တပ်ပြေး ကလေးစစ်သားများကို ဖမ်းဆီး ထောင်ချနေ

(ဧရာဝတီ) ကလေးစစ်သားအဖြစ် စုဆောင်းခံထားရသည့် ကာလတွင် မိသားစုထံ ပြန်လည်ထွက်ပြေးလာသူများကို သက်ဆိုင်ရာ တပ်ရင်းက တပ်ပြေးအဖြစ် ပြန်လည်ဖမ်းဆီး ထောင်ချမှုများ ရှိနေကြောင်း သတင်းရရှိသည်။

၂၀၀၉ ခုနှစ်က ကယားပြည်နယ် လွိုင်ကော်မြို့တွင် စစ်သားအဖြစ် စုဆောင်းခံထားရသော ၉ တန်းကျောင်းသား မောင်ထက်ထက်အောင်သည် တောင်ကြီးသို့ ထောက်လှမ်းရေး သင်တန်းတက်ရောက်ရန် စေလွှတ်ခံရချိန်၌ မိဘများ နေထိုင်ရာ မန္တလေး မဟာအောင်မြေသို့ ပြန်လာစဉ် မိခင်တပ်ရင်းဖြစ်သည့် ကယားပြည်နယ် ဖရူးဆိုးအခြေစိုက် ခမရ ၅၃၁ က တပ်ပြေးအဖြစ် လာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ မှာ ထောင်ဒဏ် ၁ နှစ် ဆိုပြီး အမိန့်ချလိုက်တယ်။ ကလေးက သင်တန်း မတက်တော့ဘဲ ပြန်ပြေးလာတာ။ တပ်ထိန်း ၃ က လာဖမ်းသွားပြီး သူ့မိခင်တပ်ရင်းကို ပြန်ပို့လိုက်တာ။ အခုတော့ လွိုင်ကော် အကျဉ်းထောင်မှာ” ဟု မောင်ထက်ထက်အောင်၏ ဦးလေးဖြစ်သူက ပြောသည်။

မောင်ထက်ထက်အောင်ကို ၂၀၁ဝ ဒီဇင်ဘာလက တပ်ပြေးအဖြစ် ပြန်လည်ဖမ်းဆီးသွားခဲ့ပြီး သတင်းမရဖြစ်နေရာမှ ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်နေ့တွင် လွိုင်ကော် အကျဉ်းထောင်၌ မောင်ထက်ထက်အောင် နေမကောင်းဖြစ်နေ၍ စိုးရိမ်ရကြောင်း၊ မိဘများမှ လာရောက်တွေ့စေလိုကြောင်း၊ ထောင်ဒဏ် ၁ နှစ်ကျခံနေရကြောင်း အကြောင်းကြားလာ  သည်ဟု သူက ဆိုသည်။

“ကလေးက အရင်ငှက်ဖျားပိုး ဦးနှောက်ထဲဝင်ထားလို့ ဆေးကုထားရတာဆိုတော့ စိတ်ပူတာပေါ့။ ကျနော်တို့ အခုကိစ္စနဲ့ ပတ်သက်ပြီး ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်ရုံးကို ထပ်သတင်းပို့ထားတယ်။ သူတို့က လွှတ်တော့လွှတ်လိမ့်မယ်။ ဒါပေမယ့် နည်းနည်းကြာမယ်လို့ပြောတယ်” ဟု ဦးလေးဖြစ်သူက ပြောသည်။

မောင်ထက်ထက်အောင် ကလေးစစ်သားအဖြစ် စုဆောင်းခံရသည့် ၂၀၀၉ ခုနှစ်တွင် မိဘများက ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်ရုံးသို့ အမှုဖွင့်တိုင်ကြားခဲ့ရာ အမှုတွဲအမှတ် ၂၃၆ ဖြင့် လက်ခံထားခဲ့သည်ဟု သူကဆိုသည်။

ထို့အတူ တပ်မှ ထွက်ပြေးလာသော အသက် ၁၄ နှစ်အရွယ် မောင်ဇင်အောင်ကိုလည်း မိဘများနှင့် အတူ နေထိုင်စဉ် ပဲခူးတိုင်း ဝေါမြို့နယ် တောစွန်းရွာမှ ပြန်လည်ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၃ နှစ်ခွဲ ချမှတ်ခဲ့သည့် ဖြစ်ရပ်တခု ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်းက ဖြစ်ပွားခဲ့သေးသည်။

မန္တလေးတိုင်း အမရပူရမြို့နယ် ဆင်ရွာအုပ်စု မြင်းမူရွာရှိ မိဘရပ်ထံ ပြန်ပြေးလာသော မောင်ကျော်ရဲအောင် အမည်ရှိ ကလေးစစ်သားတဦးကိုမူ တပ်ပြေးအဖြစ် ဖမ်းဆီးပြီးမှ အသက်မပြည့်ဟု ဆိုကာ မိဘထံ ပြန်လည်အပ်နှံခဲ့သည်။

၂၀၀ရ ခုနှစ်အတွင်းက စစ်သားအဖြစ် စုဆောင်းခံရသူ မောင်ကျော်ရဲအောင်သည် တပ်တွင်းမှ ထွက်ပြေးလာကာ မိဘများနှင့် ၂ နှစ်ကျော်ကြာ ပြန်လည်နေထိုင်နေခဲ့ပြီးမှ မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် အခြေစိုက် ခလရ ၁၄ တပ်ရင်းမှ တပ်ကြပ်နှင့် တပ်သားများက ၂၀၁၁ ဇန်နဝါရီ ၁၉ ရက်နေ့တွင် တပ်ပြေးအဖြစ် ပြန်လည် ဖမ်းဆီးသွားခဲ့သည်။

မောင်ကျော်ရဲအောင်ကို ပုလိပ်မြို့ ရဲစခန်းတွင် ခြေထောက်ကို ထိပ်တုံးခတ်၍ ၂ ည ထိန်းသိမ်းထားခဲ့ပြီး မတ္တရာမြို့နယ် ထီးတော်မိုး အမှတ် ၂ စစ်သားစုဆောင်းရေး တပ်သို့ ပို့ဆောင်ခဲ့ကြောင်း၊ ထိုမှ ဇန်နဝါရီ ၂ရ ရက်နေ့တွင် မိဘ အုပ်ထိန်းသူများအား အကြောင်းကြား၍ ကလေးကို ပြန်လည်အပ်နှံပြီး မည်သူ့ကိုမှ ဆက်လက်တိုင်ကြားခြင်း မပြုရန် မှာကြား၍ ခံဝန်ကတိ လက်မှတ်များ ရေးထိုးစေခဲ့ကြောင်း ၎င်း၏ အုပ်ထိန်းသူတဦးက ဆိုသည်။

“ကျနော်နဲ့ သူ့အမေနဲ့ သွားတော့ သူတို့က ဗီဒီယိုတွေ၊ ဓာတ်ပုံတွေရိုက်တယ်။ ပြီးတော့ ဘယ်ကိုမှ မတိုင်ပါဘူးဆိုတာ လက်မှတ် ထိုးရတယ်။ ကျနော်တို့က ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်ကို တိုင်ဖို့ လုပ်နေတာလေ။ ကလေးကို ဖ
မ်းတဲ့ သူတွေကို ဘယ်လိုအရေးယူမယ်ဆိုတာ မသိရဘူး။ ကလေးကတော့ တော်တော်ကြောက်နေတယ်။ သူတို့ရှေ့မှာ ဘာမှ မပြောရဲဖြစ်နေတယ်” ဟု မောင်ကျော်ရဲအောင်၏ အဘိုး ဦးသိန်းအောင်က ပြောသည်။

စစ်အစိုးရအနေဖြင့် ယခင်က ကလေးစစ်သား မရှိပါဟု ငြင်းဆိုနေရာမှ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့အစည်း အသီးသီး၏ ဖော်ထုတ်ချက်များကြောင့် ၂၀၀၄ ခုနှစ်မှ စတင်ကာ ကလေးစစ်သား ပပျောက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့သော်လည်း ယနေ့အချိန်ထိ ကလေးစစ်သား စုဆောင်းမှုများ ရှိနေဆဲဖြစ်သည်။