(RFA) ၄ နှစ် တကြိမ် စိစစ်သုံးသပ်တဲ့ UPR ဆွေးနွေးပွဲရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူကြမ်းဆုံးဖြတ်ချက်ကို ဇန်နဝါရီ ၃၁ ရက် ဒီကနေ့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ဒေသစံတော်ချိန် ၁၂ နာရီက ကျင်းပခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက် မူကြမ်းချမှတ်ရေး ဆွေးနွေးပွဲမှာ ပြီးခဲ့တဲ့ ၂ရ ရက်နေ့က နိုင်ငံနဲ့ အဖွဲ့အစည်းတွေက ထောက်ပြ တောင်းဆိုခဲ့တဲ့ အချက် ၇ဝ ကျော်ကို မြန်မာစစ်အစိုးရ ကိုယ်စားလှယ် ဒုတိယ တရားသူကြီးချုပ် ဒေါက်တာ ထွန်းရှင်က တုံ့ပြန်ပြောကြားခဲ့ပါတယ်။

ဒီနေ့ မူကြမ်း ဆုံးဖြတ်ချက်ချတဲ့ ဆွေးနွေးပွဲကို ထိုင်းနဲ့ တောင်ကိုရီးယားနိုင်ငံတွေက သဘာပတိအဖြစ် ကြားနာခဲ့ပြီး မြန်မာစစ်အစိုးရ ကိုယ်စားလှယ်တဦးထဲကပဲ ဝေဖန်တာတွေကို တုံ့ပြန် ပြောကြားခဲ့တာပါ။
ဒီနေ့ မူကြမ်းကို ဆုံးဖြတ်ပေမဲ့ နောက်ဆုံး ဆုံးဖြတ်ချက် အစီရင်ခံစာကိုတော့ လာမဲ့ ဇွန်လမှာ ထုတ်ပြန်ပါမယ်။ မြန်မာစစ်အစိုးရဖက်က တုံ့ပြန်တာတွေနဲ့ ပတ်သက်လို့ Burma Forum UPR အဖွဲ့က ဦးအောင်မျိုးမင်းက အခုလို သုံးသပ်ပါတယ်။

“သူတို့တွေက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လုပ်ဆောင်မှု ရှိတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ထွန်းကားရေးနဲ့ ကာကွယ်ရေးကို သူတို့ အပတ်တကုတ် ကြိုးစားဆောင်ရွက်မယ်လို့ ပြောသွားပါတယ်။ ဒါပေမဲ့ သူတို့ ဒီမှာ လက်မခံနိုင်တဲ့ အချက်တွေ ကြည့်တဲ့ အချက်ထဲမှာ ကြည့်မယ်ဆိုလို့ရှိရင်တော့ အမှန်တကယ်၊ လူ့အခွင့်အရေးကို လေးစားပါတယ်၊ ကာကွယ်ပေးပါတယ်လို့ ပြနိုင်တဲ့ အချက်တွေ တခုမှ မရှိဘူး။ သူတို့ ပြောနေတဲ့ လူ့အခွင့်အရေးအရ ပူးပေါင်းဆောင်ရွက်နေပါတယ် ဆိုတဲ့ အချက်ကို သူတို့ ပြန်လည်ပြီးတော့ ဆန့်ကျင်ဖက် ဖြစ်ရာ ရောက်သွားတယ်။”

Burma Forum UPR ဟာ အဝေးရောက် အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့က Burma Fund အပါအဝင် မြန်မာနိုင်ငံ လူ့အခွင့်အရေးအတွက် ဆောင်ရွက်နေတဲ့ နိုင်ငံတကာနဲ့ တိုင်းရင်းသား အဖွဲ့အစည်း ၁၄ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။