(RFA) မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ မော်လ်ဒိုက်နိုင်ငံက ဝေဖန်လိုက်ပြီး သိသာ ထင်ရှားပြီး အနှစ်သာရအရ လက်တွေ့ကျတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ လေးနှစ်တကြိမ် လူ့အခွင့်အရေး သုံးသပ်မှု အစည်းအဝေး UPR မှာ ဂျီနီဗာဆိုင်ရာ မော်လ်ဒိုက် သံအမတ်ကြီး အီယူသီရှန် အာဒမ်က ဝေဖန်လိုက်တာ ဖြစ်ကြောင်း ဒီကနေ့ မော်လ်ဒိုက်မှာ ထုတ်ဝေတဲ့ Vaheeru နေ့စဉ် သတင်းစာမှာ ရေးသားထားပါတယ်။

အိန္ဒိယ သမုဒ္ဒရာထဲမှာ ရှိတဲ့ မော်လ်ဒိုက် ကျွန်းစုနိုင်ငံဟာ လက်ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ ဖြစ်ပြီး မြန်မာနိုင်ငံအပေါ် သုံးသပ် ဆွေးနွေးရာမှာလည်း သဘာပတိနိုင်ငံအဖြစ် ဆောင်ရွက်နေပါတယ်။

မနက်ဖြန် ချမှတ်မယ့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ UPR ဆုံးဖြတ်ချက်မူကြမ်းမှာ နှိပ်စက်ညှဉ်းပန်းမှု ဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် လက်မှတ်ရေးထိုး ကျင့်သုံးဖို့၊ ဒီမိုကရေစီ ပြောင်းလဲရေး လုပ်ဆောင်ရာမှာ အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ စေ့စပ်ဆွေးနွေးဖို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC နဲ့ အကျဉ်းထောင်တွင်း ဝင်ရောက်ကူညီခွင့် သဘောတူစာချုပ်ကို ပြန်အသက်သွင်း သဘောတူဖို့၊ လူ့အခွင့်အရေးကောင်စီက ခန့်ထားတဲ့ အထူးကိုယ်စားလှယ်တွေနဲ့ လွတ်လွတ်လပ်လပ် ပူးပေါင်းဆောင်ရွက်ဖို့ စတဲ့အချက်တွေ ပါဝ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၂၅ ရက်နေ့က မြန်မာနိုင်ငံအကြောင်း ဆွေးနွေးပွဲမှာ မော်လ်ဒိုက် သံအမတ်ကြီးက စစ်အစိုးရ ရွေးကောက်ပွဲအပေါ် ဝေဖန်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့တာကိုလည်း ကြိုဆိုခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။