၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်မှ (၁၄)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဒီဇင်ဘာ(၈)ရက်မှ (၁၄)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ကရင်ပြည်နယ် တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ Social Media တွင် စစ်အာဏာရှင်တော်လှန်ရေးနှင့် သက်ဆိုင်သည့် သတင်း များကို Like၊Share ပြုလုပ်မိသည့် ရခိုင်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးမှ ကလေးငယ် တဦး အပါအဝင် ပြည်သူ (၇)ဦးကို စစ်အာဏာရှင်တပ်က ဖမ်းဆီး အမှုဖွင့်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများက ဒီဇင်ဘာ (၁၂)ရက် နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်း၊ ရွာငံမြို့နယ်ထဲမှ ဒေသခံ (၈)ဦးကို ဓားစာခံ အဖြစ် ဖမ်းဆီးခဲ့သည်။ စစ်အာဏာရှင် တပ်က ဧရာ၀တီတိုင်းဒေသကြီးတွင် တောင်သူများကို နေကြာစိုက်ပျိုးရန် အဓမ္မခိုင်းစေခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၁၆)ဦး သေဆုံးခဲ့ပြီး (၂၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင် တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက် မှုများကြောင့် အသက်မပြည့်သူ (၆)ဦး ဒဏ်ရာရရှိခဲ့ပြီး (၅)ဦး သေဆုံးခဲ့ရသည်။ တပတ်အတွင်း စစ်အာဏာရှင်တပ်က ပြည်သူ (၃၀)ကျော်ကို ဖမ်းဆီးညှင်းပန်း နှိပ်စက်ခဲ့ပြီး (၈၀)ကျော် ဖမ်းဆီးခံခဲ့ရသည်။