မြန်မာအစိုးရကို ရာဇဝတ်မှုများအတွက် အရေးယူရရန် ယိုဇို ယိုကိုတာ လှုံ့ဆော်

(မိုးမခ) မြန်မာအစိုးရ၏ စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးပြီး အရေးယူရန် ကုလသမဂ္ဂ အရာရှိ ယိုဇို ယိုကိုတာက ဂျကာတာပို့စ် သတင်းစာတွင် ယနေ့ ရေးသားလိုက်သည်။
ယိုဇို ယိုကိုတာသည် ၁၉၉၂ မှ ၁၉၉၆ အထိ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးသူ အဖြစ် တာဝန်ယူခဲ့ဖူးသည်။ မြန်မာနိုင်ငံသို့ ၄ ကြိမ် သွားရောက်ခဲ့သည်ဟု သိရသည်။

နိုင်ငံတကာမှ ထိပ်တန်း တရား သူကြီး ၅ ဦးက မြန်မာစစ်အုပ်စု၏ စစ်ရာဇဝတ်မှု၊ လူမဆန်မှုများကို ကော်မရှင် ဖွဲ့ပြီး စုံစမ်း စစ်ဆေးပေးရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီထံ တောင်းဆိုထားချက်ကိုလည်း သူ့ဆောင်းပါးတွင် ဖော်ပြထားသည်။

“ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းရေး အရာရှိဟောင်း တဦးအနေနဲ့ သူတို့ရဲ့ တောင်းဆိုချက်ကို ကျနော် ထောက်ခံပါတယ်” ဟု ပါမောက္ခ ယိုဇို ယိုကိုတာက ဆိုသည်။

ယမန်နှစ် မေလတွင် ထုတ်ပြန်ခဲ့သော Crime in Burma (မြန်မာပြည်မှ ရာဇဝတ်မှု) အစီရင်ခံစာတွင် မြန်မာအစိုးရက ကျူးလွန်သည်ဟု ဆိုသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ အတင်းအကျပ် နေရာရွှေ့ပြောင်းခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများကို မှတ်တမ်းတင်ထားသည်။

မြန်မာအစိုးရအပေါ် လူ့အခွင့်အရေး အဖွဲ့များ၏ ထောက်ပြဝေဖန်ချက်များကိုလည်း သူက အကျဉ်းချုပ် ဖော်ပြထားသည်။ ထိုအထဲတွင် ပြီးခဲ့သည့် ၁၄ နှစ်အတွင်း မြန်မာပြည် အရှေ့ဘက်ဒေသတွင် ဖျက်ဆီးခံခဲ့ရသော ကျေးရွာပေါင်း ၃၅၀၀ အထိ ရှိသည်ဟူသော အချက်လည်း ပါဝင်သည်။

ကုလ လုံခြုံရေး ကောင်စီက မြန်မာစစ်အုပ်စုအား နိုင်ငံတကာမှ လက်နက်တင်ပို့မှု ပိတ်ပင်နိုင်ရေးအတွက် ဆောင်ရွက်သင့်ကြောင်း၊ စစ်အုပ်စုသည် ရာဇဝတ်မှုများကို အချိန် ကြာမြင့်စွာ ဆက်လက် ကျူးလွန်ခွင့် ရနေကြောင်း၊ ထိုမတရားမှုများကို ဟန့်တားမှုမရှိ ဆက်လက် ကျူးလွန်နေခြင်းကို ခွင့်မပြုသင့်တော့ကြောင်း ဆောင်းပါးတွင် နိဂုံးချုပ် ရေးထားသည်။

သူ၏ ဆောင်းပါးနှင့် ပတ်သက်ပြီး မြန်မာအစိုးရထံမှ တုံ့ပြန်ချက်များ ထွက်ပေါ်လာခြင်း မရှိသေးပေ။