(မဇ္ဈိမ) ချင်းလူမျိုးများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုနှင့် ဒေသတွင်း အခြေအနေများကို ထင်ဟပ်စေမည့် ဓာတ်ပုံပြပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Chulalongkorn တက္ကသိုလ်၌ ပြသနေကြောင်း သိရသည်။

Path of Perseverance: The Chin from Burma အမည်ဖြင့် ပုံကြီးပုံသေး စုစုပေါင်း ဓာတ်ပုံ ၉ဝ ကို ပြီးခဲ့သည့်လ ၁ဝ ရက်နေ့မှ စတင်၍ ယခုလ ၃ ရက်နေ့အထိ ပြသသွားမည်ဖြစ်ကာ၊ ထိုဓာတ်ပုံများကို အင်္ဂလန်နိုင်ငံသား ဓာတ်ပုံဆရာ Benny Menser က ကိုယ်တိုင်ရိုက်ကူး၍ ပြသခြင်း ဖြစ်သည်။

”စစ်တပ်ကနေ ချင်းတိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်လို့ ပြည်ပထွက်နေရတယ်။ ကျနော် ချင်းပြည်နယ်၊ မလေးရှားနိုင်ငံ၊ နယူးဒေလီနဲ့ မီဇိုရမ်ကို သွားပြီး ချင်းလူမျိုးတွေရဲ့ ဒုက္ခသည် ဘဝရောက်ရတာ၊ မြန်မာနိုင်ငံမှာ ချင်းပြည်နယ်ဆိုတဲ့ ချင်းတိုင်းရင်းသားတွေ ရှိတယ်ဆိုတာ မသိသေးတဲ့ နိုင်ငံတွေ သိလာအောင် ချင်းတိုင်းရင်းသားတွေရဲ့ ဘဝကို ဖော်ပြလိုတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်” ဟု မစ္စတာ Benny Menser က မဇ္ဈိမကို ပြောသည်။

ပြသထားသည့် ဓာတ်ပုံများမှာ ပြီးခဲ့သည့် ၂ဝဝ၆-၂ဝဝ၉ ခုနှစ်အတွင်း ချင်းပြည်သူများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ ရိုးရာယဉ်ကျေးမှု၊ ဆင်းရဲဒုက္ခနှင့် အငတ်ဘေး ကြုံတွေ့နေရမှု စသည့် ဓာတ်ပုံများ ဖြစ်သည်။

Benny Menser က “ချင်းပြည်သူတွေရဲ့ ဝတ်စားဆင်ယဉ်ပုံ၊ ထမင်းချက်နေပုံ၊ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ တောင်ယာအလုပ် လုပ်နေပုံနဲ့ တောင်ယာသွားနေပုံ၊ လူနေမှု အဆင့်အတန်း နိမ့်ကျနေပုံ၊ ရိုးရာဝတ်စုံပုံ၊ အမျိုးသမီးတွေ ရက်ကန်းရက်နေပုံ၊ အဆင့်အတန်းနိမ့်နေတဲ့ ကလေးငယ်တွေ၊ စစ်တပ်က ဖျက်ဆီးခဲ့တဲ့အိမ်ပုံ၊ ချင်းတိုင်းရင်းသားတွေကို ရိုက်နှက်ခဲ့တဲပုံနဲ့ စစ်တပ်က ပေါ်တာဆွဲနေရပုံ၊ ကိုယ့်အားကိုယ်ကိုး အလုပ်လုပ်ပုံ စသဖြင့် ပါတယ်” ဟု ပြောသည်။

ဓာတ်ပုံပြပွဲတွင် ပါဝင်ကူညီသူ ချင်းအမျိုးသမီးတဦးက “စဖွင့်ပြီးကတည်းက မြင်နေရတယ်။ ကြည့်လို့မဝ ဖြစ်နေတယ်။ ဓာတ်ပုံတွေ ကြည့်ရင်း မျက်ရည်ကျလာတယ်။ စိတ်ထိခိုက်တယ်၊ ညတောင် အိပ်လို့မရဘူး။ ကျနော်တို့ ချင်းတိုင်းရင်းသားတွေရဲ့ ဘဝက တကယ်စိတ်နာဖို့ ကောင်းတယ်” ဟု ပြောသည်။

ဓာတ်ပုံပြပွဲကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ နေ့စဉ် ဖွင့်လှစ်ထားပြီး စနေ၊ တနင်္ဂေနွနေ့များတွင် ရပ်နားသည်။ ပြပွဲသို့ ထိုင်းနိုင်ငံရောက် မြန်မာများ၊ အင်္ဂလန်၊ အမေရိကန် ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံသားများအပြင် ထိုင်းနိုင်ငံသားများ၊ ထိုင်းတက္ကသိုလ် ကျောင်းသူကျောင်းသားများ လာရောက်ကြည့်ရှုကြသည်။

ပြပွဲတွင် ကူညီနေသူ ချင်းအမျိုးသမီးက ”အခုလို ဒုက္ခရောက်နေတဲ့ ချင်းပြည်နယ်က ချင်းတိုင်းရင်းသားတွေကို အစိုးရက ဘာမှ လုပ်မပေးဘူးလား၊ အစိုးရက ဒုက္ခသည်ထောက်ပံကြေးတွေ မပေးဘူးလား၊ ချင်းပြည်သူတွေ အခုလက်ရှိ ဘာတွေနဲ့ အသက်ဝမ်းကြောင်းရှာလဲ၊ တကယ်သနားစရာ ဘဝတွေပါလားဆိုတဲ့ မေးခွန်းတွေ မေးတာများတယ်” ဟု ပြောသည်။

အိန္ဒိယ-မြန်မာနယ်စပ် အခြေစိုက် ချင်းအမျိုးသမီးများအဖွဲ့ချုပ် WLC၊ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO တို့ ငွေကြေးအထောက်အပံ့ အပါအဝင်ဖြင့် ယခုဓာတ်ပုံပြပွဲကို ပြသခြင်း ဖြစ်သည်။

ဤအကြိမ်မှာ ၄ ကြိမ်မြောက်ဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်နှင့် မဲဆောက်၊ အမေရိကန် ဝါရှင်တန်တွင်လည်း ပြသခဲ့ပြီးဖြစ်သည်။ ယခုနှစ်အတွင်း အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌လည်း ပြသသွားဦးမည်ဖြစ်သည်။