(ခေတ်ပြိုင်) “ဗိုက်မှောက်နေရသည့် ဘဝများ” ဟူသည့်အမည်ဖြင့် အစီရင်ခံစာတစောင်ကို လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ ထုတ်ဝေလိုက်သည်။

မြန်မာနိုင်ငံအတွင်း အခွန်ငွေကောက်ခံမှုများကြောင့် ပြည်သူလူထု ဒုက္ခပင်လယ်ဝေရကြောင်းကို စုစည်းတင်ပြထားသည့် အဓိက အခန်း (၃) ခန်းပါဝင်ကာ စာမျက်နှာ (၁၄၀) ရှိသည့် အစီရင်ခံစာကို ယနေ့နံနက်၌ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များအသင်း (FCCT) တွင် သတင်းစာရှင်လင်းပွဲပြုလုပ်၍ ထုတ်ဝေလိုက်ခြင်းဖြစ်သည်။

အစီရင်ခံစာသည် ဖြစ်ရပ်ပေါင်း (၄၄၈) ခုကို ကိုးကား၍ လူတွေ့မေးမြန်းမှုပေါင်း (၃၄၂) ခုကို အခြေခံပြီး တင်ပြထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံအတွင်း အာဏာပိုင်များ၏ လာဘ်လာဘကို အခြေခံသည့် ပရမ်းပတာ အခွန်ငွေကောက်ယူမှုများကြောင့် တိုင်းပြည်၏စီးပွားရေး ထိခိုက်ကာ ပြည်သူလူထု ပိုမိုဆင်းရဲမွဲတေလာရကြောင်း၊ လူတိုင်းလိုလိုမှာ အခြေခံလူ့အခွင့်အရေးများ ချိုးဖောက်ခံနေရကြောင်း ကွန်ရက်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါအစီရင်ခံစာ အခန်း (၁-၂) တို့ကို သုတေသနပြု ရေးသားခဲ့သည့် သြစတြေးလျနိုင်ငံ မက်ကွိုင်းယား တက္ကသိုလ်၏ မြန်မာနိုင်ငံ စီးပွားရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ဒေါက်တာ အယ်လီဆင် ဗစ်ကရေးက “မြန်မာနိုင်ငံတွင်း အဆိုပါ ပရမ်းပတာ အခွန်ကောက်ခံနေမှုမှာ ပါဝင်ပတ်သက်နေသူတွေဟာ စစ်အစိုးရရဲ့ အဆင့်ဆင့်သော အာဏာပိုင်တွေ ဖြစ်ကြပြီး အဲလို ကောက်ခံမှုကြောင့် ပြည်သူလူထုဟာ စားဝတ်နေရေးအတွက် အတိုးနှုန်းမြင့်မားတဲ့ ငွေကြေးကို ချေးယူသုံးစွဲနေရတယ်။ အဆင်းရဲဆုံး ပြည်သူတွေအတွက် အခွန်အတုတ်ငွေဟာ အမြင့်မားဆုံးဖြစ်နေတယ်” ဟု ပြောကြားသွားသည်။

အစီရင်ခံစာ၌ အခွန်ကောက်ခံရေးစနစ်တရပ်၏ အခြေခံလက္ခဏာများ၊ မြန်မာနိုင်ငံ အခွန်ကောက်ခံမှုစနစ်၏ စီးပွားရေးအရ အကျိုးသက်ရောက်မှုများနှင့် မြန်မာနိုင်ငံ အခွန်ကောက်မှုစနစ်၏ လူ့အခွင့်အရေးအပေါ် စီးပွားရေးအရ သက်ရောက်မှုများ ဟူ၍ အပိုင်း (၃) ပိုင်းခွဲ တင်ပြထားသည်။

ထို့အပြင် နအဖစစ်အစိုးရ၊ နိုင်ငံတကာမိသားစု၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ငွေကြေးအဖွဲ့အစည်းများ၊ အာဆီယံအသင်းနှင့် တရုတ်၊ အိနိ္ဒယ၊ ထိုင်းနိုင်ငံနှင့် နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးများအပါအဝင် မြန်မာပြည်သူလူထုထံသို့လည်း အကြံပြုချက်များ ပါဝင်သည်။

ပြည်သူလူထုသို့ တိုက်တွန်းချက်တွင် အဆိုပါအကျင့်ပျက်ခြစားမှုကြောင့် ဖြစ်ပေါ်နေသည့် အခွန်အတုတ်ကောက်ခံမှုများကို သတင်းမီဒီယာများအား အသိပေး၍ မှတ်တမ်းတင် တိုင်ကြားမှုများ ပြုလုပ်ကြပါရန် တိုက်တွန်းထားသည်။

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)၏ ညှိနှိုင်းဆောင်ရွက်ရေးမှူး ကိုဟန်ကြီးက “အာဆီယံအဖွဲ့ကြီးအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပရမ်းပတာ အခွန်အတုတ် ကောက်ခံနေမှုကို ကူညီဖြေရှင်းပေးဖို့နဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ကြီးကလည်း အခုလို မတော်မတရား အခွန်ကောက်ခံနေမှုတွေကို တိုင်ကြားခွင့်ရှိစေဖို့ စင်တာတခု မြန်မာနိုင်ငံအတွင်း ဖွင့်လှစ်ပေးဖို့ တောင်းဆိုပါတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ရသုံးမှန်းခြေ ငွေစာရင်းဇယားအရ (၅) ရာခိုင်နှုန်းထက်မပိုသော ငွေကြေးပမာဏကိုသာ ပြည်သူလူထု၏ ကျန်းမာရေးနှင့် လူမှုဖူလုံရေး လုပ်ငန်းများအတွက် အသုံးချထားကြောင်း အစီရင်ခံမှ ဝေဖန်ထောက်ပြထားသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ စစ်အသုံးစရိတ်နှင့် ကြီးထွားလာသော စစ်တပ်အင်အားအတွက် ယခုကဲ့သို့ အခွန်များကောက်ခံနေကြောင်းလည်း ဖော်ပြထားသည်။