မတော်ဘက်က အရေးယူရန် ဆောင်ရွက်နေမှုအပေါ် မတွေ့ရသေးကြောင်း၊ ယင်းကိစ္စအရေးယူပေးရန် လူထောင်ချီဆန္ဒပြမှုတောင်းဆိုရာတွင် ဦးဆောင်သူသုံးဦးကို အရေးယူမည်ဟုသာ ထုတ်ဖော်ပြောဆိုထားကြောင်း စိုင်းလင်းက ပြောသည်။

Myanmar Now

အစီရင်ခံစာ ထုတ်ဝေခြင်း

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း

၁၅ ဇူလိုင် ၂၀၂၀

မြန်မာနိုင်ငံတောင်ပိုင်း ဝေးလံခေါင်သီသောဒေသများရှိ ရွှေ့ပြောင်းအခြေချသူများအနေဖြင့် COVID-19 ကူးစက်ရောဂါ ကာလအတွင်း စားဝတ်နေရေးအတွက် ခက်ခဲကြပ်တည်းစွာ ရုန်းကန်နေကြရသည်။  အသွားအလာကန့်သတ်ခြင်း ကဲ့သို့သော COVID-19 နှင့်ပတ်သက်သည့် ကန့်သတ်ထိန်းချုပ်မှုများကို နိုင်ငံတော်အစိုးရသာမက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကပါ ချမှတ်ကျင့်သုံးခဲ့ရာ ရွှေ့ပြောင်းအခြေချသူများအနေဖြင့် ပုံမှန်လုပ်ငန်းများ လုပ်ကိုင် ရန်နှင့် မိုးတွင်းအတွက် အစားအစာများ ကြိုတင်သိုလှောင်သိမ်းဆည်းရန် မဖြစ်နိုင်ခဲ့ချေ။

ရွှေ့ပြောင်းအခြေချသူများ၏ အထက်ပါရုန်းကန်မှုများကို နိုင်ငံတကာအသိုင်းအဝိုင်း၊ အစိုးရနှင့် သက်ဆိုင်ရာအင်အား စုများ သိရှိနားလည်ရန်အတွက် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက “စာရင်းမပါသည့် လက်ဗလာများ” အစီရင်ခံစာ ကို မြန်မာနှင့် အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေလိုက်ပါသည်။

“တဖြည်းဖြည်းနဲ့ စားရမဲ့ သောက်ရမဲ့ဘဝကို ရောက်တော့မယ်။ ဆင်းရဲတာကနေ “လက်ဗလာ” အနေအထားကို ရောက်တော့မယ်။ ဒီရောဂါက ကျွန်တော်တို့ကို သပ်သပ်ခွဲခြားလိုက်တာပဲ။ ဥပဒေ(ကန့်သတ်ချက်) အသစ်တွေ ကြောင့်လည်း အလုပ်လုပ်ဖို့ အဆင်မပြေဘူး။ မိသားစုကို ဘယ်လိုရှာကျွေးမလဲ။ အခုတော့ ဖြေလျှော့မှု တစ်ချို့တော့ ရှိလာပါပြီ။ ဒါပေမယ့် သိပ်နောက်ကျနေပြီ။ မိုးကျလာပြီလေ။ နွေရာသီမှာ အစားအစာစုဆောင်းဖို့ ကျွန်တော်တို့ အလုပ်လုပ်ခွင့် မရခဲ့ဘူးလေ”

စီးပွားရေးထိခိုက်မှုကို ကုစားနိုင်ရန်အတွက် ၂၀၂၀ ဧပြီလ (၂၈) ရက်နေ့တွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက COVID-19 စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက်ကို ချမှတ်ခဲ့သည်။ ပန်းတိုင် (၇) ရပ်၊ နည်းဗျူဟာ (၁၀) ချက်၊ လုပ်ငန်းစဉ် (၃၆) ချက်နှင့် လုပ်ဆောင်ချက် (၇၆) ချက်ပါဝင်သော အဆိုပါစီမံချက်တွင် သာမန်လက်လုပ်လက်စား အိမ်ထောင်စုများကို အစားအသောက်နှင့် ငွေကြေး ထောက်ပံ့သည့် အစီအစဉ်အပြင် ရွှေ့ပြောင်းအခြေချသူများနှင့်သက်ဆိုင်သော စီမံချက်များလည်း ပါဝင်သည်။ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “မည်သူ့ကိုမျှ ချန်မထားခဲ့သည့် စီမံချက်” ဟုဆိုကာ အဆိုပါစီမံချက်ကို ချီးကျူးခဲ့သည်။

“ကလေးတွေက စားစရာတောင်းရင် မရှိဘူးလို့ ကျွန်မ ဘယ်လိုပြောထွက်မလဲ။ သူတို့ကို လုံလုံလောက်လောက် မကျွေးနိုင်ဘူးဆိုတာ သိတယ်။ ဒီအချိန်က ကျွန်မအတွက် အခက်ခဲဆုံးပဲ။ ကျွန်မခင်ပွန်းက လွန်ခဲ့တဲ့ (၂) နှစ်က တည်းက ကျွန်မကို ကလေး (၃) ယောက်နဲ့ ထားသွားတယ်။ ကိုယ့်ဟာကိုယ်ပဲ ရှာဖွေစားသောက်နေရတယ်။ တံမြက်စည်းပင်တွေ ရောင်းတယ်၊ ရာဘာခြံတွေမှာ အလုပ်လုပ်တယ်”

အထက်ပါအခက်အခဲများအပြင် နိုင်ငံရပ်ခြားမှ ပြန်လာသည့် ရွှေ့ပြောင်းအလုပ်သမားများအရေးကြောင့်လည်း မွန်နှင့် ကရင်ပြည်နယ်များမှ ဒေသခံပြည်သူများက ပိုမိုအခက်ကြုံခဲ့ရသည်။ ကန့်သတ်ချက်များကြောင့် အလုပ်မလုပ်နိုင်သဖြင့် ဝင်ငွေမရှာနိုင်သည့်အနေအထားတွင် ပြည်ပမှပြန်လာသူများကို ကူညီပံ့ပိုးပေးရသည့်အတွက် ဘူးလေးရာဖရုံ ဆင့်ဖြစ်ခဲ့ ရသည်။

“အစိုးရ လက်တွေ့ကျကျ ဘာမှ မထောက်ပံ့ဘူး။ ကျိုက်မရောမြို့နယ်က ကျေးရွာအားလုံးလိုလိုပဲ နေရပ်ပြန်တွေကို လက် ခံဖို့ သူတို့ကျန်းမာရေးကို စောင့်ရှောက်ဖို့ အခက်အခဲဖြစ်နေတယ်။ မွန်အဖွဲ့အစည်းတစ်ခုက အပူတိုင်းစက် လှူတယ်၊ နောက်မွန်အဖွဲ့တစ်ခုက လက်ဆေးရည်တို့ နှာခေါင်းစည်းတို့ လက်ကမ်းစာစောင်တို့ လာပေးတယ်။ ကျွန်တော်တို့ရွာ မှာတော့ အစိုးရထုတ်ပြန်ချက်တွေကို တော်တော်လေးလိုက်နာကြတာ တွေ့ရတယ်။ အစိုးရက ဘာမှမထောက်ပံ့ဘူး ဆိုပေမယ့်ပေါ့လေ။ ထုတ်ပြန်ချက်တွေကို အတိအကျလိုက်နာနိုင်ဖို့အတွက် ရွာသူရွာသားတွေကို (ရောဂါကာကွယ်ရေး ဆိုင်ရာ) ပစ္စည်းကိရိယာတွေ ထောက်ပံ့ပေးဖို့ အစိုးရကို တောင်းဆိုချင်ပါတယ်” ဟု ကျိုက်မရောမြို့နယ် မယ်ဂရိုကျေးရွာမှ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ နိုင်ရွှေဝင်းက မေတ္တာရပ်ခံပါသည်။

 အစီရင်ခံစာအပြည့်အစုံကို ရယူရန် (English / Burmese).

အစီရင်ခံစာနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက –

မြန်မာနှင့် အင်္ဂလိပ်ဘာသာအတွက်

ဗညားအက်ဗန်

+95 996 191 9757

Email: ogvon@rehmonnya.org

မွန်၊ မြန်မာနှင့် အင်္ဂလိပ်ဘာသာအတွက်

နိုင်အဲမွန်

+66 861 679 741

Email: info@rehmonnya.orgauemon@rehmonnya.org,
Website: www.rehmonnya.org

အပြည့်အစုံ PDF File ရယူရန်

ဧရာဝတီ၊ ဇူလိုင် ၁၀၊ ၂၀၂၀ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက ဘောင်ဝကျေးရွာမှ ခူမီးချင်း အမျိုးသား ၄ ဦးသည် ပျောက်ဆုံးနေသည်မှာ ယခုလ ၁၆ ရက်တွင် တစ်နှစ်တင်းတင်း ပြည့်ပြီ ဖြစ်ပြီး ယခုအချိန်အထိ အိမ်ပြန်ရောက်ရှိလာခြင်း မရှိသေးကြောင်း သိရသည်။ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၆ ရက် ည ၇ နာရီဝန်းကျင်တွင် ဘောင်ဝကျေးရွာသားများ ဖြစ်ကြသည့် အိုက်ကျော်ကျော်သန်း၊ အိုက်ကျော်စန်း၊ အိုက်စိုးရဲအောင် နှင့် အိုက်ကျော်လင်း တို့သည် ကုလားတန်မြစ်ကြောင်းပေါ်က တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်မှအပြန် လမ်းတွင် လက်နက်ကိုင်အဖွဲ့တခုက ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

အင်တာဗျူး – နန်းလွင်နှင်းပွင့် ရိုက်ကူး/တည်းဖြတ် – ငြိမ်းဇော်