■ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ တပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ ကြား တိုက်ပွဲကြောင့် ဒေသခံ ၆၀၀ နီးပါး ထွက်ပြေးနေကြပါတယ်။
ကျောက်ကြီးမြို့နယ် မူဒယ်ကျေးရွာ အထက်ဘက် ချောင်းနှစ်ခွဘက်မှာ မနေ့က တိုက်ပွဲဖြစ်ပွားပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ညောင်လေးပင်ခရိုင် ကရင်အရပ်ဖက်လူမှုအဖွဲ့က စောအောင်ကဲ က ပြောပါတယ်။
တိုက်ပွဲအခြေအနေကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူနဲ့ KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင် ကျောက်ကြီးဆက်ဆံရေးရုံး တာဝန်ရှိသူကို RFA က ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းမဖြေပါဘူး။
တပ်မတော်ဘက်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ ခလရ ၅၇ တပ်ရင်းက နယ်မြေကျော်လှုပ်ရှားတာကြောင့် မနေ့က တိုက်ပွဲ နှစ်ကြိမ်ဖြစ်ခဲ့တာလို့ KNU ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃ အုပ်ချုပ်ရေးနယ်မြေက ခဲဒဲကျေးရွာအုပ်စုမှာပါဝင်တဲ့ ကျေးရွာ သုံးရွာက လူဦးရေ ၅၈၈ ယောက် ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း KNU ပြန်ကြားရေးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်လောက်ကလည်း KNU တပ်မဟာ ၃ နယ်မြေမှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး ဒေသခံတွေက တပ်စခန်းတွေ ဖယ်ရှားဖို့ ကြေညာချက်ထုတ် တောင်းဆိုထားကြပါတယ်။
ကျောက်ကြီးနဲ့ နယ်မြေထိစပ်နေတဲ့ ကရင်ပြည်နယ် ဖာပွန်မြို့နယ်က KNU တပ်မဟာ ၅ နယ်မြေမှာလည်း တပ်မတော်နဲ့ KNU တို့ စစ်ရေးတင်းမာနေပါတယ်။
တိုက်ပွဲဖြစ်နေတာတွေရပ်တန့်ဖို့ကိစ္စ တွေ့ဆုံဆွေးနွေးဖို့ တပ်မတော်ကို KNU က စာပို့တောင်းဆိုထားပေမယ့် တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း KNU က ပြောထားပါတယ်။
Photo: KNU Ler Doh organisational department
(တပ်နဲ့ KNU တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ကျောက်ကြီးမြို့နယ်မှ ခဲဒဲရွာသားတွေကို ၂၀၂၁ ဇန်နဝါရီ ၁၁ ရက်နေ့က တွေ့ရစဉ်)

တပ်မတော်က ဖမ်ဆီးထားတဲ့ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် မာနားရွာသစ်ကျောင်းက ကျောင်းအုပ်ဆရာမကို မိုးကုတ်မြို့နယ်တရားရုံးမှာ ဇန်နဝါရီလ ၁၁ရက်နေ့က ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။

အကျဥ်းချုပ် ခြုံငုံသုံးသပ်ချက်  

ယခုလအတွင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ တိုင်းရင်းသားနိုင်ငံရေးပါတီများ နှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးနိုင်ရန် နှင့် ဘုံသဘောတူညီချက်ကိုရရှိရေးအတွက် ကြိုးပမ်းအားထုတ်ရန် အလုပ်အဖွဲ့ကို ဖွဲ့စည်း ခဲ့သည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) ဒုတိယဥက္ကဋ္ဌ စိုင်းညွန့်လွင်မှ ဖိတ်ခေါ်မှုနှင့် ပတ်သက်၍ မတုံ့ပြန်နိုင်သေးကြောင်း Frontier Myanmar အားပြောကြားခဲ့သည်။ ထိုဖိတ်ခေါ်စာတွင် တိုင်းရင်းသား ပါတီများနှင့်လက်တွဲလုပ်ကိုင်ရန် မျော်လင့်ကြောင်းသာ ဖော်ပြထားပြီး မည်သည့်ကမ်းလမ်းချက်မှ မပါ၀င်ခဲ့ပါ။ အသစ် ဖွဲ့လိုက်သော အလုပ်အဖွဲ့သည် တိုင်းရင်းသား ပါတီများ နှင့် တွေ့ဆုံဆွေးနွေးရန် လျှင်မြန်စွာ ကြိုးစားခဲ့သော်လည်း ဖိတ်ခေါ်စာတွင် လက်တွဲလုပ်ဆောင်မှုတိုးတက်ရန်သာအကြံပြုထားပြီး တိုင်းရင်းသား ပါတီများ ၏ မျှော်မှန်းချက်မှာ NLD နှင့် ယခင်လက်တွဲလုပ်ဆောင်မှု အခြေအနေများကြောင့် သတိထားရသည့်အခြအနေတွင် ရှိသည်။ ယုံကြည်မှု တည်ဆောက်ခြင်းသည်  အစပြုခြင်း၏ အခြေခံအုတ်မြစ် ဖြစ်သည်။

မြန်မာ့တပ်မတော် နှင့် ရက္ခိုင့်တပ်တော် (AA)အကြား တိုက်ပွဲမျာ:ကြောင့် နေရပ်စွန့်ခွါ ထွက်ပြေးရသည့် ဒုက္ခသည် အချို့သည် အထွေထွေရွေးကောက်ပွဲအပြီး သုံးပတ်အကြာနှစ်ဖက် ခေါင်းဆောင်များ တွေ့ဆုံညှိနိုင်းမှုအပြီး တွင် နေရပ် ပြန်သွားခဲ့သည်။ နှစ်ဖက်အကြား တိုက်ပွဲများကြောင့် လူပေါင်း (၂၃၀၀၀၀) ခန့် နေရပ်စွန့်ခွါခဲ့ရပြီး (၃၀၀) ခန့် သေဆုံး ခဲ့ရသည်။ (၄၆) နှစ်မြောက် ရခိုင်ပြည်နယ်နေ့တွင် သမ္မတဦး၀င်းမြင့်မှ  ငြိမ်းချမ်းရေး နှင့် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးအတွက် ညီညွတ်သည့်စုပေါင်းအင်းအားဖြင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း တောင်းဆို ခဲ့သည်။ လက်ရှိချိန်တွင် နှစ်ဦးနှစ်ဖက်လုံသည် အပစ်ခတ်ရပ်စဲ နှင့် ပတ်သက်ပြီး တိတ်တဆိတ် တွေ့ဆုံ ဆွေနွေးမှုကို လေ့လာစောင့်ကြည့် နေကြသည်။ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရကြား ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွင် တပ်မတော်မှ ပါ၀င်သင့်ကြောင်းအကြံပေးခဲ့သည်။ တပ်မတော်အနေဖြင့် အစိုးရ အပါအဝင် ငြိမ်းချမ်းရေးကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်လျှင် ပိုပြီးကောင်းမွန် သင့်တော်မည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD  ပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်မှ ပြောကြားခဲ့သည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တာဝန်ရှိသူများနှင့် ‘ဝ’တပ်ဖွဲ့ထိန်းချုပ်ဒေသ ပန်ဆန်းတွင် တွေ့ဆုံဆွေးနွေး ခဲ့ကြ သည်။ “ငြိမ်းချမ်းရေး နှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေကို ဆောင်ရွက်နိုင်ရန်၊ နှစ်ဖက်အပစ်အခတ်ရပ်စဲရေးကိစ္စ သေချာအောင် လုပ်ဆောင်နိုင်ရန် ကိစ္စတွေများကို အဓိကထားပြီး လုပ်ဆောင်ခဲ့ကြသည်” ဟု AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခ မှ ပြောကြားခဲ့သည်။  NCA ကိုလက်မှတ်မထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် တပ်မတော်နှင့် အစိုးရ အားတွေ့ဆုံပြီး C0VID-19 ကြောင့် နှောင့်နှေးခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အတွက် ဆွေးနွေး ညှိနှိုင်းမှုများလုပ်ဆောင်သွားရန် ဆွေးနွေးခဲ့ကြသည်။

ဤကာလအတွင်းတွင် ရခိုင်အရပ်ဘက်အဖွဲ့အစည်းများမှ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ခြင်း မရှိသည့် ရခိုင်ပြည် နယ်ရှိ ဒေသ များတွင် ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန် သမ္မတဦးဝင်းမြင့်၏ မေတ္တာရပ်ခံ တောင်းဆိုချက်ကို အလျှင်အမြန် အကောင်အထည် ဖော်ရန် တောင်းဆို ခဲ့သည်။ မဲဆန္ဒရှင်များ မဲပေးပိုင်ခွင့်ဆုံးရှုံးခြင်းသည် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်မှုဖြစ်ကြောင်း ပြောဆိုမှုများရှိခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲရလာဒ်အရ အနိုင်ရရှိထားသည့် ရခိုင်အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် များအား စစ်ဘေးရှောင် အမျိုး သမီးများ အရေးနှင့်ပတ်သက်ပြီး လွှတ်တော်အတွင်းမှလုပ်ဆောင်ပေးရန် တိုက်တွန်း မှုများ ရှိခဲ့သည်။ ပြည်တွင်းစစ်ကြောင့် အပစ်မဲ့ပြည်သူများစွာ စစ်ဘေးရှောင်ခဲ့ရပြီး  တပ်မတော်နှင့် AA တို့ကြားတိုက်ပွဲ များနည်းပါလာမှုကြောင့် ဒုက္ခသည် ၃၀၀၀၀ ခန့် အိမ်ပြန်ခဲ့ကြသည်။ စစ်ဘေးဒုက္ခသည် ၂၀၀၀ ခန့်သည် စစ်ဘေးရှောင် စခန်းများတွင် ဆက်လက်ခိုလှုံနေကြရပြီး ရခိုင်တိုင်းရင်းသား ကွန်ကရက်၏ အဆိုအရ ၆၀% သော စစ်ဘေးရှောင် များမှာ အမျိုးသမီးများဖြစ်ကြပြီး ကျန်းမာရေး၊ လုံခြံရေးစောင့်ရှောက်မှုများလို အပ်လျှက်ရှိသည်။

ရခိုင်ပြည်နယ်

ပျောက်ဆုံးသူ ၁၈ ဦးအတွက် မိသားစု၀င်များအမှုဖွင့်ရာ ရဲစခန်းမှလက်မခံ ၊ ဒီဇင်ဘာလ (၁၁) ရက်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လထဲတွင်  မြန်မာ့တပ်မတော်မှ ဖမ်းသွားသော ဒေသခံ ၁၈ ယောက်မှာ ယခုချိန်ထိ ပျောက်နေတဲ့အတွက် မိသားစု၀င်များမှ ဒုတိအကြိမ် အမှုဖွင့် တိုင်တန်းခြင်း ကို ရဲစခန်းမှ လက်မခံခဲ့ပေ။ မတ်လ ၁၃ ရက်နေ့တွင် တင်းမရွာသစ်က ၈ ယောက်၊ မတ်လ ၁၆ ရက်နေ့တွင် တင်းမကြီးရွာမှ ရွာသား ၁၀ ယောက်ကို စုစုပေါင်း ၁၈ ယောက် မြန်မာ့တပ်မတော်က ဖမ်းဆီးသွားခဲ့သည်ဟု မိသားစုတွေမှ ပြောဆိုခဲ့ပြီး ထိုပြောဆိုချက်ကို တပ်မတော်ဘက်မှ ငြင်းဆိုခဲ့သည်။

တင်းမကျေးရွာမှ ရွာသား ၁၈ဦး ပျောက်ဆုံးသည့်ကိစ္စတွင် တပ်မတော်မှ ဖမ်းဆီးထားခြင်း မရှိဘူး ဆိုသော ကာကွယ်ရေးဝန်ကြီးဌာနဘက်မှ တုံ့ပြန်ချက်ကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ယုံကြည်သည့် အတွက် သီးခြားအနေနဲ့ ကွင်းဆင်းပြီး စုံစမ်းစစ်ဆေးတာ မရှိဘူးလို့ ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်မှ ပြောဆိုခဲ့သည်။​ လူ့အခွင့်အရေး ချိုးဖောက်ခံနေရပါတယ်လို့ တိုင်ကြားလာတဲ့ ပြည်သူတွေဆီကို လှမ်းပြီးတော့ ဆက်သွယ်တာတို့၊ မေးမြန်းတာတို့၊ စုံစမ်းတာတို့ မရှိဘဲနဲ့ တစ်ဖက်ကအသံနဲ့ပဲ လူ့အခွင့်အရေး ကော်မရှင်က လမ်းဆုံးနေတဲ့ အခြေအနေမှာ ရှိနေတယ်ဟု ကျောက်တော်မြိုနယ့် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် မှ ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်သည် ကလေးသူငယ်အခွင့်အရေး ဆုံးရှုံးမှုနဲ့ သေဆုံးမှုအများဆုံး ပြည်နယ်ဖြစ်၊ ဒီဇင်ဘာလ (၁၆) ရက်

မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်သည် ပြည်တွင်းစစ်ကြောင့် ကလေးသူငယ်များ  ထိခိုက်သေဆုံး မှု အများဆုံး ဖြစ်နေပြီး မြန်မာနိုင်ငံတွင် ပြဌာန်းထားသော ကလေးသူငယ်အခွင့်အရေး ဥပဒေထဲမှ ရပိုင်ခွင့်များ ဆုံးရှုံးနေရ သည် ဟု အရပ်ဖက်အဖွဲ့အစည်းများမှ ထောက်ပြပြောဆိုခဲ့သည်။ ဇန်နဝါရီ မှ စက်တင်ဘာ (၉)လ အတွင်း မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် တစ်နိုင်ငံလုံးတွင် သေဆုံးခဲ့သော ကလေး (၁၅) ယောက် ရှိပြီး ထိုအထဲမှ (၁၃) ယောက်သည် ရခိုင်ပြည်နယ်မှ ဖြစ်သည်ဟု ယူနီဆက် အစီရင်ခံစာတွင် ဖော်ပြထား ပါသည်။

ပြည်သူ့ရေးရာနှင့် နိုင်ငံသားအခွင့်အရေး ချိုးဖောက်ခံရ သည်ဟု အရပ်ဘက် အဖွဲ့အစည်းမှ ထုတ်ဖော်၊ ဒီဇင်ဘာလ (၂၁) ရက်

Generation Wave အဖွဲ့၏ သတင်းမီဒီယာအခြေပြု လေ့လာစောင့်ကြည့်မှုအရ  ဇွန်လ ၁၆ရက်မှ စက်တင်ဘာလ ၁၅ရက်အထိ ” မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့ သော ပြည်သူ့ရေးရာ နှင့် နိုင်ငံရေး အခွင့် အရေးချိုးဖောက်ခံရမှုများ” ဆိုင်ရာ အစီရင်ခံစာတွင် မတရားဖမ်းဆီးထိန်းသိမ်းခြင်း ခံရသူ (၁၂၄) ဦး ၊ဥပဒေမဲ့သတ်ဖြတ်ခြင်း ခံရသူ (၄၆) ဦး နှင့်လွတ်လပ်စွာ သွားလာခွင့် ပိတ်ပင်တားဆီး ခြင်းခံရသူ (၅၈) ဦးရှိခဲ့သည်။ မတရား ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရသူများတွင်-ကျောင်းသား သမဂ္ဂအဖွဲ့ဝင် (၂၃)ဦး၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူ (၈)ဦး၊ နိုင်ငံရေးပါတီဝင် (၂)ဦး သတင်းမီဒီယာ (၁)ဦး အပါအဝင် မတရားဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရကြောင်း တွေ့ရှိရပါသည်။

ရခိုင်ပြည်နယ်တွင်  မိုင်းထိပြီးမသန်စွမ်းဖြစ်သွားသူများ၏ ဘဝပြန်လည်ထူထောင်ရေးတွင် အစိုးရ၏ အကူအညီများလိုအပ်၊ ဒီဇင်ဘာလ (၂၄ )ရက် ၂၀၂၀

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကာလအတွင်း မြေမြုပ်မိုင်းပေါက်ကွဲ၍ မသန်စွမ်း ဖြစ်သွား ရသူများ၏ ဘဝပြန်လည်ထူထောင်ရာတွင် အစိုးရ၏ အကူအညီများလိုအပ်နေကြောင်း မိုင်းထိ ဒဏ်ရာ ရရှိခဲ့သူများမှ ပြောကြားသည်။​ Rakhine Ethnics Congress ၏အဆိုအရ မြေမြှုပ်မှိုင်း နှင့် တစ်ခြား သောပေါက်ကွဲစေသောစစ်လက်နက်များကြောင့် သေဆုံးသူ (၂၂)ဦးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ (၇၃) ဦး ရှိခဲ့သည်။ 

ချင်းပြည်နယ်

ရက္ခိုင့်တပ်တော် (AA) မှ ထိန်းသိမ်းထားသော ချင်းလူငယ်ပြန်လွတ်လာ၊  ဒီဇင်ဘာ (၁၆) ရက် ၂၀၂၀

၄ လခွဲကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဆလိုင်းအောင်စိုးအား ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့မှ ဒီဇင်ဘာလ (၁၅) ရက်နေ့က ပြန်လည်လွှတ်ပေးလိုက်သည့်အပေါ် ဝမ်းသာကြိုဆို ကြောင်း နှင့် လွှတ်မြောက် နိုင်ရန် ဝိုင်းဝန်းကူညီ ပေးကြသူများကိုလည်း ကျေးဇူးတင်ရှိ ကြောင်း ခူမီးချင်းလူမျိုးနွယ်စုများ ပေါင်းစပ် ညှိနှိုင်းရေးကော်စီ KACC မှကြေညာ ချက်ထုတ်ပြန် ခဲ့သည်။ KACC ၏ စာရင်းအရ ပလက်ဝ မြို့နယ်တွင် ၂၀၁၅ခုနှစ်မှ လက်ရှိချိန်ထိ ရက္ခိုင့် တပ်တော်(AA) မှ ဖမ်းဆီးထားသော အရပ်သား အားလုံးပေါင်း (၁၀၅) ဦးထိရှိခဲ့ပြီး (၈၄ )ဦးမှာ ပြန်လည် လွတ်မြောက် လာပြီး ဖြစ်ကာ (၂၂) ဦးမှာလက်ရှိအချိန်ထိ လွတ်မြောက်လာ ခြင်း မရှိသေးကြောင်းသိရသည်။

ချင်းစစ်ဘေးရှောင်များ အကူအညီလိုအပ်၊ ဒီဇင်ဘာ (၁) ရက် ၂၀၂၀  

အမ်းစစ်ဘေးရှောင်များအတွက် အလှူရှင်ရှားပါးလာမှုကြောင့် စစ်ဘေးရှောင်များအနေ ဖြင့်  အခက် အခဲကြုံနေရ ကြောင်းသိရသည်။ အမ်းမြို့ပေါ်သို့ ရောက်ရှိလာကြသည့် စစ်ဘေးရှောင်ပြည်သူများသည် ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်အုပ်စုအတွင်းရှိ ကျေးရွာပေါင်း (၄၀) ကျော်မှ ဒေသခံများဖြစ်ကြပြီး မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (အေအေ) နဲ့ တိုက်ပွဲဖြစ်ပွားမှုကြောင့်  ထွက်ပြေးတိမ်းရှောင် ကြခြင်း ဖြစ်သည်။ အမ်းမြို့အတွင်းရှိ စစ်ရှောင်ဒုက္ခသည် စခန်း (၁) တွင် လူဦးရေ ၂၀၀ ကျော်၊ ဒုက္ခသည်စခန်း (၂)တွင် လူဦးရေ (၄၀၀) ကျော်၊ ပြင်ပတွင် အိမ်ဌားရမ်းနေထိုင်သူနှင့် စုစုပေါင်း ချင်းစစ်ရှောင်ပြည်သူ (၄၃၀၀) ဝန်းကျင် ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ် 

တောင်ကြီးမြို့ရှိ ကွာရန်တင်းစင်တာတွင် အမျိုးသမီးတစ်ဦးဓားထောက်အဓမ္မပြုကျင့်ခံရ၊ ဒီဇင်ဘာလ  ()ရက် ၂၀၂၀

တောင်ကြီးမြို့ တောင်ကြီးတက္ကသိုလ် ကွာရန်တင်းစင်တာ နန်းဝတီအမျိုးသမီးဆောင်တွင် ကွာရန်တင်း ဝင်ရောက်နေသော အမျိုးသမီးတစ်ဦးကို ဓားထောက်ပြီး အဓမ္မပြုကျင့်မှု နိုဝင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် ကွာရန်တင်း ၀င်နေသောအမျိုးသမီးများ၏ လုံခြုံရေးကို ပို၍ ဂရုစိုက်ရန် အာဏာပိုင်များအား တောင်ဆိုမှုများရှိခဲ့သည်။

လက်နက်ကိုင်အဖွဲ့များကြားတိုက်ပွဲများကြောင့် ရွာသား (၁၀၀) ကျော် စစ်ဘေးရှောင် တိမ်းရှောင်ရ၊ ဒီဇင်ဘာလ (၁၀ )ရက် ၂၀၂၀

ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင်  RCSS/SSA နှင့် မဟာမိတ်တပ်ပေါင်းစုတို့အကြား ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားသဖြင့် ဒေသခံရွာသား (၁၀၀) ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။​

ရှမ်းပြည်နယ်တွင် အရပ်သား ၇၀၀၀ ကျော်ခန့် ၂၀၂၀ အစောပိုင်းမှစ၍ စစ်ဘေးတိမ်းရှောင်ရ၊ ဒီဇင်ဘာလ (၁၄) ရက် ၂၀၂၀

UNOCHA ၏မှတ်တမ်းအရ လက်နက်ကိုင်တပ်ဖွဲ့များအကြား လတ်တလော တိုက်ပွဲများကြောင့် အရပ်သား ၃၀၀ ကျော်ခန့် ထွက်ပြေးတိမ်းရှောင်နရသည်။​ စစ်ဘေးရှောင်အချို့ နေရပ်ပြန်သွား ကြသော်လည်း ကျန်ရှိသူများမှာ ဘုန်းကြီးကျောင်းများတွင်ခိုလှုံနေရသည်။​ ၂၀၂၀ မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အရပ်သား (၇၃၀၀) ကျော်သည် တိုက်ပွဲများကြောင့်နေရပ်စွန့်ခွါ စစ်ဘေးရှောင် နေကြရသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် RCSS နှင့် TNLA ကြား တိုက်ပွဲ ကြိမ်ဖန်များစွာဖြစ်ပွား ၊ ဒီဇင်ဘာလ (၃၁) ၂၀၂၀

ဒီဇင်ဘာလ ၃၀ ရက် နေ့လည် ၂ နာရီတွင်  ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ငိန်ဆိုင်းကျေးရွာအနီး ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့်  တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တို့ အကြား တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ မှစတင်၍ ကျောက်မဲမြို့နယ် လွယ်အံကျေးရွာအုပ်စု တစ်ဝိုက်တွင် RCSS နဲ့ TNLA တို့အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာလအတွင်းတွင် RCSS နဲ့ TNLA တို့ တိုက်ပွဲ (၁၀)ကြိမ် ဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့နယ် ပန်လော့ကျေးရွာအနီးမှာ ဒီဇင်ဘာလ ၂၉ ရက်က လက်နက်ကြီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ကျေးရွာခံအမျိုးသား (၁) ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီးတော့ (၁) ဦး ဒဏ်ရာရရှိ ခဲ့သည်။

တပ်မတော်မှဖမ်းဆီးခဲ့သော မန်နားရွာရှိ မဲရုံမှူးတာဝန်ကျသည့်ကျောင်းဆရာမ မိသားစုဝင်များနှင့် တွေ့ခွင့်မရသေး၊ ဒီဇင်ဘာလ (၃၁) ရက် ၂၀၂၀

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် မန်နားကျေးရွာမှ ကျောင်းအုပ်ဆရာမ ဒေါ်သန်းသန်းမျိုးကို ပြီးခဲ့သည့် ၂ဝ၂ဝ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှာ တပ်မတော်က ဖမ်းဆီးသွားခဲ့ပြီးနောက် လက်ရှိအချိန်ထိ မိသားစုဝင်များနှင့် တွေ့ခွင့် မရသေးကြောင်း သိရှိရသည်။ မိုးကုတ်မြို့နယ် တအာင်းစာပေနဲ့ ယဉ်ကျေးမှု ယာယီအတွင်းရေးမှူး မိုင်းဝဏ္ဏမှ “ဆရာမ ကိုဖမ်းဆီးထားမှုနှင့်ပတ်သက်ပြီး တပ်မတော်မှ ဘာမှ ပြောကြား လာခြင်းမရှိသေးဘဲ အဘယ်ကြောင့် ဖမ်းဆီးသွားသည် ဆိုတာကို လက်ရှိအချိန်ထိ မသိရသေးဘူးလို့ ပြောကြားခဲ့သည်။

ကရင်ပြည်နယ်

ကရင်ပြည်နယ်မှ တစ်ကျော့ပြန်တိုက်ပွဲတွေကို NLD အစိုးရ တာဝန်ယူဖို့ ကရင်လူငယ်တွေ တိုက်တွန်း၊ ဒီဇင်ဘာလ (၃၁) ၂၀၂၀

ကရင်ပြည်နယ် ဖာပွန်ခရိုင် KNU တပ်မဟာ- ၅ ထိန်းချုပ်နယ်မြေဖြစ်တဲ့ မဲဝိုင်ဒေသမှာ လတ်တလော တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့်  ဖာပွန်ခရိုင် ဒေသခံ (၃၀၀၀ )ကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း တစ်ကျော့ပြန်ဖြစ်နေတဲ့ မြန်မာ့တပ်မတော်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNU/KNLA) တို့ကြားက တိုက်ပွဲတွေကို လက်ရှိအာဏာရ NLD အစိုးရမှ တာဝန်ယူဖြေရှင်းပေးရန်  ကရင်လူငယ်ကွန်ရက် (Karen Youth Network) မှ ကြေညာချက် ထုတ်ပြန် တိုက်တွန်းခဲ့သည်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်

တပ်ခေါင်းဆောင်များကိုဝေဖန်သူ စစ်ဆေးကျောင်းသားကို အရေးယူထားကြောင်း ထုတ်ဖော်ပြောဆို ၊ ဒီဇင်ဘာလ(၈) ရက်

တပ်မတော်ဆေးတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား ကိုခိုင်ခန့်ကျော်ကို Facebook တွင် တပ်ခေါင်းဆောင် များကို ၀ေဖန်မှုကြောင့် တပ်မတော်အက်ဥပဒေဖြင့် တရားစွဲဆို အရေးယူမည်ဟု လေးလအကြာတွင် တပ်မတော် မှ ထုတ်ဖော် ပြောကြားခဲ့သည်။ တပ်မတော်ဆေးတက္ကသိုလ် တက်ရောက်နေသူ ကိုခိုင်ခန့်ကျော်သည် တပ်ခေါင်းဆောင် များကို ဝေဖန်ရေးသားခဲ့ပြီးနောက် မိသားစုနှင့် အဆက်အသွယ်မရတော့သည်မှာ ဩဂုတ် လပိုင်း ကတည်းက ဖြစ်သည်။

လွတ်လပ်စွာမဲပေးပိုင်ခွင့်နှင့်ပတ်သက်၍ တပ်မတော်မှဖိအားပေးမှုများရှိကြောင်း လူမှုစာမျက်နှာတွင် ရေးသားခဲ့သူ ဖမ်းဆီးအရေးယူခံရ၊ ဒီဇင်ဘာလ (၉ ) ရက် ၂၀၂၀

အသက် ၂၅ နှစ်အရွယ်ရှိ အရာခံဗိုလ်တစ်ဦး၏ သမီးဖြစ်သူ မသဉ္ဇာသန်းမင်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ (USDP) ကို မဲပေးရန် ခြေလျင်တပ်ရင်းအတွင်း ဖိအားပေးမှုများ ရှိသည်ဆိုကာ လူမှုကွန်ရက် Facebook ပေါ် ရေးတင်ခဲ့ခြင်း ကြောင့် ‘တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေသည်’ ဟုဆိုကာ တပ်မတော်၏ တရားစွဲဆိုခြင်းကို ခံခဲ့ရပြီး ပခုက္ကူမြို့နယ်တရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် နိုဝင်ဘာ ၂၅ တွင် စွဲချက်တင်ခဲ့သည်။  လူ့အခွင့် အရးစောင့်ကြည့်ရေးအဖွဲ့ မှ လက်ရှိ အာဏာရအစိုးရအား ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ကို အသုံးပြု၍ အာဏာပိုင်များအား ၀ေဖန်မှုများကို တရားစွဲဆိုခြင်းအား ၀ေဖန်ထောက်ပြခဲ့သည်။ နိုင်ငံရေးအကျဥ်းသားများ ကူညီ စောင့်ရှောက် ရေးအသင်း (AAPP) မှ မသဉ္ဇာသန်းမင်းအား နိုင်ငံရေးအကျဥ်းသား အဖြစ် သတ်မှတ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် တပ်တွင်းမတရားမှု များကို သူမ၏လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို အသုံးချ၍ ပြောဆို ခဲ့သောကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

 ၆၆(ဃ) အပါအဝင် အသရေဖျက်မှု ဥပဒေတွေ ပြုပြင်ပြောင်းလဲဖို့ FEM တောင်းဆို ၊ ဒီဇင်ဘာလ (၁၁) ရက် ၂၀၂၀

 အသရေဖျက်မှုကို ရာဇဝတ်ပြစ်မှုအဖြစ် သတ်မှတ်ထားတာရာမှ တရားမမှုအဖြစ် ပြောင်းလဲရန် နှင့်   ထောင်ဒဏ် အား လုံးကို ပယ်ဖျက်ရန် စသည့် အချက်လေးချက်ကို လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်း မြန်မာအဖွဲ့ FEM အပါ အဝင် အရက်ဘက်အဖွဲ့ ၅၀ ကျော်မှ လက်မှတ်ရေးထိုး တောင်းဆိုခဲ့သည်။

 လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများမှ အသရေဖျက်မှုဥပဒေ ပြုပြင်ပြောင်းလဲရန်တိုက်တွန်း၊ ဒီဇင်ဘာလ (၁၄) ရက် ၂၀၂၀

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ကာကွယ်ပေးမှုသည် စိုးရိမ်းဖွယ်ရာကျဆင်းနေကြောင်းသည်။ အသံအဖွဲ့၏ သုတေသနပြုချက်အရ NLD အစိုးရ၏ ပထမသက်တမ်း (၄) နှစ်အတွင်း  တွင် အရပ်သားတစ်ထောင်ကျော်ခန့်သည် လွတ်လပ်စွာ ၏၀ေဖန်ပြောဆိုမှုကြောင့် တရားစွဲဆိုခံရသည်။

လူ့အခွင့်အရေးကမ်ပိန်း ပြုလုပ်ရာတွင် ပါဝင်သည့်လူငယ်သုံးဦး ငြိမ်းစုစီဥပဒေဖြင့် တရားစွဲခံရ၊ ဒီဇင်ဘာလ (၂၂) ၂၀၂၀

 အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ လူ့အခွင့်အရေး ကမ်ပိန်း ပြုလုပ်ရာတွင် ပါဝင်ခဲ့သည့် လူငယ်သုံးဦးမှာ ငြိမ်းစုစီဥပဒေပုဒ်မ-၁၉(က)ဖြင့် ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် တရားစွဲဆို ခံရသည်။ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်မှ ကိုမင်းဘာချေ(ခ)ကိုသန်းလှအပါအဝင် ကိုနိုင်နိုင်ထွန်း၊ မခိုင်မြတ်သူ တို့ကို   စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်ကာ တရားစွဲဆိုခြင်းဖြစ်သည်။

အဖွဲ့၀င်အဖွဲ့စည်းများ၏ နောက်ဆုံးရသတင်း

 နိုင်ငံတကာလူ့အခွင့်အရေးနေ့တွင် တိုင်းပြည်ရှိ ပြည်သူတရပ်လုံးအား ကာကွယ် စောင့်ရှောက်ရန်နှင့် ပြည်သူတို့၏ အခွင့်အရေးကို ထိန်းသိမ်း လေးစားရန် နိုင်ငံတော်အစိုးရအား ND-Burma မှ  တောင်းဆိုခဲ့သည်။ သို့မှသာ အားလုံး ပါဝင်ပြီး ခွဲခြားမှုမရှိသည့် ချဥ်းကပ်မှုများဖြင့် ငြိမ်းချမ်းရေးသို့ ဦးတည်သည့် အဓိပ္ပါယ်ရှိသော ခြေလှမ်း များ စတင် နိုင်မည် ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ဆောင်ရွက်နေေသာ ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့်သက်ဆိုင်သည့် ဒေသ များတွင် နေထိုင်သည့်ဒေသခံများ မည်သည့်အကျိုးခံစားခွင့်များ ရနိုင်သည်ကို ပွင့်လင်းမြင်သာစွာ ချပြရန်လိုအပ်နေ ကြောင်း  ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) မှ ကိုတိန်ဦးမှ ပြောဆိုခဲ့သည်။ လက်ရှိတွင် ဆိပ်ကမ်းတည်ဆောက်ပြီးစီးသွားသည်အထိ ဒေသခံများ၏အသံများ၊ စီမံကိန်းဧရိယာ တလျှောက်ရှိ ဌာနေတိုင်းရင်းသားများ၏ ရပိုင်ခွင့်များကို ထည့်သွင်းစဉ်းစားခဲ့ခြင်းမရှိဘဲ စီမံကိန်းပြီးမြောက်ရေးကိုသာ ဦးတည် ဆောင်ရွက်နေသည့် အနေအထားမျိုးဖြစ်နေကြောင်းလည်း ကိုတိန်ဦးမှ ပြောဆိုသည်။

နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လာမည့်ပါလီမန်သက်တမ်းမစတင်မှီ ယခင်လများ နှင့် နှိုင်းယှဥ်လျှင် နိုင်ငံရေး အကျဥ်းသား ဦးရေ တိုးလာလျှက်ရှိကြောင်းကို အစီရင်ခံစာတွင်ဖော်ပြထားသည်။

ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) (KWAT) မှ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် နေ့တွင်

အာဏာရှင်ဆန်မှု၊  စစ်အာဏာရှင်၀ါဒနှင့် လူ့အခွင့်အရေးချိုးဖောက်မှု နှင့်စစ်ဘေးရှာင်ပြည်သူများ နှင့် ပတ်သက်သော အခြေအနေ၊ တာ၀န်ယူမှုတာ၀န်ခံမှု ပတ်သက်၍   အွန်လိုင်း ဆွေးနွေးမှု စကား ၀ိုင်းကို Moderator အဖြစ် ဦးဆောင် ဆွေး နွေး ခဲ့သည်။

အနာဂတ်အလင်းတန်းဆုံမှတ် (FLC) မှ ကိုဗစ်ကာလ တွင်စက်ရုံအလုပ်ရုံ အလုပ်သမားများ ကြုံတွေခံစားနေရသော အခက်အခဲများနှင့် အကြံပြုချက်များအား “ကိုဗစ်ခေါ်သံ” ခေါင်းစဥ်ဖြင့် သုတေသနပြုရေးသားဖော်ပြခဲ့သည်။

ချင်းလူ့အခွင့်အရေးအဖွဲ CHRO မှ ချင်းပြည်နယ်နှင့် မြန်မာပြည်အနောက်ပိုင်းတွင် နေထိုင်ကြသော ချင်းလူမျိုးများ၏ လူ့အခွင့်အရေးအခြေအနေနှင့် ပတ်သက်သော အကြောင်းအရာများကို နှစ်စဥ်လူ့အခွင့်အရေး အစီရင်ခံစာတွင် ဖော်ပြ  ထုတ်ပြန်ခဲ့သည်။ UN လူ့အခွင့်အရေးကောင်စီ၏ UPR  Pre-Section  တွင်လည်း CHRO မှ မြန်မာပြည်၏ ဘာသာရေး လွတ်လပ်ခွင့် နှင့် ကိုးကွယ်ယုံကြည်မှုအခွင့်အရေး နှင့်ပတ်သက်ပြီး ဆွေးနွေးတင်ပြခဲ့သည်။

CHRO မှ ထန်တလန်မြို့နယ် ရှိ ၀ေါင်းသူကျေးရွာမှ ရွားသားများထံ တပ်မတော်မှ အတင်းအကြပ် ငွေကြေးတောင်းယူ မှု ကိုလည်း အစီရင်ခံခဲ့သည်။

TSYU သည် နိုင်ငံတကာလူ့အခွင့်အရေးနေ့တွင် မြို့နယ် (၁၃) မြို့နယ်ရှိ လူငယ်အဖွဲ့များ၊ ပြည်သူလူထုများ၊ လားရှိုးမြို့ ရှိ တအာင်းအရပ်ဖက်အဖွဲ့အစည်းများကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း သမိုင်းကြောင်း နှင့် အချက် (၃၀) ပါ ပိုစတာနှင့် အိတ်ဆောင်စာအုပ် များကို ဖြန့်၀ေခဲ့သည်။ ထို့ပြင် ယခုလက်ရှိ ရှမ်းပြည်နယ်တွင် ချိုး ဖောက်ခံရသည့် အခွင့်အရေးများကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်း၊ လူငယ်များကို မေးမြန်းခဲ့သည့် ဗွီဒီယိုများကို လည်း ဖေ့ဘုတ်ခ်ပေ့ချ်ပေါ်တွင် တင်ခဲ့သည်။

ND-Burma ၏ အဖွဲ့ဝင် (၁၃) ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြားသူများအား ကိုယ်စား ပြုသည်။ နစ်နာခဲ့သူများ၏ တရားမျှတမှု ရရှိရေးအတွက် လူ့အခွင့်အရေးချိုးဖောက်မှုများကို ၂၀၀၄ ခုနှစ် မှစပြီး မှတ်တမ်းတင် နေသည့် အဖွဲ့အစည်းဖြစ်သည်။ ND-Burma တွင် အောက်ပါ အဖွဲ့ဝင် (၉) ဖွဲ့နှင့် ဆက်စပ်အဖွဲ့အစည်း (၄) ဖွဲ့ ပါဝင်သည်။

အဖွဲ့ဝင်အဖွဲ့အစည်းများ

၁။ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)

၂။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)

၃။ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့ (HRDP)

၄။ အနာဂတ်အလင်းတန်းဆုံမှတ် (FLC)

၅။ မွန်ပြည်လူ့အခွင့်အရေးအဖွဲ့ (HURFOM)

၆။ ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) (KWAT)

၇။ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)

၈။ တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU)

၉။ ထားဝယ်အမျိုးသမီးသမဂ္ဂ (TWU)

ဆက်စပ်အဖွဲ့အစည်းများ

၁။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)

 ၂။ နိုင်ငံရေးအကျဥ်းသားဟောင်းများကွန်ရက် ပဲခူးအရှေ့ခြမ်း (FPPN-EB)

၃။ ပအို၀်းလူငယ်အဖွဲ့ (PYO)

၄။ ရှေ့ပြေးအသံအဖွဲ့ (PV)

ဇန်နဝါရီ ၆ ရက် ၂၀၂၁ ခုနှစ်
တအာင်းအမျိုးသမီးအဖွဲ့အစည်း

ဇန်နဝါရီ ၅ ရက်နေ့တွင် နမ္မတူမြို့နယ် ညောင်ဆွယ်ကျေးရွာနှင့် မိုက်ဟုန်းကျေးရွာမှာ PSLF/TNLA နှင့် RCSS/SSA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ကျေးရွာအတွင်း လက်နက်ကြီးတစ်လုံးကျခဲ့ပြီး နေအိမ် နှစ်လုံး မီးလောင်သည့်အပြင် ရွာသားတစ်ဦးကိုလည်း သေနတ်ကျည်ဆံထိမှန်၍ ပွဲချင်းပြီး သေဆုံး ခဲ့သည်ဟု သိရသည်။

ဒီဇင်ဘာလကုန်ပိုင်းမှ စ၍ နှစ်ဖက်တပ်ဖွဲ့အကြား တိုက်ပွဲတင်းမာမှုကြောင့် ညောင်ဆွယ်၊ မိုက်ဟုန်းနှင့် လုပ်လေ ကျေးရွာရှိ ဒေသခံ (၂၄၈) ဦးမှ မန်စံကျေးရွာအုပ်စု မန်ဟောင်၊ မန်ကျန်း ဘုန်းကြီးကျောင်းသို့ ထွက်ပြေး တိမ်းရှောင်နေကြသည်။

ညောင်ဆွယ်ကျေးရွာ ကျောင်းထိုင်ဆရာတော်က “တိုက်ပွဲကတော့ နံနက် ၇ နာရီ ကတည်းက စဖြစ်ခဲ့တာ၊ ပလောင်စစ်သားတွေက ရွာထဲမှာရှိတယ် ရှမ်းအဖွဲ့တွေက မိုက်ဟုန်းရွာဘက်ကနေ ပစ်လာတာ လက်နက်ကြီးက အိမ်ကိုထိသွားတာ သေနတ်သံ နဲနဲငြိမ်တဲ့အချိန်မှ မန်စံ စစ်ဘေးရှောင်အသင်းကားတွေက ရွာသားတွေကို လာကြိုပေးတာ”ဟု မိန့်ကြားခဲ့သည်။

တိုက်ပွဲဖြစ်ပွားသည့်အချိန်တွင် အသက် (၅၀)ရှိ တာအိုက်ငိုမှ အိမ်အပြင်ဘက် ထွက်ကြည့်နေစဉ် ကျည်ဆံ ထိမှန်ပြီး ပွဲချင်းသေဆုံးခဲ့သည်။ သေဆုံးနေသည့် တာအိုက်ငို၏ ရုပ်အလောင်းကို ကျေးရွာမှာ ထားခဲ့ပြီး ယနေ့အချိန်ထိ မီး မသင်္ဂြိုလ်ရသေးကြောင်း ဆရာတော်မှ ဆက်လက် မိန့်ကြားသည်။

မီးလောင်သွားတဲ့ အိမ်ရှင် ဖြစ်သူမှ “လောလောဆယ်တော့ မန်စံဘုန်းကြီးကျောင်းမှာ ရှိနေတယ်၊ အဖွားတို့ အိမ်တော့ မီးထဲအကုန်လုံးပါသွားပြီ၊ ဘာတစ်ခုမှယူလို့ မရခဲ့ဘူး၊ စောင်တစ်ထဲပဲ ယူခဲ့တာ ဘာမှမရှိတော့ဘူး လောလောဆယ် စိတ်တွေအရမ်းရှုပ်တယ် ရှေ့ဘာဆက်လုပ်ရမှန်းမသိတော့ဘူး ” ဟု ပြောသည်။

ထို့အပြင် ဟွေဟုန်း၊ ညောင်ဆွယ်၊ လုပ်လေ၊ ပန်ချင်၊ နားမတ်ကျေးရွာရှိ ဒေသခံများ စုစုပေါင်း (၆၁၂) ဦးသည် နားဆိုင်းကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ယနေ့အချိန်ထိ နှစ်ဖက်တပ်ဖွဲ့အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

Photo- Credit We Zay Ya (Facebook)

အိမ်စိုးဖြူ —
လာမည့် ၂ဝ၂၁ ခုနစ်အတွက် တပ်မတော်မှ အပစ်အခတ်ရပ်စဲရေး တစ်လထပ်မံတိုးမြှင့်လိုက်ကြောင်း ယနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

၄င်းထုတ်ပြန်ချက်အရ ကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှ အပ ကျန်နေရာများတွင် ၂ဝ၂၁ ခုနစ် ဇန်နဝါရီ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေးကို ထပ်မံတိုးမြှင့်လိုက်သည်ဟု ဖော်ပြသည်။

ထုတ်ပြန်ချက်ထဲတွင် ပြည်သူလူထုများ လိုလားတောင့်တသော ထာဝရ ငြိမ်းချမ်းရေး အောင်မြင် ပြီးမြောက်သည်အထိ လိုအပ်သည်များဆက်လက်ဆောင်ရွက်နို်င်ရေး Covid-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေးတို့အတွက် တပ်မတော်အနေဖြင့် စစ်ဖက််ဆိုင်ရာ လှုပ်ရှားမှုများကို နိုင်ငံတော်မှ အကြမ်းဖက် အုပ်စုအဖြစ် သတ်မှတ် ကြေညာထားသော အကြမ်းဖက် အဖွဲ့များ ရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂ဝ၂ဝပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်မှ ၃၁ရက်အထိ တိုးမြှင့် ရပ်ဆိုင်းပေးခဲ့ကြောင်း၊ ၄င်းအပြင် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် ထာဝရ ငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိ တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးရန်ရှိပါက ဆက်လက်ဆွေးနွေးနိုင်ရန်အတွက် တပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်ဟု ဖော်ပြထားသည်။

သို့ဖြစ်၍ ပြည်ထောင်စုသမ္မတနို်င်ငံတော်၏ ငြိမ်းချမ်းရေး ရရှိစေရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ချောမွေ့အောင်မြင်စွာဆောင်ရွက်နို်င်ရေးနှင့် ကမ္ဘာတဝှမ်းရင် ဆိုင်လျက်ရှိသော Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို လွယ်ကူစွာဆောင်ရွက်နိုင်ရေး တို့အတွက် နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသော အကြမ်းဖက် အဖွဲပအစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂ဝ၂၁ ခုနစ်၊ ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်အထိ တပ်မတော် အနေဖြင့်စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း ပါရှိသည်။

အစိုးရအနေဖြင့် ရက္ခိုင့်တပ်တော် (AA) အား ၂ဝ၂ဝ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာခဲ့သည်။

ရက္ခိုင့်တပ်တော် (AA) အား ယနေ့အချိန်ထိ အကြမ်းဖက်အဖွဲ့အဖြစ်မှ မရုတ်သိမ်းသေးသဖြင့် ၄င်း အပစ်ရပ်စဲရေးမှာ ရခိုင်ပြည်နယ်တွင် အကျုံးဝင်မည်မဟုတ်ကြောင်း နိုင်ငံရေးသုံးသပ်လေ့လာသူများက ပြောဆိုသည်။

https://www.bnionline.net/

Photo : Mizzima

နန်းဆိုင်နွမ်။ ။ Honest Information

ခန္ဓာကိုယ်တခုလုံး တလကျော်ကြာထိ ညိုမဲနေတဲ့ ဒဏ်ရာဒဏ်ချက်တွေဟာ မပျက်ပြယ်သေးသလို ဒဏ်ရာကြောင့် မိခင်လည်း ဆုံးရှုံးခဲ့ရပါတယ်။

လွန်ခဲ့တဲ့ အောက်တိုဘာ ၁၇ရက် နေ့လည်အချိန်တွင် မိုးကုတ်မြို့နေ အသက် ၅၃ နှစ်အရွယ် ဒေါ်ခင်မြင့်ဌေး ကို တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် ( TNLA )မှ ဖမ်းဆီး ရိုက်နှက်စစ်ဆေးကာ ပြန်ပေးဆွဲ ငွေကျပ်သိန်း ၆၅၀ တောင်းဆိုခဲ့ပါတယ်။

ထိုငွေကျပ်သိန်း (၆၅၀) မပေးဆောင်နိုင်တဲ့အတွက် TNLA တပ်သား (၂) ဦးမှ ဒေါ်ခင်မြင့်ဌေးကို ဝါးပြားတုတ်ဖြင့် ရိုက်နှက်ခဲ့ပါတယ်။

သူမဟာ သား၊သမီး ၂ဦး ၊ တူ၊တူမ (၃)ဦးနဲ့ မိခင် အမေအိုကို ရှာဖွေကျွေးမွေးနေကာ မိန်းမသားတဦး လည်းဖြစ်တဲ့ အလျောက် TNLA မှတောင်းတဲ့ ငွေကျပ်သိန်း ၆၅၀ လက်ထဲတွင် မရှိပေ။

တချိန်က ကျောင်းဆရာမ တဦးဖြစ်ခဲ့ပြီး၊ ဝန်ထမ်းလစာဖြင့်မလောက်ငှတာကြောင့် ကျောက်မျက်ရတနာ အနည်းအကျဉ်းရောင်းခြင်းပြုလုပ်ခဲ့သော်လည်း ကံမကောင်းမှုကြောင့် လူလိမ်လည်ခံခဲ့ရကာ နောက်ဆုံး အရင်းအနှီးနည်းတဲ့ ချဲ(၃လုံး) ကို ရောင်းပြီး ကလေး(၅)ဦးနဲ့ အမေအို ကို ရှာကျွေးနေသူတဦးဖြစ်ပါတယ်။

“ငွေကြေး သိန်း ၆၅၀ တောင်းတယ်။ အန်တီ အဆင်မပြေဘူး။ ဒီ ကိုဗစ်ကာလမှာ ဒီလောက်ငွေက ဘယ်လို အဆင်ပြေမလဲ။ အဲ့ဒါနဲ့ အန်တီကို စရိုက်တယ်။ တုတ်တွေလည်းကျိုးတယ်။ အန်တီအရမ်းနာပြီ မရိုက်ပါနဲ့တော့ ထိုင်ကန်တော့ တောင်းပန်ပြီးမှသူတို့ရပ်ပေးတယ်” လို့ ဒေါ်ခင်မြင့်ဌေး ဝမ်းနည်းစွာဖြင့် ပြန်လည်ပြောပြပါတယ်။

ထိုညတည ဒေါ်ခင်မြင့်ဌေး တယောက် ရိုက်နှက်ခံထားတဲ့ ဒဏ်ရာနဲ့ ဖျာကြမ်းပေါ်လှဲအိပ်လို့မရအောင် နာကျင်ခံစားခဲ့ရပြီး၊ တညလုံးထထိုင်ခဲ့ရကာ အနားယူအိပ်စက်တဲ့အိမ်ရှင်က ဆေးလာလိမ်းပေးရတဲ့အဆင့်ဖြစ်ခဲ့ပါတယ်။

ဒေါ်ခင်မြင့်ဌေးဟာ ချဲ(နှစ်လုံးရောင်းချ)တဲ့အမှုဖြင့် TNLAက ခေတ္တ ခေါ်ယူစစ်ဆေးရန် အောက်တိုဘာ (၁၇)ရက်မှ မိုးကုတ်မြို့နယ် မှ သျှမ်းပြည် မြောက်ပိုင်းကျောက်မဲမြို့နယ်အထိ ခေါ်ဆောင်သွားခဲ့ပါတယ်။

ထိုသို့ခေါ်ဆောင်သွားစဉ် တွင်လည်း မိုးရာသီဖြစ်တဲ့အလျောက် သူမဟာ ဆိုင်ကယ်တတန်၊ ခြေလျင်တတန်ဖြင့် လိုက်သွားခဲ့ရပြီး မိုးရေကြားနာရီပေါင်းများစွာ လမ်းလျှောက်ခဲ့ရပါတယ်။

“ အဲ့အချိန်က မိုးကလည်းရွာ ကြောက်ကလည်းကြောက် ချမ်းကလည်းချမ်း၊ ပေးတဲ့မိုးကာကလည်းမလုံ၊ ခေါင်းကို ကြွပ်ကြွပ်အိတ် စွပ်ပြီး လမ်းလျှောက်ရ၊ ဆိုင်ကယ်စီးတော့လည်း ဆိုင်ကယ်မှောက်။ ဗွက်ထဲချော်လဲ၊ အန်တီ ခြေညိုးလည်းခုထိ ခေါက်ပြီး အဆစ်ကျိုးသွားတယ်” လို့ သူမ ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်ပြောပြနေခြင်းဖြစ်ပါတယ်။

နေ့စဉ် ရက်ဆက် ညကြီးမိုးချုပ်ထိ ဒေါ်ခင်မြင့်ဌေး တယောက် TNLA တပ်သားတွေနဲ့ သွားလာနေရသလို ဘယ်နေရာရောက်ကာ မည်သည့်နေရာ အိပ်စက်အနားယူရမှာလည်း မသိရသလို ညအိပ်စက် အနားယူတဲ့နေအိမ်ရောက်တော့လည်း တပ်သားတွေနဲ့ တပြေးညီ အိပ်စက်ရတဲ့အတွက် စိုးရိမ်မှုကြောင့် အိပ်မပျော်တဲ့ရက်တွေလည်းရှိခဲ့ကြောင်း သူမက ကဆိုပါတယ်။

“ ဖမ်းပြီး မရိုက်ခင်တုန်းကတော့ မိုးမြန်မြန်လင်းဖို့ ဆုတောင်းရတယ်။ ရိုက်ခံရပြီးနောက်တော့ မိုးမလင်းဖို့ ညတိုင်းဆုတောင်းနေရတယ်။ မိုးလင်းရင် ထပ်ရိုက်ခံရမှာစိုးတယ်လေ” လို့ ဒေါ်ခင်ဌေးမြင့် ကပြောပါတယ်။

ဒါ့အပြင် TNLA မှ တောင်းထားတဲ့ ငွေပမာဏကို မပေးဆောင်နိုင်တဲ့အတွက် တပ်သား တဦး က “ ဘယ်နေ့ပေးမလဲ။ ငါအခုတောင် ပစ်သတ်ချင်နေတာ ဆိုပြီး” ခြိမ်းခြောက်မှုတွေကိုလည်း ပြောဆိုခံခဲ့ရသူဖြစ်ပါတယ်။

သူမအနေနဲ့ TNLA တပ်သားတွေ ပစ်သတ်မှာ ကို ကြောက်ပြီး “ ဒီချိန် ပစ်လိုက်ရင် ဘုန်းကြီးတောင် သရဏံဂုဏ်တင်ရမှာ မဟုတ်ဘူး။ ကံတရား ပဲဆိုပြီး သရဏံဂုဏ် ၃ပါး ရွက်ပြီး ဆက်လျှောက် နေရတယ်” လို့ ထိုနေ့ဖြစ်ပျက်တာကို ပြောပြပါတယ်။

TNLA မှ ခြိမ်းခြောက်ပြီး ခေါ်သွားသည့်ည တွင် သူမ အနေဖြင့် နေရပ်ရှိ ဆွေမျိုးမိဘ သား၊သမီးနဲ့ ပြန်တွေ့ရန် ၁၀ ရာခိုင်နှုန်းသာ ရှိတော့တယ်လို့ ထင်ခဲ့ကြောင်း ဒေါ်ခင်မြင့်ဌေး က ဆိုပါတယ်။

သို့သော် သူမဟာ TNLAနဲ့ ကျပ်သိန်း ၃၀၀ နဲ့ ညှိနှိုင်းကာ အောက်တိုဘာ ၂၇ ရက်တွင် နေအိမ်သို့ ပြန်ရောက်ရှိလာခဲ့ပါတယ်။

“ နောက်ဆုံး အန်တီ ကျပ်သိန်း ၃၀၀ နဲ့ညှိခဲ့ရတယ်။ အဲ့မတိုင်ခင်ကလည်း သားက ကျပ်သိန်း ၄၀ ကို TNLA တပ်သား တွေကို ပေးခဲ့သေးတယ်။ အိမ်ကိုပေါင်တာက ကျပ်သိန်း ၁၅၀၊ နောက် သူငယ်ချင်းတွေဆီ ချေးငှားပြီး သားက အန်တီကို လာကယ်ထုတ်ခဲ့ရတယ်။ စုစုပေါင်း ကျပ်သိန်း ၃၄၀ ပေးခဲ့ရတယ်။ အခုတော့ အကြွေးတွေတင်၊ အမေလည်း အသက်ဆုံးရပြီ” လို့ ဒေါ်ခင်မြင့်ဌေး က ထပ်လောင်းပြောပါတယ်။

သူမ ရဲ့ သား ငွေကျပ် သိန်း ၃၀၀ ကို မရှာဖွေနိုင်ခဲ့ရင် အသက်ရှင်နိုင်မှာ မဟုတ်ကြောင်းလည်း စိတ်အားငယ်စွာဖြင့် ပြောလာပါတယ်။

ထိုညှိနှိုင်းမှုဖြင့်နေအိမ်ကို ပြန်ရောက်လာခဲ့သော်လည်း တပ်သားရိုက်နှက်တဲ့ဒဏ်ရာကို ဖုံးဖိနေခဲ့ပေမယ့် မိခင်အို ဟာ ဒေါ်ခင်မြင့်ဌေး ရဲ့ ညိုမဲနေတဲ့ဒဏ်ရာကိုမြင်ပြီး စိတ်မကောင်းစွာဖြင့် စိတ်ဒဏ်ရာဖြင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။

“ အန်တီ အမေ မမြင်အောင် ဖုံးဖိနေခဲ့တယ်။ တရက်တော့ အမေက အန်တီ ဒဏ်ရာမြင်ပြီး စိတ်မကောင်းတွေဖြစ်။ အစာရေစာမစားဘဲ အားပျက်ပြီး ဒီဇင်ဘာ ၄ရက်နေ့က ဆုံးသွားတယ်”လို့ တုန်ရီနေတဲ့ အသံဖြင့် သူမပြောပါတယ်။

TNLAမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော် က ဒေါ်ခင်မြင့်ဌေး ဟာ မူးယစ်ဆေးဝါးနဲ့ လောင်းကစားပြုလုပ်သူ၊ တရားမဝင် စီးပွားရေးလုပ်ကိုင်မှုကြောင့် ဖမ်းဆီးရခြင်းဖြစ်တယ်လို့ BBC Burmese ဝက်ဆိုက် စာမျက်နှာတွင် ရေးသားထားသည်။

“ အန်တီ ချဲရောင်းတာ။ မူးယစ်ဆေးဝါး နဲ့လောင်းကစားလို့သူတို့က ထုတ်ပြန်တာ အန်တီက မဟုတ်ဘူး ခံပြင်းတယ်။ သူတို့အပြစ်လွှတ်အောင်လို့ အဲ့လို လုပ်တာ။ အသင်း၊ အဖွဲ့အစည်းပိုင်း က လူကြီးဖြစ်နေတာ အမှန်ကို အမှန်တိုင်းချပြရမယ်။ မိန်းမတန်မဲ့ သားသမီးနဲ့အမေအိုကို ချဲတခုနဲ့ ကျွေးခဲ့တယ်”လို့ ဒေါ်ခင်မြင့်ဌေး က ဆိုပါတယ်။

ခေတ်အဆက်ဆက် အနေဖြင့် မြန်မာ့တပ်မတော် မှ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး ချိုးဖောက်မှုကို အစဉ်အဆက် ပြောဆိုခဲ့ရာ ယခုနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ ဟာ လူ့အခွင့်အရေး ချိုးဖောက်မှု ပိုများလာတာကို တွေ့မြင်ရပါတယ်။

Hi သတင်းဌာနကနေ စောင့်ကြည့်သုံးသပ်မိတဲ့ အနေအထားအရ ၂၀၂၀ တနှစ်ထဲမှာတောင် ရှမ်းမြောက်က အမျိုးသမီး( ၆ ) ဦးထက် မနည်းဟာဆိုရင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဝင်အချို့ရဲ့ ဖမ်းဆီးခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းတို့ကို တွေ့ ကြုံခံစားခဲ့ကြရပါတယ်။ အဲ့ဒီထဲမှာ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် ( TNLA )မှ ဖမ်းဆီး ရိုက်နှက်စစ်ဆေးတာ ၄ ကြိမ်အထိရှိခဲ့ပါတယ်။

အဆိုပါအရေအတွက်ဟာ သတင်းဌာနများ လက်လှမ်းမှီသလောက်ကိုသာ ရေးသားကြတဲ့ သတင်းများအပေါ်အခြေခံတွက်ချက်ထားတဲ့ စာရင်းဖြစ်ပြီး အမှန်တကယ် ဖြစ်ပွားခဲ့တဲ့အရေအတွက်တွေဟာ ဒီထက်ပိုများကောင်းများနိုင်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အဓိက ရပ်တည်ချက်ဟာ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးဆိုတဲ့ အရေးကြီးဦးတည်ချက်တွေ လုပ်ဆောင်နေတာဖြစ်တဲ့အတွက် လက်ရှိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ များလာပါက နဂို ရပ်တည်ချက်တွေ ကို ထိခိုက်သွားနိုင်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ သတိထားရန်လိုအပ်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ထောက်ပြ ပြောဆိုလိုက်ပါတယ်။

“ အစိုးရ ကို နိုင်ငံတကာရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ချုပ်ကိုင်လို့ရပေမယ့် လက်နက်ကိုင် တပ်ဖွဲ့တွေက နိုင်ငံတကာ လက်မှတ်ထိုးထားတာ မဟုတ်တဲ့အတွက် ချုပ်ကိုင်ဖို့ ခက်ပါတယ်။ ဒါပေမယ့် လက်နက်ကိုင် တပ်ဖွဲ့အတွင်းမှာ လူ့အခွင့်အရေး ကိစ္စကို လေးစားလိုက်နာဖို့ ဆိုတဲ့အကြောင်း နောက်တခါ ဒီလိုလုပ်ဆောင်မှုတွေရှိပါက အဖွဲ့အစည်း ဂုဏ်သိက္ခာနဲ့ နိုင်ငံတကာ နဲ့ ပြည်သူလူထု ထောက်ခံချက်ကို ထိခိုက်နိုင်တယ်” လို့ လူ့အခွင့်အရေး ပညာပေးမှုပြုလုပ်နေတဲ့ Equality Myanmar မှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောဆိုပါတယ်။

မူးယစ်ဆေးဝါးဟာ ရာဇာဝတ်မှုဖြစ်ပြီး မူးယစ်ဆေးဝါး ကာကွယ်တားဆီးလုပ်ဆောင်ခြင်းက အလွန်အရေးကြီး လုပ်ဆောင်သင့်တဲ့လုပ်ငန်းတရပ်ဖြစ်ကြောင်း၊ သို့သော် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုတဲ့ခေါင်းစဉ်ဖြင့် အပြစ်ရှိသူကို လိုအပ်တာထက် ပိုပြီး အပြစ်ပေးခြင်း၊ ဂုဏ်သိက္ခာထိခိုက်အောင်နှိပ်စက်ညှင်းပန်းခြင်း ၊ အတင်းအကျပ် ဝန်ခံခိုင်းခြင်း မပြုလုပ်သင့်ကြောင်းလည်း ဦးအောင်မျိုးမင်း က ဆိုပါတယ်။

“အမျိုးသမီးတွေဖြစ်ရင် ပိုပြီးသတိထားရပါတယ်။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ လိင်ပိုင်းဆိုင်ရာ အရ ထိခိုက်မှုမဖြစ်အောင် ပိုပြီး တာဝန်ထမ်းဆောင်ရပါမယ်” လို့ ဦးအောင်မျိုးမင်း က မှတ်ချက်ပြုလိုက်ပါတယ်။

ထိုင်း-မြန်မာ နယ်စပ် နေစဉ်ကာလတွင် တိုက်ရိုက်တွေ့ဆုံ ပြီး ပြောဆိုနိုင်ခဲ့သော်လည်း ယခုကာလမှာ လက်နက်ကိုင်တချို့နဲ့ တိုက်ရိုက်တွေ့ဆုံရန် ခက်ခဲကြောင်း၊ တရားမဝင်အသင်း တွေ့ဆုံမှု ကလည်းအန္တရာယ်ရှိ နေသေးကြောင်း ဦးအောင်မျိုးမင်းက ထောက်ပြပြောဆိုလိုက်ပါတယ်။

ဂျနီဗာကွန်ဗင်းရှင်း အရ စစ်ပွဲနဲ့တိုက်ရိုက် မသက်ဆိုင်တဲ့ ပြည်သူတွေကို ဓားစားခံမလုပ်ရန်၊ အကြမ်းဖက်မှု၊ ဖမ်းဆီးသတ်ဖြတ်မှု မပြုလုပ်ရန်ပါရှိပြီး၊ ထိုအရာကို လက်နက်ကိုင် အဖွဲ့ အားလုံး လိုက်နာရန် ရည်ညွန်းထားကြောင်း ကျား၊မ ရေးရာ တန်းတူညီမျှရေးကွန်ရက် (Gender Equality Network)မှ မမေစံပယ်ဖြူက ပြောပါတယ်။

“လက်နက်နဲ့ အာဏာကို အလွှဲသုံးစားလုပ်တဲ့အကျင့်က ကျမတို့နိုင်ငံမှာ အမြစ်စွဲနေတာ။ အရင်တုန်းက စစ်တပ်က အုပ်ချုပ်ခဲ့စဉ်ကလည်း မြင်တွေ့ခဲ့ရတာဆိုတော့ ဘယ်လက်နက်ကိုင်မဆို မကွာခြားဘူး။ မထူးဘူး” လို့ မမေစံပယ်ဖြူ က ထောက်ပြပြောဆိုလိုက်ပါတယ်။

နိုင်ငံတကာရဲ့ စံချိန်စံညွန်းကို ချိုးဖောက်ပါက အစိုးရ တပ်မတော်ဖြစ်ရင် နိုင်ငံတကာက အပြစ်ပေးအရေးယူနိုင်တဲ့ အားပိုကောင်းကြောင်း၊ ဒါပေမယ့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဟာ နာမည်၊ ဂုဏ်သိက္ခာနဲ့ တည်ထောင်ထားပြီး ပြည်သူ့ ထောက်ခံမှုနဲ့ လက်နက်ကိုင် တော်လှန်နေတဲ့တပ်ဖွဲ့ ဆိုတာကို မမေ့ရန်လိုအပ်ကြောင်း မမေစံပယ်ဖြူ က ပြောပါတယ်။

အမျိုးသမီးတွေကို မည့်သည့် ခေါင်းစဉ်အောက်မှ ရိုက်နှက်တာ၊ အနိုင်ကျင့်တာ အကြမ်းဖက်စရာအကြောင်းမရှိကြောင်းလည်း မမေစံပယ်ဖြူက ထောက်ပြ ပြောဆိုလိုက်ပါတယ်။

“ ကာမပိုင်လင်ဖြစ်လို့ သူတရားဝင်ယူထားတဲ့မိန်းမကို ရိုက်ခွင့်မရှိသလို၊ လက်နက်ကိုင် ဘယ်လိုခေါင်းစဉ်အောက် လူတဖက်သားကို ရိုက်စရာ အနိုင်ကျင့်စရာ အကြမ်းဖက်စရာအကြောင်းကို မရှိတာ။ ကျမတို့က တောထဲ ဥပဒေနဲ့နေတာမဟုတ်ဘူး။ ဘာအကြောင်းပြချက်နဲ့ မှ ဘယ်သူပဲဖြစ်ဖြစ် အကြမ်းဖက် အနိုင်ကျင့်စရာအကြောင်းမရှိဘူး” မမေစံပယ်ဖြူ က ပြောပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့လောင်းကစား၊ မူးယစ်ဆေးဝါး လုပ်ဆောင်တဲ့အတွက် သွန်သင်လိုက်ခြင်းဖြစ်တယ်လို့ အကြောင်းပြ ပြောဆိုပြုလုပ်ခြင်းဟာ အာဏာရှင် အပြုအမူဖြစ်ကြောင်းလည်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ဝေဖန်ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် (၁၃၂၅) အရ အမျိုးသမီး တွေနဲ့ မိန်းကလေးငယ်တွေရဲ့ အခွင့်အရေးတွေနဲ့ အကာအကွယ်ပေးထားတဲ့ နိုင်ငံတကာဥပဒေ ကို အပြည့်အဝ လိုက်နာရန် လက်နက်ကိုင်ပဋိပက္ခ တွင်ပါဝင်ပတ်သက်နေတဲ့ အုပ်စုတွေ အားလုံးကို တောင်းဆိုထားပါတယ်။

အထူးသဖြင့် အရပ်သားတွေဖြစ်တဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ ကို အကာအကွယ်ပေးထားတဲ့ ၁၉၄၉ ခုနစ် ဂျနီဗာသဘောတူစာချုပ်မှာ ပါဝင်ပါတယ်။

၁၃၂၅ ကို လက်နက်ကိုင် တပ်ဖွဲ့တိုင်း လိုက်နာရန် ကတိကဝတ် ဖြစ်ပေမယ့် လက်ရှိ အချိန်ထိ မြန်မာနိုင်ငံရှိ လက်နက်ကိုင် တပ်ဖွဲ့တွေက အလေးထားလိုက်နာကျင့်သုံးမှု အားနည်းနေဆဲပါ။

TNLA ရိုက်ထားတဲ့ ဒဏ်ရာကို ဖုံးကွယ်ပြီး မျိုးသိပ်နေခဲ့ပေမယ့် သူမကို မူးယစ်ဆေးဝါး ရောင်းချမှုသတင်းကြောင့် သူမ သိက္ခာ၊ကိုယ်ကျင့်တရားကို ထိခိုက်လာကြောင်း ဒေါ်ခင်မြင့်ဌေး က ပြောပါတယ်။

“ အန်တီ ဘဝ အရမ်းနစ်နာခဲ့တယ်။ မရှိရှိတာ ချေးပြီး ပေးခဲ့တယ်။ ဒဏ်ရာရခဲ့တယ်။ အမေလည်းဆုံးရတယ်။ အမျိုးသမီးကိုလုပ်တာ လူမဆန်မှုတွေကို အန်တီ မကျေနပ်ဘူး”လို့ ဒေါ်ခင်မြင့်ဌေး စိတ်အားငယ်စွာဖြင့်ပြောပါတယ်။

တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့အနေနဲ့ ယခုကဲ့သို့ ပြုမူမှုကို ရှုတ်ချကြောင်းလည်း သူမက ပြောပါတယ်။

“ပြည်သူတွေအပေါ် မတရားငွေညစ်တယ် မတရားလုပ်တယ်။ အနာတရလုပ်တယ်ဆိုတာက ဒါကတော့ လုံးဝလက်မခံနိုင်စရာပဲ။ တခြားလက်နက်ကိုင်လည်း ဒီလောက်ဆိုးရွားတာ မကြားဖူးဘူး” လို့ ဒေါ်ခင်မြင့်ဌေး က ပြောပါတယ်။

ယခုအချိန်ထိ TNLA မှ ရိုက်နှက်ထားတဲ့ ညိုမဲ ဒဏ်ရာတွေ ကြောင့် ဆေးဆက်ကုနေရပြီး၊ လမ်းလျှောက်တိုင်း လှုပ်ရှားတိုင်း နာကျင်ခံစားနေရဆဲဖြစ်ပြီး၊ ဒဏ်ရာကြောင့် မိခင်သေဆုံးခဲ့ရတာခဲ့တဲ့အတွက် စိတ်မကောင်းကြောင်း သူမက ပြောဆိုပါတယ်။

လက်ရှိမှာတော့ ဒေါ်ခင်မြင့်ဌေးဟာ TNLAရဲ့ ဖမ်းဆီး ချုပ်နှောင် ရိုက်နှက်မှုအောက်က လွှတ်မြောက်လာခဲ့ပေမယ့် မိခင်ကတော့ ထိုစိတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး၊ ဒေါ်ခင်မြင့်ဌေးတို့ မိသားစုဟာ TNLAကို ပေးရန် ချေးငှားခဲ့တဲ့ငွေအတွက် ပြန်ဆပ်ရန် တွေးပူနေရပြန်ပါတယ်။