ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ကျောင်းသားများအား ဖမ်းဆီး တရားစွဲဆိုနေခြင်းနှင့်ပတ်သက်၍ ထုတ်ပြန်ချက်

ရက်စွဲ။  ။ စက်တင်ဘာ ၁၄ ရက်၊ ၂၀၂၀ ပြည့်နှစ်

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ရက္ခိုင်ပြည်နယ်အတွင်း 4G အင်တာနက် ပြန်လည်တပ်ဆင်ပေးရေး၊ ပြည်နယ်အစိုးရအား အယုံအကြည်မရှိ ကြွေးကြော်သံများအပါအဝင် တပ်မတော်မှကျူးလွန်ခဲ့သော လူ့အခွင့်ရေးချိုးဖောက်မှုများနှင့်ပတ်သက်သက်၍ ပြည်နယ်အစိုးရအဖွဲ့ရုံး ရှေ့တွင် သွားရောက် ဆန့်ကျင်၊ ကန့်ကွက်ဆန္ဒပြခဲ့ကြသည့် ကျောင်းသား (၃) ဦးအား စစ်တွေမြို့ ရဲတပ်ဖွဲ့မှ ဖမ်းဆီးသွားခဲ့ပြီး စက်တင်ဘာလ ၁၀ ရက်နေ့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ၊ ငြိမ်း၊စု၊စီဥပဒေများဖြင့် တရားစွဲခဲ့ကြောင်း သိရှိရသည်။

အလားတူ တောင်းဆိုမှုများကို ရှမ်းပြည်နယ်၊ သီပေါမြို့၊ လားရှိုးမြို့နှင့် ကယားပြည်နယ်တို့တွင်လည်း  ကျောင်းသားသမဂ္ဂများက ဦးဆောင်ကာ ပြုလုပ်ခဲ့ကြောင်း ကြားသိရသည်။ စက်တင်ဘာလ ၁၀ ရက်နေ့နှင့် ၁၂ ရက်နေ့များတွင် မန္တလေးမြို့နှင့် ရန်ကုန်တွင်လည်း အထက်ပါ တောင်းဆိုမှုများအား ထောက်ခံဆန္ဒပြသည့် လှုပ်ရှားမှုများ၊ ပိုစတာ၊ စတင်ကာ ကန်ပိန်းလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။

ထိုလှုပ်ရှားမှုများကြောင့် ရက္ခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကိုကျော်နိုင်ဌေး၊ ကိုတိုးတိုးအောင်၊ ကိုသန်းနိုင်၊ မန္တလေးတိုင်းတွင် ဗကသ အဖွဲ့ဝင် ကိုသီဟရဲကျော်၊ ကိုစိုးလှနိုင်၊ ကိုမျိုးချစ်ဇော်(ခ)ကိုဘချစ်၊ ရန်ကုန်တိုင်းတွင် ကိုဝေယံဖြိုးမိုးနှင့် ကိုပိုင်မင်းခန့် တို့အား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနှင့် ငြိမ်း၊စု၊စီ ဥပဒေများဖြင့် သက်ဆိုင်ရာ အာဏာပိုင်များက ဖမ်းဆီး အမှုဖွင့်ခဲ့ကြရသည်။

ကိုဝေယံဖြိုးမိုးနှင့် ကိုပိုင်မင်းခန့်တို့ နှစ်ဦးအား လာရောက်ဖမ်းဆီးခြင်းနှင့်ပတ်သက်၍  ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ပြန်ကြားရေးမှ ‘ဆေးစစ်မည်ဟု လာရောက် ခေါ်ဆောင်သွားပြီး နောက်ပိုင်းမှ အစိုးရဆန့်ကျင်ရေးကြောင့် ဖမ်းဆီးခြင်းဖြစ်သည်’ဟု ထုတ်ပြန်ထားရာ ယခင် စစ်အာဏာရှင်လက်ထက် စစ်ထောက်လှမ်းရေးမှ နိုင်ငံရေးလှုပ်ရှားသူများအား ဖမ်းဆီးသည့်ပုံစံနှင့် အသွင်သဏ္ဍန်တူနေကြောင်း စိတ်မကောင်းစွာ သိရှိရပါသည်။

အဆိုပါဖြစ်စဉ်များတွင် ကျောင်းသားများတောင်းဆိုသည့် တောင်းဆိုချက်များအား ဖြေရှင်းပေးရန်အတွက် မစဉ်းစားဘဲ တောင်းဆိုကြသည့် ကျောင်းသားများအား အမှုဖွင့်တရားစွဲဆိုသည့်ကိစ္စမှာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖြေရှင်းရန်မကြိုစားဘဲ လူ့အခွင့်အရေးချိုးဖောက်မှုများအား ထပ်မံကျုးလွန်ရန် အကာအကွယ်ပေးသကဲ့ဖြစ်နေပါသည်။ ဤသည်မှာ လူ့အခွင့်အရေးချိုးဖောက်မှုများ ထပ်မံ ကျူးလွန်နေကြောင်း‌ ပေါ်လွင်စေပါသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်တိုက်ကျူးလွန်လျှက်ရှိနေပြီး  နိုင်ငံသူ/သားများမှာ နိုင်ငံသားများ၏ မူလရပိုင်ခွင့်အခွင့်အရေးများ ကျင့်သုံးခွင့်မရဘဲ အခွင့်အရေး ချိုးဖောက်မှုများသာ ခံစားနေကြရပါသည်။ လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်ပေါ်ရသည့် အခြေခံအကြောင်းတရားကို ဖော်ထုတ်အရေးယူနိုင်မှသာ နိုင်ငံသူ/သားများ လုံခြုံစိတ်ချရတဲ့ပတ်ဝန်းကျင်တခုကို ရရှိခံစားနိုင်မည် ဖြစ်ပါသည်။

ထို့ကြောင့် လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် တရားလက်လွတ် ဖမ်းဆီးချုပ်နှောင်မှုများ ရပ်တန့်စေရန်အတွက် နိုင်ငံတော်အစိုးရမှ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးရန်၊ ယနေ့ကာလ တိုင်းပြည်တွင် ကျရောက်နေသော ကိုဗစ်-၁၉ ကူးစက်ရောဂါ ကပ်ဆိုးကာလကြီးအတွင်း စစ်ပွဲများရပ်တန့်ရန်၊ စစ်ပွဲများအတွင်း အရပ်သားများ ထိခိုက်သေဆုံးမှုများအား လွတ်လပ်သောစုံစမ်း စစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီး အမြန်ဆုံး စုံစမ်းစစ်ဆေး အရေးယူပေးရန် နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအား လိုသလိုအသုံးချနေခြင်းများရပ်တန့်ပြီး တရားဥပဒေစိုးမိုးရေးအကောင်အထည် ဖော်ဆောင်ရွက်ရန်  မိမိတို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်းမှ အလေးအနက် တိုက်တွန်း တောင်းဆိုလိုက်ပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

ကိုတိတ်နိုင်-  အတွင်းရေးမှူး           +၉၅(၀) ၉၄၂၈ ၀၂၃ ၈၂၈

ကိုဘိုကြည်-  တွဲဖက်အတွင်းရေးမှူး   +၉၅(၀) ၉၄၂၅၃၀၈၈၄၀

ကိုအောင်မျိုးကျော်-  ရန်ကုန်ရုံးတာဝန်ခံ  +၉၅(၀) ၉၄၂၈၁၁ ၇၃၄၈

Statement for Arrest of Student in Rakhine

မြန်မာစစ်သားဟောင်း ၂ ယောက်ရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ကောက်နုတ် ရေးသားချက်တွေကို ဗွီအိုအေက ပြန်လည် တင်ပြပေးထားတာ ဖြစ်ပါတယ်။

သူတို့ကိုကြည့်ရတာ သိပ်ပြီးစိတ်လှုပ်ရှားမှု မရှိသလိုပါပဲ၊ သူတို့အဖြေတွေက ဇာတ်တိုက်ထားတာဖြစ်နိုင်ပေမယ့် အတော့်ကိုပြင်းထန်ပါတယ်။ မြန်မာ စစ်တပ်က စစ်သားဟောင်း တပ်ပြေး ၂ ယောက်က သူတို့ဟာ အစုပြုံလိုက်သတ်ဖြတ်မှု ရွာတွေကို ရွာလုံးကျွတ်မီးရှို့မှု အပါအဝင် ရက်စက်ကြမ်းကြုတ်မှုတွေမှာ အထက်အရာရှိတွေရဲ့ အမိန့်အရ ပါဝင်ခဲ့ တယ်လို့ ဗွီဒီယိုမှတ်တမ်း ဖြောင့်ချက်ထဲမှာပြောထားပါတယ်။

တပ်သားဟောင်းမျိုးဝင်းထွန်းက ရိုဟင်ဂျာမူဆလင် ၃၅ ယောက်ကို သူတို့တပ်ရင်းကလူတွေ သတ်ပြီး တကျင်းတည်း မမြှုပ်ခင်မှာ ဗိုလ်မှူးကြီးတယောက်က “ မြင်တာကြားတာ အကုန်ပစ်“ လို့အမိန့်ပေးကြောင်း ဗွီဒီယို တခုမှာပြောထားပါတယ်။

အခြားတပ်ရင်းတခုက တပ်ပြေးဖြစ်တဲ့ တပ်သားဇော်နိုင်ထွန်းက ဒု-ဗိုလ်မှူးကြီးတယောက်ရဲ့ အမိန့်အရ သူနဲ့အခြားစစ်သားတွေဟာ ကလေးသူငယ် နဲ့ သက်ကြီးရွယ်အို လူကြီးသူမတွေ အပါအဝင် လူပေါင်း ၈၀ လောက်ကို သတ်ခဲ့တယ်လို့ဆိုပါတယ်။

ဒီစစ်သားဟောင်းတွေက သတ်ဖြတ်မှု အသေးစိတ်ကိုပြောပြီး ပါဝင်ပတ်သက်တဲ့ တပ်ရင်း ၊ သက်ဆိုင်တဲ့ အထက်အရာရှိတွေ နာမည်၊ မီးရှို့ခဲ့တဲ့ ကျေးရွာတွေ နဲ့ အလောင်းတွေမြေမြှုပ်ခဲ့တဲ့ နေရာတွေကိုပါ အသေးစိတ်ပြောပြ ကြပါတယ်။

ဖြောင့်ချက်တွေကို ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ကို တိုက်ခိုက်နေတဲ့ AA ရခိုင်တပ်တော် သောင်းကျန်းသူ လက်နက်ကိုင်အဖွဲ့က မှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။ The New York Times သတင်းစာ နဲ့ ကနေဒါ အသံလွှင့်ဌာနတို့ က ဦးဆုံးထုတ်လွှင့်ပါတယ်။ VOA ဟာ အဲဒီကတည်းက စောင့်ကြည့်ခဲ့ပြီး (ဒီဗွီဒီယိုတွေ) ဘယ်ပုံဘယ်နည်း မှတ်တမ်းတင်ခဲ့တယ်ဆိုတဲ့ အခြေအနေကို စိစစ်နိုင်ခြင်းမရှိခဲ့ သေးပါဘူး။

မြန်မာစစ်တပ်ရဲ့ရက်စက်ကျူးလွန်မှုတွေကို စုံစမ်းစစ်ဆေးနေတဲ့ Fortify Rights က ဒီဗွီဒီယိုတွေကို စိစစ်ပြီး စစ်သားဟောင်းတွေရဲ့ထွက်ဆိုချက် ခိုင်လုံတယ်လို့ ဆိုထားပါတယ်။

“ ဒီစစ်သားဟောင်းတွေဟာ ရခိုင်ပြည်နယ်က သီးခြားနယ်မြေ ၂ ခုမှာ တပြိုင်တည်း တာဝန်ကျပြီး အခြေခံအားဖြင့် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ဖို့ အမိန့်တွေ လက်ခံရရှိခဲ့ကြတာဖြစ်တယ်” လို့ Fortify Rights ရဲ့အမှုဆောင်အရာရှိချုပ် Matthew Smith ကပြောပါတယ်။ “ဒီအမိန့်ကို လက်ခံရယူခဲ့ကြတဲ့ စစ်သားတွေ ဆီက တိုက်ရိုက်ကြားရတာ အင်မတန်အရေးပါတယ် လို့လဲဆိုပါတယ်။

ဒီစစ်သား ၂ ယောက်ရဲ့ဖော်ပြချက်တွေဟာ ၂၀၁၇ သြဂုတ်လ ကတည်းက များပြားလှတဲ့ ဒုက္ခသည်တွေ စုံစမ်းစစ်ဆေးသူတွေဆီက ကြားခဲ့ရတဲ့ အဖြစ်အပျက်တွေကို ခိုင်မာစေပါတယ်။ ၂၀၁၇ ဟာ မြန်မာလုံခြုံရေးစခန်းတွေကို ရိုဟင်ဂျာ စစ်သွေးကြွတွေ အပေါ်တုံ့ပြန်တဲ့အနေနဲ့ ရက်ရက်စက်စက် နှိမ်နင်းခဲ့တဲ့ ကာလဖြစ်ပါတယ်။

ရိုဟင်ဂျာတွေ တသောင်း (၁၀,၀၀၀) မကသေဆုံးပြီး ရွာပေါင်း ၂၀၀ ခန့် ဖျက်ဆီးခံခဲ့ရဖွယ်ရှိတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေက အစီရင်ခံထားပါတယ်။ ဒီစစ်ဆင်ရေးက ရိုဟင်ဂျာ မူဆလင် ၇ သိန်း (၇၀၀,၀၀၀) ကျော်ကို အိမ်နီးချင်း ဘင်္ဂလားဒေရှ့်ဘက် မောင်းထုတ်ခဲ့တယ်လို့လဲ ကုလသမဂ္ဂ ကဆိုပါတယ်။ သူတို့ဟာ အခုအခါမှာ ညစ်ပတ်ပေရေတဲ့ ဒုက္ခသည်စခန်းတွေမှာနေထိုင်ပြီး အသက်ရှင်ရပ်တည်ရေးအတွက် စာနာမှုအထောက်အပံ့တွေအပေါ် မှီခိုနေရပါတယ်။

အုပ်စုလိုက် မုဒိမ်းကျင့်တာ မီးလောင်နေတဲ့အိမ်တွေထဲ ဒုက္ခသည်တွေပိတ်လှောင်ထားတာလို ဆိုးရွားလွန်းတဲ့ ဖြစ်ရပ်တွေကို ဒုက္ခသည်တွေ ပြန်ပြောကြပါတယ်။ နိုင်ငံမဲ့ ရိုဟင်ဂျာလူနည်းစုအပေါ်

ပြုလုပ်တဲ့ စစ်ဆင်ရေမှာ လူမျိုးတုံးသတ်ဖြတ်ရေး ရည်ရွယ်ချက်ပါရှိတယ်လို့ ကုလသမဂ္ဂ စုံမ်းစစ်ဆေးသူတွေက ဆိုပါတယ်။

မြန်မာအစိုးရက ဒီစွဲချက်တွေကို အမြဲပယ်ချပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက ICJ နိုင်ငံတကာတရားရုံးမှာ အဆင့်အမြင့်ဆုံး အရပ်ဘက်ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာတွေကို သုတ်သင်ရှင်းလင်းဖို့ နိုင်ငံတော်က ကမကထပြုတဲ့ စစ်ဆင်ရေးမရှိခဲ့ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။

ဆိုးသွမ်းတဲ့စစ်သား အနည်းငယ်က ရာဇဝတ်မှုကျူးလွန်ခဲ့တာလို့ စစ်တပ်ကပြောပါတယ်။

အခုထွက်ပေါ်လာတဲ့ ဗွီဒီယိုတွေကို တုံ့ပြန်ပြောကြားရာမှာ မြန်မာစစ်ဘက်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က ဒီဗွီဒီယိုတွေ မှတ်တမ်းတင်ခဲ့တဲ့ AA ရခိုင်တပ်တော် သောင်းကျန်းသူအဖွဲ့ကို အကြမ်းဖက်အဖွဲ့လို့ ခေါ်ဆိုလိုက်ပြီး စစ်သားဟောင်းတွေကို အတင်းအဓမ္မ ထွက်ဆိုခိုင်းခဲ့တာဖြစ်တယ်လို့ပြောပါတယ်။

VOA News

မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ဖြစ်ခဲ့တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းလိုက်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား IIMM ကစုံစမ်းစစ်ဆေးတွေ့ရှိချက်တွေကို အခုလမှာပြုလုပ်မယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ တင်သွင်းတော့မှာ ဖြစ်ပါတယ်။ မြန်မာအစိုးရကတော့ ဒီ IIMM အဖွဲ့ကို အသိအမှတ်မပြုကြောင်း ပြောဆိုထားပြီး IIMM အဖွဲ့ကိုလည်း မြန်မာနိုင်ငံကိုဝင်ခွင့်မပြုထားပါဘူး။
ဒါနဲ့ပတ်သက်လို့ IIMM အဖွဲ့အကြီးအကဲ Nicholas Koumjian (နီကိုလပ်စ် ကုမ်ဂျန်) ကို RFA ၀ိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာ့ တပ်မတော်ကနေ ထွက်ပြေးလာကြတယ်ဆိုတဲ့ တပ်သား နှစ်ယောက် နယ်သာလန်နိုင်ငံ သည်ဟိဂ် မြို့မှာ ရောက်နေကြပြီး တပ်မတော်က ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အကြောင်း အိုင်စီစီ အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံးမှာ ထွက်ဆိုနိုင်ဖွယ်ရှိတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားတဲ့ Fortifiy Rights အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီ မြန်မာစစ်သားနှစ်ဦးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ICC ရုံးစိုက်ရာ နယ်သာလန်နိုင်ငံ သည်ဟိဂ် မြို့ကို ရောက်ရှိနေကြတာဖြစ်တယ်လို့လည်းအဲဒီ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ICC ရုံးက ပြောခွင့်ရသူ ဖဒီ အယ်လ် အက်ဘ်ဒါလာကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် သူက တရားရုံး စစ်ဆေးဆဲဖြစ်တဲ့အမှုနဲ့ပတ်သက်လို့ သူ့အနေနဲ့ တစ်စုံတစ်ရာမပြောနိုင်ကြောင်းနဲ့ မြန်မာစစ်သားတွေ ရောက်ရှိနေတာနဲ့ပတ်သက်လို့လည်း မသိကြောင်းလည်း ဘီဘီစီကိုပြောပါတယ်။

အဲဒီစစ်သားနှစ်ဦး အိုင်စီစီရဲ့ ထိန်းသိမ်းထားမှုအောက်မှာ မရှိဘူးလို့ ကနေဒါ CBC News ကို ဖဒီ အယ်လ် အက်ဘ်ဒါလာက ပြောကြားထားတာကိုလည်း တွေ့ရပါတယ်။

အဲဒီ တပ်သား နှစ်ယောက်ကို အေအေ ရက္ခိုင့်တပ်တော်က မေးမြန်းထားတဲ့ မေးမြန်းခန်းတွေကို ပြီးခဲ့တဲ့ လတွေအတွင်းက စပြီး အွန်လိုင်းတွေပေါ်မှာ တွေ့မြင်ရပါတယ်။

အဲဒီထဲမှာ သူတို့ကို အထက် တပ်မတော် အရာရှိတွေက စေခိုင်းခဲ့တဲ့ အတွက် ရိုဟင်ဂျာတွေကို သတ်ဖြတ်မှုတွေ အပါအဝင် ကိုယ်တိုင် ပြစ်မှုတွေ ကျူးလွန်ခဲ့တာရှိတဲ့ အကြောင်း ဝန်ခံ ပြောဆိုထားကြတာတွေ Fortifiy Rights အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ တွေ့ရပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို သိန်းချီထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ
ဓာတ်ပုံ ပုံစာ,- ဘင်္ဂလားဒေ့ရှ်ကို သိန်းချီထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ

သူတို့နှစ်ယောက်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ တစ်ဆင့် နယ်သာလန်ကို ပို့ဆောင်ပေးခဲ့တယ်လို့ ယူဆရပေမဲ့ ဘီဘီစီ အနေနဲ့ သီးခြား အတည်ပြုလို့ မရနိုင်သေးပါဘူး။

တကယ်လို့သာ ဒီ စစ်သား နှစ်ယောက်က အိုင်စီစီ တရားရုံးမှာ သက်သေထွက်ဆိုကြမယ် ဆိုရင် ဒါဟာ မြန်မာ တပ်မတော်သားတွေ အနေနဲ့ ပထမဆုံး အကြိမ် နိုင်ငံတကာ ရာဇဝတ် တရားရုံးမှာ ထွက်ဆိုမှု ဖြစ်လိမ့်မယ်လို့ Fortify Rights က ဆိုပါတယ်။

အဲ့ဒီမြန်မာစစ်သားနှစ်ဦးကတော့ မျိုးဝင်းထွန်းနဲ့ ဇော်နိုင်ထွန်းတို့ ဖြစ်ကြပြီး ပြီးခဲ့တဲ့ ၂၀၁၇ တွင်းက မြန်မာတပ်မတော်က ပါဝင်ပတ်သက်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ ရိုဟင်ဂျာတွေကို နယ်မြေရှင်းလင်းရေး အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုမှာ ပါဝင်ခဲ့တယ်လို့လည်း သူတို့က ထွက်ဆိုထားကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိ ပါတယ်။

အဲဒီ စစ်သားနှစ်ဦးကို ICC မှာ စစ်ဆေးနိုင်သလို၊ မြန်မာ့တပ်မတော်က ကျူးလွန်ခဲ့တယ်ဆိုတဲ့ ပြစ်မှုတွေအတွက်လည်း ဖွင့်ချ သက်သေထွက်နိုင်မယ်လို့ သတင်းတွေက ဆိုနေကြပါတယ်။

အိုင်စီစီက အမှုလိုက် အရာရှိ Fatou Bensouda
ဓာတ်ပုံ ပုံစာ,- အိုင်စီစီက အမှုလိုက် အရာရှိ Fatou Bensouda

သူတို့ကို အထက်အရာရှိတွေက မြင်တွေ့သမျှ ကလေးလူကြီးမရွေး ပစ်သတ်ဖို့ အမိန့်ပေးခဲ့တယ်လို့ ဗီဒီယို သက်သေထွက်ချက်မှာ ဆိုပါတယ်။

သူတို့တွေဟာ စစ်ဆင်ရေးအတွင်းမှာ အစုအလိုက်အပြုံလိုက်လူသတ်ခဲ့မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး သက်သေထွက်ဆိုပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း Fortify Rights က ပြောပါတယ်။

စစ်သားတွေက မြန်မာစစ်တပ်က ဒီအမှုတွေ တိုက်ရိုက်ကျူးလွန်တဲ့ ပြစ်မှုကျူးလွန်သူ ဆိုသူ ၁၉ ဦး ရဲ့အမည်တွေနဲ့ ရာထူးတွေကိုပါထုတ်ဖော်ခဲ့ပြီး၊ မြန်မာစစ်တပ်က အကြီးတန်း အရာရှိ ၆ ဦး က သူတို့ကိုအမိန့်ပေးခဲ့ကြောင်းနဲ့ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီးတစ်ဦး၊ ဗိုလ်ကြီးသုံးဦး နဲ့သူတို့ဟာ ဒီရက်စက်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့လည်း ဆိုပါတယ်။

သူတို့အဲဒီလို ကျူးလွန်ခဲ့တယ်ဆိုတဲ့ ထွက်ဆိုချက်တွေ သူတို့ကျူးလွန်ခဲ့ခြင်း ရှိမရှိ ဘီဘီစီ အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

အရာရှိတွေက ” ရိုဟင်ဂျာ တွေကို အမြစ်ပြတ် သုတ်သင်ကြ၊ ” တွေ့သမျှ မြင်သမျှ အကုန်ပစ်ကြ ” ဒီနေရာက ရိုဟင်ဂျာတွေကို အကုန်သတ်ကြ ဆိုပြီး အမိန့်ပေးခဲ့ကြောင်းလည်း သူတို့က ထွက်ဆိုခဲ့တယ်လို့လည်း သိရပါတယ်။

ရခိုင်မြောက်ပိုင်းက စစ်ဆင်ရေးတွေမှာ ရိုဟင်ဂျာတွေ အပေါ် ရက်ရက်စက်စက် နှိမ်နင်းခဲ့ပြီး ရွာလုံးကျွတ် မီးရှို့ခဲ့တယ်လို့ စွပ်စွဲခံရ
ဓာတ်ပုံ ပုံစာ,- ရခိုင်မြောက်ပိုင်းက စစ်ဆင်ရေးတွေမှာ ရိုဟင်ဂျာတွေ အပေါ် ရက်ရက်စက်စက် နှိမ်နင်းခဲ့ပြီး ရွာလုံးကျွတ် မီးရှို့ခဲ့တယ်လို့ စွပ်စွဲခံရ

သူတို့ထဲက တပ်သား မျိုးဝင်းထွန်းဟာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်က ရှမ်းနီလူမျိုးဖြစ် ပြီး မြန်မာစစ်တပ်မှာ ၂၀၁၆ ခုနှစ်၊ ဧပြီလ ကနေ ၂၀၂၀ ပြည့်နှစ်မေလ အထိ တာဝန်ထမ်းဆောင်ခဲ့သလို အသက် ၃၀ အရွယ် တပ်သား ဇော်နိုင်ထွန်း ဟာလည်း ရမ်းဗြဲမြို့နယ်က ရခိုင်လူမျိုးဖြစ်ပါတယ်။ တပ်သားဇော်နိုင်ထွန်းဟာ ၂၀၁၆ ခုနှစ်မတ်လက မြန်မာ့တပ်မတော်မှာ အတင်းအဓမ္မ စစ်မှုထမ်းစေခဲ့ပြီး ၂၀၂၀၊ ဇွန်လတွင်ရခိုင်ပြည်နယ် မှာ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ ထွက်ဆိုချက်တွေမှာ မျိုး၀င်းထွန်းက ရိုဟင်ဂျာအမျိုးသမီးများ၊ အမျိုးသားများနဲ့ ကလေးတွေသတ်ဖြတ်ခဲ့မှုမှာ သူပါဝင်ပတ်သက် ကြောင်းနဲ့ ၂၀၁၇ ခုနှစ်စက်တင်ဘာလ ဘူးသီးတောင်မြို့နယ် တောင်ဘဇားကျေးရွာ နဲ့ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ မှာ အဓမ္မပြုကျင့်မှုကိုလည်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။

တပ်သား ဇော်နိုင်ထွန်းကတော့ မြန်မာစစ်တပ်ရဲ့ ၂၀၁၇ ခုနှစ်” ရှင်းလင်းရေးလုပ်ငန်းစဉ်” အတွင်း မောင်တောမြို့နယ်က ကျေးရွာငါးရွာမှာ ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ ပါဝင်ခဲ့တယ်လို့ထွက်ဆိုထားပါတယ်။

တကယ်လို့ ဒီစစ်သားနှစ်ဦး အိုင်စီစီမှာ သက်သေထွက်ခဲ့မယ်ဆိုရင်တော့ အိုင်စီစီက အဲဒီသက်သေတွေကို ကာကွယ်ရမယ့် တာဝန်တွေ ရှိပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို စုံစမ်းစစ်ဆေးဖို့ အိုင်စီစီ နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ၂၀၁၉ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

အိုင်စီစီအနေနဲ့ မြန်မာနိုင်ငံအပေါ်စုံစမ်းမှု ပြုလုပ်ခြင်းဟာနိုင်ငံတကာ ဥပဒေနဲ့မညီဘူးလို့ တုံ့ပြန်
ဓာတ်ပုံ ပုံစာ, – အိုင်စီစီအနေနဲ့ မြန်မာနိုင်ငံအပေါ်စုံစမ်းမှု ပြုလုပ်ခြင်းဟာနိုင်ငံတကာ ဥပဒေနဲ့မညီဘူးလို့ တုံ့ပြန်

မြန်မာ အစိုးရဘက်ကတော့ မြန်မာက အိုင်စီစီရဲ့ အဖွဲ့ဝင်နိုင် မဟုတ်သလို အိုင်စီစီအနေနဲ့ မြန်မာနိုင်ငံအပေါ်စုံစမ်းမှု ပြုလုပ်ခြင်းဟာ နိုင်ငံတကာ ဥပဒေနဲ့မညီဘူးလို့ တုံ့ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ အတင်းအကျပ် ပြောင်းရွှေ့စေတာတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲ ခံထားတဲ့ ကိစ္စရပ်တွေကို ကနဦး စစ်ဆေးမှုတွေ လုပ်မယ်လို့ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (အိုင်စီစီ)က ၂၀၁၈ တုန်းကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မြန်မာက အိုင်စီစီရဲ့ အဖွဲ့ဝင်နိုင်ငံမဟုတ်ပေမဲ့ ရိုဟင်ဂျာတွေအပေါ် ရာဇဝတ်မှု တွေ ကျူးလွန်တယ် ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် တရားရုံးက စီရင်ပိုင်ခွင့် ရှိတယ်လို့ အိုင်စီစီက ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာ တရားရုံး အိုင်စီဂျေမှာ တရားစွဲထားပြီး တရားရုံးက မြန်မာကလိုက်နာဆောင်ရွက်ရမယ့် ကြားဖြတ်အစီအမံလေးချက် ချထားပါတယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် နှစ်ဖက် တင်သွင်းလွှာတွေ လျှောက်ထားရမယ့်အချိန်တွေကို တရားရုံးက သုံးလစီ နောက်ဆုတ်ခဲ့ပါတယ်။

BBC Burmese

တရားမျှတမှုစာစောင် (သြဂုတ်လ)

ယခုလအတွင်းတွင် အစိုးရသည် စတုတ္ထအကြိမ်မြောက် ပင်လုံညီလာခံ (UPC)ကို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအား ဦးဆောင်နေသည့်ကြားတွင် ပြုလုပ်ကျင်းပခဲ့သည်။ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးပွဲကို ဆန့်ကျင်၍ လူ့အခွင့်အရေး ချိုးဖောက်မှုများသည်လည်း မြန်မာနိုင်ငံ အနှံ့အပြားတွင် ဆက်လက်ဖြစ်ပွား လျှက်ရှိသည်။ အစိုးရမှ 2G အင်တာနက်ကို ပြန်လည်ဖွင့်ပေးလိုက် သော်လည်း ရခိုင်ပြည်နယ်ရှိ စစ်ရေးပဋိပက္ခ ဖြစ်ပွားနေသော မြို့နယ် ၇ မြို့နယ် တွင်နေထိုင်သော ပြည်သူများသည်အင်တာနက် ဖြတ်တောက်မှု အကျိုးဆက်ဒဏ်ကို ခံနေရဆဲဖြစ်သည်။ COVID-19 ရောဂါဖြစ်ပွားခြင်း သည်လည်း ပြည်သူတို့၏လုံခြုံရေးကို ထိခိုက်စေခဲ့သည်။ ကရင်ပြည်နယ်တွင်လည်း တပ်မတော် သားနှစ်ဦး ပစ်သတ်ခဲ့ သော ကရင်အမျိုးသမီးနော်မုနော် အတွက်တာ၀န်ခံမှုရှိစေရန် နှင့် တရားမျှတမှုအတွက်  ကရင်အရပ်ဘက် အဖွဲ့အစည်း များသည်တောင်းဆိုမှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ် ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။ အင်တာနက် ပိတ်ဆို့မှုကို ရပ်တန့်ရန်ဆန္ဒပြခဲ့သော ထင်ရှားသည့် တက်ကြွလှုပ်ရှားသူ မောင်ဆောင်းခကို တရားမ၀င် ဆန္ဒပြမှုဖြင့် အရေးယူခဲ့ ခြင်းကြောင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည်လည်း ပို၍ခြိမ်းခြောက်ခံနေရဆဲ ဖြစ်သည်။

နိုင်ငံရေးပါတီများအနေဖြင့် ကတိက၀တ်အသစ်များဖြင့် စည်းရုံးမှုနှင့်အတူ  တိုင်းပြည်တွင်းရှိ ပြဿနာများကို ဖန်တရာ ထပ်နေသော ပစ်တင်မှု၀ေဖန်မှုသည် ပုံမှန်လည်ပတ်နေသော စီးပွားရေးလုပ်ငန်းသဘောအရကဲ့သို့ ဖြစ်နေသည်။ ကာကွယ်ရေးစစ်ဦးစီးချုပ်မှ ပင်လုံညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေး လုပ်ငန်းစဥ် မအောင်မြင်မှုအပေါ်  အပစ်တင်၀ေဖန်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့်  တာ၀န်ယူမှု တာ၀န်ခံမှု မရှိကြောင်း ထင်ရှားစွာ တွေ့ခဲ့ရသည်။ UPC မတိုင်မှီ တွင် ကာကွယ်ရေးဦးစီးချုပ်မှ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ရှိခြင်းသည် အရေးကြီးသည့် အခြေခံအချက်ဖြစ်ပြီး မိမိတို့အမှန်တကယ်လိုလားသော အရာြဖစ်သည်။ သို့ပါသော်လည်း တစ်ဦး တစ်ဖွဲ့ဖြင့် လုပ်ဆောင်၍ရသောအရာမဟုတ်ဘဲ အားလုံးပူးပေါင်းပါ၀င်လုပ်ဆောင်ရမည် ဖြစ်သည်။ ထိုသို့ပြောလင့် ကစား အစိုးရသည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီမှုကို စက်တင်ဘာလကုန်ထိ တိုးမြှင့်ရပ်ဆိုင်းရန် ကြေငြာသော်လည်း ရခိုင့်တပ်မတော်ကို ချန်လှပ်ထားခဲ့သည်။ ရခိုင်ပြည်နယ်တွင်းတွင် စစ်ရေး ပဋိပက္ခကြောင့် လုံခြုံရေးအခြေအနေစိုးရိမ်နေရသည့်အပြင် COVID-19 ပြည်တွင်းကူးစက်မှုကြောင့် ရောဂါပိုး တွေ့ ရှိသူ ၅၀၀ ခန့် ရှိနေသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲ ဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE)ကို လာမည့် ၂၀၂၀ ပြည့်နှစ် အထွေအထွေရွေးကောက်ပွဲတွင် ပါ၀င်စောင့်ကြည့် လေ့လာခွင့်နှင့်ပတ်သက်၍ ငြင်းဆိုခဲ့ခြင်းသည် အထွေထွေ ရွေးကောက်ပွဲ၏ ပွင့်လင်းမြင်သာမှု ဆုတ်ယုတ်အားနည်းစေသည်ကို တွေ့ရပြီး စိုးရိမ်မှုကို မြင့်တက်စေပါသည်။ အရပ်ဘက်အဖွဲ့အစည်းများမှ ကော်မရှင်၏ ဆုံးဖြတ်ချက်ကို ပူးပေါင်းအစီရင်ခံစာ ထုတ်ခဲ့ပြီးပြန်လည် သုံးသပ်ရန် ကန့်ကွက်တောင်းဆိုခဲ့ကြသည်။ ထို့ပြင် လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့မှလည်း အထွေထွေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ကို ထုတ်လွင့်ခြင်းဆိုင်ရာ နှင့်ပတ်သက်သော ကန့်သတ်မှု များကို ပြန်လည်သုံးသပ်ရန် အကြံပေးခဲ့သည်။ ထိုအကြံပေးချက်ကို ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့တွင် ရုပ်မြင်သံကြားမိန့်ခွန်းများအတွက် (UEC) ထံတွင် ခွင့်ပြုချက် ရယူရန်လိုအပ်သော နိုင်ငံရေးပါတီ တော်တော်များများမှ ထောက်ခံခဲ့ကြသည်။

၈၈၈၈ နှစ်ပတ်လည်အခမ်းအနားကို ယခုလအတွင်းတွင်ကျင်းပခဲ့သည်။  “တစ်ဦးတစ်ယောက်ချင်းအနေနဲ့ရော လူ့အဖွဲ့ အစည်းတွေအနေနဲ့ပါ ဘာတွေဖြစ်ခဲ့တယ်ဆိုတဲ့ အမှန်တရားကိုလက်မခံဘဲ ငြိမ်းချမ်းရေးနဲ့ရင်ကြားစေ့ရေး ဘယ်လို ရနိုင်မလဲ။ ဖန်တစ်ရာတေနေတဲ့ စကားတစ်ခွန်းလည်းဖြစ်ပြီး ၁၉၈၈ကပေးတဲ့ သင်ခန်းစာတွေထဲက တစ်ခုကတော့ ‘အတိတ်ကအမှားတွေကို သင်ခန်းစာမယူနိုင်တဲ့ နိုင်ငံတစ်နိုင်ငံဟာ အလားတူ အမှားတွေ ထပ်ပြီး ကျိန်းသေပေါက် ဆက်မှားနေဦးမှာပဲ’ဟု ဂန်းနက်စ်၏ သမိုင်းကိုပြန်လည်ထင်ဟပ်စေသော ပြောဆိုချက်ကို ဖော်တီးယားမြန်မာ ဆောင်းပါးတွင်  ကောက်နုတ်ဖော်ပြထားသည်။

ရခိုင်ပြည်နယ်

 ရဲတပ်ဖွဲ့မှ ပစ်ခတ်မှုကြောင့် နှစ်ဦးသေဆုံး၊     ၃ သြဂုတ် ၂၀၂၀

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မွတ်စလင်ရိုဟင်ဂျာ လူငယ်နှစ်ဦးကို တွင်းမြောင်ရွာနီးရှိ ရဲတပ်ဖွဲ့လုံခြုံရေးဂိတ်မှ သေနတ်ဖြင့် လှမ်းပစ်ခဲ့သောကြာင့် တစ်ဦးသေဆုံးပြီး တစ်ဦးအပြင်းအထန်ထိခိုက် ဒဏ်ရာရရှိ သွားခဲ့သည်ဟု ဒေသခံ များမှ ပြောကြားခဲ့သည်။

တပ်မတော်မှ ဖမ်းဆီးထားစဉ် ရခိုင်အမျိုးသားတစ်ဦးသေဆုံး၊     ၁၂  သြဂုတ် ၂၀၂၀

 ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပုဇွန်ဖေ ကျေးရွာသား ၁ ဦးမှာ တပ်မတော်သားများထံ ဖမ်းဆီးခံရပြီးနောက် စစ်ဆေး ခံနေရစဉ် ကာလအတွင်း သေဆုံးသွားခဲ့ကြောင်း မိသားစုဝင်များမှ ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း တပ်မတော် နှင့် AAတို့ တိုက်ပွဲဖြစ်နေသောကာလ၌ တပ်မတော်မှ ဖမ်းဆီးစစ်ဆေးခဲ့စဉ်  သေဆုံးသူ ဖမ်းဆီးခံရွာသား ၂၀ ဦးထိ ရှိလာပြီ ဖြစ်သည်။

လက်နက်ကြီးကျည်စ ထိမှန်မှုကြောင့် ကျောက်တော်ဒေသခံ အမျိုးသမီးတစ်ဦး ဒဏ်ရာရ၊ ၁၃ သြဂုတ် ၂၀၂၀

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ခပေါ်ကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၄၃) နှစ်အရွယ် ဒေါ်မသန်းရီမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အားလုံးပါ၀င်သော အပစ်ခတ်ရပ်စဲရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးကိုတောင်းဆိုသော ပြည်ထောင်စု အမျိုးသားညီလာခံကိုကျင်းပနေချိန်တွင် အရပ်သားထိခိုက်ဒဏ်ရာရ ရှိမှုများမှာလည်း တိုးလာလျက်ရှိသည်။

 လက်နက်ကြီးပေါက်ကွဲမှုကြောင့် ကျောင်းသားတစ်ဦးအပါအဝင် (၃) ဦးဒဏ်ရာရ၊ ၁၅ သြဂုတ် ၂၀၂၀

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာ၌ သြဂုတ်လ ၁၅ ရက် နေ့တွင် ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် (၇)တန်းကျောင်းသားတစ်ဦး အပါအဝင် (၃) ဦး ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။ ထိုလက်နက်ကြီးပေါက်ပွဲမှုကြောင့် ကျေးရွာ အတွင်းမှ နေအိမ်သုံးဆောင်ပျက်စီးသွားခဲ့သည်။ 

ရခိုင်ပြည်နယ်တွင်  တိုက်ပွဲများကြောင့် ဆေးဝါးများကို သယ်ယူပို့ဆောင်ရာ၌ လမ်းခရီးတွင် ကြန့်ကြာမှုများရှိ၊ ၁၈ သြဂုတ် ၂၀၂၀

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုများ ရှိနေသောကြောင့် ဆေးဝါးများကို သယ်ယူပို့ဆောင်ရာ၌ လမ်းခရီးတွင် ကြန့်ကြာမှုများနှင့် ပျက်ဆီးမှုများရှိနေကြောင်း ဆေးဝါးဖြန့်ဝေနေသူများထံမှသိရှိရသည်။ ထို့အပြင် တိုက်ပွဲဖြစ်ပွားရာ ဒေသမှ ဆေးရုံများတွင် ဆေးကုသရေး၊ ဆေးဝါးသယ်ယူရေးနှင့် လူနာသယ်ယူရေး တို့၌ အခက် အခဲများ ဖြစ်ပေါ်နေကြောင်း တာဝန်ရှိသူများက ပြောဆိုကြသည်။ လက်ရှိဖြစ်ပွားနေသောတိုက်ပွဲ များကြောင့် အရပ်သားပြည်သူများ၏ ကျန်းမာရေးအခြေအနေများ မထိခိုက်သင့်ပါ။

ရခိုင်ပြည်နယ်တွင် AA နှင့်ဆက်စပ်ပြီး ဖမ်းဆီးခံရထားသူ နေ့စဥ်တိုးလာလျှက် ဦးရှိ၊ ၁၉ သြဂုတ် ၂၀၂၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်နှင့် သံတွဲခရိုင်အတွင်းတွင် တပ်မတော်မှ AA နှင့်ဆက်စပ်ပြီး သံသယဖြင့် ဖမ်းဆီးခံရ သူဦးရေမှာ နေ့စဥ်တိုးလာလျက်ရှိသည်။ ဖမ်းဆီးခံရသူများထဲမှ အချို့မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ များဖြင့် အမှုဖွင့်တရားစွဲဆိုခံထားရပြီး အချို့မှာ စစ်ကြောရေးကာလအတွင်း သေဆုံးမှုများနှင့် အချို့မှာ သတင်းအစအန မရရှိဘဲ ပျောက်ဆုံးလျက် ရှိနေကြသည်။

မြောက်ဦးမြို့ပေါ်ကျောင်းမှ သံဃာ ၄ ပါး AA ဖမ်းခေါ်သွား၊ ၂၁ သြဂုတ် ၂၀၂၀

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက်ကောက်ဈေးရပ်ကွက်ရှိ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင် ဆရာတော်၂ ပါးနှင့် ကိုရင်၂ ပါးကို ရက္ခိုင်စစ်တပ် (AA) က ဖမ်းဆီး ခေါ်ဆောင်သွား ကြောင်း ဒေသခံများထံမှ သတင်း ရရှိသည်။ ယခုကဲ့သို့ ဘုန်းတော်ကြီးများကို AA မှဖမ်းဆီးခေါ်ဆောင်မှုသည် ပထမဆုံးအကြီမ်ဖြစ်သည်ဟု ထိုဘုန်းကြီးကျောင်းရှိ ကိုရင်မှ ပြောကြား သည်။

နယ်မြေရှင်းလင်းမည်ဆို၍ ထွက်ပြေးလာသော ရသေ့တောင် စစ်ရှောင်များ အိမ်မပြန်နိုင်သေး၊ ၂၁ သြဂုတ် ၂၀၂၀

ဇွန်လ ၂၄ ရက်နေ့က ရသေ့တောင်မြို့နယ်ရှိ ကျောက်တန်းကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် တပ်မတော်မှ နယ်မြေရှင်းလင်းရေးလုပ်ဆောင်မည်ဟု ထုတ်ပြန်ပြီးနောက် ထွက်ပြေးတိမ်းရှောင်လာကြသည့်  ဒေသခံများမှာ ယနေ့ အချိန်ထိ နေရပ်မပြန်နိုင်သေးပဲရှိနေကြခြင်း ဖြစ်သည်။ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး  REC ၏အဆိုအရ ကျောက်တန်းဒေသတွင်တပ်စွဲထားသော တပ်မတော်မှ ထိုဒေသအနိးတ၀ိုက်တွင် နယ်မြေရှင်းလင်းရေး မလုပ်ဆောင် ပါဟုပြောဆိုသော်လည်း ထိုဒေသရှိဒေခံများအတွက်လုံး၀ လုံခြုံမှုမရှိပေ။  နေရပ်စွန့်ခွါ ထွက်ပြေးသူများကို အကူညီ ပေးသောအရပ်ဘက်အဖွဲ့အစည်းများ၏ အဆိုအရ ရသေ့တောင်တွင် နေရပ်စွန့်ခွာထွက်ပြေးသူပေါင်း ၄၀၀၀၀ ကျော်ခန့်ရှိသည်။

ပစ်ခတ်ခံမှုကြောင့်နှစ်ဦးဒဏ်ရာရ၊    ၂၁ သြဂုတ် ၂၀၂၀

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စုအတွင်းရှိ ကွေ့ရှည်ကျေးရွာမှ ဒေသခံသုံးဦးမှာ ကဇုကိုင်း တံတားအနီးတွင် ပစ်ခတ်ခံရသဖြင့် နှစ်ဦးဒဏ်ရာရရှိခဲ့သည်။ ကွေ့ရှည်ကျေးရွာသားသုံးဦးသည် ကမ်းထောင့်ကြီး စစ်ဘေးရှောင်စခန်းသို့ ပြောင်းရွှေ့ရန်အတွက် အိမ်သုံးပစ္စည်းများကို စက်လှေဖြင့်ပို့ဆောင်ရန်သွားစဉ် ယင်းသို့ ပစ်ခတ် ခံရခြင်း ဖြစ်သည်။

ရသေ့တောင်တွင် မြန်မာ့တပ်မတော်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးများ လူနေအိမ်သို့ကျ၍ အရပ်သား (၅) ဦး ထိခိုက်ဒဏ်ရာရ၊ ၂၄ သြဂုတ် ၂၀၂၀

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအပြီး တစ်ရက်ခန့်အကြာတွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်ရံသာစည်ကျေးရွာထဲတွင် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲ၍ ၃ နှစ်အရွယ် ကလေးငယ် တစ်ဦးအပါ အဝင် ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးရှိခဲ့သည်။ 

AA တွင်မိသားစုအဖွဲ့၀င်ရှိသောကြောင့် ရခိုင်လွတ်တော်အမတ်ရွေးကောက်ပွဲ ၀င်ခွင့်မရ၊ ၃၁ သြဂုတ် ၂၀၂၀

လာမည့်ရွေးကောက်ပွဲ ကိုယ်စားလှယ်စာရင်း ထွက်လာချိန်တွင် ရခိုင်ပြည်နယ်လွှတ်တော်အမတ်တဦးဖြစ်သူ ဦးဖိုးစံမှာ သားဖြစ်သူ တပ်မတော်ဗိုလ်မှူးဟောင်းမှ ရခိုင့်တပ်မတော်ထဲသို့ ကူးပြောင်းသွားခဲ့သောကြောင့် ရွေးကောက်ပွဲ ကို​ယ် စားလှယ်လောင်းအဖြစ် ပယ်ဖျက်ခံရသည်။

 ချင်းပြည်နယ်

ပလက်ဝမြို့ပေါ်တွင် ဆန်ပြတ်လပ်မှုကြောင့် ဒေသခံပြည်သူများ အခက်အခဲကြုံ၊ ၁၂ သြဂုတ် ၂၀၂၀

ရခိုင်ပြည်နယ် ကျောက်တော်နှင့် ဆက်သွယ်သည့် ရေလမ်း၊ ကုန်လမ်းများကို ပိတ်ပင်ထားသည့် အတွက် ဆန်နှင့်အခြား စားသုံးကုန် ပစ္စည်းများသယ်ယူ၍မရတော့ဘဲ ပလက်ဝမြို့ပေါ်ရှိဒေသခံပြည်သူများသည် စားနပ်ရိက္ခာ ပြတ်လပ်မှု ကြုံ တွေ့နေကြရခြင်းဖြစ်သည်။ ရိက္ခာဆန်ပြတ်လပ်နေသည့် ပလက်ဝမြို့နယ်တွင်စစ်ဘေးရှောင်များအတွက် နိုင်ငံတကာ အဖွဲ့အစည်းများမှ ဆန်နှင့်အခြား ကုန်စည်များ ပို့ဆောင်ပေးမှုရှိနေသော်လည်း မြို့ပေါ်နေဒေသခံ ပြည်သူများမရရှိကြ သည့်အတွက် အိမ်ထောင်စုပေါင်း ၈၅၀၀ ခန့်သည် ဆန်ပြတ်လပ်မှုနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။

မြေမြှုပ်မိုင်းနင်းမိသောကြောင့် ချင်းအမျိုးသမီးငယ်တစ်ဦးသေဆုံး၊ ၈ သြဂုတ် ၂၀၂၀

ရခိုင်ပြည်နယ် အမ်းမြို့နယ် ကဇူးကိုင်းကျေးရွာနေ အသက် (၁၇)နှစ် အရွယ်ချင်းအမျိုးသမီးငယ်တစ်ဦးသည် မျှစ်ခူးရန် သွားစဥ် မြေမြှုပ်မိုင်း နင်းမိသဖြင့် သေဆုံးသွားခဲ့သည်။  မြန်မာအစိုးရအနေဖြင့် အရပ်သားပြည်သူများကိုထိခိုက် သေဆုံး စေသော မိုင်းများဖျက်ဆီးပစ်ရေးဆိုင်ရာသဘောတူညီစာချုပ်ကို ထိရောက်စွာလုပ်ဆောင်ရန်လိုအပ်သည်။

ရှမ်းပြည်နယ်

 TNLA တပ်ဖွဲ့ဝင် ၂ ဦးမှ မသန်စွမ်းသူ အမျိုးသားတစ်ဦးကို ရိုက်နှက်ခဲ့သည့် ဖြစ်စဉ်၊ ၁ သြဂုတ် ၂၀၂၀

ND-Burma ကွန်ရက်အဖွဲ့၀င် TSYU ထံမှရရှိသော အချက်အလက်

ကွတ်ခိုင်မြို့နယ် ဂါလိုင်‌ ကျေးရွာမှ မသန်စွမ်းအမျိုးသား တစ်ဦးနှင့်ဇနီးဖြစ်သူကို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး

အကြောင်းပြချက်ဖြင့် TNLA တပ်ဖွဲ့ ဝင်နှစ်ဦးမှ နေအိမ်အတွင်းဝင်ရောက်ရိုက်နှက်မှု ဇူလိုင် ၂၆ ရက်တွင် ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်ကို ထိုးနှက်ခံရသူ ဦးလရှီးလဗျလဆန်းမှ “တပ်ဖွဲ့၀င်နှစ်ဦးသည် ညသန်းခေါင် ၁၁ နာရီ အချိန်တွင်  စစ်သားဝတ်ဖြင့်မဟုတ်ဘဲ ရိုးရိုးအရပ်ဝတ်နဲ့ရောက်လာခဲ့ကာ နေအိမ်တွင်းသို့၀င်ရောက်ကာ ရှာဖွေခဲ့သည်ဟု ပြောကြား ခဲ့သည်။ ထိုသို့လာရောက်ရှာဖွေချိန်တွင်မူးယစ်ဆေး၀ါးသုံစွဲသူ ဦးလရှီးလဗျလဆန်း၏အကိုမှာနေအိမ်တွင် ရှိမနေခဲ့ပေ။ ထို့နောက်တပ်သားနှစ်ဦးသည် ၎င်းတို့ရှာဖွေတွေ့ရှိသော မူးယစ်ဆေး၀ါးနှင့်ပတ်သက်သည့် ပစ္စည်းကိုယူလာပြီး   ဦးလရှီးလဗျဆန်းအား မူးယစ်ဆေးသုံးစွဲသည်ဟု စွပ်စွဲခဲ့သည်။ ၎င်းမှမိမိနှင့်မသက်ဆိုင်ဟု ငြင်းဆိုခဲ့သောကြောင့် TNLA တပ်သားတစ်ဦးမှ ကိုလရှီးလဗျလဆန်းကို (၁၀)ချက်ခန့်ထိုးခဲ့သည်။  သူ၏အမျိုးသမီးဖြစ်သူ မနန်းဂျာအောင်ကိုလည်း တစ်ချက်ထိုးနှက်ခဲ့သည်။ ထို့နောက်၎င်းတို့နှစ်ဦးရှာဖွေတွေ့ရှိထားသည့်ပစ္စည်းကိုကိုင်ပြီး ဆဲဆိုကာ သက်သေအဖြစ် ထားရှိမည်ဟု ပြောဆိုခဲ့သည်ဟု ကာယကံရှင်မှပြောကြားခဲ့သည်။

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ကအသက်မပြည့်သေးသည့်တအာင်းအမျိုးသမီးငယ်တစ်ဦးကိုဖမ်းဆီးခေါ်ဆောင်| ၇ သြဂုတ် ၂၀၂၀

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့၊ မုံးစီးဒေသ၊ ယုန်မောအုပ်စု၊နာခိုင်းကျေးရွာတွင်ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သည် ကျေးရွာတွင်းသို့ ရောက်ရှိလာပြီး တအာင်းအမျိုးသမီးငယ်တစ်ဦးဖြစ်သည့် လွေးအီ – အသက် (၁၆) နှစ်အား ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ လွေးအီ၏ ဖခင် ဦးအိုက်မောင်သည် ကချင်လွတ်မြောက်ရေးတပ်မတော်ထဲတွင် တာဝန်ထမ်းဆောင် နေသော တပ်သားတစ်ဦး ဖြစ်ပြီး (KIA) တပ်ထဲတွင် တာဝန်မထမ်း ဆောင်လိုသောကြောင့် (KIA) တပ်ထဲမှ ထွက်ပြေးခဲ့သည်ဟု သိခဲ့ရသည်။

မိုင်းကိုင်တွင်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်TNPကိုယ်စားလှယ်များကိုရှမ်းပြည်ပြန်လည်ထူထောင်ရေး တပ်မတော် RCSS မှ ဟန့်တား

၂၀၂၀ခုနှစ်၊ သြဂတ်လ(၂၀)ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် လာမည့် ၂၀၂၀၊ နိုဝင်ဘာ(၈)ရက်နေ့တွင်ကျင်းပ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် TNP ကိုယ်စားလှယ်များကို RCSS မှ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုလုပ်ရန် သတိပေးခြင်းမျိုး (၂) ကြိမ်ကြုံတွေ့နေရသည်ဟု မြို့နယ်အလုပ်မှုဆောင် အဖွဲ့ထံမှဆက်သွယ်မေးမြန်းချက်အရသိရသည်။

ရှမ်းလူမျိုးအရပ်သားလယ်သမား ပစ်သတ်ခံရမှုနှင့်ပတ်သက်၍ တပ်မတော်မှ အရေးမယူသောကြောင့် ဒေသခံများမကျေနပ် ၊ ၁၀ သြဂုတ် ၂၀၂၀

ရှမ်းလူမျိုးအရပ်သားလယ်သမား ပစ်သတ်ခံရမှုနှင့် ပတ်သက်၍ တပ်မတော်မှ အရေးမယူ သည့်အတွက် ဇွန်လကုန်တွင် ဒေသခံများမှ ဆန္ဒပြတောင်းဆိုမှုဖြစ်ပွားခဲ့သည်။ ဖော်တီးယားမြန်မာ၏ အစီရင်ခံစာတွင် မြန်မာ့တပ်မတော်၏ အရေးယူ ခံရခြင်းမရှိသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ငြင်းဆိုသော နည်းဗျူဟာကို အရပ်သား ပြည်သူများ  မည်ကဲ့သို့တုံ့ပြန်ခဲ့သည်ကို တွေ့နိုင်သည်။ 

မြို့နယ်မြေယာဌာန၏ ထုတ်ပြန်ချက်ကို ကျေးသီးမြို့နယ်ဒေသခံများကန့်ကွက်၊ ၁၁ သြဂုတ် ၂၀၂၀

ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် အတွင်းရှိ မြေဧက ၁၀၀၀ ကျော် ကို ကန့်ကွက်သူမရှိပါက သိမ်းဆည်းခံရမည် ဟု ကျေးသီးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ထုတ်ပြန်ကြေငြာခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး ပန်စေ့အုပ်စု ဥက္ကဌ လုံးစိုင်းတင့်မှ “ကျနော်တို့ လယ်ယာမြေတွေပါ။ စိုက်ပျိုးမြေမရှိရင်ရွာသားတွေဘာလုပ်ကိုင်စားသောက်နိုင်တော့မှာလဲ။ ကျနော်တို့ သဘောမတူပါဘူး။မနက်ဖြန်ကျနော်တို့ ကန့်ကွက်စာသွားတင်ပါမယ် ”ဟုပြောကြားခဲ့သည်။

တအာင်း အရပ်ဘက်အဖွဲ့အစည်းများ နှင့် ဒေသခံများမှ ပျောက်ဆုံးသွားသော ရွာသားများအတွက် တရားမျှတမှုရရန် တောင်းဆို ၊ ၂၆ သြဂုတ် ၂၀၂၀

တပ်မတော်စစ်ကြောင်းမှဖမ်းဆီးခေါ်ဆောင်သွားပြီး ပျောက်ဆုံးနေသော ရွာသားသုံး ဦး၏အလောင်းကို ရှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်ကတ်ကျေးရွာအုပ်စု မိုင်းဆတ်ရွာ တွင်ပြန်လည်တွေ့ရှိပြီးနောက် တအာင်း အရပ်ဘက် အဖွဲ့စည်းများနှင့် မိသားစု၀င်များမှအမှန်တရားနှင့် တရားမျှတမှုအတွက်တောင်းဆို ခဲ့ကြသည်။ တပ်မတော်မှ ထိုအမှုနှင့် ပတ်သက်မှုမရှိနိုင်ကြောင်း ငြင်းဆိုခဲ့သည်။ မြန်မာနိုင်ငံအရပ်ဘက်အဖွဲ့စည်းများနှင့် ND-Burma အဖွဲ့၀င်များ ဖြစ်သော TSYU, HURFOM, KWAT, TWO, Progressive Voice, TWU နှင့် PYO တို့မှလည်း အမှန်တရား ပေါ်ပေါက် ရန်နှင့် တရားမျှတမှုရရှိရန် ပူးပေါင်းတောင်းဆိုခဲ့ကြသည်။

ရွာသားသုံးဦးအသတ်ခံရမှုနှင့်ပတ်သက်ပြီးတပ်မတော်မှ ရွာလူကြီးများနှင့်တွေ့ဆုံ၊ ၂၆ သြဂုတ် ၂၀၂၀

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် တပ်မတော်မှ ထိန်းသိမ်းထားစဉ် ဒေသခံသုံးဦး  အသတ်ခံရမှုနှင့် ပတ်သက်၍ တပ်မတော်ဘက်က စိစစ်ပေးမည့်အကြောင်းနှင့် ကျူးလွန်သည်ဟု စီစစ်တွေ့ရှိခဲ့ပါက  အရေးယူသွားမည် ဆိုသော ရှားရှားပါးပါး တုံ့ပြန်မှုကိုရရှိခဲ့သည်။ ထိုသေဆုံးမှုနှင့်ပတ်သက်၍ ဒေသခံများမှ တရားမျှတမှုရရှိရန် တောင်းဆို မှုများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း RFA ၏သတင်းအရ တပ်မတော်မှထိုအမှုနှင့်ပတ်သက်၍ မည်သည့် ထုတ်ပြန် ကြေငြာ ချက်မှမရှိကြောင်း သိရှိရသည်။

ကရင်ပြည်နယ်      

မြန်မာတပ်မတော်မှ ပစ်သတ်ခြင်းခံရသော ကရင်ရွာသူနော်မုနော်၏အမှု တရာမျှတမှုရှိရေးအတွက် ကရင်ဒေသခံများ တောင်းဆို၊  ၁၁ သြဂုတ် ၂၀၂၀

ကရင်အရပ်ဘက်အဖွဲ့များဖြစ်သော ကရင်အမျိုးသမီးအစည်းအရုံး (KWO) နှင့် ကရင်ငြိမ်းချမ်းရေး အထောက်အကူ ပြုကွန်ရက် (KPSN) တို့မှ ပစ်သတ်ခံရသော နော်မုနော်အမှုတွင် ပွင့်လင်းမြင်သာမှုမရှိသည့်အပေါ် ရှုတ်ချခဲ့သည်။  ကျူးလွန်ခဲ့သော တပ်မတော်သားနှစ်ဦးကို  စစ်တရားရုံး၏ အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ထားသော် လည်း ပြစ်ဒဏ်၏ အသေးစိတ်အချက်အလက်ကို အတိအကျဖော်ပြ ထားခြင်း မရှိကြောင်းတွေ့ရ သည်။

ကရင်အာဇာနည်နေ့ကို ဦးဆောင်ကျင်းပသူ သုံးဦးဖမ်းဆီးခံရ၊ ၁၃ သြဂုတ် ၂၀၂၀

နှစ် ၇၀ ပြည့် ကရင့်အာဇာနည်နေ့ကို ဒီကနေ့ ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံမှာ ပြုလုပ်ခဲ့ပြီး အခမ်းအနားကျင်းပနေစဉ် ဦးဆောင်ကျင်းပသူ သုံးဦးကို ဖမ်းဆီးခဲ့ပြီး ငြိမ်းစုစီပုဒ်မ ၂၀ ဖြင့် တရားစွဲဆို ခဲ့သည်။ ကရင်အမျိုးသမီး အစည်းအရုံး (KWO), ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) နှင့် ကရင်ငြီမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) တို့မှ တရားစွဲဆိုမှုကို ရုတ်သိမ်းပေးရန်နှင့်  တိုင်းရင်းသားတို့၏ ရိုးရာဓလေ့နှင့် ပွဲလမ်းသဘင်များကို လေးစားအသိမှတ်ပြုရန် တောင်းဆိုခဲ့သည်။

 ကချင်ပြည်နယ်

 ကပ်ရောဂါကာလအတွင်း KIA အခွန်ကြောင့်ဒေသခံများအခက်ကြုံ | ၆ သြဂုတ် ၂၀၂၀

KIA မှ နှစ်စဉ် အခွန်ငွေကောက်ခံ သော်လည်း ယခုနှစ်တွင် Covid-19 ကပ်ရောဂါကြောင့် အလုပ်အကိုင်များ ခက်ခဲသောကြောင့်  ဒေသခံများအခက်အခဲများနှင့် ရင်ဆိုင်ရသည်။ ကချင်ပြည်နယ်တွင် အစိုးရတပ်မတော်နဲ့  KIA တို့ကြား တိုက်ပွဲတွေစတင်ဖြစ်ပွားလာခဲ့သော ၁၉၆၀ပြည့်လွန်နှစ်တွေမှစ၍ ဒေသခံပြည်သူတွေများသည် ဆက်ကြေး အခွန်ပေးဆောင်ရခြင်း၊ တပ်သားသစ် စုဆောင်းခံရခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းနှင့် ပေါ်တာဆွဲခံရခြင်း  အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုး ခံစားနေရသည်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် မဆုရတနာမြင့် ပြန်လည်လွတ်မြောက်၊ ၁၉ သြဂုတ် ၂၀၂၀

တပ်မတော်ကို အကြည်ညိုပျက်စေအောင် သံချပ်ထိုးမှုဖြင့် တရားစွဲဆိုဆို ထောင်ချခံထားရသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် မဆုရတနာမြင့်သည် သြဂုတ်လ ၁၉ ရက်တွင်ပြန်လည် လွတ်မြောက်လာခဲ့သည်။ မဆုရတနာမြင့်သည်  တပ်မတော်မှ တရားစွဲဆိုသည့် အမှုများကြောင့် စုစုပေါင်း ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

အင်တာနက်ပြန်ဖွင့်ပေးရန်တောင်းဆိုသူများကို တရားစွဲဆိုထားခြင်းအားရုတ်သိမ်းရန်တောင်းဆို၊ ၂၀ သြဂုတ် ၂၀၂၀

Access Now မှ တစ်နှစ်ကျော်ကြာ အင်တာနက်ပိတ်ဆို့မှုကို ပြန်ဖွင့်ပေးရန်တောင်းဆိုခဲ့သော ကဗျာဆရာမောင်ဆောင်းခ နှင့် အခွင့်အရေးလှုပ်ရှားသူများအား တရားစွဲဆိုထားခြင်းကို ရှုတ်ချပြီးရုတ်သိမ်းပေးရန်တောင်းဆိုခဲ့သည်။

အဖြစ်သဘောဖွင့်ပေးထားသောအင်တာနက်ကို 4G အဆင့်သို့ မြှင့်တင်ပေးရန် အဖွဲ့အစည်းများတောင်းဆို၊ ၂၄ သြဂုတ် ၂၀၂၀

ရခိုင်ပြည်နယ်မှ မြို့နယ် ၇ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အပါအဝင် မြို့နယ် (၈) ခုတို့တွင် အစိုးရမှ အဖြစ်သဘော ဖွင့်ပေးထားသော 2G အင်တာနက်မှာ အသုံးပြု၍ မရရှိသဖြင့် ကိုဗစ်ရောဂါ ကျယ်ပြန့်စွာ ဖြစ်လာသော အချိန်တွင် 4G အဆင့်သို့ တိုးမြှင့်ပေးရန် မြောက်ဦးလူငယ်များ အစည်းအရုံး (MUYA) ပြည်ထောင်စုအစိုးရအားကြေညာချက်ထုတ် တောင်းဆိုလိုက်သည်။ အသံ (လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့)မှလည်း အလားတူထုတ်ပြန် တောင်းဆို ခဲ့သည်။

ဗကသကျောင်းသားခေါင်းဆောင်ဟောင်း ထောင်ဒဏ် ၆ လ ချမှတ်ခံရ၊ ၂၆ သြဂုတ် ၂၀၂၀

၂၀၁၅ ခုနှစ်၊ ကျောင်းသားသပိတ်ကိစ္စဖြင့် တိမ်းရှောင်ခဲ့စဥ်က မှတ်ပုံတင်အတုကိုင်ဆောင်ခဲ့မှုနှင့်ပတ်သက်၍ ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်းဖြစ်သူ ကိုလင်းထက်နိုင်(ခေါ်) ကိုဂျိမ်းစ်ကို ကျောက်တံတားမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၆လ ချမှတ်လိုက်သည်။ အဆိုပါအမှုသည် ၂၀၁၆ ခုနှစ်တွင် နိုင်ငံတော်ကထုတ်ပြန်ခဲ့သည့် လွတ်ငြိမ်း ချမ်းသာခွင့်အမိန့်နှင့် အကျုံးဝင်သောအမှုဖြစ်သဖြင့် အမှုတရားစွဲတင်ပြီးပါက ရုတ်သိမ်းနိုင်ရေး ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တရားရုံးသို့ညှိနှိုင်းအကြောင်းကြားခဲ့သော်လည်း လဝကဝန်ကြီးဌာနမှ ရုတ်သိမ်းပေးခဲ့ခြင်း မရှိသဖြင့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၆၈ အရ အလုပ်နှင့်ထောင်ဒဏ် ၆လချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အစိုးရကို ဝေဖန်ရေးသားသူတစ်ဦး ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံရ၊ ၂၆ သြဂုတ် ၂၀၂၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ လူမှုရေးလှုပ်ရှားသူ ဦးစိုးနိုင်အား COVID-19 ကပ်ရောဂါအပါအဝင် ပြည်နယ်အစိုးရ၏ လုပ်ဆောင်ချက်များအကြောင်း လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ရေးသားသည်ဟုဆိုကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)  ဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးမှ အမှုဖွင့်ခဲ့သည်။  

အဖွဲ့၀င်များ၏ နောက်ဆုံးရသတင်း

 ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)မှ ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် တစ်ပတ်အတွင်း မြေမြှုပ်မိုင်း နင်းမိသောကြောင့် ချင်းလူမျိုး (၃) ဦးသေဆုံးပြီး (၁)ဦးပြင်းထန်စွာဒဏ်ရာရရှိ ခဲ့ကြောင်း သတင်းထုတ် ပြန် ခဲ့သည်။ CHRO မှ နောက်ဆုံးရသတင်းများကိုပုံမှန် ထုတ်ပြန်လေ့ရှိသည်။ သတင်းများကိုဖတ်ရှုရန် ဤနေရာတွင်စာရင်းသွင်းဖတ်ရှုပါ။

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) မှ Sang Hnin Lian သည် အပြည်ပြည်ဆိုင်ရာအတင်းအဓမ္မ ပျောက်ကွယ်သွားသူ များနေ့တွင် လက်နက်ကိုင်ပဋိပက္ခတွင်ပါ၀င်ဆက်နွယ်သောသူတစ်ဦးတစ်ယောက်စီတိုင်းသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေ ကိုလေးစားလိုက်နာသင့်ကြောင်း Asia Time တွင်ရေးသားတိုက်တွန်း ခဲ့သည်။ CHRO မှ ပလက်၀ဒေသရှိ အရပ်သားပြည်သူများအား ဖမ်းဆီးခြင်းကိုအဆုံးသတ်ရန်နှင့် ပျောက်ဆုံးနေသော သူများကိုအတည်ပြုပေးရန် တောင်းဆိုခဲ့သည်။

ကိုဘိုကြည် (တွဲဖက်အတွင်းရေးမှူး) နိုင်ငံရေးအကျဥ်းသားကူညီစောင့်ရှောက်ရေးအသင်း  မှ လာမည့် ရွေးကောက်ပွဲတွင် ပြည်သူများ မည်ကဲ့သို့မဲပေးသင့်သည်နှင့်ပတ်သက်ပြီး ဧရာ၀တီသတင်းဌါနသို့ ပြောကြားခဲ့သည်။ ထိုသို့ပြောဆိုချက် များအနက် ပြုပြင်ပြောင်းလဲရေးအတွက် အရေးပါဆုံးသောအချက်မှာ ရွေးကောက်ပွဲလုပ်ငန်းစဥ်တွင် ပါ၀င်ရန်ဖြစ် သည်။

AAPP မှ ပစ်ပယ်ချိုးနှိမ်ခံများအပါအဝင်အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေး အစီရင်ခံစာသစ် ကိုလည်း ထုတ်ပြန် ခဲ့သည်။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း စီမံကိန်းဒါရိုက်တာ နိုင်အဲမွန်  မှ အယ်ဒီတာ Janeen Sawatzky နှင့်တွဲဖက်၍ NLD ၏ COVID-19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်သည် မွန်၊ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသများရှိ ၀ေးလံ ခေါင်သီသောဒေသရှိ နေရပ်စွန့်ခွါထွက်ပြေးတိမ်းရှောင်ရသူများမှ မရရှိမှုနှင့် ပတ်သက်၍ ဖော်တီးယား မြန်မာ ဆောင်းပါးတွင် ပူးတွဲရေးသားခဲ့သည်။

ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး(AASYC)သုတေသနနှင့် မှတ်တမ်းဌာနမှ  “၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း ရခိုင်ပြည်ရေးရာ သတင်းသုံးသပ်ချက်” ကိုထုတ်ပြန်ခဲ့သည်။ သတင်းသုံးသပ်ချက်ကို ဖတ်ရှုရန် ဤနေရာတွင်ရယူပါ။

အရေးပေါ်ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးစီမံကိန်းများချမှတ်ရာတွင်မူဝါဒရေးဆွဲသူများအနေဖြင့်အနေဖြင့်ကိုးကား

နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည်တွင်းCOVID-19 ကပ်ရောဂါကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ရခိုင်ပြည်လုံး  ဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး(AASYC)မှ ၂၀၂၀ခုနှစ်၊ ဧပြီလမှဇူလိုင်လအထိ ထုတ်ဝေခဲ့သော တွေ့ရှိ ချက်၊ သုံးသပ်ချက်နှင့်အကြံပြုချက်များပါသော အစီရင်ခံစာကိုထုတ်၀ေခဲ့သည်။ ဖတ်ရှုရန် ဤနေရာတွင်ရယူပါ။

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ND-Burmaအဖွဲ့၀င် ၁၃ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် နိုင်ငံရေးအကျဥ်းသားများအားကိုယ်စားပြုသောအဖွဲ့ဖြစ်သည်။နစ်နာခဲ့သူများတရားမျှတမှုရရှိရေးအတွက်လူ့အခွင့်အရေးချိုးဖောက်မှုများကို ၂၀၀၄ ခုနှစ်မှစတင်၍ မှတ်တမ်းတင် နေသည့် အဖွဲ့အစည်းဖြစ်သည်။

တင်းပြည့် အဖွဲ့အစည်းများ

၁။နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)

၂။ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM)

၃။ကချင်အမျိုးသမီးများအစည်းအရုံး -ထိုင်းနိုင်ငံ (KWAT)

၄။တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)

၅။တအာင်းကျောင်းသားလူငယ်များ အဖွဲ့ (TSYU)

၆။ထားဝယ် အမျိုးသမီးသမဂ္ဂ (TWU)

၇။လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့  (HRDP)

၈။ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး( AASYC)

၉။အနာဂါတ်အလင်းတန်းဆုံမှတ် (FLC)

ဆက်စပ်အဖွဲ့ဝင်များ

၁။ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)

၂။ပအိုဝ်းလူငယ်များအစည်းအရုံး (PYO)

၃။ပဲခူး အရှေ့ – ယခင် နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက် (EB-FPPN)

၄။ ရှေ့ပြေးအသံ (PV)

ရက်စွဲ။ ။ စက်တင်ဘာ၊ ၁ ရက်၊ ၂၀၂၀ ခုနှစ်

မူဆယ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်တွင် နေထိုင်သော ရွာသား ၃ ဦးသည် မေလ ၂၉ ရက် ၂၀၂၀ ခုနှစ်တွင် မြန်မာ့တပ်မတော် တပ်မ (၉၉)၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ၃ လ ကြာ သတင်းအစအန ပျောက်ဆုံးပြီးနောက် သြဂုတ်လ ၂၀ ရက်နေ့တွင် ရွာသူ ရွာသားအချို့မှ အလောင်းကို စတင်တွေ့ရှိပြီး သက်ဆိုင်ရာ မူဆယ်မြို့ ရဲစခန်းသို့ အသိပေး အကြောင်းကြားပြီး တူးဖော်ကြည့်ခဲ့ရာ ပျောက်ဆုံး နေသည့် ရွာသားများ၏ အလောင်း ဖြစ်ကြောင်း သိရသည်။

၎င်းရွာသား ၃ ဦးအနက် နှစ်ဦး (မိုင်းညီလိတ်နှင့်မိုင်းညီထော်န်း) သည် မူဆယ်မြို့နယ် နမ့်ကတ်အုပ်စု မန်ကန်ကျေးရွာနှင့် မိုင်းဆက်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး မီးသွေးဖုတ်နေစဉ် မြန်မာ့တပ်မတော် တပ်မ ၉၉ ၏ ဖမ်းဆီးခြင်းခံခဲ့သည်ဟု မျက်မြင်သက်သေ ပြောချက်အရ သိရသည်။ ကျန်ရွာသား တစ်ဦး(မိုင်းအိုက်လုမ်)သည် နမ့်ခမ်းမြို့နယ် လွယ်မွန်းကျေးရွာ နေထိုင်သူဖြစ်ပြီး သီးသန့်ဖမ်းခံရသည့် အတွက် မည်သည့်ပုံစံ၊ မည်သည့်နေရာတွင် ဖမ်းဆီးခြင်းခံရသည်ကို သေချာမသိခဲ့ရပေ။

သေဆုံးသူ ဦးအိုက်လိတ်၏ ဇနီးမှ “သူတို့တွေက ဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သက်မှု မရှိဘဲနဲ့ အခုလို အဖြစ်မျိုး ကြုံတွေ့ရတော့ အရမ်းစိတ်နာတယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွှေတွေ ငွေတွေ ဘယ်လောက်ဘဲ ပုံအပ်ပေးပါစေ ဘယ်လိုမှ မကျေနပ်နိုင်သလို ဘယ်တော့မှလည်း မေ့လို့ရမှာ မဟုတ်ဘူး၊ နောက်နောင် သူတို့လို အဖြစ်မျိုး ဘယ်သူမှ ထပ်မကြုံစေချင်တော့ဘူး၊ ပြီးတော့ စစ်သားနဲ့ ပြည်သူကို ခွဲခြား သိစေချင်တယ် ” ဟုပြောဆိုပါသည်။

မြန်မာ့တပ်မတော် တပ်မ (၉၉)၏ အရပ်သားများ မတရားဖမ်းဆီး၊ သတ်ဖြတ်ခြင်း လုပ်ရပ်သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း၏ ရည်ရွယ်ချက်ကို ဆန့်ကျင်သည့်အပြင် အပိုဒ် (၃) “ မည်သူကိုမှ ညှင်းပမ်းနှိပ်စက်ခြင်း သိုမဟုတ် ရက်စက်ကြမ်းကြုတ်သော၊ လူမဆန်သော၊ လူ့သိက္ခာ ညှိုးနွမ်းစေသော ပြုမူဆက်ဆံခြင်း သို့မဟုတ် အပြစ်ဒဏ်ပေးခြင်းမပြုရ”၊ ဂျီနီဗာစာချုပ် နံပတ် ၄ လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သားများ ကာကွယ်မှုကိုလည်းကောင်း၊ နိုင်ငံတကာ လက်နက်ကိုင် မဟုတ်သော လက်နက်ကိုင်ပဋိပက္ခ (non-international armed conflict-NIAC)တွင် စစ်သည်များ လိုက်နာ ရမည့် အပိုဒ် ၃ (common article 3) ကိုလည်း အတိအလင်းချိုးဖောက် နေသည်ကို တွေ့ရပါသည်။

ထို့ပြင် နိုင်ငံတကာအသိုင်းအဝန်းများအား နိုင်ငံတကာကြီးလေးသောပြစ်မှု၊ နိုင်ငံတကာ ဓလေ့ထုံးတမ်း ဥပဒေအဖြစ် သတ်မှတ်လာပြီးဖြစ်သော အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ နိုင်ငံတိုင်းတွင် လေးစား လိုက်နာရမည့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ (International Humanitarian Law-IHL) ၏ အခြေခံမူတခုဖြစ်သော အရပ်သားများကို ပစ်မှတ်ထားမတိုက်ခိုက်ရဟူသော ခွဲခြားသိမြင်ခြင်း (distinction) ကိုလည်း ချိုးဖောက်ပါသည်။ မြန်မာအစိုးရသည် ၁၉၉၂ ခုနှစ်တွင် ဂျီနီဗာ စာချုပ်၏ အဖွဲ့ဝင် နိုင်ငံတခု ဖြစ်လာခဲ့သည့်အတွက် စာချုပ်ပါ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများပါတိုင်း လိုက်နာ ဆောင်ရွက်ရန် လိုအပ်သည်။

အထက်ပါ အကြောင်းအရာနှင့် ပတ်သက်၍ မူဆယ်မြို့နယ် တအာင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ သြဂုတ်လ ၂၆ ရက် ၂၀၂၀ ခုနှစ်တွင် သဘောထားထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်ပြီးနောက် မြန်မာ့တပ်မတော် တပ်မ (၉၉) တပ်ရင်းမှူးမှ ၎င်းတို့ကို (မူဆယ်မြို့ တအာင်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီ) သြဂုတ်လ ၂၇ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာတွင် ခေါ်ယူတွေ့ဆုံခဲ့ပြီး တပ်မ (၉၉)၏ တပ်သားများ ကျူးလွန်မှု ရှိ၊ မရှိ စုံစမ်းပေးမည်ဟု ပြောဆိုပြီးနောက် သြဂုတ်လ ၃၁ ရက်နေ့ မနက်တွင် မြန်မာ့တပ်မတော် တပ်မ (၉၉)မှ တပ်မမှူး၏ PSO မှ ဖုန်းဆက်ပြီး “ ကျတော်တို့ မှတ်တမ်းအရ သူတို့တွေ ဖမ်းခံရတဲ့နေ့မှာ တပ်မ (၉၉) အနေနဲ့ ဘာလှုပ်ရှားမှုမှ မရှိဘူး၊ ဘာအစီရင်ခံစာမှ တက်မလာဘူးဆိုတော့ ကျတော်တို့ အဖွဲ့ ကျူးလွန်တာ မဟုတ်ဘူး၊ တခြားအဖွဲ့တော့ မပြောတတ်ဘူး”ဟုပြောဆိုခဲ့သည်

တအာင်းအရပ်ဖက်အဖွဲ့အစည်း၏ တာဝန်ရှိသူ လွေးပို;လဘားမှ “ ရွာသားတွေကို လချီဖမ်းဆီး ထိန်းသိမ်းတယ်၊ ပြီးတော့ ရက်ရက်စက်စက် သတ်ဖြတ်တဲ့ ကိစ္စဟာ ကြီးမားတဲ့ ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်တယ်၊ ပြီးရင် နစ်နာသွားတဲ့ မိသားစုအတွက် အမှန်တရားနဲ့ တရားမျှတမှုကို အမြန်ဆုံးဖော်ဆောင်ပေးစေချင်တယ်၊ ဒီကိစ္စကို တာဝန်ယူမှု ရှိဖို့ လိုအပ်တယ်၊ ပြီးတော့ ကျူးလွန်တဲ့ တပ်ဖွဲ့ကို အပြစ်ပေးအရေးယူမှု ပြုလုပ်ပေးမှ တရားဥပဒေ စိုးမိုးမှုရှိမယ်၊” ဟု ပြောဆိုပါသည်။

တောင်းဆိုချက်များ

  1. အသတ်ခံရသည့် ရွာသားအမှုနှင့် ပတ်သက်၍ အမြန်ဆုံး စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီး အမှန်တရား ပေါ်ပေါက်ရေးနှင့် တရားမျှတမှု ရရှိရေးအတွက် ဖော်ဆောင်ပေးရန်။
  2. မြန်မာ့တပ်မတော်က ပြစ်မှု ကျူးလွန်နေသည့် တပ်ဖွဲ့အား အများပြည်သူရှေ့တွင် ပွင့်လင်း မြင်သာမှုရှိသော ထိရောက်သည့် အပြစ်ပေးအရေးယူမှု ပြုလုပ်ပေးရန်။
  3. ကျန်ရစ်သူ (နစ်နာသူ) မိသားစုအတွက် သင့်လျော်သည့် ပြန်လည်ကုစား ပေးမှု ပြုလုပ်ပေးရန်။
  4. နောက်နောင် ယခုကဲ့သို့ ချိုးဖောက်မှု သာမက အခြားသော မည်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးကို မဆို မပြုလုပ်ရန်။
  5. ပြည်သူလူထုကို ဓားစာခံအဖြစ် အသုံးပြုခြင်းမှ ရပ်တန့်ပေးရန်။
  6. တိုင်းရင်းသားဒေသအတွင်း ထိုးစစ်ဆင်မှုကို ရပ်တန့်ပေးရန်နှင့် ဂျီနီဗာ စာချုပ်နှင့် အခြားနိုင်ငံတကာဥပဒေကို လေးစားလိုက်နာရန်။
  7. အားလုံး ပါဝင်သည့် စစ်မှန်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖော်ဆောင်ပေးရန်။

ဆက်သွယ်ရန်

လွေးလှားရိန်း – 09- 257 726 713

မိုင်းဂုင်ဆငည်း – 09-258 385 728

လွေးချှီ,ဆငါး – 09- 791 530 451

ပူးပေါင်းပါဝင်သည့်အဖွဲ့အစည်းများ

၁) တအာင်းအမျိုးသမီးအဖွဲ့အစည်း

၂) တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့

၃) တအာင်းဥပဒေအထောက်အကူပြုအဖွဲ့

၄) လူမှုသဟဇာတဖော်ဆောင်ရေးအဖွဲ့ – Synergy

၅) လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့- HRDP

၆) နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – AAPP

၇) Generation Wave – GW

၈) ညီမျှခြင်းမြန်မာ – (EQMM)

၉) လူ့အခွင့်အရေးပညာပေးသူများ ကွန်ရက်-HREN

၁၀) Karenni Human Rights Group – KnHRG

၁၁) Myanmar People Alliance – MPA (SS)

၁၂) လောကအလင်း လူမှုဖွံ့ဖြိုးရေးအဖွဲ့အစည်း- Loka Ahlinn (LA)

၁၃) Metta Campaign Mandalay

၁၄) Genuine People’s Servants – GPS

၁၅) အသံ – လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ (Athan)

၁၆) ပ္လါင်ဆငည်းလူငယ် (နမ့်ခမ်းမြို့)

၁၇) လွယ်ပန်တအာင်းလူငယ် (တန့်ယန်း)

၁၈) အိုမ်တမာဝ်လူမှုကူညီရေးအသင်း (ကျောက်မဲ)

၁၉) မန္တလေး တအာင်းလူငယ်အဖွဲ့

၂၀) မိုးသောက်ကြယ် လူမှုကူညီရေးအသင်း (မန်တုံ)

၂၁) လားရှိုးတအာင်းလူငယ်အဖွဲ့ (LTY)

၂၂) တအာင်းလူငယ်အဖွဲ့ (နမ္မတူ)

၂၃) တအာင်းလူငယ်အဖွဲ့ (မူဆယ်)

၂၄) Future Light Center

၂၅) Open Myanmar Initiative – OMI

၂၆) ရှေ့ပြေးအသံ (PV)

၂၇) ရန်ကုန်တအာင်းလူငယ်အဖွဲ့

၂၈) တအာင်းလူငယ်အဖွဲ့ (ကွတ်ခိုင်)

၂၉) ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ (RWIO)

၃၀) Burma Rivers Network – BRN

၃၁) ရှမ်းပြည်နယ်မြောက်ပိုင်းလူသားချင်း စာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (HST-NSS)

၃၂) တအာင်းလူငယ်အဖွဲ့ (မိုးမိတ်)

၃၃) Action Committee for Democracy Development (ACDD)

  • ရွှေခြံမြေကွန်ရက်၊ ကွမ်းခြံကုန်းမြို့နယ်
  • ရပ်ရွာငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ရှေ့ဆောင်အဖွဲ့၊ ကလေးမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီး
  • ဒို့လယ်ယာကွန်ရက်၊ ဟင်္သာတမြို့နယ်၊ ဧရာဝတီ
  • လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးကွန်ရက်၊ ချောက်မြို့နယ် မကွေးတိုင်းဒေသကြီး
  • အလုပ်သမားအဖွဲ့အစည်းပေါ်ပေါက်ရေးနှင့် အမျိုးသမီးအခွင့်အရေး အသိပညာပေးရေး (ပဲခူးကွန်ရက်) ပဲခူးတိုင်းဒေသကြီး
  • တောင်သူလယ်သမားများနှင့် ရေလုပ်သားများ အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးကွန်ရက် မြစ်ကျိုးတိုက်နယ်၊ ပဲခူးတိုင်းဒေသကြီး
  • ဥသျှစ်ပင် လူငယ်ကွန်ရက်၊ ဥသျှစ်ပင်မြို့၊ ပန်းတောင်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး
  • Peasants’ Legal Aid Network-Arakanယ မြောက်ဦးမြို့နယ် ရခိုင်ပြည်နယ်
  • မွန်လူငယ်ကွန်ရက်-ရေး၊ ရေးလမိုင်း၊ မွန်ပြည်နယ်
  • လူမှုဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးကွန်ရက်၊ ပေါင်မြို့နယ်၊ မွန်ပြည်နယ်
  • Ramkhye – ရမ်းခေး၊ မြစ်ကြီးနားကွန်ရက်၊ ကချင်ပြည်နယ်
  • Justice Drum ကွန်ရက်၊ တောင်ကြီးမြို့နယ် ရှမ်းပြည်နယ်တောင်ပိုင်း

၃၄) အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB

  • မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)
  • ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO)
  • ကချင်အမျိုးသမီးအစည်းအရုံး ထိုင်းနိုင်ငံ (KWAT)
  • ကူကီးအမျိုးသမီးဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး (KWHRO)
  • ကရင်အမျိုးသမီးအစည်းအရုံး (KWO)
  • ကယန်းအမျိုးသမီးအစည်းအရုံး (WyWO)
  • လားဟူအမျိုးသမီးအစည်းအရုံး (LWO)
  • ပအိုဝ်းအမျိုးသမီးသမဂ္ဂ (PWU)
  • ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN)
  • ထားဝယ်အမျိုးသမီး သမဂ္ဂ (TWU)
  • တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့ (WJ)

၃၅) Open Myanmar Initiative

၃၆) The Seagull: Human Rights, Peace & Development

၃၇) Thanlwin Citizens’ Empowerment Program

၃၈) မိတ်ဆွေစစ်အဖွဲ့

၃၉) Karen Human Rights Group – (KHRG)

၄၀) Karen Peace Support Network – KPSN

၄၁) Students and Youth Congress of Burma – SYCB

၄၂) မိုးကုတ်တအာင်းလူငယ်အဖွဲ့

၄၃) HURFOM

၄၄) Paungsee Arr Institute

၄၅) Humanity Institute

၄၆) New Star Law Firm

၄၇) ရှမ်းလူငယ်များအဖွဲ့ – TYO

၄၈) မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက် – TYN

၄၉) အရပ်ဖက်လူ့အဖွဲ့အစည်းငြိမ်းချမ်းရေးဖိုရမ် (CSFOP)

၅၀) Youth Circle

၅၁) Action Group For Farmer Affair-AGFA (Bago)

၅၂) သင့်မြတ်သူများ၏ ငြိမ်းချမ်းရေးလမ်းစဉ်အဖွဲ့ (PoPP)

၅၃) Halcyon

၅၄) Karen Institute of Strategic Studies

၅၅) Myanmar Cultural Research Society (MCRS)

၅၆) Peace Working Committee

၅၇) Social Program Aid for Civic Education (SPACE)

၅၈) Peasant Legal Aid Network (PLAN)

၅၉) All Arakan Civil Society Organization Partnership

၆၀) Wan Lark Development Foundation

၆၁) NeT Organization

၆၂) Kachin Peace Network

၆၃) ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC)

၆၄) Myo Thant, Land Activist

၆၅) Myat Noe, Peace Lover

၆၆) Htet Htet Aung, Civic educator

၆၇) Nay Win, Green Images Myanmar

၆၈) Enlightened Myanmar Research Foundation (EMReF)

၆၉) Pa-O Youth Organization (PYO)

၇၀) Paung Ku (ပေါင်းကူး)

မြန်မာဘာသာဖြင့် ထုတ်ပြန်ချက် PDF ဖိုင်ရယူရန်။

Download PDF in English.