(RFA) မြန်မာစစ်အစိုးရဟာ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကနေ ရတဲ့ ဝင်ငွေတွေနဲ့ နျူကလီးယား လက်နက်တွေ ထုတ်လုပ်ဖို့ ကြိုးစားနေကြောင်း လူ့အခွင့်အရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့EarthRights International (ERI) ရဲ့ ဒီကနေ့ ထုတ်ဝေတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဇူလိုင်လ ၅ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ Energy Insecurity အမည်ပေးထားတဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံက ရတနာ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကို ဦးစီးလုပ်ကိုင်နေတဲ့ ပြင်သစ်နိုင်ငံက TOTAL၊ အမေရိကန်နိုင်ငံက Chevron နဲ့ ထိုင်းနိုင်ငံက PTTEP ကုမ္ပဏီတို့ဟာ မြန်မာစစ်အစိုးရကို ဒေါ်လာသန်း ထောင်ချီပြီး ထောက်ပံ့ပေးနေတယ်လို့ ထောက်ပြထားပါတယ်။

RFA အစီအစဉ်နားဆင်ရန်
{play}images/stories/audio/rfaerix6jul10.mp3{/play}

အဲဒီ ကုမ္ပဏီ သုံးခုဟာ ၁၉၉၈ ခုနှစ်ကတည်းက ရတနာ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရောင်းချတာကနေ ဒေါ်လာသန်းပေါင်း ၉ ထောင် ဝင်ငွေရှိခဲ့ပြီး အဲဒီအထဲက တဝက်ကျော်လောက်ကို မြန်မာစစ်အစိုးရက ရခဲ့တယ်လို့ သိရပါတယ်။ မြန်မာစစ်အစိုးရဟာ သဘာဝဓာတ်ငွေ့ရောင်းလို့ရတဲ့ အဲဒီဝင်ငွေတွေနဲ့ နျူကလီးယားလက်နက် ရအောင် ကြိုးစားနေတာလို့ ERI အဖွဲ့က စွပ်စွဲထားပါတယ်။

စစ်အစိုးရနဲ့ပူးတွဲလုပ်ကိုင်နေတဲ့ TOTAL၊ Chevron နဲ့ PTTEP ကုမ္ပဏီတွေအနေနဲ့ စစ်အစိုးရကို ပေးတဲ့ ဘဏ္ဍာရေး စာရင်းဇယားတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိအောင် ထုတ်ပြန်ဖို့ လိုအပ်ကြောင်း ERI အဖွဲ့ ပြောခွင့်ရသူတဦးဖြစ်တဲ့ ကိုနိုင်ထူးက အာအက်ဖ်အေကို ပြောပါတယ်။

“ဒီနေ့ထုတ်တဲ့ အစီရင်ခံစာရဲ့ အဓိကပြောချင်တာက ဒီ ရတနာ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှာ လာပြီး ရင်းနှီးမြုပ်နှံနေတဲ့ ကုမ္ပဏီတွေ သူတို့ ဗမာပြည်ကို ငွေ ဘယ်လောက်ပေးနေလဲ၊ ဘယ်နေရာမှာ ပေးနေတယ် ဆိုတာကို ပွင့်လင်းမြင်သာဖို့ အဓိက ရည်ရွယ်တာ ဖြစ်ပါတယ်”

ဒါ့အပြင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်တဲ့ ဒေသတွေမှာ စစ်အစိုးရက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ရွာသားတွေကို အတင်းအဓမ္မ ခိုင်းစေမှုတွေ အပါအဝင် အကြမ်းဖက်မှုတွေ ရှိနေတယ်လို့လည်း စွပ်စွဲထားပါတယ်။

ပြင်သစ်ကုမ္ပဏီ TOTAL ကတော့ သူတို့အနေနဲ့ လူ့အခွင့်အရေးနဲ့ ပွင့်လင်းမြင်သာရှိမှုကို အလေးထားတာလို့ ပြောလိုက်ပါတယ်။ ဒါ့အပြင် မြန်မာစစ်အစိုးရကို ဘယ်လောက်ပေးကြောင်း အတိအကျ စာရင်းထုတ်ပြန်ဖို့ဟာ နှစ်ဖက် သဘောတူထားချက်ကို မဖျက်နိုင်တဲ့အတွက် ထုပ်ဖော်ပြောဖို့ မဖြစ်နိုင်ကြောင်း ငြင်းဆိုထားပါတယ်။

ဒီအကြောင်း အဖွဲ့ရဲ့ ပြောခွင့်ရသူတဦးဖြစ်တဲ့ ကိုနိုင်ထူးကို အာအက်ဖ်အေ ဝိုင်းတော်သား ကိုကျော်မင်းထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။