အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားတဲ့ ဝန်ထမ်းတွေကို ရန်ကုန်တိုင်း စစ်ဌာနချုပ်ရဲ့ ညွှန်ကြားချက်နဲ့ ရှာဖွေဖမ်းဆီးနေတယ်လို့ ရန်ကုန်မြို့မှာနေထိုင်တဲ့ CDM ဝန်ထမ်းတွေက ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ပထမအပတ်ကစပြီး ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မြို့နယ်အားလုံး နီးပါးမှာရှိတဲ့ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းနဲ့ စာသင်ကျောင်းတွေမှာ ရှာဖွေဖမ်းဆီးနေတာလို့ ဆိုပါတယ်။

CDM တွေကို လက်ခံထားတဲ့ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေ စာသင်ကျောင်းတွေကိုလည်း ချိပ်ပိတ်အရေးယူဖို့ ခြိမ်းခြောက်ပြောဆိုတာတွေ ရှိတယ်လို့ ရန်ကုန်မြို့က အမည်မဖော် လိုတဲ့ CDM ဆရာဝန် တစ်ဦးက RFA ကို ပြောပါတယ်။

“အဓိက ကတော့ CDM တွေကိုဖမ်းပြီး ငွေညှစ်ချင်တာပေါ့။ CDM ဝင်ထားတယ် ဆိုပေ မယ့် နားလည်မှုနဲ့ ဆေးခန်းတွေ၊ ပုဂ္ဂလိကစာသင်ကျောင်းတွေမှာ ဝင်လုပ်နေတာတွေ ရှိတာပေါ့။ ဒါကို သူတို့ဘက် ကသိပြီး ဖမ်းမယ်၊ ပြီးရင် ဘယ်လောက်နဲ့ လာရွေးပါဆိုပြီး ငွေညှစ်မှာပေါ့”

လက်ရှိအချိန်အထိ ဘယ်လောက် ဖမ်းဆီးခံလိုက်ရတယ်ဆိုတာ သူ့အနေနဲ့ အတိအကျ မသိဘူးလို့ ဆိုပါတယ်။

ဒီညွှန်ကြားချက် ထွက်လာပြီးနောက်ပိုင်း အလုပ်တွေကနေ CDM ဝန်ထမ်းတွေကို တာဝန် ရပ်ဆိုင်းတာတွေ ရှိတယ်လို့ အဲဒီဝန်ထမ်းတွေက ပြောပါတယ်။

အခုလို ဖမ်းဆီးဖို့စီစဉ်တာဟာ လုပ်ငန်းခွင်ပြန်ဝင်အောင် စစ်ကောင်စီဘက်က တစ်ဖက်လှည့်နဲ့ လုပ်နေတာလို့ CDM ဝန်ထမ်းတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့စာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းက ပြည်သူ ၁၃,၆၄၂ ဦး ဖမ်းဆီးခံထားရပြီး ၂,၈၁၀ ဦး သေဆုံးခဲ့ပါတယ်။  RFA Burmese News