အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာတဲ့ စစ်ဘေးဒုက္ခသည် တစ်သန်းကျော် (၁,၀၁၇,၀၀၀ ဦး) ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က အောက်တိုဘာ ၁ ရက်မှာ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သြဂုတ်လကုန်အထိ နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် ကိုးသိန်းခုနစ်သောင်းကျော် (၉၇၄,၄၀၀ ဦး) ရှိခဲ့ပါတယ်။ စက်တင်ဘာလအတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ စစ်ဘေးဒုက္ခသည် လေးသောင်း နှစ်ထောင်ကျော် (၄၂,၆၀၀ ဦး) တိုးလာတဲ့အတွက် အခုဆိုရင် ဒုက္ခသည်ဦးရေဟာ တစ်သန်းကျော်သွားပါပြီ။

သာမန် အရပ်သားတွေရဲ့ နေအိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေပါ ဖျက်ဆီးခံရလို့ ပြန်လည် ထူထောင်ဖို့ မလွယ်တော့ဘူးလို့ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်က အမည်မဖော်လိုသူ စစ်ဘေးဒုက္ခသည် တစ်ဦးက RFA ကို ပြောပါတယ်။

“ဒေသခံတွေက ကားတွေဘာတွေတောင် မယူသွား အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထထွက် သွားရော။ ပြန်လာတဲ့အခါကြတော့ အကုန်လုံး မီးရှို့ပြာကြနေတော့ စိတ်ထိခိုက်တာပေါ့။ ဆုံးရှုံးမှုကလည်း တော်တော်များတယ်။ ပြန်လည်ထူထောင်ဖို့က မလွယ်တော့ဘူး။ အဲဒီအခါကြတော့ ဘဝရပ်တည်ရေးအတွက် အဆင်မပြေတော့ဘူး”

လက်နက်ကိုင်ဆန့်ကျင်မှု အားကောင်းတဲ့ စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးဒုက္ခသည် ငါးသိန်းခွဲနီးပါး (၅၄၅,၀၀၀ ဦး)ရှိပြီး ဒါဟာ ဒုက္ခသည်စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းကျော် ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ တစ်ကျော့ပြန် တိုက်ပွဲတွေကြောင့် စက်တင်ဘာလအတွင်း ဒုက္ခသည် တစ်သောင်းသုံးထောင်ကျော် (၁၃,၄၀၀ ဦး) တိုးလာတယ်လို့ UN OCHA အစီအရင်ခံစာမှာ ဖော်ပြပါတယ်။

ဒုက္ခသည်တွေ ရိက္ခာပြတ်လပ်ပြီး ဆန်ပြုတ်သောက်နေရတယ်လို့ ရသေ့တောင်မြို့နယ် အတွင်းက စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတစ်ဦးကပြောပါတယ်။

“Camp (စစ်ဘေးဒုက္ခသည်စခန်း) တွေမှာက တချို့ဆို စားနပ်ရိက္ခာတွေ ပြတ်နေပြီဗျ။ တချို့ဆိုရင် ထမင်းမချက်နိုင်ဘဲနဲ့ ဆန်ပြုတ်ကျိုသောက်ရတဲ့ အဆင့်ကို ရောက်နေပြီ။ မြောက်ဦးဘက်မှာဆိုရင် ကလေးတွေကအစ ထမင်းငတ်နေတဲ့ အခြေအနေမျိုး ဖြစ်နေပြီဗျ ဒုက္ခသည်စခန်းမှာ။ ဒီအတိုင်းဆက်သွားမယ်ဆိုရင်တော့ နောက်တစ်ပတ် အတွင်းမှာ အကုန်လုံး အခက်အခဲ ရောက်သွားနိုင်တယ်။ စားနပ်ရိက္ခာလုံးဝကို ပြတ်သွားနိုင်တယ်”

စက်တင်ဘာ ၁၅ ရက်နေ့ကစလို့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တွေမှာ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေက ထောက်ပံ့တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို စစ်ကောင်စီက ပိတ်ပင်လိုက်ပါတယ်။

“Camp (စစ်ဘေးဒုက္ခသည်စခန်း) တွေမှာက တချို့ဆို စားနပ်ရိက္ခာတွေ ပြတ်နေပြီဗျ။ “

ဒီအပြင် လမ်းပန်းဆက်သွယ်ရေးတွေကို ပိတ်ဆို့ထားတာမို့ ရခိုင်ပြည်နယ်က စစ်ဘေး ဒုက္ခသည် စခန်းတွေမှာ ရိက္ခာပြတ်တောက်နေပြီလို့ ဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းက စစ်ဘေးဒုက္ခသည်အရေးနဲ့ ပတ်သက်လို့ စစ်ကောင်စီ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါ်သက်သက်ခိုင်ကို RFA က ဒီကနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင် ဆန့်ကျင်သူတွေအကြား နယ်မြေစိုးမိုးရေး ကြိုးပမ်းမှုတွေကြောင့် လာမယ့် ကာလတွေအတွင်း ပဋိပက္ခတွေ ပိုပြင်းထန်လာပြီး ဒုက္ခသည်အရေး အကျပ်အတည်းဖြစ်လာလိမ့်မယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။

rakhine refugees
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ မြို့ဦးခေါင်း ဒုက္ခသည်စခန်းရှိ စစ်ဘေးဒုက္ခသည်များကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့က တွေ့ ရစဉ်။ (Photo: RFA)

“စစ်ရေးအရ တိုးမြှင့်နေသလိုမျိုး ကြားထဲမှာ ကူညီကယ်ဆယ်မယ့် INGO တို့ UN တို့ အဖွဲ့တွေကိုပါ ထိန်းချုပ်ဖို့အတွက် သူတို့ကော်မတီတွေဖွဲ့ပြီးတော့ စနစ်တကျ လုပ်နေတာမျိုး တွေ့ရလိမ့်မယ်။ အဲဒီတော့ သူတို့က တင်းမာမှုတွေ လျော့ကျစေမယ့် လုပ်ရပ်မျိုးတွေကိုတောင်မှ သူတို့က တားဆီးပိတ်ပင်ဖို့ လုပ်နေတာမျိုးတွေ့ရတယ်။ အဲဒီတော့ စစ်ရေးအရကတော့ အရှိန်မြင့်လာဖို့ ပိုများတယ်လို့ သုံးသပ်လို့ရတာပေါ့”

စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲလုပ်ဖို့ နယ်မြေစိုးမိုးရေးကို အင်အားသုံး ဆောင်ရွက်လာပြီး အတိုက်အခံတွေကလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အပါအဝင် စစ်ကောင်စီက ကြိုးပမ်းမှုတွေကို အသိအမှတ်မပြုဘူးလို့ ပြောဆိုထားပါတယ်။ ဒါကြောင့် တိုက်ပွဲတွေနဲ့အတူ စစ်ဘေးဒုက္ခသည် အရေအတွက်လည်း တဟုန်ထိုး တိုးလာလိမ့်မယ်လို့ သူက ခန့်မှန်းပါတယ်။

စစ်အာဏာမသိမ်းခင်က နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် သုံးသိန်းလောက်ရှိနေရာက ခုဆိုရင် နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် ၁ ဒသမ ၃ သန်း ကျော်ရှိနေပြီလို့ UNOCHA က ပြောပါတယ်။

ဒီလို နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည်ဦးရေ တိုးလာပေမယ့် လူသားချင်းစာနာမှုအကူအညီ ၂၀ ရာခိုင်နှုန်းပဲ ပေးထားနိုင်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

RFA News