ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHRC) အနေဖြင့် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲရလဒ်မှတစ်ဆင့် ၎င်းတို့၏ တရားမဝင်အုပ်ချုပ်ရေးကို ခိုင်မာအောင် တည်ဆောက်နေမှုများကို ပြတ်သားစွာငြင်းပယ်၍၊ တာဝန်ယူမှုတာဝန်ခံမှုရရှိစေရေးအတွက် တိုးမြှင့်လုပ်ဆောင်ရမည်။
သို့
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူအဖြစ် ပါဝင်သောနိုင်ငံများ
မိတ္တူ –
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး
မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၈ ရက်
အိတ်ဖွင့်ပေးစာ။ ။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHRC) အနေဖြင့် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲရလဒ်မှတစ်ဆင့် ၎င်းတို့၏ တရားမဝင်အုပ်ချုပ်ရေးကို ခိုင်မာအောင် တည်ဆောက်နေမှုများကို ပြတ်သားစွာ ငြင်းပယ်၍၊ တာဝန်ယူမှု တာဝန်ခံမှုရရှိစေရေးအတွက် တိုးမြှင့်လုပ်ဆောင်ရမည်။
လေးစားအပ်ပါသော ဂုဏ်သရေရှိလူကြီးမင်းများခင်ဗျား/ရှင့်
အောက်တွင် လက်မှတ်ရေးထိုးထားသော မိမိတို့ မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အရပ်ဘက်လူထုအဖွဲ့အစည်း ၂၃၅ ဖွဲ့တို့မှ မြန်မာပြည်သူများ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ရန် ပြတ်သား၍၊ မူဝါဒခိုင်မာသော၊ လက်တွေ့ကျပြီး အချိန်ကာလသတ်မှတ်ချက်ရှိသော အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်ပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ (UN Human Rights Council – UNHRC) အား တိုက်တွန်း တောင်းဆို အပ်ပါသည်။ လူ့အခွင့်အရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ၂၀၂၆ ခုနှစ် ဆုံးဖြတ်ချက် (Resolution)ကို စဉ်းစားသုံးသပ်နေချိန်တွင် အောက်ပါအချက်များ ပါဝင်သည့် ခိုင်မာအားကောင်းသော ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ရန် တောင်းဆိုသည် –
၁။ ဆိုးရွားလာနေသော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးအခြေအနေများကို ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ရန်၊
၂။ မြန်မာစစ်တပ်ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒေအောက်တွင် ပြုလုပ်သည့် ၎င်း၏ အတုအယောင်ရွေးကောက်ပွဲလုပ်ငန်းစဉ်မှ တစ်ဆင့် တရားဝင်မှုကို ရယူရန် ကြိုးပမ်းမှုများကို ပြတ်သားစွာ ငြင်းပယ်ရန်နှင့် ယင်းမှ ပေါ်ပေါက်လာသော မည်သည့် ရလဒ် သို့မဟုတ် အုပ်ချုပ်မှု ပုံစံကိုမျှ အသိမှတ်မပြုရန်၊
၃။ လေယာဥ်လောင်စာဆီ၊ လက်နက်ခဲယမ်းနှင့် အရပ်ဘက်-စစ်ဘက်သုံး နည်းပညာများ ရရှိနိုင်မှုကို ကန့်သတ်သည့် အစီအမံများမှတစ်ဆင့် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများနှင့် အခြားသော ရက်စက်ကြမ်းကြုတ်သည့် ရာဇ၀တ်မှုများ ကျူးလွန်နိုင်စွမ်းကို ဟန့်တားပိတ်ပင်ရန်၊
၄။ စစ်အုပ်စု၏ အကြမ်းဖက်မှုလုပ်ရပ်များကို ဆက်လက်လုပ်ဆောင်နိုင်ရန် အထောက်အပံ့ဖြစ်စေသော နယ်စပ်ဖြတ်ကျော် ဂိုဏ်းဖွဲ့ရာဇဝတ်မှုများနှင့် တရားမဝင် စီးပွားရေးလုပ်ငန်းများ (သို့မဟုတ် တရားမဝင် ငွေကြေးကွန်ရက်များ) ကို ကိုင်တွယ် ဖြေရှင်းဆောင်ရွက်ရန်၊နှင့်
၅။ ရရှိနိုင်သော နိုင်ငံတကာဥပဒေလမ်းကြောင်း အားလုံးမှတစ်ဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုအတွက် ပိုမိုတွန်းအားပေးလုပ်ဆောင်ရန် တို့ဖြစ်သည်။
ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား/ရှင့်
မြန်မာနိုင်ငံ၏ အကျပ်အတည်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းခဲ့ခြင်း၏ တိုက်ရိုက်အကျိုးဆက်ပင် ဖြစ်သည်။ ထိုအချိန်မှစ၍ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ကာ အာဏာကို မတရားသိမ်းယူရန်နှင့် ခိုင်မာအောင် တည်ဆောက်ရန်အတွက် စနစ်တကျ အကြမ်းဖက်မှုများကို ဆက်တိုက် လုပ်ဆောင်ခဲ့သည်။ စစ်အုပ်စုသည် အဆိုပါ အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုများကို မည်သည့်အပြစ်ပေး အရေးယူမှုမှ မခံရဘဲ (ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိကာ) ရည်ရွယ်ချက်ရှိရှိ ဆက်လက် ကျူးလွန်လျက်ရှိသည်။
လွန်ခဲ့သည့် ငါးနှစ်တာ ကာလအတွင်း မြန်မာစစ်အုပ်စုသည် အရပ်သားပြည်သူများအပေါ် အဆက်မပြတ် အကြမ်းဖက် တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ပြီး၊ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ချိုးဖောက်ခဲ့သည်။ အဆိုပါ ချိုးဖောက်မှုများတွင် ခွဲခြားမှုမရှိဘဲ လေကြောင်းမှ တိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ တရားလက်လွတ် သတ်ဖြတ်ခြင်း၊ အဓမ္မ ဖျောက်ဖျက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ပဋိပက္ခနှင့် ဆက်နွှယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ အစုလိုက်အပြုံလိုက် မတရား ဖမ်းဆီးထိန်းသိမ်းခြင်းတို့ ပါဝင်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး (၃၀,၄၇၆) ဦး ဖမ်းဆီးခံခဲ့ရပြီး၊ (၂၂,၇၈၀) ဦးမှာ ဆက်လက်ထိန်းသိမ်းခံထားရဆဲ ဖြစ်ကာ လူပေါင်း (၇,၈၀၄) ဦး သတ်ဖြတ်ခံခဲ့ရသည်။ မှတ်တမ်းများအရ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အနည်းဆုံး (၅၀၁) ကြိမ် ရှိခဲ့ပြီး အရပ်သား ထောင်ပေါင်းများစွာ သေဆုံးခဲ့သည်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်းနှင့် ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် အရပ်သား နေအိမ်များနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံ ပေါင်းသိန်းချီကို စနစ်တကျ စီစဉ်ထားသော မီးရှို့မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများဖြင့် ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့သည်။ စစ်အုပ်စုသည် ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်မှုပေါင်း (၉,၇၉၄) ကြိမ် ပြုလုပ်ခဲ့ပြီး၊ ယင်းတို့အနက် လေကြောင်းတိုက်ခိုက်မှု (၇,၃၃၀) ကြိမ်၊ ဒရုန်းဖြင့် တိုက်ခိုက်မှု (၁,၃၀၅) ကြိမ်၊ ပါရာမော်တာ (Paramotor) ဖြင့် တိုက်ခိုက်မှု (၈၂၀) ကြိမ်နှင့် ဂျိုင်ရိုကော့ပတာ (Gyrocopter) ဖြင့် တိုက်ခိုက်မှု (၃၃၉) ကြိမ် ပါဝင်သည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် လူပေါင်း (၄,၈၅၃) ဦး သေဆုံးခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။ ၂၀၂၂ ခုနှစ်မှစ၍ ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံပေါင်း (၁,၈၅၃) ခုခန့် တိုက်ခိုက်ခံခဲ့ရသည်။ စစ်ဘေးရှောင်စခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အအုံများနှင့် လူစုလူဝေးရှိရာ နေရာများကိုလည်း ထပ်တလဲလဲ ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့၌ စစ်တပ်သည် ရခိုင်ပြည်နယ်ရှိ မြောက်ဦးဆေးရုံကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ လူပေါင်း (၃၄) ဦးခန့် သေဆုံးခဲ့ပြီး (၁၀) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ တစ်လတည်းတွင်ပင် လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း (၆၃၃) ကြိမ်ကို မှတ်တမ်းတင်နိုင်ခဲ့ပြီး၊ ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်မှုပေါင်း (၂၂၀) ကြိမ် ပြုလုပ်ခဲ့ရာ အနည်းဆုံး အရပ်သား (၆၉) ဦး သေဆုံးခဲ့သည်။ ဇန်နဝါရီလ ၂၁ ရက်မှ ၂၅ ရက်အတွင်း ကြီးမားသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး နှစ်ခု ဖြစ်ပွားခဲ့သည် – ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် နာရေးနှင့် မင်္ဂလာဆောင် ကျင်းပနေစဉ်အတွင်း တိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံး (၂၇) ဦး သေဆုံးခဲ့ပြီး၊ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် အနည်းဆုံး (၂၁) ဦး သေဆုံးခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင်လည်း စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးရှောင် အရပ်သားများကို ပစ်မှတ်ထား၍ လေကြောင်းမှ ထပ်မံတိုက်ခိုက်ခဲ့ရာ ကိုရင်များ၊ ကလေးငယ်များနှင့် ရွာသားများ သေဆုံးခဲ့ရသည်။
လက်ရှိတွင် ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်ရသူ (IDP) ပေါင်း ၃.၆ သန်းကျော် ရှိနေပြီး၊ ၂၀၂၆ ခုနှစ်အတွင်း လူဦးရေ ၁၂.၄ သန်းခန့်မှာ ဆိုးရွားလွန်းသည့် စားနပ်ရိက္ခာ မလုံလောက်မှုဒဏ်ကို ဆက်လက် ရင်ဆိုင်နေကြရသည်။ စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် တိုက်ခိုက်နေခြင်းမှာ တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ထိုလုပ်ရပ်များသည် ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ လုပ်ဆောင်နေသည့် ပုံစံမျိုးဖြစ်ပြီး၊ အရပ်သားများအား အစာငတ်မွတ်စေခြင်း အပါအဝင် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ မြောက်နေပါသည်။ ထို့ကြောင့် လူ့အခွင့်အရေးကောင်စီအနေဖြင့် တာဝန်ယူမှု တာဝန်ခံမှုရှိစေရေးနှင့် အရပ်သားများကို အကာအကွယ်ပေးသည့် အရေးအပေါ်အစီအမံများကို အတည်ပြုချမှတ်ရမည် ဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံသည် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများအတွက် ဒေသတွင်း ဗဟိုချက်မတစ်ခု ဖြစ်လာခဲ့သည်။ အွန်လိုင်းငွေလိမ်ဂိုဏ်း (Cyber-scam) စင်တာများ၊ လူကုန်ကူးမှု ကွန်ရက်များနှင့် တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုများမှာ အထူးသဖြင့် စစ်အုပ်စုနှင့် ၎င်း၏ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့များ၊ ပျူစောထီး (ပြည်သူ့စစ်) များ၊ စစ်တပ်နှင့် ဆက်နွှယ်နေသော စီးပွားရေး ကွန်ရက်များ ထိန်းချုပ်ထားသည့် နယ်မြေများတွင် ပိုမိုတိုးပွား လာခဲ့သည်။ အဆိုပါ ရာဇဝတ်မှု အခြေခံသော စီးပွားရေး လုပ်ငန်းများသည် စစ်အုပ်စုနှင့် ၎င်းနှင့် ဆက်နွှယ်နေသူများအတွက် ဝင်ငွေရလမ်းများကို ဖန်တီးပေးနေပြီး၊ နိုင်ငံတကာ၏ စီးပွားရေး ပိတ်ဆို့မှုများကို ရှောင်တိမ်းနိုင်ရန်နှင့် ခံနိုင်ရည်ရှိစေရန် အထောက်အပံ့ ဖြစ်စေပါသည်။
ဤရာဇဝတ်မှုများ၏ နောက်ဆက်တွဲအကျိုးဆက်များသည် မြန်မာနိုင်ငံ၏ နယ်နိမိတ်ကို ကျော်လွန်၍ အိမ်နီးချင်း အာဆီယံနိုင်ငံများသာမက အမေရိကန်နှင့် ဥရောပနိုင်ငံများအထိပါ တိုက်ရိုက်သက်ရောက်လျက်ရှိသည်။ သားကောင်ဖြစ်ရသူများ ဖြစ်လေ့ရှိသည့် လူကုန်ကူးခံရသူများသည် အဓမ္မစေခိုင်းခံရမှု၊ ဖမ်းဆီးချုပ်နှောင်မှု၊ နှိပ်စက်ညှဉ်းပန်းမှုများနှင့် အခြားပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကြုံတွေ့ ခံစားကြရသည်။ ၎င်းတို့တွင် ကျွန်ပြုခြင်းနှင့် အကျဉ်းချထားခြင်းတို့ပါဝင်ပြီး ယင်းလုပ်ရပ်များသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ (Crimes against humanity) မြောက်နိုင်သည့် အခြေအနေဖြစ်ပါသည်။ စစ်အုပ်စုနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများအကြား အပြန်အလှန် အကျိုးပြုနေသော ဆက်ဆံရေးသည် ယခုအခါ စစ်အုပ်စု၏ ရှင်သန်ရေး မဟာဗျူဟာတွင် အဓိကကျသော အချက်တစ်ခု ဖြစ်လာနေသည်။ ထို့ကြောင့် လူ့အခွင့်အရေးကောင်စီ နှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဤကိစ္စရပ်ကို ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်သည်။
စစ်အုပ်စု၏ အကြမ်းဖက်မှုများနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်စွာပင်၊ မြန်မာပြည်သူများသည် ကြီးမားသော အန္တရာယ်များကြားမှ ဆက်လက်စုစည်း တော်လှန်နေကြရုံသာမက အစားထိုး နိုင်ငံရေးနှင့် လူမှုစနစ်သစ်များကိုပါ တည်ဆောက်လျက်ရှိသည်။ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၊ အမျိုးသမီးများ၊ လူငယ်များနှင့် LGBTIQA+ တက်ကြွလှုပ်ရှားသူများအပြင် ဒီမိုကရေစီ တော်လှန်ရေးအင်အားစုများသည် စစ်တပ်က အတင်းအကျပ် တည်ဆောက်ထားသည့် ဗဟိုချုပ်ကိုင်မှုပြင်းထန်သော ဖိနှိပ်ရေးယန္တရားနှင့် အုပ်စုစွဲအခြေခံ အမျိုးသားရေးဝါဒတို့ကို စိန်ခေါ်လျက်၊ အခြေခံလူထုအတွင်းမှ ပေါက်ဖွားလာသော ပြည်သူ့အုပ်ချုပ်ရေးစနစ်များကို ထူထောင်နိုင်ခဲ့ကြသည်။ ထိခိုက်နစ်နာရသူများကို ဗဟိုပြုသည့် မှတ်တမ်းတင်ခြင်း၊ အခွင့်အရေးအခြေခံသော စည်းရုံးလှုံ့ဆော်ခြင်း၊ လူထုပညာပေးခြင်း၊ အပြန်အလှန် ရိုင်းပင်းကူညီခြင်းနှင့် ဒေသန္တရအုပ်ချုပ်ရေး လုပ်ငန်းများမှတစ်ဆင့် လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် ဖက်ဒရယ်ဒီမိုကရေစီ မူဝါဒများအပေါ် အခြေခံသည့် ငြိမ်းချမ်း၍ ရေရှည်တည်တံ့သော အနာဂတ်ဆီသို့ ဦးတည်သည့် နိုင်ငံရေးအခင်းအကျင်းသစ်ကို ပြည်သူလူထုကိုယ်တိုင် တက်ကြွစွာ ပုံဖော်နေကြပြီဖြစ်သည်။
ဤကဲ့သို့ ဖိနှိပ်မှုများနှင့် လူထု၏ ခုခံမှုများ ဖြစ်ပေါ်နေစဉ်အတွင်း စစ်အုပ်စုသည် အတင်းအကျပ် ထိန်းချုပ်ထားသော မသမာသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်မှတစ်ဆင့် နိုင်ငံရေးအရ တရားဝင်မှုကို ရယူရန် ကြိုးစားခဲ့သည်။ စစ်တပ်သည် ရွေးကောက်ပွဲစနစ်တစ်ခုလုံးကို လက်နက်အဖြစ် အသုံးပြုခဲ့ပြီး စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ဖြန့်ကျက်ခြင်း၊ စစ်အုပ်စုလိုလားသော ကွန်ရက်များကို စည်းရုံးခြင်းနှင့် ခြိမ်းခြောက်အင်အားသုံးခြင်း တို့ကို လုပ်ဆောင်ပြီး ကြိုတင် သတ်မှတ်ထားသော ရလဒ်ကို ဖော်ဆောင်ခဲ့သည်။ ဤလုပ်ငန်းစဉ်ကို “ဒီမိုကရေစီသို့ ပြန်လည်ရောက်ရှိခြင်း” အဖြစ် မှားယွင်းစွာ တင်ပြခဲ့သော်လည်း မြန်မာပြည်သူလူထုက ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့သည်။ ရွေးကောက်ပွဲသည် ဥပဒေနှင့် မညီသကဲ့သို့ တရားဝင်မှုလည်း မရှိခဲ့ပါ။ စစ်တပ်က ချမှတ်သော ရွေးကောက်ပွဲများသည် အခြေခံလူ့အခွင့်အရေးများကို လေးစားရန် ပျက်ကွက်ခဲ့ပြီး အကြမ်းဖက်မှုနှင့် လူ့အဖွဲ့အစည်းအတွင်း သဘောထားကွဲလွဲမှုများကိုသာ ပိုမိုနက်ရှိုင်းစေခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက အတည်ပြုခဲ့သည်။
စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်တွင်ရှိသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (Union Election Commission – UEC) သည် စစ်တပ်၏ တိုက်ရိုက်အမိန့်ပေး စေခိုင်းမှုကို အကောင်အထည်ဖော်သည့် လက်နက်တစ်ခုကဲ့သို့ လုပ်ဆောင်ခဲ့ပြီး၊ စောင့်ကြည့်စစ်ဆေးခြင်း၊ ဖယ်ကြဉ်ခြင်းနှင့် ဖိအားပေးခြင်း နည်းလမ်းများဖြင့် (လူထု၏) ထောက်ခံမှုကို အတုအယောင် ဖန်တီးရန် ကြိုးပမ်းခဲ့သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အဆင့်သုံးဆင့်ဖြင့် ကျင်းပခဲ့သော ဤရွေးကောက်ပွဲသည် လူထု၏ ကျယ်ကျယ်ပြန့်ပြန့် သပိတ်မှောက်မှု၊ စစ်ကောင်စီ၏ အပြင်းအထန် စစ်အင်အားသုံးမှုနှင့် နယ်မြေစိုးမိုးမှု ပြိုလဲနေသည့် အခြေအနေများကြားတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ မဲရုံများသည် အများအားဖြင့် လူသူကင်းမဲ့နေခဲ့ပြီး စစ်တပ်လိုလားသူများနှင့် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခံရခြင်း၊ စီးပွားရေးအရ အရေးယူခံရခြင်း သို့မဟုတ် မိသားစုဝင်များအပေါ် ဖိအားပေးခံရခြင်းတို့ကြောင့် အတင်းအကျပ် ခိုင်းစေခံရသူများသာ မဲပေးခဲ့ကြသည်။ စောင့်ကြည့်စစ်ဆေးမှုများ၊ အတင်းအကျပ် ကြိုတင်မဲပေးခိုင်းမှုများနှင့် ‘ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေ’ ဟု ခေါ်ဆိုသည့် ဥပဒေများအောက်တွင် ဖမ်းဆီးမှုများ ပြုလုပ်ခြင်းတို့ဖြင့် ရွေးကောက်ပွဲ၏ လျှို့ဝှက်ချက်နှင့် လွတ်လပ်စွာ ဆန္ဒဖော်ထုတ်နိုင်မှုတို့ကို စနစ်တကျ ဖျက်ဆီးခဲ့သည်။ ယင်းဥပဒေများဖြင့် အနည်းဆုံး လူပေါင်း ၄၀၄ ဦး (အမျိုးသား ၃၂၄ ဦးနှင့် အမျိုးသမီး ၈၀ ဦး) ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ထို့အပြင် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြားတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (Office of the High Commissioner for Human Rrights – OHCHR) ၏ မှတ်တမ်းတင် အစီရင်ခံချက်အရ ၂၀၂၅ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ခုနှစ် ဇန်နဝါရီလ မဲပေးကာလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုပေါင်း ၄၀၈ ကြိမ်ထက်မနည်း ရှိခဲ့ပြီး အနည်းဆုံး လူပေါင်း ၁၇၀ ဦး သေဆုံးခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် အတည်ပြုခဲ့သည့် UNHRC၏ ဆုံးဖြတ်ချက်ကို မိမိတို့ အသိအမှတ်ပြုသော်လည်း၊ ယခုအခါ ခြောက်နှစ်ထဲသို့ ချဉ်းနင်းဝင်ရောက်လာပြီဖြစ်သော ဤအကျပ်အတည်းမှာ ကုလသမဂ္ဂ ယန္တရားများနှင့် နိုင်ငံတကာ အသိုက်အဝန်းထံမှ ပိုမိုအားကောင်းပြီး လက်တွေ့ကျသော၊ အချိန်ကာလ သတ်မှတ်ချက်ပါရှိသော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် တောင်းဆိုသည်။
UNHRC အနေဖြင့် အတုအယောင် ရွေးကောက်ပွဲနှင့် ၎င်း၏ ရလဒ်များကို ပြတ်ပြတ်သားသား ငြင်းပယ်ရမည်ဖြစ်ပြီး၊ ထိုရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် မည်သည့် အုပ်ချုပ်ရေး ယန္တရားကိုမဆို ကုလသမဂ္ဂ၏ မည်သည့်အဖွဲ့အစည်းကမျှ အသိအမှတ်ပြုခြင်း သို့မဟုတ် ဆက်ဆံဆောင်ရွက်ခြင်း ပြုမည်မဟုတ်ကြောင်း ရှင်းလင်းမှုရှိရမည်။ အတုအယောင် ရွေးကောက်ပွဲအပြီး ကာလများအပါအဝင် စစ်အုပ်စုအား နိုင်ငံရေးအရ တရားဝင်မှု ဖြစ်စေနိုင်သော မည်သည့် အသိအမှတ်ပြုမှု၊ ဆက်ဆံမှု သို့မဟုတ် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမဆိုသည် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို သာမန်ကိစ္စရပ်ကဲ့သို့ ဖြစ်သွားစေရန်နှင့် ၎င်းတို့ကို ပိုမိုအတင့်ရဲလာစေရန် အားပေးရာရောက်သည့် အန္တရာယ်ရှိပါသည်။
မြန်မာစစ်တပ်နှင့် နယ်စပ်ဖြတ်ကျော် ဂိုဏ်းဖွဲ့ကျူးလွန်သည့် ရာဇဝတ်မှုများ (Transnational organized crimes) အကြား အပြန်အလှန် အကျိုးပြုနေသော ဆက်နွှယ်မှုကို UNHRC အနေဖြင့် ရှင်းလင်းစွာ အသိအမှတ်ပြု ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ပြီး၊ ထိုရာဇဝတ်ကွန်ရက်များကို ဖြိုခွဲရန်နှင့် စစ်တပ်၏ အဓိက ဘဏ္ဍာငွေ အရင်းအမြစ်တစ်ခုကို ဖြတ်တောက်ရန်အတွက် နိုင်ငံတကာမှ ပေါင်းစပ်ညှိနှိုင်း၍ အရေးယူဆောင်ရွက်ကြရန် တိုက်တွန်းရမည်။
စစ်တပ်၏ ဆယ်စုနှစ်များစွာကြာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေမှုကို ထောက်ပံ့ပေးနေသည့် ဘဏ္ဍာငွေစီးဆင်းမှုများကို ဖြတ်တောက်ရန်၊ လေယာဉ်ဆီအား ပိတ်ဆို့အရေးယူမှု အပါအဝင် ဘက်စုံလွှမ်းခြုံသော ကမ္ဘာလုံးဆိုင်ရာ လက်နက်ပိတ်ဆို့မှု ပြုလုပ်ရန် လူ့အခွင့်အရေးကောင်စီအား မိမိတို့ ထပ်လောင်းတိုက်တွန်းပါသည်။ လက်နက်များ၊ လေယာဉ်များ၊ ဒရုန်းများ သို့မဟုတ် လောင်စာဆီများကို ရောင်းချခြင်း၊ ထောက်ပံ့ခြင်း သို့မဟုတ် လွှဲပြောင်းပေးခြင်း မှန်သမျှသည် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို တိုက်ရိုက်အားပေးကူညီရာရောက်သဖြင့် နိုင်ငံတကာဥပဒေအရ မြန်မာစစ်တပ်၏ ရာဇဝတ်မှုများကို အားပေးကူညီမှုအတွက် သက်ဆိုင်ရာ နိုင်ငံနှင့် တစ်ဦးတစ်ယောက်ချင်းစီ၏ တာဝန် ဖြစ်စေပါသည်။
လူ့အခွင့်အရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံအခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (International Criminal Court – ICC) သို့ လွှဲပြောင်းပေးခြင်း သို့မဟုတ် အထူးခုံရုံး (ad hoc) (သို့မဟုတ်) နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းသော ရောနှောအပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံ (Hybrid international criminal Tribunal) တစ်ရပ် တည်ထောင်ခြင်း အပါအဝင် ခိုင်မာသည့် တရားမျှတမှု ဖော်ဆောင်ရေး လုပ်ငန်းစဉ်များအတွက် နိုင်ငံရေးအရ အကူအညီများကို စုစည်းပေးရမည်။ ရောမစာချုပ် အပိုဒ် ၁၂(၃) အရ ICC ၏ စီရင်ပိုင်ခွင့်ကို လက်ခံကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government – NUG) ၏ ကြေညာချက်ကို တက်ကြွစွာ ထောက်ခံရန် လူ့အခွင့်အရေးကောင်စီအား မိမိတို့ တိုက်တွန်းပါသည်။ ထို့ပြင် အာဂျင်တီးနား၊ တီမောလက်စ်တေနှင့် အခြားသော နိုင်ငံတကာတရားရုံးများတွင် ဆောင်ရွက်နေသည့် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) မူများအောက်ရှိ အမှုအခင်းများအတွက် ပံ့ပိုးကူညီမှုများကို တိုးမြှင့်ပေးရန်လည်း တိုက်တွန်းပါသည်။”
နောက်ဆုံးအနေဖြင့်၊ ကုလသမဂ္ဂသည် ကျရှုံးနေသော အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ် (Five-Point Consensus) အပေါ် မှီခိုနေခြင်းကို ကျော်လွန်၍ မြန်မာပြည်သူများ ဦးဆောင်သော၊ လူ့အခွင့်အရေးကို အခြေခံသော၊ နိုင်ငံတကာဥပဒေ၊ တရားမျှတမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့အပေါ် အခြေတည်သော ဖြေရှင်းချက်မျိုးကို ပံ့ပိုးကူညီသည့် ချဉ်းကပ်မှုလမ်းစဉ်ကို ကျင့်သုံးဆောင်ရွက်ရမည်။
ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား/ရှင့်
ကြီးမားလှသော ဆင်းရဲဒုက္ခများကြားမှ ရာဇဝတ်သား စစ်အုပ်စုကို မယိမ်းမယိုင် တော်လှန်နေမှုနှင့် အောက်ခြေမှစ၍ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအား မနားမနေ ကြိုးပမ်းနေကြသည့် မြန်မာပြည်သူများကို အကူအညီပေးရန် မိမိတို့ တိုက်တွန်းပါသည်။ ပြည်သူတို့၏ သတ္တိနှင့် ထိုက်တန်သော ပြတ်သားသည့် အရေးယူဆောင်ရွက်မှုများဖြစ်သည့် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲနှင့် ရလဒ်များကို ငြင်းပယ်ခြင်း၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် အခြားသော နိုင်ငံတကာ ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်နိုင်စွမ်းရှိသည့် စစ်တပ်၏ စွမ်းရည်ကို ဖြိုခွဲဖျက်ဆီးခြင်းနှင့် တရားမျှတမှု ဖော်ဆောင်ရေး လုပ်ငန်းစဉ်များကို နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အကောင်အထည်ဖော်ခြင်းတို့ လုပ်ဆောင်ရန် မိမိတို့မှ တိုက်တွန်းတောင်းဆိုပါသည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန် –
ဤအိတ်ဖွင့်ပေးစာကို အမည်မဖော်ပြလိုသော အဖွဲ့အစည်း ၂၇ ဖွဲ့ အပါအဝင် အရပ်ဘက်လူထုအဖွဲ့အစည်း စုစုပေါင်း ၂၃၅ ဖွဲ့တို့က ထောက်ခံလက်မှတ်ရေးထိုးထားပါသည်။
ထောက်ခံလက်မှတ် ထပ်မံရရှိထားသော အဖွဲ့များ
အိတ်ဖွင့်ပေးစာကို PDF ဖြင့် ရယူရန် (မြန်မာဘာသာ ၊ English)
လုံခြုံမှုကင်းမဲ့သော ဘဝများ
တအာင်းအမျိုးသမီးအဖွဲ့အစည်းသည် “လုံခြုံမှုကင်းမဲ့သော ဘဝများ” (Lives in the absence of Safety) ဟု အမည်ပေးထားသော အစီရင်တစ်စောင်ကို ထုတ်ပြန်လိုက်ပါသည်။ ဤအစီရင်ခံစာသည် အကြမ်းဖက်စစ်ကောင်စီမှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း မှ ၂၀၂၄ ခုနှစ်အထိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကျူးလွန်ချိုးဖောက်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဝန်ထမ်းများမှ ကွင်းဆင်းကောက်ခံပြုစုပြီး မှတ်တမ်းတင်ပြုစုထားသည့် အစီရင်ခံစာဖြစ်ပါသည်။
အစီရင်ခံစာတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ အခြေအနေ၊ အာဏာမသိမ်းခင်နှင့် အာဏာသိမ်းပြီးနောက်ပိုင်း တအာင်းဒေသအခြေအနေ၊ အာဏာသိမ်းပြီးသည့်နောက် အဖက်ဖက်မှ လူမှုဘဝချွတ်ခြုံကျဆင်းလာမှု အခြေအနေ၊ ၁၀၂၇ စစ်ဆင်ရေးကာလတွင် လေကြောင်းဖြင့် လူထုများဦးတည် ဗုံးကြဲသတ်ဖြတ်ခဲ့ခြင်းများ အခြေအနေ၊ စစ်ဘေးရှောင်ပြည်သူ၏ ဘဝအခြေအနေ၊ ပြန်လည်ထူထောင်ရေးတွင် အကူအညီပေးနေမှု အခြေအနေများအပြင် တော်လှန်ရေးအဖွဲ့အစည်းများ အုပ်ချုပ်သည့်နောက် တွေ့ရှိချက်နှင့် အခြေအနေများကို မီးမှောင်းထိုးပြထားပါသည်။
၅ နှစ်အတွင်း အမျိုးသမီး ၁,၀၀၀ နီးပါး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရဟု WLB ထုတ်ပြန်
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းထားသည့် ၅ နှစ်တာကာလအတွင်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၁,၀၀၀ နီးပါးအထိ ရှိလာနေပြီဖြစ်ကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
WLB မှ ထုတ်ပြန်သည့် “၂၀၂၅ ခုနှစ်ကို လည်ပြန်ကြည့်ခြင်း” အစီရင်ခံစာအရ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် တစ်နှစ် တည်းမှာပင် လိင်နှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုပေါင်း ၂၀၉ မှုအထိ ရှိခဲ့သည်။
အဆိုပါ ကျူးလွန်မှုများထဲတွင် အိမ်တွင်းအကြမ်းဖက်မှုများက အများဆုံးဖြစ်နေသော်လည်း၊ စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သည့် မုဒိမ်းမှုများနှင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုများမှာလည်း ထိတ်လန့် ဖွယ်ရာ ကိန်းဂဏန်းများဖြင့် ပါဝင်နေသည်။
စစ်အုပ်စုသည် ၎င်းတို့ကျူးလွန်သမျှကို မည်သည့်အရေးယူမှုမျှ မရှိသည့် ‘ပြစ်ဒဏ်ကင်းလွတ်ခွင့် (Impunity)’ ကို အခွင့်ကောင်းယူကာ တိုင်းရင်းသူ အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို စစ်လက်နက်သဖွယ် အသုံးချကာ ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်ကြောင်း WLB က ဝေဖန်ထောက်ပြထားသည်။
ထို့ပြင် ယခုကဲ့သို့သော အကြမ်းဖက်မှုများတွင် စစ်အုပ်စုသာမက အခြားသော လက်နက်ကိုင်အင်အားစု အချို့ လည်း ပါဝင်နေသည်ကို စိစစ်တွေ့ရှိရကြောင်း ဆိုသည်။
ကျူးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်ရန်နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်စေရန် အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို ငြင်းပယ်ရန်၊ စစ်ကော်မရှင်ထံ လက်နက်နှင့် လေယာဉ်ဆီ ရောင်းချပေးနေမှုများကို ချက်ချင်းရပ်တန့်ရန် အပါအဝင် အချက် ၄ ချက်ကို WLB က အရေးပေါ် တောင်းဆိုထားသည်။
အမျိုးသမီးများအပေါ် မြေပြင်တွင် ယခုကဲ့သို့ ကျူးလွန်မှုများ ရှိနေသည့်တိုင် စစ်ကော်မရှင်က အတင်းအဓမ္မ လုပ်ဆောင်နေသည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ်တွင်မူ ကုလသမဂ္ဂနှင့် အာဆီယံလွှတ်တော်အမတ်များ (APHR) က နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှုမရှိသည့်အပြင် တရားဝင်မှုမရှိကြောင်း ပြင်းပြင်းထန်ထန် ဝေဖန် ကန့်ကွက်ထားကြသည်။
လက်ရှိတွင် မြန်မာနိုင်ငံတဝန်း တိုက်ပွဲများ၊ စစ်ရေးပဋိပက္ခများကြား၌ အမျိုးသမီးများသည် လုံခြုံမှုကင်းမဲ့သည့် ဘဝများကို ဖြတ်သန်းနေရပြီး၊ တရားမျှတမှု ရရှိနိုင်မည့် လမ်းစများမှာလည်း စစ်အုပ်စု၏ ဖိနှိပ်မှုများအောက် တွင် ပျောက်ကွယ်နေဆဲ ဖြစ်သည်ဟု အမျိုးသမီးရေး တက်ကြွလှုပ်ရှားနေသူများက ပြောသည်။
Network Media Group – NMG
အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုဆိုင်ရာ မြန်မာနိုင်ငံအခြေအနေ (၂၀၁၇-၂၀၂၅)
၂၀၁၇ ခုနှစ်မှ ၂၀၂၅ နှစ်ကုန်ထိ မြန်မာနိုင်ငံတွင်း အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု (TJ) ဘောင်အတွင်းမှ အမှန်တရား (Truth), တရားမျှတမှု (Justice), ပြန်လည်ကုစားပေး လျော် မှု (Reparations) နှင့် နောက်နောင်မဖြစ်ပွားစေရေးအတွက် အာမခံခြင်း (Guarantees of Non-Recurrence) ဖြစ်ပေါ်မှုများအား အချိန်ဇယားနှင့်တကွ လေ့လာ၍ လူ့အခွင့်အရေးကွန်ရက် မှတ်တမ်း (မြန်မာနိုင် ငံ) (ND-Burma) အနေဖြင့် အတတ်နိုင်ဆုံး ပြုစု၍ ထုတ်ပြန်လိုက်ပါသည်။
CHROရဲ့ အမှုဆောင် ဒါရိုက်တာ ဆလိုင်းဇာအုတ်ကို BBMက ဆက်သွယ်မေးမြန်းမှု
၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းမှုနောက်ပိုင်း ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ခံခဲ့ရတဲ့ ပြည်သူတွေကိုယ်စား ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)က တီမော-လက်စတေနိုင်ငံရှိ အစိုးရရှေ့နေရုံးကို ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်တစ်ခုကို တင်သွင်းခဲ့ပြီး စုံစမ်းစစ်ဆေးမှုစတင်ဖို့ ဇန်နဝါရီလ ၁၃ရက်နေ့က တောင်းဆိုခဲ့ပါတယ်၊၊ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ အမှုဆောင်ဒါရိုက်တာ ဆလိုင်း ဇာအုတ်ရဲ့ အဆိုအရ ရာဇဝတ်မှုမှတ်တမ်းမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်ခဲ့တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ပါဝင်တဲ့အပြင်၊ ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ သတင်းထောက်တစ်ဦး အပါအဝင် လူ ၁၀ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ပါဝင်ပါတယ်။ အဲဒီလို သတ်ဖြတ်ရာမှာ လူ ၈ ဦးမှာ လည်လှီးသတ်ဖြတ်ခံခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ဘာသာရေးအဖွဲ့အစည်းတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ အနေနဲ့ ခရစ်ယာန်သိက္ခာတော်ရ ဆရာတော်တစ်ဦးနဲ့ သတင်းထောက် ၃ ဦးကို တမင်ရည်ရွယ်ပြီး သတ်ဖြတ်ခဲ့တဲ့အပြင် ခရစ်ယာန်ဘုရားကျောင်းတွေကိုလည်း စနစ်တကျတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာ အဆောက်အအုံများဖြစ်တဲ့ ဆေးရုံတွေလည်း ချန်လှပ်ထားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးဝန်ထမ်း ၄ ဦးနဲ့ လူနာ ၄ ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်များကိုလည်း အမှုတွဲမှာ အသေးစိတ် ထည့်သွင်းဖော်ပြထားပါတယ်။ တီမော လက်စတေးနိုင်ငံမှာ အခုလို တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး ချင်းလူ့အခွင့်အရေးအဖွဲ့အစည်း(CHRO)ရဲ့ အမှုဆောင် ဒါရိုက်တာ ဆလိုင်းဇာအုတ်ကို BBMက ဆက်သွယ်မေးမြန်းထားပါတယ်၊၊
မြန်မာတွင် လူနည်းစု ဘာသာရေးဖိနှိပ်ခံရမှု UK ပါလီမန် ဆွေးနွေးမည်
မြန်မာနိုင်ငံမှာ လူနည်းစုဘာသာရေး ဖိနှိပ်ခံရမှုတွေနဲ့ ပတ်သက်ပြီးတော့ UK ပါလီမန် လွှတ်တော်ထဲမှာ လာမယ့် ဇန်နဝါရီ ၈ ရက်မှာ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။
လန်ဒန်မြို့က ဝက်စ်မင်စတာခန်းမမှာ ကျင်းပသွားမယ့် ဒီဆွေးနွေးပွဲကိုတော့ ပါလီမန် လွှတ်တော်အမတ် ဂျင်မ် ရှန်နွန်က အဆိုတင်သွင်းခဲ့တာဖြစ်ပြီး Backbench Business Committee က ဦးဆောင်ကျင်းပသွားမယ်လို့ သိရပါတယ်။
ဂျင်မ် ရှန်နွန်ဟာ ဒီမိုကရက်တစ် ယူနီယံနစ်ပါတီ (DUP) ကိုယ်စားပြု နိုင်ငံရေးသမားတယောက်ဖြစ်ပြီး ၂၀၁၀ ခုနှစ်က စတင်ပြီးတော့ စထရန်ဖို့ဒ် မဲဆန္ဒနယ် လွှတ်တော်အမတ် (MP) အဖြစ် တာဝန်ထမ်းဆောင်နေသလို DUP ရဲ့ ကျန်းမာရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်ပါတယ်။
ဒါ့အပြင် သူဟာ နိုင်ငံတကာ ဘာသာရေး ဒါမှမဟုတ် ယုံကြည်ချက်လွတ်လပ်ခွင့်ဆိုင်ရာ ပါတီအားလုံးပါဝင်တဲ့ လွှတ်တော်အဖွဲ့ ဥက္ကဋ္ဌဖြစ်ပြီးတော့ လူ့အခွင့်အရေးကို ထောက်ခံ အားပေးကာ နှလုံးခုန်စက် အသုံးပြုခွင့်နဲ့ ဘာသာရေးလွတ်လပ်ခွင့်တို့လို ကိစ္စရပ်တွေအတွက် ဥပဒေကြမ်းတွေကို စတင်တင်သွင်းခဲ့သူလည်း ဖြစ်ပါတယ်။
လတ်တလော မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်း ၅ နှစ်နီးပါး ကာလတွေအတွင်း စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့သလို ဘာသာရေးနယ်မြေနဲ့ အဆောက်အအုံတွေ ရာနဲ့ချီ ဖျက်ဆီးပစ်ခဲ့တယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကတော့ အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူတွေအပေါ် ဘက်ပေါင်းစုံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ တိုက်ခိုက်မှုတွေကို မှတ်တမ်းတင်နေပြီး နိုဝင်ဘာ ၃၀ ရက်အထိ ရရှိထားတဲ့ နောက်ဆုံး အချက်အလက်တွေအရ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘာသာရေး အဆောက်အအုံ ၆၂၁ ခုအပါအဝင် စာသင်ကျောင်း ၄၁၀ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၁၃၉ ခု ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
မကြာခင်မှာ ကျင်းပမယ့် မြန်မာ လူနည်းစု ဘာသာရေးဖိနှိပ်မှု ဆွေးနွေးပွဲအပြီးမှာတော့ ၃ နာရီကြာ မှတ်တမ်းအပြည့်အစုံကို ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။
DVB