ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်အတွင်း ဇန်နဝါရီလ ၅ ရက်က အဓိကရုဏ်းတစ်ခု ဖြစ်ပေါ်ကာ နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံးခဲ့ပြီး အကျဉ်းသား ၇၀ နီးပါး ဒဏ်ရာ ရရှိခဲ့တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဝေဖန်ပါတယ်။

အဓိကရုဏ်းကို ထောင်အာဏာပိုင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းရာမှာ အသက် ၃၃ နှစ်အရွယ် ကိုဝေယံဖြိုး (ခ) ရာစု သေဆုံးခဲ့သလို အသက် ၃၁ နှစ်အရွယ် ကိုဝင်းမင်းထက် (ခ) မဲကြီး ပျောက်ဆုံးနေတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီအပြင် နိုင်ငံရေးအကျဉ်းသား ၇၀ နီးပါး ဒဏ်ရာရခဲ့ပြီး အဲ့ဒီထဲက ကိုးဦးက အသက် အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒီဖြစ်ရပ်အတွက် ပုသိမ်အကျဉ်းထောင်ဝန်ထမ်းတွေ တာဝန်ခံရမယ်လို့ NUG လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက RFA ကိုပြောပါတယ်။

“ ဒီကိစ္စဟာထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို တရားလက်လွတ် သတ်ဖြတ်တာ ဖြစ်ပါတယ်။ ဒါဟာ အင်အားအလွန်အကျွံသုံးပြီး သတ်ဖြတ်မှုဖြစ်ပါတယ်။ ဒါ့အပြင် ထောင်ထဲမှာရှိတဲ့သူတွေ သေဆုံးရင် ထောင်ရဲ့စည်းကမ်းအရ မိသားစုတွေကို အလောင်းပြန်ပေးတာ လုပ်ရပါတယ်။ အခု အလောင်းပြန်မပေးတာဟာ ထောင်မှာရှိတဲ့ လုပ်ထုံးလုပ်နည်း၊ လက်စွဲတွေကို ချိုးဖောက်တာဖြစ်ပါတယ်။ အဲတော့ ဒီကိစ္စဟာ လူ့အခွင့်ရေး ချိုးဖောက်မှုတင်မကဘဲ ထောင်နဲ့ပတ်သက်တဲ့ စည်းကမ်းတွေကိုပါ ချိုးဖောက်တာဖြစ်ပါတယ်”

ဒီဖြစ်စဉ်အပါအဝင် အကျဉ်းထောင်တွေထဲ စစ်ကောင်စီရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ မတရား သတ်ဖြတ်မှုတွေကို မှတ်တမ်းတင်ထားပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကို ပေးပို့မယ်လို့လည်း သူကပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကလည်း ပုသိမ် အကျဉ်းထောင်ထဲ လူသေဆုံးမှုဟာ ဥပဒေမဲ့သတ်ဖြတ်ခံလိုက်ရတာလို့ ဇန်နဝါရီလ ၈ ရက် ဒီကနေ့မှာ သဘောထား ထုတ်ပြန်ပါတယ်။

စစ်ကောင်စီကတော့ ပုသိမ်ထောင်မှာ အကျဉ်းသားအချင်းချင်း ရိုက်နှက်လို့ အချုပ်သားတစ်ယောက် သေဆုံးပြီး ၆၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကနဦး ထုတ်ပြန်ထားပါတယ်။

rfa burma