ကချင်အမျိုးသမီး အစည်းအရုံး- ထိုင်းနိုင်ငံ (KWAT) သတင်းထုတ်ပြန်ချက်
သေစေလောက်သည့် လက်တုန့်ပြန်မှုများ။ မြန်မာနိုင်ငံ မြောက်ပိုင်း ဆုံးရှုံးမှုများအတွက် လက်တုန့်ပြန်သည့်အနေဖြင့် အာဏာသိမ်းစစ်အုပ်စုက အရပ်သားများအပေါ် တိုက်ခိုက်မှုများ တိုးမြှင့်။
ကချင်အမျိုးသမီး အစည်းအရုံး- ထိုင်းနိုင်ငံမှ ယနေ့ထုတ်ဝေသော အကျဉ်းချုပ် စာတမ်း အသစ်တွင် ၂၀၂၁ ခုနှစ် ဧပြီလမှ မေလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ခရိုင်နှင့် ကချင်ပြည်နယ် မြို့ပြနှင့် ကျေးလက်‌‌ဒေသများတွင် စစ်အုပ်စု၏ ကျူးလွန်သော လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေများကို ဖော်ပြထားသည်။
လုံခြုံရေးတပ်ဖွဲ့များက လက်နက်မဲ့ ဆန္ဒပြသူများအပေါ် ကျည်အစစ်များကို ဆက်လက်အသုံးပြုနေပြီး ထိုကျည်အစစ်များကြောင့် ဗန်းမော်နှင့် ဖားကန့်မှ အမျိုးသားနှစ်ဦး သေဆုံးခဲ့သည်။ ၎င်းတို့သည် မြို့ပြဒေသများတွင် NLD အဖွဲ့ဝင်များ၊ ဆရာဝန်များ၊ သတင်းသမားများ နှင့် လူငယ်ခေါင်းဆောင်များ အပါအဝင် တက်ကြွလှုပ်ရှားသူများကို ရှာဖွေဖမ်းနေရာ နှစ်လအတွင်း လူပေါင်း ၆၁ ဦးအား ဖမ်းဆီးခဲ့သည်။
KIA ကြောင့် ဆုံးရှုံးမှုများအပေါ် လက်တုန့်ပြန်သည့်အနေဖြင့် စစ်အုပ်စု တပ်ဖွဲ့များသည် ကျေးလက်ဒေသများတွင် ရှိနေသော ပြည်သူလူထုများအား နှိပ်စက်ညှင်းပမ်းခြင်း၊ ဥပဒေမဲ့ ပစ်ခတ်ခြင်း၊ နှင့် အရပ်သား နေရာများကို လက်နက်ကြီး ပစ်ခတ်ခြင်းတို့ အပါအဝင် အရပ်သားများအပေါ် ရက်စက်စွာ လက်တုန့်ပြန်မှုကို တိုးမြှင့် လုပ်ဆောင်ခဲ့သည်။
မြစ်ကြီးနား၊ မိုးညှင်းနှင့် ကားမိုင်းမြို့များမှ လူငယ်များအား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ဆက်သွယ်ပတ်သက်သည်ဟု ဆိုကာ ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ နှိပ်စက်ညှင်းဆဲခြင်းများ နှိပ်စက်ညှင်းဆဲခြင်းများ ပြုလုပ်နေသည်ကို ပြည်သူများအနေနှင့် ကြုံတွေ့နေကြရသည်။ ယင်းအထဲတွင် ဘောလုံးကန်ရာမှ ပြန်လာသော လူငယ် သုံးဦးအား ဖမ်းဆီးပြီး စစ်စခန်းထဲတွင် ၁၂ ရက်ထိန်းသိမ်းထားခဲ့ပြီး ခေါင်းများကို သေနတ်များဖြင့် ထုခြင်း နှင့် စီးကရက်မီးဖြင့် တို့ခြင်းလည်း ပါဝင်သည်။
ကချင်ပြည်နယ် အရှေ့တောင်ပိုင်း ဒေါ့ဖုန်းယန်-မိုးမောက် လမ်းမတလျောက် လက်နက်ကြီးပစ်ခတ်မှုကို အရှိန်တိုးမြှင့်ခဲ့ခြင်းကြောင့် ရွာသား ၉ ယောက် သေဆုံးခဲ့ပြီး ကလေး သုံးဦးအပါအဝင် လူ ဆယ့်ငါးဦး ဒဏ်ရာရခဲ့သည်။ ယင်းမှာ KIA က မတ်လ ၂၅ ရက်နေ့တွင် အာလော့ဘွမ် စခန်းကို ပြန်လည်သိမ်းပိုက်ခဲ့ခြင်းနှင့် မေလ ၃ ရက်နေ့တွင် စစ်အုပ်စု၏ ရဟတ်ယာဉ်တစ်စီးကို ပစ်ချခဲ့ခြင်းတို့အပါအဝင် နယ်မြေအတွင်း KIA ၏ အောင်မြင်မှုများအပေါ် တိုက်ရိုက် လက်တုန့်ပြန်ခြင်းဖြစ်သည်။
အရပ်သားများအပေါ် တိုက်ခိုက်မှုများက ကြီးမားသော အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းမှုကို ဖြစ်စေပြီး မိုးမောက်နှင့် ဗန်းမော် မြို့များသို့ ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည် (IDP) အသစ် ၆၀၀၀ ကျော်ရောက်ရှိလာခဲ့သည်။ ပြည်သူတို့၏ မူလ နေအိမ်များကိုလည်း မြန်မာစစ်တပ်၏ နာမည်ဆိုးနဲ့ ထင်ရှားသော လက်ရွေးစင် တပ်ဖွဲ့ဝင်များဖြစ်သည့် ခြေလျင်တပ်မ ၇၇၊ ၈၈ နှင့် ၉၉ တို့မှ သိမ်းပိုက်ထားလိုက်ကြပြီး ရွာသားများထံမှ ပစ္စည်းများ၊ ပိုင်ဆိုင်မှုများ၊ တိရစ္ဆန်များ နှင့် အစားအစာများကို လုယက်ခဲ့ကြသည်။
KWAT သည် တရားမဝင်သော အာဏာသိမ်းစစ်အုပ်စုအပေါ် စီးပွားရေးနှင့် သံတမန်ရေး ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ရန်၊ ကမ္ဘာတစ်ဝှမ်း လက်နက်ပိတ်ဆို့မှုကို ချမှတ်ရန်နှင့် မြန်မာနိုင်ငံအပေါ် ဝေဟင်ယံတွင် လေယာဉ်မပျံသန်းရဇုံး သတ်မှတ်ရန် တောင်းဆိုသည်။ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံများအနေဖြင့် အာဏာသိမ်းစစ်အုပ်စုအား ၎င်းတို့၏ လေပိုင်နက်ကို အသုံးပြုပြီး တိုက်ခိုက်မှုများ ပြုလုပ်ခွင့်ပေးခြင်းကို ရပ်ဆိုင်းရန် တိုက်တွန်းသည်။
KWAT မှ နိုင်ငံတကာ အစိုးရများထံ အမျိုးသား ညီညွတ်ရေး အစိုးရကို မြန်မာနိုင်ငံ၏ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုရန် နှင့် နိုင်ငံတကာ အလှူရှင်များအား တိုင်းရင်းသား နယ်မြေများရှိ ပြည်တွင်း ရွေ့ပြောင်းဒုက္ခသည် (IDPs) များကို နယ်စပ်ဖြတ်ကျော် အကူအညီများ ပေးရန် တိုက်တွန်းသည်။
ပိုမိုသိရှိလိုပါက –
မွန်းနေလီ (+66 85233791)
အစီရင်ခံစာ မြန်မာဘာသာဖြင့်ရယူရန် [Burmese]

“စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ အပတ်စဥ် ထုတ်ပြန်ချက် ”
မြန်မာနိုင်ငံတွင် အရပ်သားပြည်သူများသည် ဒုက္ခပြသနာများကို ပုံစံအမျိုးမျိုးနှင့် ရင်ဆိုင်နေရပြီး အသက်အန္တရာယ် စိုးရိမ်ရသောကြောင့် နေရပ်စွန့်ခွာစစ်ဘေးရှောင် အရေအတွက်မှာ နေ့စဥ် တိုးလာလျှက်ရှိသည်။ အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းတို့မှ မြန်မာပြည်သူတို့အတွက် ပို၍ လုပ်ဆောင်ပေးရမည် ဖြစ်သည်။

ကရင်နီ(ကယား)ပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ်အတွင်း၌ အာဏာသိမ်းစစ်ကောင်စီ၏တပ်များ တပ်စွဲပြီး ထိုးစစ်ဆင်မှုများကြောင့် လမ်းမကြီးတလျှောက်နှင့် ရပ်ကွက်များအတွင်းမှ နေအိမ်အများအပြား ဖျက်ဆီးခံရသည့်အပြင် ဈေးဆိုင်များ ဖေါက်ထွင်းခံရကြောင်း သိရသည်။
ဒီး​မော့ဆိုမြို့နယ်တွင် ရက်ပေါင်း (၂၀)ကျော် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အာဏာသိမ်း စစ်ကောင်စီ၏တပ်က တပ်စွဲထားကြသည့် ရပ်ကွက်ကျေးရွာများအတွင်း နေအိမ်များ၊ ဆိုင်ခန်းများ၊ ကုန်စုံဆိုင်များအား ဖောက်ထွင်း၍ ပစ္စည်းများ ယူဆောင်သွားပြီး ယူမရသည့်ပစ္စည်းများကို ဖျက်ဆီးခြင်း၊ မီးရှို့ခြင်းများ ပြုလုပ်ထားသည်ကို တွေ့ရသည်ဟု ဒေသခံများထံမှ သိရသည်။
ကယား(ကရင်နီ)ပြည်နယ်တွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ် (PDF)များ စုပေါင်းထားသည့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် – KNDF နှင့် အကြမ်းဖက် စစ်ကောင်စီတို့ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့တွင် ယာယီအပစ်ရပ်လိုက်ခြင်းကြောင့် စစ်ရှောင်အချို့မှာ နေရပ်သို့ ပြန်လာရာမှ ရပ်ကွက်များအတွင်း အပျက်အစီးအချို့ကို မှတ်တမ်းတင်ရိုက်ကူး၍ လူမှုကွန်ယက်တွင် ဖော်ပြလာကြသည်ကို တွေ့ရသည်။
“ကျွန်မတို့ စစ်ရှောင်တွေကို ဖုန်းဆက် အကြောင်းကြားလာတယ်။ ပြန်လာလို့ရပြီပေါ့။ ဒါပေမဲ့ အကုန်မလာရဲကြသေးဘူး ။ ပြန်လာတဲ့သူကလည်း အ​ခြေအနေ လာပြန်ကြည့်ကြတာပေါ့။ ကျွန်မအိမ်ဆိုရင် လက်နက်ကြီးတွေ မထိခဲ့ပေမဲ့ အပေါ်ထပ်အောက်ထပ်မှာ ရှိသမျှပစ္စည်းတွေကို မွှေနှောက်ပြီး ယူသွားတယ်။ အဝတ်စားတွေပါ ယူသွားတယ်။ ယူလို့မရတာတွေကို ရိုက်ခွဲဖျက်ဆီးခဲ့တယ်။ ဓါတ်ပုံတွေဆိုလည်း အကုန်ဖြဲဆုတ်ခဲ့တယ်။ ကျွန်မ အိပ်ခန်းထဲလည်း ဝင်အိပ်ထားတဲ့ပုံပဲ။ ကျွန်မတို့မိန်းကလေး အဝတ်အစားတွေကိုပါ ပေါက်ကရတွေ လုပ်ထားတယ်။ မြို့ပျက်ကြီးပါပဲ အားလုံးက ရစရာကို မရှိတော့ပါဘူး။”ဟု ဒီးမော့ဆိုမြို့မှ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဒီးမော့ဆိုမြို့နယ်တွင်းရှိ ရပ်ကွက်များအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က တပ်စွဲနေထိုင်ခဲ့ကာ တိုက်ခိုက်မှုအတွင်း ကောက်ယူခွင့်မရခဲ့သည့် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းများမှာလည်း လမ်းကြားအချို့တွင် ရုပ်ပျက်ဆင်းပျက်ရှိနေပြီး နေအိမ်အများစုမှာလည်း လက်နက်ကြီးကျည်ထိမှန်ပျက်စီးနေကြကြောင်း သိရသည်။
“တောက်လျှောက်ပေါ့လေ။ စစ်တပ်က တပ်စွဲခဲ့တဲ့ ဒီးမော့ဆို ၊ ငွေတောင်၊ (၆)မိုင်လမ်းတစ်လျှောက်ပေါ့။ ဈေးဆိုင်တွေကိုဖျက်ပြီး ပစ္စည်းတွေယူတယ်။ ဖုန်းဆိုင်တွေကို ဖျက်ဆီးပြီး ပစ္စည်းတွေယူထားတယ်။ ယူလို့မရတဲ့ဟာတွေကို ဖျက်ဆီးထားတယ်။ အိမ်တွေကို မီးရှို့ထားတယ်။ တပ်စွဲတဲ့နေရာတစ်လျှောက်မှာရှိတဲ့ အိမ်တွေမှာပါ အမာခံနေပြီး တပ်စွဲထားတယ်။ တစ်ချို့ သေတဲ့အလောင်းတွေဆို အရိုးစုပဲ ကျန်တယ်။ လမ်းတွေ အိမ်တွေနားမှာ တွေ့ရတယ်။ ခုက အပစ်ရပ်လို့ ခဏလာကြည့်တဲ့သဘော ရိက္ခာလာပြန်ယူတာပါ။ စစ်တပ်ကို လုံးဝ မယုံပါဘူး။ ခုတောင် တပ်တွေ စွဲထားတုန်းပါပဲ။”ဟု ဒီးမော့ဆိုမြို့မှ စစ်ရှောင်ဒေသခံတစ်ဦးက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီတပ်က လွိုင်ကော်မှ ဒီးမော့ဆိုမြို့တလျှောက် ကျေးရွာ၊ ရပ်ကွက်များ၏ ဘာသာရေး အဆောက်အဦးများနှင့် လူနေအိမ်များတွင် တပ်စွဲကာ နေအိမ်များ၊ ဆိုင်ခန်းများ၊ ဒေသခံများ၏ မော်တော်ယာဥ်များကို မီးရှို့ဖျက်ဆီးခြင်းများကိုလည်း လုပ်ထားသည်ကို တွေ့ရသည်ဟု သိရသည်။
ကရင်နီအမျိုးသားကာကွယ်ရေးတပ်နှင့် အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲများ ယာယီ ရပ်နားလိုက်သော်လည်း ဒေသခံ စစ်ဘေးရှောင်များက နေရပ်ပြန်ရန် မယုံကြည်ရဲသေးသဖြင့် အခြေအနေစောင့်ကြည့်နေဆဲဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီတပ်ကလည်း ငွေတောင်ကျေးရွာတွင် တပ်စွဲထားဆဲဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံအရှေ့တောင်ပိုင်း၌ ဖြစ်ပေါ်နေသော လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့၏ ထုတ်ပြန်ချက်

(ရန်ကုန်) – မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ ကယားပြည်နယ်နှင့် အခြားဒေသများတွင် လျင်မြန်စွာဆိုးရွားလာသည့် လုံခြုံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အခြေ အနေများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့ကြီးကစိုးရိမ်လျက်ရှိပါသည်။

လုံခြုံရေးတပ်ဖွဲ့များက အရပ်သားများနေထိုင်ရာနေရာများသို့ ခွဲခြားမှုမရှိဘဲသိမ်းကြုံး တိုက်ခိုက်နေခြင်း များအပါအဝင် ကယားပြည်နယ်တွင် မကြာသေးမီက ဖြစ်ပွားလျှက်ရှိသော အကြမ်းဖက်မှုများကြောင့် ခန့်မှန်းခြေအားဖြင့် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်စသည့် လူဦးရေ ၁၀၀,၀၀၀ ခန့် သည် ပြည်တွင်းတွင် နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါသည်။ အိုးအိမ်စွန့်ခွာရသူအများစုမှာ ကယားပြည်နယ်နှင့် ယင်းနှင့်ထိစပ်ရာ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဘေးကင်းလုံခြုံရာနယ်ခံများနှင့် သစ်တောများထဲတွင် ခိုလှုံနေထိုင်လျက်ရှိကြပါသည်။ ဤအရေးကိစ္စသည် မြန်မာနိုင်ငံ၏ အခြားဒေသများတွင် တွေ့မြင်ရပြီး ဖြစ်သကဲ့သို့ အိုးအိမ်စွန့်ခွာရသူများကို နယ်စပ်ဖြတ်ကျော်ထွက်ပြေးခိုလှုံရသည့် အခြေအနေသို့ တွန်းပို့နိုင်ပါသည်။

ပဋိပက္ခတွင် ပါဝင်ပတ်သက်သူအားလုံးအနေဖြင့် အရပ်သားများနှင့် အရပ်သားများနှင့်သက်ဆိုင်သော အခြေခံအဆောက်အဦများ၊ အထူးသဖြင့် ဆေးကုသရာနေရာများနှင့် ဆေးဝန်ထမ်းများ အစရှိသည့် အကာအကွယ်ပေးရမည့်အရာများကို အကာအကွယ်ပေးရန်အတွက် လိုအပ်သော အစီအမံနှင့် ကြိုတင်ကာကွယ်မှုများကို  အရေးတကြီး လုပ်ဆောင်ရန်နှင့် တိုက်ခိုက်သူနှင့်အရပ်သားများအကြား ပစ်မှတ်ခွဲခြားခြင်း၊ လိုအပ်မှသာ ပစ်ခတ်ခြင်း၊ အင်အားအလွန်အကျွံအသုံးမပြုခြင်းနှင့် အရပ်သားများကို ကာကွယ်စောင့်ရှောက်ခြင်း အစရှိသည့် အခြေခံမူများကို လိုက်နာရန် ကုလသမဂ္ဂက ထပ်လောင်းတောင်းဆို တိုက်တွန်းအပ်ပါသည်။

ဖြစ်ပွားနေသော တိုက်ပွဲများကြောင့်အိုးအိမ်စွန့်ခွာထွက်ပြေးကြရသူများနှင့် တိုက်ပွဲဒဏ်ခံဒေသများတွင် ကျန်ရှိနေသူများသည် စားနပ်ရိက္ခာ၊ ရေ၊ နေစရာ၊ လောင်စာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အရေးပေါ်လိုအပ်လျက်ရှိကြပါသည်။ ဒေသခံများသည် ကူညီတုန့်ပြန်မှုများကို ချက်ချင်းလက်ငင်း လုပ်ဆောင်နိုင်ကြသော်လည်း လိုအပ်ချက်အားလုံး အထူးသဖြင့် ဝေးလံသောနေရာတွင် ရောက်ရှိနေသူများထံသို့ ရောက်ရှိရန် လိုအပ်နေဆဲဖြစ်သည်။ ဒေသခံများ၏ ကူညီဆောင်ရွက်မှုများကို ပံ့ပိုးဖြည့်ဆည်းပေးရန် ကုလသမဂ္ဂနှင့် ယင်း၏မိတ်ဖက် အဖွဲ့အစည်းများတွင် စားနပ်ရိက္ခာ၊ အိုးအိမ်ဆိုင်ရာပစ္စည်းများနှင့် အခြားအခြေခံ ကယ်ဆယ်ရေးပစ္စည်းများအပါအဝင် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ အဆင်သင့်ရှိနေပါသည်။ ဆက်လက်ပေါ်ပေါက်နေသည့် လုံခြုံရေး အခြေအနေ၊ လုံခြုံရေးတပ်ဖွဲ့များက ချမှတ်ထားသည့် အသွားအလာကန့်သတ်ချက်များနှင့် လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်မှုမရှိခြင်းများကြောင့် ဤအကူအညီများကိုပေးဝေရန် ကြန့်ကြာလျက် ရှိပါသည်။

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများနှင့် သွားရောက်ကူညီသူများကို ဘေးကင်းစွာသွားလာခွင့်ပြုရန် နှင့် ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများအား ကယားပြည်နယ်အပါအဝင် နိုင်ငံအတွင်းရှိ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အရေးတကြီး လိုအပ်နေသူများအားလုံးထံ အကူအညီများတိုက်ရိုက်သွားရောက်ပေးခွင့်ပြုရန် လုံခြုံရေးတပ်ဖွဲ့များအား ကုလသမဂ္ဂအဖွဲ့က တောင်းဆိုပါသည်။

၂၀၂၀ ပြည့်နှစ် မတ်လအတွင်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကမ္ဘာလုံးဆိုင်ရာ အပစ်အခတ်ရပ်ရေး တောင်းဆိုမှုနှင့် ပြန်လည်ဖြစ်ပွားလာသော ကိုဗစ်-၁၉ ရောဂါနှင့် အခြားသော လူသားချင်း စာနာမှုဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာပြသနာများကို ပူးပေါင်းရင်ဆိုင်ဖြေရှင်းကြရန် တောင်းဆိုမှုကို ကုလသမဂ္ဂက ထပ်လောင်းတိုက်တွန်းတောင်းဆိုအပ်ပါသည်။

Myanmar UN

စစ်တပ်က အာဏာသိမ်းပြီး သုံးလကျော်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ ကလေးသူငယ်စုစုပေါင်း ၇၃ ဦးထိ ရှိလာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက RFA ကို ပြောပါတယ်။

ဒီအရေအတွက်ဟာ ဆိုရှယ်မီဒီယာပေါ်တက်လာတဲ့ သတင်းတွေပေါ် အခြေခံပြီး ဒေသခံတွေနဲ့ မျက်မြင် တွေ့ရှိသူတွေ ပြောပြတဲ့ ခိုင်မာတဲ့ အချက်အလက်တွေကို ကောက်ယူစုဆောင်းထားတဲ့ အရေအတွက် ဖြစ်တယ်လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။

ကလေးသူငယ်ဆိုတာ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကာကွယ်ပေးရမယ့်သူတွေဖြစ်ပေမယ့် စစ်ကောင်စီက ကလေးသူငယ်တွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တာဟာ ကြီးမာတဲ့ ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်တယ် လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“သာမန်အကြမ်းဖက်မှုတွေ ရှိနေသည့်တိုင်အောင်၊ အကြမ်းဖက်သည့်တိုင်အောင် ကလေးသူငယ်ဆိုတာက ဘယ်လိုကာလမျိုးဖြစ်ပါစေ ကာကွယ်ပေးရမယ်ဆိုတာ အားလုံးသိပြီးသားပါ။ ကလေးတွေက နုနယ် သေးတဲ့သူ ဖြစ်တယ်။ ကလေးသူငယ် အခွင့်အရေးအရ ကာကွယ်ပေးရမယ်ဆိုတဲ့ အမျိုးအစား သတ်မှတ်ချက် ဖြစ်တယ်။ အဲနေရာမျိုးမှာမှ သေဆုံးမှုတွေဖြစ်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်သင့်တဲ့အချက် ဖြစ်တယ်။ သေဆုံးမှုတွေမှာ မတော်တဆ ထိခိုက်မှုတွေ မကတော့ဘူ။ ကလေးမှန်းသိရဲ့သားနဲ့ တမင် သက်သက် ရည်ရွယ်ပြီးတော့ သတ်ဖြတ်တာကတော့ ရည်ရွယ်ချက်တွေ ပါသွားပြီ။ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုကတော့ သာမန် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မကတော့ဘဲနဲ့ ကလေးသူငယ်တွေကို ကြီးမားသော ရာဇဝတ်မှု ကျူးလွန်တဲ့အဆင့်ကို ရောက်ရှိသွားပါပြီ။”

ကလေးငယ်တွေဟာ လမ်းပေါ်မှာ ဆန္ဒပြရင်း အပစ်ခံရတာတွေ မဟုတ်ဘဲ၊ နေအိမ်မှာ နေထိုင်ရင်း အာဏာရှင် ဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြသူတွေကို ရဲနဲ့ စစ်တပ်က လိုက်လံပစ်ခတ်မှုကြောင့် ကျည်ထိမှန် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

htoomyatwin-death.jpg
(စစ်ကောင်စီတပ်က ပစ်ခတ်လို့ သေဆုံးခဲ့ရတဲ့ မောင်ထူးမြတ်ဝင်းရဲ့ နာရေး) Photo: CJ

 

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က ရွှေဘိုမြို့မှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် မောင်ထူးမြတ်ဝင်း ဟာ အိမ်ထဲမှာ နေနေတဲ့အချိန် စစ်တပ်က ပစ်ခတ်တဲ့ကျည်ဆန် ဝမ်းဗိုက်ထိမှန်ပြီး သေဆုံးခဲ့ရပါတယ်။

မောင်ထူးမြတ်ဝင်း ရှင်ပြုအလှူလုပ်ဖို့ စုဆောင်းထားတဲ့ ချွေးနည်းစာဟာ သူ့ရဲ့ ဈာပနအလှူ ဖြစ်သွားတာ ကြောင့် ဝမ်းနည်းမိတယ်လို့ မောင်ထူးမြတ်ဝင်းရဲ့ ဖခင်က ပြောပါတယ်။

“တအား နှမျောတယ်။ ကျွန်တော့သား ရှင်ပြုဖို့အတွက် ရည်မှန်းထားတာ။ ကျွန်တော့် သားသမီးအတွက် အစစအရာရာ လှူဖို့အတွက် ချွေးနည်းစာနဲ့ စုဆောင်းထာပြီးသား။ စုဆောင်းထားတာ ဒါနဲ့ဆို နှစ်နှစ်ရှိပြီ။ ကိုဗစ်ရယ်၊ စစ်ဘေးရယ်။ ကိုဗစ်ကတည်းက လှူရမယ့်အလှူက စစ်ဘေးကျမှ ကျွန်တော့်သား ပျက်စီးသွား တယ်။ အိမ်ထဲမှာနေရင်းနဲ့ ပျက်စီးသွားတော့ ကျွန်တော့်သားအလှူ မအောင်မြင်လိုက်တဲ့အတွက် တော်တော်လေး ဝမ်းနည်းတယ်။ သူ့ရဲ့ ဈာပနကို ကျွန်တော်စုဆောင်းထားတာတွေ အကုန် လှူပစ်လိုက် တယ်။”

ကယားပြည်နယ် လွိုင်ကော်မြို့အနီးက ကယန်းသာယာရွာမှာ နေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် မောင်ဆန်းဒေးအေး ဟာလည်း စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် မေလ ၂၇ ရက်နေ့က သေဆုံးခဲ့ရပါတယ်။

မောင်ဆန်းဒေးအေး ဟာ၊ ကယန်းသာယာရွာမှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာမှာ ပုန်းအောင်း နေချိန် ဖခင်ဖြစ်သူက ခိုင်းစေတာကြောင့် ရွာထဲကို ခဏပြန်ဝင်လာစဉ် စစ်သားတွေနဲ့ တည့်တည့် တိုးတာကြောင့် ကြောက်လန့်တကြား ထွက်ပြေးရာမှာ ဦးခေါင်းကို တည့်တည့်ချိန်ရွယ်ပြီး ပစ်သတ်ခံခဲ့ရတာ လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတွေက RFA ကို ပြောပြကြပါတယ်။

NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း က ကယန်းသာယာရွာက ပစ်သတ်ခံရတဲ့ မောင်ဆန်းဒေးအေး ရဲ့ အဖြစ်အပျက်မျိုးကို ကမ္ဘာကသိအောင် ကြိုးစားနေတယ်လို့ ပြောပါတယ်။

“ဒီဟာမျိုးတစ်ခုကတော့ ကျနော်တို့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အချက်အလက်တွေ စုဆောင်း နေပါတယ်၊ ဒါ့ကြောင့် ဟိုတစ်နေ့က ကရင်နီမှာ သေသွားတဲ့ မောင်ဆန်းဒေးအေး တို့လို ကိစ္စတွေကို ကမ္ဘာကသိအောင်၊ နောက်တစ်ခါ ကလေးသူငယ် အခွင့်အရေးချိုးဖောက်မှု၊ ဒီလိုကိစ္စတွေဟာ ကလေး သူငယ်တွေကို လက်နက်ကိုင် ပဋိပက္ခတွေကနေ အကာအကွယ်ပေးရမယ်ဆိုတာတွေကို ကမ္ဘာက သိအောင် လုပ်ဆောင်နေပါတယ်။”

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက် (UNICEF) က ကောက်ယူထားတဲ့ စာရင်းတွေအရ၊ စစ်တပ် အာဏာသိမ်းပြီးချိန်ကစပြီး အခုချိန်ထိ လေးလကျော် ကာလအတွင်းမှာ၊ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှု ကြောင့် ယောင်္ကျားလေး ၄၈ ဦးနဲ့ မိန်းကလေး ခုနစ် ဦး၊ စုစုပေါင်း ကလေးသူငယ် ၅၅ ဦး သေဆုံးခဲ့တယ်လို့ ဇွန်လ (၃) ရက်နေ့က ကလေးသူငယ်တွေ အသတ်ခံရမှုနဲ့ပတ်သက်ပြီး RFA က မေးမြန်းစဥ် တုံ့ပြန်ဖြေကြား ခဲ့ပါတယ်။

“ကလေးသူငယ်တွေကို အကြမ်းဖက်မှုကနေ အကာအကွယ်ပေးရမှာဖြစ်သလို အန္တရာယ်ရှိနိုင်တဲ့ အနေအထားထဲ မကျရောက်စေသင့်ပါဘူး”

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက် မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Guy Taylor က “ကလေးသူငယ်တွေကို သေစေနိုင်လောက်တဲ့ လက်နက်ခဲယမ်း အပါအဝင် အင်အားသုံးမှုတွေနဲ့ ဖမ်းဆီးမှု တွေဟာ လက်ခံနိုင်စရာ မရှိပါဘူး။ တစ်ချိန်တည်းမှာပဲ ကလေးတွေကို အကြမ်းဖက်မှုတွေကနေ အကာ အကွယ်ပေးရမှာဖြစ်သလို အန္တရာယ်ရှိနိုင်တဲ့ အနေအထားတွေထဲမှာ မကျရောက်စေသင့်ပါဘူး။” လို့ RFA ရဲ့မေးမြန်းချက်ကို တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

“လက်ရှိ မြန်မာနိုင်ငံက အဖြစ်အပျက်တွေကြောင့် ကလေးသူငယ်တွေနဲ့ ပြည်သူတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာ ထိခိုက်နစ်နာမှုတွေကို တရားဝင် အကူညီပေးနိုင်ဖို့ လုပ်ဆောင်နေတယ်၊ မြန်မာနိုင်ငံရဲ့ လူသားချင်း စာနာထောက်ထားမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မိတယ်” လို့ လည်း သူက ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဇွန်လ (၈) ရက်မွန်းလွဲပိုင်း ထုတ်ပြန်ချက် အရ၊ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကစလို့ လေးလကျော် ကာလအတွင်း၊ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ပစ်ခတ်နှိမ်နင်းမှုကြောင့် သေဆုံးသူ ၈၅၇ ယောက်၊ အဖမ်းခံထားရသူ ၄၆၇၇ ယောက်နဲ့ ဖမ်းဝရမ်း အထုတ်ခံထားရသူ ၁၉၀၀ ကျော် ရှိနေပါတယ်။

အဲဒီသေဆုံးသူ ၈၅၇ ယောက်ထဲမှာ ကလေးသူငယ် ၇၃ ယောက် ပါဝင်တယ်လို့ NUG က ပြောထားပြီး၊ UNICEF ကတော့ သူတို့စာရင်းအရ ကလေး ၅၅ ယောက်အသတ်ခံထားရတယ်လို့ RFA ကို ပြောကြားထားတာ ဖြစ်ပါတယ်။

RFA News

စစ်ကောင်စီရဲ့တပ်တွေကို ခုခံတော်လှန်နေတာ တစ်လခွဲကျော်နေပြီဖြစ်တဲ့ ချင်းပြည်နယ် မင်းတပ်မြို့ မှာ နှစ်ဖက် သေဆုံးဒဏ်ရာရတာ ရှိသလို၊ အဖမ်းခံထားရတဲ့ အရပ်သားတွေ အချုပ်ထဲမှာ နှိပ်စက်ခံရတာလည်း ရှိနေပါတယ်။

ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့ရဲစခန်းမှာ အချုပ်ကျနေတဲ့သူ ဒေသခံအရပ်သား ၂၀ လောက်ရှိနေပြီး သူတို့ကို အစားအသောက် လုံလောက်အောင် မကျွေးသလို၊ ရေပဲသောက်နေရတာ နှစ်ရက်လောက်ရှိပြီလို့ RFA က စုံစမ်းသိရှိရပါတယ်။

ဒါကြောင့် အပြင်ကဒေသခံတွေကို ဆက်သွယ်ဖို့ ကြိုးစားနေတယ်လို့ မင်းတပ်မြို့ CDF အဖွဲ့ ပြန်ကြားရေး တာဝန်ခံက RFA ကို ပြောပါတယ်။

“ရဲစခန်းမှာ အချုပ်ကျနေတဲ့သူတွေ အကုန် အယောက် ၂၀ ကျော်လောက် စားစရာ မရှိတော့ဘူးတဲ့။ ထမင်းမစားရဘူး။ ရေပဲသောက်နေရတာ နှစ်ရက်ရှိပြီတဲ့။ စားစရာလည်း ပေးကြပါဦးပေါ့။ ရဲစခန်းကလည်း ဂရုမစိုက်ဘူး။ အဲဒီအချုပ်ကျနေတဲ့သူတွေ လုံးဝထမင်းမစားရဘဲ ဆန်ပြုတ်ပဲ သောက်ရတာကို တစ်နေ့ တစ်ကြိမ်ပဲ သောက်ရတယ်တဲ့၊ ဆန်ပြုတ်တောင် မသောက်ရတာ နှစ်ရက်ရှိပြီတဲ့၊ ရေပဲ သောက်ရတာ။ အဲဒါ ကျွန်တော်တို့ ငတ်နေပါပြီလို့ လုပ်ကြပါဦး ဆိုပြီး ဆိုင်ရာဆိုင်ရာကို ဖုန်းဆက်ဖို့ ကြိုးစားတယ်လို့ ကြားရတယ်”

“ဆန်ပြုတ်တောင် မသောက်ရတာ နှစ်ရက်ရှိပြီတဲ့၊ ရေပဲသောက်ရတာ”

စစ်ကောင်စီတပ်တွေကို ရရာလက်နက်နဲ့ ပြန်လည်ခုခံနေတဲ့ မင်းတပ်မြို့မှာ ဇွန်လ ၃ရက်နေ့ကနေ ဒီနေ့ ဇွန်လ ၈ နေ့အထိလည်း မင်းတပ်ဒေသကာကွယ်ရေး CDF အဖွဲ့နဲ့ တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ ဒီနေ့ မနက်မှာတော့ CDF အဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ မင်းတပ်မြို့ CDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ဒီနေ့လည်း တိုက်ပွဲတွေဆက်ဖြစ်တယ်။ တိုက်ပွဲတွေဆက်ဖြစ်တော့ လက်နက်ကြီးထိလို့ ဒီမနက် ချောင်းဆုံတိုက်ပွဲဘက်က တစ်ယောက်ကျဆုံး၊ ဒဏ်ရာရတဲ့သူလည်း လေးဦး၊ ငါးဦးလောက်ရှိတယ်ဗျ။ မင်းတပ်မှာ တိုက်ပွဲအတွင်း ကျဆုံးခဲ့ CDF အဖွဲ့ဝင် စုစုပေါင်း ဒီနေ့ကျဆုံးတာပါရင် ၂၂ ယောက်ရှိနေပါပြီ။” လို့ မင်းတပ်မြို့ CDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက RFAကို ပြောပါတယ်။

မင်းတပ်မြို့ပေါ်ကနေ နီးစပ်တဲ့ရွာတွေ၊ တောတောင်တွေနဲ့ ယောနယ်ဘက်တွေကို တိမ်းရှောင်နေရတဲ့ စစ်ပြေး ဒုက္ခသည်ဦးရေ တစ်သောင်းကျော်ဝန်းကျင် ရှိနေပြီး သူတို့ရှောင်တဲ့နေရာတွေကိုပါ စစ်တပ်က လက်နက်ကြီး တွေနဲ့ ပစ်ခတ်တာတွေရှိတယ်လို့ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တစ်ယောက်က RFA ကိုပါတယ်။

“အခု ကျွန်တော်တို့ရဲ့ စစ်ဘေးရှောင်တွေရှိနေတဲ့ စစ်ဘေးရှောင်စခန်းတွေကိုပါ လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ စစ်ဘေးရှောင်တွေနေတဲ့နေရာတွေကိုပါ စစ်ကြောင်းသုံးကြောင်းနဲ့ အတင်းထိုးစစ်ဆင် နေတယ်။ လုံခြုံရေးကအဓိကပေါ့။ ကျွန်တော်တို့မှာ စားစရာဆန်တွေလည်း မရှိတော့ဘူး။ မိုးရာသီလည်း ရောက်လာပြီ။ တာလပတ် လိုလာတယ်။ မြို့ပေါ်ကနေ စစ်ဘေး ရှောင်လာတာကို ထပ်တိုက်တယ်ဆိုတော့ ထပ်စစ်ဘေးရှောင်ရတာပေါ့။ အခုလို မိုးရာသီထဲမှာ တောထဲ ပြေးလွှားရှောင်တိမ်းနေရတော့ ပိုခက်ခဲတာပေါ့”

စစ်ကောင်စီတပ်နဲ့ မင်းတပ် CDF တို့ ဧပြီ ၂၄ ရက်နေ့ကစပြီး ဒီနေ့ တိုက်ပွဲအထိ တစ်လခွဲကျော်အတွင်း အရပ်သားတွေဘက်က သေဆုံး၊ ဒဏ်ရာရတာရှိသလို၊ စစ်တပ်ဘက်က သေဆုံးသူလည်း ဒါဇင်နဲ့ချီရှိနိုင် တယ်လို့ CDF မင်းတပ်အဖွဲ့က ခန့်မှန်းပြောဆိုပါတယ်။

depeyin.jpg
(စစ်ကောင်စီတပ်တွေ ယဉ်ကျေးရွာက တောရဘုန်းကြီးကျောင်းပစ္စည်းတွေကို ဇွန်လ ၈ ရက်နေ့က ဖျက်ဆီးခဲ့စဉ်) Photo CJ

ဒီအတောအတွင်းမှာပဲ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက ယဉ်ကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ ဒီကနေ့မွန်းတည့် ၁၂ နာရီလောက်က စပြီး အပြန်အလှန် ပစ်ခတ်နေကြရင်း ကနဦး သတင်းအရ စစ်ကောင်စီဘက်က သုံးယောက် ဒဏ်ရာရသွားတယ်လို့ ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် တစ်ယောက်က ပြောပါတယ်။

“လွန်ခဲ့တဲ့ ၃ ရက်လောက်က ဒီမှာ မိုင်းကွဲတော့ အဲဒီကိစ္စကြောင့် လာတာထင်တယ်။ ကား သုံးစီး၊ အင်အား ၅၀ လောက်ရှိမယ်။ စက်သေနတ်တွေနဲ့ပါ ပစ်တယ်။ စစ်သား သုံးယောက် ဒဏ်ရာရထားတယ်။ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ကတော့ ဒဏ်ရာရသူမရှိသေးဘူး”

မင်းတပ်နဲ့ ဒီပဲယင်းဖြစ်ရပ်မှာ စစ်တပ်ဘက်က အသေအပျောက်ရှိတယ် ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီ ရဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တယ်လီဖုန်းလက်ခံ ဖြေဆိုတာမရှိပါဘူး။

အခုသတင်းရေးနေတဲ့ မွန်းလွဲပိုင်းအချိန်ထိ တိုက်ပွဲဆက်ဖြစ်နေသေးတဲ့အတွက် နှစ်ဖက်ထိခိုက်ဒဏ်ရာရတာ ဘယ်နှစ်ယောက်ရှိလဲဆိုတဲ့ သတင်းအချက်အလက်ကို RFA က သီးခြားအတည် မပြုနိုင်သေးပါဘူး။

စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေဟာ မူးကမ်းကြီးရွာဘက်ကို ဆက်ထွက်သွားပြီး အဲဒီရွာဘက်မှာလည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ထပ်ပြီးတိုက်ပွဲဖြစ်တယ်လို့ ပြောပါတယ်။

RFA News