ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာကိစ္စကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကိုလွှဲပေးဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်ရောင်းဝယ်မှု ပိတ်ဆို့အရေးယူဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် (Amnesty International) အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

မြန်မာပြည်မှာ နိုင်ငံအနှံ့လူ့အခွင့်အရေးချိုးဖောက်နေတဲ့ စစ်တပ်ကို ကမ္ဘာလုံးဆိုင်ရာ အရေးယူဖို့ လိုအပ်နေပြီလို့ AI အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းပြီးကတည်းက လူသုံးထောင်နီးပါး အသတ်ခံရပြီး တစ်သောင်းသုံးထောင်ကျော် အဖမ်းခံထားရသလို၊ လူတစ်သန်းခွဲလောက် ထွက်ပြေးနေရတယ်လို့ AI အဖွဲ့က ပြောပါတယ်။

အဲဒီထဲမှာ လူလေးယောက်ကို ကြိုးပေးကွပ်မျက်ထားသလို၊ အနည်းဆုံး လူ ၁၀၀ လောက်ကို သေဒဏ်အမိန့်ချထားတယ်လို့ ဆိုပါတယ်။ ကလေး ခုနစ်သန်းခွဲကျော်လည်း ကျောင်းပြင်ပမှာရောက်နေရတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးနှစ်နှစ်အတွင်းမှာ ပြည်သူတွေကို ထင်သလိုဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်နေတဲ့အတွက် ကမ္ဘာတစ်ဝန်းညီညီညွတ်ညွတ်လက်တွဲပြီး တိုးမြှင့်အရေးယူဖို့ စစ်အာဏာသိမ်းနှစ်နှစ်ပြည့်ခါနီးမှာ AI အဖွဲ့က တိုက်တွန်းလိုက်တာပါ။

နိုင်ငံတကာရဲ့ အရေးယူမှုမလုံလောက်တဲ့အတွက် စစ်တပ်ဟာ နိုင်ငံအနှံ့လူ့အခွင့်အရေး ချိုးဖောက်နိုင်နေတယ်ဆိုတာ ငြင်းလို့မရဘူးလို့ AI အဖွဲ့ရဲ့ ဒေသဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး Ming Yu Hah က ပြောပါတယ်။

မကြာသေးခင်က ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနဲ့ပတ်သက်လို့ သမိုင်းဝင် တိုက်တွန်းချက် ချမှတ်ခဲ့တာကို ကြိုဆိုရပေမယ့်၊ အဲဒီလောက်နဲ့မလုံလောက်ဘူးလို့ AI အဖွဲ့က ထောက်ပြပါတယ်။

RFA Burmese