မြန်မာ အစိုးရ တပ် နာမည်ပျက် စာရင်း သွင်းခံရ

မြန်မာ နိုင်ငံမှာ အစိုးရ စစ်တပ် ဟာ အဓမ္မ ပြုကျင့် တာတွေ၊ လိင် ပိုင်း ဆိုင်ရာ အကြမ်းဖက် မှုတွေ ကျူးလွန် နေတယ် ဆိုတဲ့ စွပ်စွဲ ချက် နဲ့ ကုလသမဂ္ဂ က အတွင်း ရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် နာမည် ပျက် စာရင်း တင်သွင်း လိုက်ပါတယ်။

အစိုးရ စစ်တပ် အနေနဲ့ ပထမဦးဆုံး အကြိမ် ကုလသမဂ္ဂ မှာ နာမည်ပျက် စာရင်း သွင်း ခံရတာ ဖြစ်ပြီး ဧပြီလ ၁၆ ရက်နေ့မှာ ကျင်းပမယ့် လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ ဒီ အကြောင်းကို ဆွေးနွေးကြမှာပါ။

အရင် စစ် အစိုးရ လက်ထက်က စစ်တပ် ခေါင်းဆောင် ပိုင်း ကို ခရီးသွားလာ ခွင့်တွေ ပိတ်တာ၊ စီးပွားရေး အရ ပိတ်ဆို့ အရေးယူ မှုတွေ လုပ်တာ ရှိခဲ့ပေမယ့် ဒီလိုမျိုး နာမည်ပျက် စာရင်းသွင်းတာ မရှိခဲ့ပါဘူး။

ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံးရဲ့ လက်ထောက် အတွင်းရေးမှူးချုပ်လည်းဖြစ် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူးလည်းဖြစ်တဲ့ မစ္စ အာဆူလာ မူလာ က သူ့ရဲ့ မြန်မာ ပြည် ခရီးစဉ် အပြီးမှာ ကုလသမဂ္ဂ မှာ အစီရင် ခံစာ တင်သွင်း ခဲ့ပြီးနောက် အတွင်းရေးမှူးချုပ် က အခုလို နာမည်ပျက် စာရင်း တင်သွင်းတာ ဖြစ်ပါတယ်။

မစ္စတာ ဂူတားရက်စ် တင်သွင်း တဲ့ အစီရင် ခံစာ ထဲမှာ မြန်မာ စစ်တပ် အနေနဲ့ ရခိုင် ပြည်နယ် မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ် ပြန့်ပြန် လုပ်ဆောင် ခဲ့ပြီး အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်မှုတွေ လုပ်ဆောင် ခဲ့ ကြောင်း ဖော်ပြ ထားပါတယ်။

ကုလသမဂ္ဂ က နာမည်ပျက် စာရင်း သွင်းယုံ နဲ့ အရေးယူ ဆောင်ရွက် နိုင်တာ မျိုး မရှိပေမယ့် လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံတွေရဲ့ သဘောထား မှတ်ချက် က အဓိက ကျ ကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ တာဝန်ခံ ဦးမင်းလွင်ဦး က ဘီဘီစီ ကို ပြောပါတယ်။

ဧပြီလ ၁၆ ရက်နေ့မှာ ဆွေးနွေးမယ့် လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ မြန်မာ့ အရေး ကိုလည်း ဆွေးနွေး အဖြေရှာ ဖို့ ရှိပါတယ်။

အမေရိကန် နိုင်ငံ အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက် မှုတွေ ရှိတယ် ဆိုတဲ့ စွပ်စွဲ ချက် နဲ့ တပ်မတော် ခေါင်းဆောင် အချို့ ကို ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုတွေ ချမှတ် ထားပါတယ်။

မြန်မာ့ ဒီမိုကရေစီ အသွင် ကူးပြောင်းမှု ဖြစ်စဉ်မှာ တပ်မတော် က အားတက်သရော ပူးပေါင်း ပါဝင်မှု မရှိတဲ့ အခြေအနေ ကို သူတို့က သတိပေး လိုက်တာ ဖြစ်နိုင်ကြောင်း သုံးသပ် မှုတွေလည်း ရှိနေပါတယ်။

BBC News