(VOA) မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ Universal Periodic Review လို့ခေါ်တဲ့ နိုင်ငံတကာက ပထမဆုံးအကြိမ် သုံးသပ်တဲ့ ကြားနာမှုကနေ ထွက်ပေါ်လာတဲ့ နိုင်ငံတွေရဲ့ အကြံပြုချက်ပေါင်း ၁၉ဝ ကျော် ပါဝင်တဲ့ အစီရင်ခံစာကို မြန်မာ့အရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးကနေ ဇန်နဝါရီ ၃၁ ရက်နေ့က အတည်ပြုလိုက်ပါတယ်။
ဒီအကြံပြုချက်တွေထဲမှာ မြန်မာစစ်အစိုးရဘက်က လက်ခံတာတွေ ပါသလို ငြင်းပယ်မှုတွေလည်း ရှိပါတယ်။ ဒီလို ငြင်းပယ်တဲ့ အချက်တွေကို ကြည့်ရင် မြန်မာစစ်အစိုးရဟာ ရှေ့တမျိုး ကွယ်ရာတမျိုး လုပ်နေတယ်ဆိုတာ ပေါ်လွင်နေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ပါတယ်။ အခု အတည်ပြုလိုက်တဲ့ အစီရင်ခံစာနဲ့အတူ အကြောင်းစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။
ဂျနီဗာမြို့က လူ့အခွင့်အရေး ကောင်စီမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံတွေရဲ့ အကြံပြုချက်တွေကို မြန်မာ့အရေး ဆွေးနွေးတဲ့ လုပ်ငန်းအဖွဲ့ အစည်းအဝေးကနေ မနေ့တုန်းက အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ အတည်ပြုလိုက်တဲ့ အကြံပြုချက်ပေါင်း ၁၉ဝ ကျော်မှာ ၆၄ ချက်ကို မြန်မာစစ်အစိုးရက ထောက်ခံပြီး ငြင်းပယ်တဲ့ အချက်ကတော့ ၇ဝ ကျော် ရှိပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဖို့ အကြံပြုချက်ကို မြန်မာစစ်အစိုးရဘက်က လက်မခံသလို အပြစ်ကျူးလွန်သူတွေကို အပြစ်ပေးဖို့ကိစ္စ၊ မြန်မာစစ်အစိုးရ ဖွဲ့စည်းအုပ်ချုပ်ပုံမှာ ပါတဲ့ အချက်တွေကို ပြန်လည်သုံးသပ်ပြီး ပယ်ဖျက်သင့်တဲ့ အချက်တွေကို ပယ်ဖျက်ပေးဖို့ ကိစ္စတွေနဲ့ ပတ်သက်ပြီး အကြံပေးချက်တွေကို ပယ်ချခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တိုင်းရင်းသား နိုင်ငံရေး အင်အားစုတွေ အားလုံးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ကိစ္စကိုလည်း မြန်မာစစ်အစိုးရဘက်က လက်မခံခဲ့ပါဘူး။
တချို့ အကြံပြုချက်တွေဟာ မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ ရှုမြင်ပြီး ပြောတာဖြစ်ပြီးတော့ မြန်မာနိုင်ငံရဲ့ အချုပ်အချာ အာဏာကို ထိပါးစေတဲ့ အချက်တွေ ဖြစ်တဲ့အတွက် လက်မခံနိုင်ဘူးလို့ မြန်မာကိုယ်စားလှယ် ဦးထွန်းရှင်က အစည်းအဝေးမှာ ပြောသွားပါတယ်။
“ကျနော်တို့ လက်မခံနိုင်တဲ့ အကြံပြုချက်တွေထဲမှာ တချို့ကို ကျနော်တို့က အနက်အဓိပ္ပာယ်အရ ကန့်ကွက်စရာ မရှိပေမဲ့ အဲဒီအကြံပေးချက် တချို့ရဲ့ ရေးသားပုံ ရေးသားထားချက်တွေအရ ဒီအချက်တွေကို လက်ခံလိုက်ရင် မြန်မာနိုင်ငံရဲ့ အချုပ်အချာ အာဏာကို ထိပါးရာ ရောက်နိုင်တာ တွေ့ရတယ်ဆိုတာ ကျနော် ထောက်ပြလိုပါတယ်။”
အခုချိန်မှာ လက်မခံသေးတဲ့ တချို့ အကြံပြုချက်တွေကိုတော့ နေပြည်တော်မှာရှိတဲ့ လွှတ်တော်ကို တင်ပြဆွေးနွေးပြီးမှ လက်ခံမခံ ဆုံးဖြတ်နိုင်မှာ ဖြစ်တယ်လို့လည်း မြန်မာကိုယ်စားလှယ် ဦးထွန်းရှင်က ပြောသွားပါတယ်။
လူ့အခွင့်အရေးကောင်စီ ဥက္ကဋ္ဌ Mr. Sihasak Phuangketkeow ကတော့ မြန်မာစစ်အစိုးရ အနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရှေ့ဆက်ဆောင်ရွက်ဖို့ တိုက်တွန်းသွားပါတယ်။
“မြန်မာနိုင်ငံ အနေနဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားဖို့နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်လာအောင် ကြိုးပမ်းသွားဖို့ ကျနော်တို့ တိုက်တွန်းပါတယ်။ ရှေ့မှာ ကြုံတွေ့လာမယ့် အခက်အခဲ စိန်ခေါ်မှုတွေ အတွက်လည်း လူ့အခွင့်အရေးကောင်စီ၊ နိုင်ငံတကာ အသိုက်အဝိုင်းနဲ့အတူ လက်တွဲပြီး ပူးပေါင်း ဆောင်ရွက်သွားဖို့ တိုက်တွန်းပါတယ်။”
မြန်မာ့အရေး လုပ်ငန်းအဖွဲ့က အတည်ပြုလိုက်တဲ့ အကြံပြုချက်တွေထဲမှာ မြန်မာစစ်အစိုးရ လက်ခံတယ်လို့ ပြောတဲ့ အချက်တွေနဲ့
လက်မခံဘူးလို့ ပြောနေတဲ့ အချက်တွေကိုကြည့်ရင် အပြန်အလှန် သဟဇာတ မဖြစ်တာကို တွေ့နိုင်တယ်လို့ လူ့အခွင့်အရေး ကောင်စီက အစည်းအဝေးကို တက်ရောက်နေတဲ့ မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားသူ ဦးအောင်မျိုးမင်းက ပြောပါတယ်။
“ဒီအထဲမှာ သူတို့ လိုက်နာမယ်ဆိုတဲ့ အချက်နဲ့ တကယ်တမ်း မလိုက်နာဘူးဆိုတဲ့ အချက်ထဲမှာ ရှေ့ကပြောသွားပြီး နောက်မှာ တကယ်တမ်း မကိုက်ညီတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဥပမာပြောမယ်ဆိုရင် သူ့အနေနဲ့ မြန်မာနိုင်ငံက နိုင်ငံတကာက အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်မယ်၊ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ယန္တရားတွေနဲ့ ပူးပေါင်း ဆောင်ရွက်မယ်လို့ အရှေ့ပိုင်းမှာ ပြောထားပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့ လက်မခံနိုင်ဘူးဆိုတဲ့ အချက်က ICRC လို အဖွဲ့မျိုးက တရားရုံးတို့၊ အချုပ်ခန်းတို့၊ ထောင်တို့ကို သွားရောက် စုံစမ်းခွင့် သူတို့ ခွင့်မပြုဘူးလို့ ပြောထားတယ်။
“နောက်တခုက မြန်မာနိုင်ငံရဲ့ အထူးစုံစမ်း စစ်ဆေးရေး အရာရှိနဲ့ ပူးပေါင်း ဆောင်ရွက်မယ်လို့ ပြောထားတယ်။ ဒါပေမဲ့ သူတို့ မလိုက်နာနိုင်တဲ့ အချက်က တကယ့်လို လွတ်လပ်တဲ့ နေရာတိုင်းကို သွားလာခွင့်ကိုတော့ ခွင့်မပြုနိုင်ဘူးလို့ ပြောထားတယ်။ အဲတော့ သူတို့ပြောထားတဲ့ ပထမဦးဆုံး လက်ခံမယ်ဆိုတဲ့ အချက်တွေက ကြည့်လိုက်ရင် ကောင်းသလို ရှိပေမဲ့ သူတို့က ပြန်လည်ပြီး လက်မခံနိုင်တဲ့ အချက်တွေကတော့ ခုနပြောထားတဲ့ အချက်တွေနဲ့ ဆန့်ကျင်နေတာ၊ ကွဲလွဲနေတာ တွေ့ရတယ်။”
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ရ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ Universal Periodic Review လို့ခေါ်တဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ပထမဆုံးအကြိမ် သုံးသပ်တဲ့ ကြားနာမှုတခု အရင်ဆုံး လုပ်ခဲ့တာပါ။ အဲဒီကြားနာမှုမှာ မြန်မာစစ်အစိုးရ ကိုယ်စားလှယ်အဖွဲ့က လူ့အခွင့်အရေး အခြေအနေတွေကို တင်ပြခဲ့သလို ဒီအပေါ် နိုင်ငံတွေက ပြန်လည် မေးခွန်းထုတ်မှုတွေနဲ့ အကြံပေးချက်တွေ လုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
အဲဒီ အကြံပြုချက်တွေကို အခြေခံပြီးတော့ အမေရိကန်၊ တောင်ကိုရီးယားနဲ့ လစ်ဗျား သုံးနိုင်ငံက ကြီးကြပ်တင်သွင်းတဲ့ အကြံပြုချက်ပေါင်း ၁၉ဝ ပါဝင်တဲ့ အစီရင်ခံစာကို မြန်မာ့အရေး လုပ်ငန်းအဖွဲ့က မနေ့က အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ဒီအကြံပြုချက်တွေကိုတော့ လာမယ့် ဇွန်လ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ဆက်လက် တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။