ခိုင်လင်း/ ၂၉ မတ် ၂ဝ၁ဝ
ဗန်းမော်အခြေစိုက် အမှတ် (၆၄၁) မော်တော်ယာဉ်ထိန်းသိမ်းရေး တပ်ရင်းအတွင်း သိမ်းဆည်းထားသော ကားများမှ ကားပစ္စည်းများကို ဒေသခံရွာသားအချို့က ဝင်ရောက်ခိုးယူရန် ကြိုးစားစဉ် စစ်သားများက ဖမ်းဆီးရိုက်နှက်ညှဉ်းပန်းခဲ့သဖြင့် (၁) ဦး သေဆုံးကာ (၁) ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ဗန်းမော်မြို့နယ်၊ ဟန်းထက်ကျေးရွာသား (၄) ဦးနှင့် ခိုကျင်ကျေးရွာသား (၁) ဦးတို့က မတ်လ (၂၄) ရက်တွင် ကချင်ပြည်နယ်၊ ဗန်းမော် နည်းပညာတက္ကသိုလ်အနီးရှိ မော်တော်ယာဉ်ထိန်းသိမ်းရေး တပ်ရင်းအတွင်း သိမ်းဆည်းထားသော ကားများမှ ဘက်ထရီနှင့် ကားပစ္စည်းများ ခိုးယူနေစဉ်၎င်းတို့ထဲမှ (၃) ဦးအား စစ်သားများက ဖမ်းဆီး၍ ရိုက်နှက်ညှဉ်းဆဲ သတ်ဖြတ်ခဲ့သည်ဟု ဗန်းမော်ရဲစခန်းနှင့် နီးစပ်သည့် ဒေသခံတဦးက ပြောသည်။

၎င်းက “အဲဒီတပ်နားမှာရှိတဲ့ ခိုကျင်နဲ့ ဟန်းထက်ရွာက လူတွေက ဝင်ခိုးတာ။ စစ်သားတွေက ဝိုင်းပြီးဖမ်းတာ။ ခိုကျင်ရွာသားကတော့ ဓားနဲ့ ခုတ်လိုက်တာ ပွဲချင်းပြီး သေသွားတယ်။ ဟန်းထက်ရွာသားတယောက်ကျတော့ ဓားတွေနဲ့ အမွှန်းခံထားရတယ်။ အခုဆေးရုံမှာ တင်ထားရတယ်။ အသက်အန္တရာယ် စိုးရိမ်ရတယ်။ ဟန်းထက် ရွာသား နောက်တယောက်ကတော့ ရဲစခန်းမှာ အချုပ်ခံထားရတယ်။ သူလည်း ရိုက်နှက်ခံထားရတယ်။ ကျန်တဲ့ နှစ်ယောက်ကတော့ ထွက်ပြေးနေတယ်” ဟု ပြောသည်။

အဆိုပါ မော်တော်ယာဉ် ထိန်းသိမ်းရေးတပ်ရင်း ဝင်းအတွင်းတွင် နအဖစစ်ကြောင်းက ဖမ်းဆီးရရှိထားသည့် တရားမဝင်သစ် လာရောက်ခိုးထုတ်သည့် တရုတ်နိုင်ငံမှ ကားများကို စုပုံကာ လေလံတင်ရောင်းချလေ့ရှိသည်။ ထိုသို့ လေလံမတင်သေးသည့် တပ်ရင်းအတွင်းရှိ ကားများမှ ကားပစ္စည်းများကို တပ်ရင်းရှိ စစ်သားများကလည်း ဖြုတ်ယူ၍ ပြင်ပတွင် ရောင်းစားလေ့ရှိကြောင်း အဆိုပါဒေသခံက ပြောသည်။

၎င်းက “နှစ်တိုင်း ဖမ်းမိသမျှကားတွေက အဲဒီတပ်ထဲမှာ ထားတာ၊ ရာနဲ့ချီ ရှိတယ်။ လေလံတင်တဲ့ခါကျရင် ကားလိုင်စင်အတွက်ပဲ ဆွဲနေတာ။ ကားကတော့ ဖြုတ်ယူရောင်းစားထားကြလို့ သံထည်ဈေးနဲ့ ရောင်းစားရုံလောက် အသုံးဝင်တော့တာ။ အင်ဂျင်တွေတောင် ဖြုတ်ထားတယ်။ အချို့လည်း လဲတဲ့ဟာ လဲ။ အဲလို စစ်တပ်က ကားပစ္စည်းတွေကို ဖြုတ်ယူရောင်း နေတာကလည်း နှစ်တိုင်းပဲ။ ကားသမားတွေလည်း အဲဒီပစ္စည်းတွေကို ဈေးပေါပေါနဲ့ ရတော့ ဝယ်တာပေါ့” ဟု ပြောသည်။

ယင်းသို့ တပ်ရင်းရှိ စစ်သားများ ကားပစ္စည်းဖြုတ်ယူ ရောင်းချမှုများကိုမူ တစုံတရာအရေးယူမှုမရှိဘဲ ကားပစ္စည်းခိုးယူရန် ကြိုးစားသည့် ရွာသားများကို ယခုကဲ့သို့ စစ်သားများက ညှဉ်းဆဲသတ်ဖြတ်မှုအပေါ် ဒေသခံများက မကျေမနပ် ဖြစ်နကြေကြောင်း ဒေသခံတဦးက ပြောသည်။

၎င်းက “ရွာသားတွေ၊ ဒီကိစ္စကို သိတဲ့ ဗန်းမော်ကလူတွေကော အတော်လေး စိတ်မသက်မသာဖြစ်တာပေါ့။ တရားဥပဒေအရ မဆောင်ရွက်ဘဲ အခုလို တရားဥပဒေမဲ့ လုပ်နေတယ်ဆိုတော့။ ပြီးတော့ သူတို့ကိုယ်တိုင် ခိုးနကြေတာ လူတိုင်းသိတယ်။ ရဲစခန်းကလည်း စစ်တပ်က လုပ်တယ်ဆိုတော့ ခေါင်းရှောင်နေတယ်၊ အခုထိ အရေးယူတာ မရှိသေးဘူး” ဟု ပြောသည်။