နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မေလ ၁၅ ရက်ကနေ ၂၁ ရက်နေ့အထိ တစ်ပတ်အတွင်း ကလေး ရှစ်ဦးအပါအဝင် အရပ်သား သုံးဆယ်ကျော်သေဆုံးပြီး ငါးဆယ်ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ) (ND Burma) အဖွဲ့က မေလ ၂၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

သေဆုံးသူတွေထဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းတို့က ငါးဦးစီ၊ ကရင်ပြည်နယ်က လေးဦး၊ ရခိုင်နဲ့ ကချင်ပြည်နယ်က သုံးဦးစီ၊ စစ်ကိုင်း၊ တနင်္သာရီနဲ့ ပဲခူးတိုင်းတွေမှာ နှစ်ဦးစီနဲ့ ချင်းပြည်နယ်က တစ်ဦး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ဒီတစ်ပတ်အတွင်း စစ်ကောင်စီက နိုင်ငံတစ်ဝန်းမှာ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုတွေအပြင် လေကြောင်းကနေ တိုက်ခိုက်တာ၊ ဖမ်းဆီးခေါ်ဆောင်တာတွေ အပါအဝင် လူ့အခွင့်ရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒီထုတ်ပြန်ချက်ပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

RFA Burmese