ချင်းပြည်နယ်တွင် စစ်ရှောင်တချို့ခိုလှုံနေသော ဘုန်းကြီးကျောင်း ဗုံး ၄ လုံးကြဲခံရခြင်း၊ စက်သေနတ်ဖြင့် ပစ်ခံရခြင်းကြောင့် ထိခိုက်သူများထဲတွင် ၂ ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု သိရသည်။ 

ယမန်နေ့ (ဇန်နဝါရီ ၂၃) နံနက်ပိုင်းက ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ ပလိပ်ထွီရွာကို စစ်ကောင်စီ လေတပ်က တိုက်ခိုက်ရာ ဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေသည့် စစ်ဘေးရှောင် ၅ ဦး ဒဏ်ရာ ရရှိခဲ့သည်။

၂ ဦး ဒဏ်ရာပြင်းထန်သည်၊ ပျက်စီးသည့် အဆောက်အအုံများထဲတွင် ဘုန်းကြီးကျောင်း၊ လူနေအိမ်တချို့ပါဝင်သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ဆလိုင်းယောမန်က Myanmar Now ကို ပြောသည်။

“ဗုံး ၄ လုံး ကြဲတယ်။ လေယာဉ်ကနေလည်း ပစ်ခတ်သွားတယ်။ IDP (စစ်ရှောင်) တွေကို ဆပ်ပြာတွေ၊ ဆပ်ပြာမှုန့်တွေ ဝေဖို့၊ သူ့တို့ဟာသူတို့ အေးဆေးလုပ်နေတာ။ ရွာဝန်းကျင် ပစ်ခတ်သွားတယ်။ ဗုံးကြဲတာတော့ စေတီနဲ့ သိမ်ကျောင်းပေါ်လည်း ကျတယ်။ စေတီနားတွေလည်း ကျတယ်။ လေယာဉ်နဲ့ ပစ်တာတော့ လူနေအိမ် ၂ လုံးလောက် ထိသွားတယ်” ဟု သူက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများ၏ အမည်၊ အသက်အရွယ်နှင့် ဒဏ်ရာအခြေအနေများကို အသေးစိတ်မသိရသေးပေ။

ဇန်နဝါရီ ၂၁  ညပိုင်းကလည်း ထိုရွာနှင့် ၅ မိုင်ကျော်အကွာရှိ စွန်တောင်ရွာကိုလည်း လေယာဉ်က နှစ်ကြိမ် ဗုံးကြဲခဲ့ရာ အရပ်သား ၂ ဦး ဒဏ်ရာရသည်။

ထိုသို့ နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုအပြီး ယမန်နေ့တွင် မြို့ပေါ်အခြေစိုက်တပ်များက မင်းတပ်မြို့ဆေးရုံဝင်းကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“လူနာတွေကို ဆေးခန်းကို ယူသွားလို့မရဘူး။ ဆေးခန်းကို လက်နက်ကြီးနဲ့ ထုနေတယ်။ စာသင်ကျောင်း သယ်သွားမလား၊ ဘုန်းကြီးကျောင်း သယ်သွားမလားဆိုတော့လည်း ဘုန်းကြီးကျောင်းလည်း မလုံခြုံဘူး။ (ဗုံး) ကြဲတာပဲ။ စာသင်ကျောင်းလည်း ကြဲနိုင်တာပဲ ဆိုတော့ ကျွန်တော်တို့က တောထဲတောင်ထဲ၊ ချောက်ထဲမှာပဲ အဆင်ပြေသလို ကုသနေရတာပေါ့” ဟု ဆလိုင်းယောမန်က ဆိုသည်။

“အရေးပေါ်ကုသမှုမျိုးလောက်ပဲ ပေးနိုင်တယ်။ လုံလောက်တဲ့ နေရာထိုင်ခင်းနဲ့ ကောင်းကောင်းမွန်မွန် သန့်သန့်ရှင်းရှင်းတော့ မရှိဘူးပေါ့”

မင်းတပ်အခြေစိုက် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) ကလည်း စစ်ကောင်စီ၏လုပ်ရပ်ကို ကန့်ကွက် ရှုတ်ချကြောင်း၊ နည်းလမ်းပေါင်းစုံဖြင့် တုံ့ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ဘာသာရေးအဆောက်အအုံများ၊ စစ်ဘေးရှောင်စခန်းများနှင့် အရပ်သားများကို ပစ်မှတ်ထားခြင်းသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေများကို ဆန့်ကျင်သည့်လုပ်ရပ်ဖြစ်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်သည်ဟု မင်းတပ် CDF က ဆိုသည်။

ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှစ၍ မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းမှ ၈ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေအိမ်များအနီး သတ်မှတ်ချက်နှင့်အညီ ပုန်းခိုကျင်းများတူးရန် CDF မင်းတပ်က တိုက်တွန်းထားသည်။

“အနည်းဆုံး ၄ ပေ၊ ၅ ပေလောက် နက်ရမယ်။ အနည်းဆုံး လူ ၂ ယောက် ချောင်ချောင်ချိချိ သွားလာလို့ ရရမယ်။ အပေါ်မှာ အမိုးမိုးရမယ်။ လေဝင်လေထွက်ကောင်းရမယ်” ဟု ဆလိုင်းယောမန်က ပြောသည်။

သို့သော် ဒေသခံအများစုမှာ အိမ်တွင် နေထိုင်ရုံမျှမက တောင်ယာလုပ်ငန်းခွင်တွင်လည်း နေထိုင်လေ့ရှိသည့်အတွက် နေရာတိုင်းတွင် ပုန်းခိုကျင်းတူးရန် အခက်အခဲရှိနိုင်ကြောင်း သိရသည်။

စစ်ကောင်စီကို လက်နက်ကိုင်ပြန်ခုခံခဲ့သည့် မင်းတပ်မြို့နယ်တွင်  စစ်ရှောင် ၁၂၀၀၀ နီးပါးရှိပြီး နီးစပ်ရာကျေးရွာများနှင့် ဆွေမျိုးသားချင်းများရှိရာ ကျေးရွာများတွင် ခိုလှုံနေရသည်။

စစ်ကောင်စီသည် ယခုနှစ်ဆန်းအတွင်း ချင်းပြည်နယ်၌ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်နေကာ မြန်မာ-အိန္ဒိယနယ်စပ် ထန်တလန်မြို့နယ်ရှိ ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်ကို ဇန်နဝါရီ ၁၀နှင့် ၁၁ တို့ တွင် ၂ ရက်ဆက် ဗုံးကြဲခဲ့၍ တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့သည်။

စစ်ကောင်စီလေတပ်သည် ချင်းပြည်နယ်သာမက စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်း၊ ကရင်နီ၊ ကရင်ပြည်နယ်တို့တွင်လည်း စစ်ရေးပစ်မှတ်များကိုသာမက ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံများ၊ စာသင်ကျောင်းများကိုလည်း အလားတူ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်။

Myanmar Now News