အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ တရားဝင် ရပ်တည်ခွင့် ရှိရေး ကြိုးပမ်းတဲ့ အခါ ဥပဒေအရ ရသင့် ရထိုက်တဲ့ ခံစားခွင့်တွေ မရရှိခဲ့တာတွေဟာ လူ့အခွင့် အရေး ချိုးဖောက်ခံရမှု ဖြစ်တယ် ဆိုပြီး လူ့ အခွင့် အရေး ကောင်စီကို NLD က တိုင်တန်းဖို့ ပြင်ဆင်နေပါတယ်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ အန်အယ်လ်ဒီ ဥပဒေ အတိုင်ပင်ခံ တွေ မနေ့က တွေ့ဆုံ ပြီး ဆွေးနွေး တိုင်ပင်ခဲ့ကြတာပါ။ လာမယ့် သီတင်း နှစ်ပတ်အတွင်း တိုင်တန်းနိုင်ဖို့ ရည်မှန်းထားတယ်လို့ လည်း သိရပါတယ်။

အခုအခါ NLD ပါတီရပ်တည်ခွင့်ကို တိုင်တန်းနေတာမဟုတ်ဘဲ NLD ကတရားစွဲဆိုတာကို ပယ်ချခံရပြီးတဲ့နောက် ဥပဒေအရ ရသင့်တဲ့ အခွင့်အရေးတွေမရလို့ တိုင်တန်းမှာလို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကဘီဘီစီကိုပြောပါတယ်။

ဒီလိုငြင်းပယ်ခံရတာ လူ့အခွင့်အရေးကြေညာစာတန်းမှာ ပါတဲ့အပိုဒ်၈၊၁၉၊၂၀၊၂၁ တို့ကိုချိုးဖေါက်ရာရောက်ကြောင်း၊ ဒီအပိုဒ်တွေကတော့ ဥပဒေမဲ့ ဖမ်းဆီး ချုပ်နှောင်ခြင်း နဲ့ သင်းပင်း ဖွဲ့စည်းခွင့်၊ စုဝေး ပြောဆိုခွင့်ကို တားဆီးခြင်း၊ ပြည်သူ့ ဆန္ဒဟာ အုပ်ချုပ်မှု အာဏာရဲ့ အခြေခံ ဖြစ်ရမယ် ဆိုတဲ့ အချက်ကို ချိုးဖောက်ခြင်း စတာတွေဖြစ်ပါတယ်။

လူ့အခွင့်ရေးကြေညာစတမ်းပြဌာန်းချက်တွေအရ လူ့အခွင့်အရေး လုပ်ထုံးလုပ်နည်းတွေကို ချိုးဖေါက်ခံရတယ်လို့ ပြည်တွင်းမှာ တရားစွဲဆိုမှု လမ်းဆုံးသွားရင် လူ့အခွင့်အရေး ကောင်စီကို တိုင်နိုင်ကြောင်း၊ NLD ပါတီရပ်တည်ပိုင်ခွင့်နဲ့ ပတ်သက်လို့ တရားရုံးချုပ်က ပယ်ချလိုက်တဲ့အတွက် ပြည်တွင်းမှာ လမ်းဆုံးသွားလို့ အခုလိုဆက် ဆောင်ရွက်တာလို့ ဦးဉာဏ်ဝင်းကရှင်းပြသွားပါတယ်။

Source by : BBC News