မွန်တွင် လက်သည်မပေါ်သင့် သတ်ဖြတ်မှုကြောင့် ဒေသခံ (၁၆) ဦး ထက်မနည်း သေဆုံးခဲ့ရ
၂၀၂၅ မတ်လမှ ဩဂုတ်လပထမအပတ်အထိ မွန်ပြည်နယ်တွင် လက်သည်မပေါ်သည့် သတ်ဖြတ်မှုပေါင်း (၁၂) ကြိမ် ဖြစ်ပွားခဲ့ပြီး အဆိုပါသတ်ဖြတ်မှုများအတွင်း ဒေသခံပြည်သူ (၁၆) ဦး သေဆုံးခဲ့ကြောင်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း၏ အချက်အလက်များအရ သိရှိရသည်။
လက်သည်မပေါ်သည့် သတ်ဖြတ်မှုများသည် မုဒုံမြို့နယ်တွင် (၄) ကြိမ်၊ သံဖြူဇရပ်မြို့နယ်တွင် (၂) ကြိမ်၊ သထုံမြို့နယ်တွင် (၂) ကြိမ်၊ ဘီးလင်းမြို့နယ်တွင် (၁) ကြိမ်၊ ကျိုက်ထိုမြို့နယ်တွင် (၁) ကြိမ်၊ မော်လမြိုင်မြို့နယ်တွင် (၁) ကြိမ်နှင့် ရေးမြို့နယ်တွင် (၁) ကြိမ် စုစုပေါင်း (၁၂) ကြိမ် ဖြစ်ပွားခဲ့သည်။
လက်သည်မပေါ်သည့် သတ်ဖြတ်မှုများကြောင့် မုဒုံမြို့နယ်မှ အမျိုးသား (၆) ဦး၊ သံဖြူဇရပ်မြို့နယ်မှ အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၁) ဦး၊ သထုံမြို့နယ်မှ အမျိုးသား (၃) ဦး၊ ဘီးလင်းမြို့နယ်မှ အမျိုးသမီး (၁) ဦး၊ ကျိုက်ထိုမြို့နယ်မှ အမျိုးသား (၁) ဦး၊ မော်လမြိုင်မြို့နယ်မှ အမျိုးသား (၁) ဦးနှင့် ရေးမြို့နယ်မှ အမျိုးသား (၁) ဦး စုစုပေါင်း (၁၆) ဦး သေဆုံးခဲ့ရသည်။
ဩဂုတ်လ (၆) ရက်နေ့တွင် သံဖြူဇရပ်မြို့နယ် ထင်းရှူးကျေးရွာနေ လင်မယား (၂) ဦးသည် နဖူးတွင် သေနတ်ဒဏ်ရာဖြင့် ထင်းရှူးနှင့် လင်မသာကျေးရွာကြားတွင် သေဆုံးနေသည်ကို ရွာသားများက တွေ့ရှိခဲ့သည်။
“အပစ်ခံရတဲ့နေ့က သူတို့နှစ်ယောက် ဆိုင်ကယ်စီးလာတယ်။ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ရပ်ခိုင်းပြီး အဲ့နေရာမှာပဲ ပစ်သတ်လိုက်တယ်။ ဆိုင်ကယ်ကိုလည်း ယူသွားတယ်လို့ ကြားတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ပစ်သတ်ခံရသည့်လင်မယားနှစ်ဦးသည် လောင်းကစားဝိုင်းများကို ဦးဆောင်ဖွင့်လှစ်နေသည့်အပြင် စစ်တပ်သတင်းပေးအဖြစ်လည်း လုပ်ကိုင်နေကြောင်း ပြောဆိုနေကြသော်လည်း သီးခြားအတည်ပြုချက် မရှိချေ။
“YPDF MSRF နဲ့ KNLA တို့နဲ့ ပူးပေါင်းနေတဲ့ RMA က လုပ်တာ မဟုတ်ဘူးဆိုတာ သေချာတယ်။ အခင်းဖြစ်တဲ့နေရာကိုလည်း ကျွန်တော်တို့ ဆင်းပြီး စစ်ဆေးခဲ့သေးတယ်” ဟု YPDF တပ်ရင်းမှူး ဗိုလ်ရန်နိုင်က ပြောသည်။
၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု ပျက်သုဉ်းလာသည့်အပြင် လက်နက်ကိုင်တပ်ဖွဲ့အသစ်များ ပေါ်ပေါက်လာကာ ဥပဒေပြင်ပသတ်ဖြတ်မှုများ ပိုမိုဖြစ်ပွားလာသည်။ သတ်ဖြတ်မှုပြီးနောက် ကျူးလွန်သူများကို သိရှိအရေးယူနိုင်ခြင်း မရှိဘဲ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား အပြန်အလှန်စွပ်စွဲပုတ်ခတ်ခြင်းဖြင့်သာ အဆုံးသတ်လေ့ရှိသည်။








