(DVB) မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ပထမဆုံးသုံးသပ်ချက် အစီရင်ခံစာတခုကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဒီကနေ့ အတည်ပြုထုတ်ပြန်နိုင်ခဲ့ပါတယ်။

ဒီအစီရင်ခံစာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့က ကျင်းပတဲ့ နိုင်ငံတွေရဲ့ လူ့အခွင့်အရေးအခြေအနေကို ပြန်လှန်သုံးသပ်တဲ့ ဆွေးနွေးပွဲမှာ တင်သွင်းတဲ့ မြန်မာစစ်အစိုးရရဲ့အစီရင်ခံစာ၊ ကမ္ဘာ့နိုင်ငံတွေရဲ့အကြံပြုချက်တွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့အစီရင်ခံစာတွေအပေါ် အခြေခံ ပြန်လှန်သုံးသပ်ဆွေးပြီးနောက်မှ ထုတ်ပြန်ထားတာပါ။

မြန်မာ့လူ့အခွင့်အရေးအခြေအနေတိုးတက်ကောင်းမွန်ဖို့ကမ္ဘာ့နိုင်ငံတွေက အကြံပြုချက် ၁၉၀ ကို တင်ပြကြရာမှာ ၇၀ ကျော်ကို မြန်မာကိုယ်စားလှယ်အဖွဲ့က ပယ်ချခဲ့ပြီး ၆၀ ကျော်ကို လက်ခံခဲ့ပါတယ်။

အကြံပြုချက် ၁၀ ခုကိုတော့ လုပ်ဆောင်နေတဲ့အကြောင်းနဲ့ ၄၆ ခုကို မြန်မာနိုင်ငံမှာ ခုကျင်းပနေတဲ့ လွတ်တော်က ပေါ်ထွက်လာမယ့် အစိုးရအဖွဲ့ကို စဉ်းစားဖို့လွှဲပေးမယ်လို့ ဆိုပါတယ်။ မြန်မာဘက်က လက်ခံတဲ့ လူ့အခွင့်အရေးတိုးတက်လုပ်ဆောင်ဖို့ ကိစ္စတွေထဲမှာ တရားစီရင်ရေးစနစ် နိုင်ငံတကာအဆင့်မီဖြစ်ဖို့၊ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစာချုပ်တွေ ဆက်ပြီးလက်မှတ်ထိုးဖို့နဲ့ လွတ်လပ်စွာ စုရုံးဆွေးနွေးခွင့်တွေကို အာမခံနိုင်ဖို့အတွက် ပြည်တွင်းဥပဒေတွေကို ပြန်သုံးသပ်သွားဖို့တွေ ပါရှိပါတယ်။ မလုပ်နိုင်ဘူးဆိုပြီး ပယ်ချတဲ့အချက်တွေထဲမှာတော့ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတွေ ချိုးဖောက်နေမှုတွေကို ချက်ချင်းရပ်ဖို့ အမေရိကန်ရဲ့အကြံပြုချက်ပါဝင်ပါတယ်။ နောက် အားလုံးပါဝင်တဲ့ မြင်သာတဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ တောင်းဆိုချက်ကိုလည်း ပယ်ချခဲ့ပါတယ်။

အိုင်စီအာစီအပါအဝင် နိုင်ငံတကာအန်ဂျီအိုတွေနဲ့ ကုလသမဂ္ဂကိုယ်စား လှယ်တွေကို နိုင်ငံတွင်းမှာ နေရာတိုင်းသွားလာခွင့်ပေးဖို့ကိစ္စကို ပယ်ချခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံအများစု တောင်းဆိုတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့ကိစ္စ၊ အခြေခံဥပဒေကို ပြန်သုံးသပ်ဖို့ တောင်းဆိုချက်တွေကိုလည်း ပယ်ချခဲ့ပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဒု ရှေ့နေချုပ် ဒေါက်တာထွန်းရှင်က မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိခိုက်တဲ့အကြံပေးချက်တွေ၊ နိုင်ငံရေးရှုထောင့်က မြင်တဲ့အမြင်တွေနဲ့ ကုလသမဂ္ဂရဲ့ စံချိန်စံနှုန်းဖြစ်တဲ့ လူ့အခွင့်အရေးတန်းတူရေးနဲ့ သွေဖည်တဲ့အရာတွေကို လက်မခံတာဖြစ်တယ်လို့ ကုလသမဂ္ဂမှာ ပြောဆိုသွားပါတယ်။ မြန်မာရဲ့တုံ့ပြန်ချက်အပေါ် လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ခုလိုမှတ်ချက်ပေးပါတယ်။

“သူတို့လက်ခံနိုင်တယ်လို့ပြောတဲ့အချက်တွေ ဖော်ပြသွားတာ ကြည့်မယ်ဆိုရင် တိတိကျကျ လက်ဆုပ်လက် ကိုင်ပြလို့မရတဲ့၊ ဘယ်အချိန်မှာ လိုက်နာပါမယ်ဆိုတာတွေ ပြောမထားတဲ့ ယေဘုယျအချက်တွေကိုပဲ ပြောထားတာ တွေ့ရပါတယ်။

“နောက်တခါ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာတွေ ပြောသွားတယ်၊ တကယ်တမ်းမှာတော့ သူတို့ပြောတာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်။ အိုင်စီအာစီကို ဝင်ခွင့်မပေးဘူး၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဘူးဆိုတာတွေ၊ အထူးစုံစမ်းစစ်ဆေးရေးကို လက်ခံဘူး၊ ဒါတွေဟာ လူ့အခွင့်အရေး လေးစားလိုက်နာပါမယ်ဆိုတဲ့ အချက်နဲ့ကွဲလွဲနေပါတယ်။” ခုထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာပါအချက်တွေကို မြန်မာအစိုးရ အရေးယူလိုက်နာဆောင်ရွက်မှုရှိမရှိကို လာမယ့် ဇွန်လမှာ ကျင်းပမယ့် လူ့အခွင့်အရေးကောင်စီရဲ့ ၁၇ကြိမ်မြောက်အစည်းအဝေးမှာ ဆွေးနွေးမှာဖြစ်ပါတယ်။