(BBC) မန္တလေးတိုင်း မဟာအောင်မြေ မြို့နယ်က အသက်၁၇နှစ် အရွယ် ကလေး စစ်သားတဦး တပ်က ထွက်ပြေးပြီး မိဘထံ ပြန်ပြေးလာ တာကို စစ်တပ်က ပြန်ဖမ်းပြီး တပ်ပြေး အဖြစ် ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက် ပါတယ်။

၉တန်း ကျောင်းသားတဦး ဖြစ်တဲ့ စနေ ( ခေါ် ) မောင်ထက်ထက်အောင် ဟာ၂၀၀၉ ခုနှစ်က စစ်သားအဖြစ် စုဆောင်းခံခဲ့ရအပြီး သင်တန်း ပြီးလို့ ၈လအကြာမှာ တပ်ကနေ ထွက်ပြေးသွား ခဲ့တာပါ။

ဒီဇင်ဘာလတုန်းက သူ့ကို မိခင် တပ်ရင်းက ပြန်ဖမ်းပြီး ပြီးခဲ့တဲ့ ဇန္နဝါရီလ ၂၅ရက်နေ့က ထောင်ဒဏ် ၁နှစ် ချမှတ်လိုက်ပါတယ်။

အခုလောလောဆယ် မောင်ထက်ထက်အောင်ဟာ လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းကျ ခံနေရပါတယ်။

ဒီကိစ္စကို မိဘတွေက ILO ကို ဆက်သွယ် တိုင်ကြားထားခဲ့ပေမဲ့ ကူညီမှု လုပ်ငန်းက အင်မတန် နှေးကွေးနေတယ်လို့ မောင်ထက်ထက်အောင်ရဲ့ ဦးလေးဖြစ်သူက ဘီဘီစီကို ပြောပြပါတယ်။

မောင်ထက်ထက်အောင်ဟာ ဦးနှောက်ထဲမှာ ငှက်ဖျားပိုး ဝင်ထားဖူးပြီး အခု ထောင်ထဲမှာ ငှက်ဖျားရောဂါ ပြန်ထနေတဲ့ အတွက် မိသားစုက စိုးရိမ် ပူပန်နေတယ်လို့လည်း ပြောပါ တယ်။

အလားတူပဲ ဇန္နဝါရီလ ၁၉ရက်က မန္တလေးတိုင်း အမရပူရ မြို့နယ် ဆင်ရွာ မြင်းမူးအရပ်က မောင်ကျော်ရဲအောင် ဆိုတဲ့ အသက်မပြည့်သေးတဲ့ ခလေးတဦးကိုလည်း တပ်ပြေး ဆိုပြီး ကျောက်ဆည် ခလရ ၁၄က တပ်ကြပ်တဦးက ခြိမ်းခြောက် ဖမ်းဆီး သွားပြီး အခုအခါ သူဘယ်မှာ ရောက်နေသလဲဆိုတာ မိဘတွေက စုံစမ်းလို့ မရ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ လကလည်း ပဲခူးတိုင်း ဝေါမြို့နယ် တောစွန်းရွာမှာ တပ်က ပြေးလာတဲ့ အသက် ၁၄နှစ် အရွယ် မောင်ဇင်အောင်ကို မိဘနဲ့ နေတာကြာကာမှ ဖမ်းသွားပြီး ထောင်ဒဏ် ၃နှစ်ခွဲ အပြစ်ပေးခဲ့ပါတယ်။