[Update: 4: 30 AM, Jan 25, 2025]

ရခိုင်ပြည်နယ်အတွင်း ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဒါမှမဟုတ် အရပ်သားတွေကို အာရက္ခ တပ်တော် (AA) တပ်ဖွဲ့ဝင်တွေက ညှဉ်းပန်းနှိပ်စက်ပြီး ကွပ်မျက်နေတဲ့ ဗီဒီယိုမှတ်တမ်းနဲ့ ပတ်သက်ပြီး AA က ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

ဒီဗီဒီယိုနဲ့ပတ်သက်ပြီး ကျူးလွန်တဲ့ AA ကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးပေးဖို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights က ဇန်နဝါရီ ၂၃ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

ဒီလိုတောင်းဆိုပြီးနောက်ပိုင်း AA ရဲ့ ဝန်ခံချက် ထွက်ပေါ်လာတာပါ။ Fortify Right အဖွဲ့ကတော့ နိုင်ငံတကာ တရားစီရင်ရေးယန္တရားတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ AA ကို ဆက်လက် တိုက်တွန်းလိုက်ပါတယ်။

Fortify Rights ရဲ့ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး တာဝန်ခံ ဧဂျက်ဇ်မင်းခန့် (Ejaz Min Khant) က… “တရားလက်လွတ် သတ်ဖြတ်မှုတွေမှာ ပါဝင်ခဲ့သူတွေကို အရေးယူဖို့က အရမ်းအရေးကြီးပါတယ်။ သူတို့ (AA) က ဒါကိုလက်ခံပြီး အရေးယူထားတယ်ပြောတာကို ကြိုဆိုပါတယ်။ တစ်ဖက်ကလည်း ဒေါသတကြီးနဲ့ သူတို့မိသားစုဝင်တွေ အသတ်ခံရလို့ စစ်သုံ့ပန်းတွေကို သတ်ဖြတ်တယ်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောတယ်။ ဗီဒီယိုထဲက စကားတွေနဲ့ သူတို့စကား မကိုက်တာတွေ တွေ့ရတယ်။ ဗီဒီယိုထဲမှာ တပ်မှူးက ဒီလူနှစ်ဦးကို သတ်ဖို့ခိုင်းထားတယ်ဆိုတဲ့ စကားတွေပါတယ်။ သူတို့ကို တရားစီရင်ထားတယ်ဆိုရင် သူတို့က ဘယ်သူတွေလဲ။ သူတို့ရဲ့ ရာထူးအဆင့်တွေက ဘယ်လိုရှိလဲ။ ဘယ်လိုပုံစံနဲ့ အရေးယူထားတယ်ဆိုတာ ပွင့်လင်းမြင်သာအောင် ချပြသင့်ပါတယ်” လို့ ပြောပါတယ်။

Fortify Rights အနေနဲ့ အာရက္ခတပ်တော် (AA) ကို နိုင်ငံတကာတရားစီရင်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးရေးတွေ လုပ်နိုင်အောင် တိုက်တွန်းသွားမှာဖြစ်ပြီး နောက်ထပ်အလားတူ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မဖြစ်အောင် စောင့်ကြည့်မှတ်တမ်းတင်သွားမယ်လို့လည်း ပြောပါတယ်။

AA ပြောခွင့်ရသူ ဦးခိုင်သုခက ဒီဖြစ်စဉ်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က ကျောက်တော် စခခ ၉ ဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်တဲ့ကာလအတွင်း ဖြစ်ခဲ့တာလို့ သတင်းမီဒီယာတွေကို ပြောပါတယ်။

မိသားစုတွေကို မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်ထားတဲ့ မြန်မာစစ်သားတွေကို ဖမ်းမိချိန်မှာ ဒေသခံ ပြည်သူ့စစ်တွေက ဒေါသမထိန်းနိုင်ဘဲ လက်စားချေတဲ့သဘောနဲ့ စစ်စည်းကမ်းချိုးဖောက်ပြီး ပြစ်မှုကျူးလွန်ခဲ့တာလို့ ပြောပါတယ်။

ဒီဖြစ်စဉ်မှာပါခဲ့တဲ့ AA ရဲ့ အောက်ခြေတပ်မှူးငယ်တချို့ အပါအဝင် ပါဝင်သူတချို့ကို ဖော်ထုတ်ပြီး အရေးယူ အပြစ်ပေးထားတယ်လို့ ဆိုပါတယ်။ အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က တိုက်ရိုက်အဆက်အသွယ်ရဖို့ အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

AA နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ချင်းညီနောင်တပ်ဖွဲ့ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဆလိုင်းဝီလျံချင်းကတော့ AA အပါအဝင် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စစ်သုံ့ပန်းတွေကို ဖမ်းဆီးမိတဲ့အခါ အလားတူ ကျူးလွန်မှုမျိုး မလုပ်ဆောင်ဖို့ လိုတယ်လို့ မှတ်ချက်ပြုပါတယ်။

“ဒါက လုံးဝကို မဖြစ်သင့်တဲ့ကိစ္စလည်း ဖြစ်တယ်။ AA အနေနဲ့ သူတို့ရဲ့ ဥပဒေအတိုင်း အရေးယူဆောင်ရွက်ပြီးသားလည်း ဖြစ်တယ်။ ဒီလိုကိစ္စမျိုးတော့ နောက်ထပ် လုံးဝမဖြစ်အောင် AA တစ်ဖွဲ့တည်းမဟုတ်ဘူး။ နောက်ပိုင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ စခန်းသိမ်းတိုက်ပွဲတွေ၊ မြို့သိမ်းပွဲတွေ ဆင်နွှဲတဲ့အချိန်မှာ အနည်းနဲ့အများပဲ ကွာသွားမယ်။ စစ်သုံ့ပန်းတွေတော့ ကျွန်တော်တို့ ဖမ်းဆီးရမိကြတာပဲဆိုတော့ အဲဒီအချိန်မှာ ဆင်ခြင်ရမယ့်အရာလို့ပဲ မြင်တယ်။ တပ်မှူးတွေကိုယ်တိုင်က အကြမ်းဖက်စစ်ကောင်စီလို လုပ်ရပ်မျိုးမလုပ်ဖို့ အလွန်အရေးကြီးပါမယ်”

စစ်ကောင်စီတပ်ဖွဲ့ဝင် ဒါမှမဟုတ် အရပ်သားတွေကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေက ညှဉ်းပန်းနှိပ်စက်ပြီး ကွပ်မျက်နေတာဖြစ်နိုင်တဲ့ ဗီဒီယိုမှတ်တမ်းနှစ်ခုကို Fortify Rights ရရှိခဲ့တယ်လို့ ဇန်နဝါရီလ ၂၃ ရက်နေ့က အစီရင်ခံစာထုတ်ပြန်ခဲ့တာပါ။ သူတို့ကို ညှဉ်းပန်းနှိပ်စက်ပြီး တရားလက်လွတ်ကွပ်မျက်တာက စစ်ရာဇဝတ်မှုမြောက်တယ်လို့ လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို ဂျီနီဗာကွန်ဗင်းရှင်းရဲ့ ကာကွယ်စောင့်ရှောက်မှုပေးသင့်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်ထားသူတွေကို တရားစွဲဆိုရမယ်လို့ Fortify Rights အဖွဲ့က တောင်းဆိုထားပါတယ်။

(မှတ်ချက် – ဤသတင်းတွင် Fortify Rights အဖွဲ့၏ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး တာဝန်ခံ ဧဂျက်ဇ်မင်းခန့် မှတ်ချက်နှင့် ချင်းညီနောင်တပ်ဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ဝင် ဆလိုင်းဝီလျံချင်း မှတ်ချက်တွေကို ဖြည့်စွက်ထားပါသည်။)

RFA Burmese