(RFA) မြန်မာနိုင်ငံအရှေ့ပိုင်းနဲ့ အနောက်ပိုင်း နယ်စပ်ဒေသတွေကနေ မိမိတို့ ဇာတိနေရပ်ကနေ စွန့်ခွာထွက်ပြေးနေရတဲ့ IDP ခေါ် ဒုက္ခသည်တွေအတွက် ရန်ပုံငွေ ကူညီထောက်ပံ့ပေးဖို့ ဥရောပ ကော်မရှင်ထံ လူ့အခွင့်အရေး ထောက်ခံအားပေးသူ လူပုဂ္ဂိုလ် တထောင်ကျော်က စာရေးပြီး တိုက်တွန်းတောင်းဆို လိုက်တယ်လို့ သိရပါတယ်။

ဒီအစီအစဉ်ကို ဗြိတိန်နိုင်ငံအခြေစိုက် Burma Campaign UK အဖွဲ့က ဦးဆောင် အကောင်အထည် ဖော်ခဲ့တာ ဖြစ်တယ်လို့ အဲဒီအဖွဲ့ရဲ့ လှုပ်ရှားဆောင်ရွက်ရေး တာဝန်ခံ တဦးဖြစ်သူ မဇိုရာဖန်းက ပြောပါတယ်။

“လူတထောင်ကျော်ကို ကျွန်မတို့က အီးမေးလ်ကနေ ကျွန်မတို့က တောင်းဆိုတယ်ပေါ့နော်။ ဥပမာ ကျွန်မတို့ Burma Campaign UK ဝက်ဘ်ဆိုက်ကရော၊ ဥရောပမှာ ရှိနေတဲ့ ပြည်သူလူထုတွေကို ကျွန်မတို့က ဒီ European Commission ဆီကို စာရေးပါ၊ ဒီလိုမျိုး တောင်းဆိုပေးပါ၊ ကျွန်မတို့ တောင်းဆိုတဲ့အချိန်မှာ သူတို့က အက်ရှင် ယူပြီးတော့ European Commission ကို စာရေးတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီလူတွေဟာ အများအားဖြင့် UK မှာရော၊ ဥရောပမှာ ရှိနေတဲ့ ပြည်သူလူထုတွေ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံ အရှေ့ပိုင်း နယ်စပ်ဒေသတွေမှာ ပြည်တွင်းကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ အကူအညီ လိုအပ်နေသူ ဒုက္ခသည် တသိန်းလောက် ရှိတယ်လို့ သိရပါတယ်။ ဒီဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့ဖို့ ဥရောပပါလီမန်က တိုက်တွန်းမှုတွေ ရှိပေမဲ့ ဥရောပကော်မရှင်က ကူညီပေးတာ မရှိသေးဘူးလို့ သိရပါတယ်။

ဥရောပကော်မရှင် အနေနဲ့ မြန်မာနိုင်ငံက အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးဖို့ တောင်းဆိုမှုတွေကို ခိုင်လုံတဲ့ အကြောင်းပြချက် မရှိပဲ ငြင်းဆန်နေတာကြောင့် အခုလို စာရေးသား တိုက်တွန်းရတာ ဖြစ်တယ်လို့ မဇိုရာဖန်းက ပြောပါတယ်။

“European Commission က ပြည်တွင်းထဲမှာ ပုန်းအောင်းနေတဲ့ ဒုက္ခသည်ပေါ့နော်၊ internally displace people တွေအတွက် သူတို့ cross border aid နယ်စပ်ကနေ ပေးတဲ့ ကူညီမှုတွေကို ပေးတာ မရှိသေးဘူး။ ဒါပေမဲ့ တကယ့်တကယ် ပြည်တွင်းထဲမှာ ပုန်းအောင်းနေတဲ့ ဒုက္ခသည်ဆီ ကူညီမှုတွေ ရနိုင်ဖို့အတွက် အဓိက နယ်စပ်ကနေတဆင့် ကူညီမှုတွေပဲ နည်းလမ်းရှိနေတယ်။ ဒါပေမဲ့ European Commission က အဲဒါ သူတို့က လုပ်ဖို့ကို သူတို့က ငြင်းဆန်တယ်။ အဲဒါကြောင့် ကျွန်မတို့က campaign လုပ်ပြီးတော့ လူထုတွေက ဒီ ယူကေမှာရော၊ နိုင်ငံတကာမှာ ရှိတဲ့လူတွေပေါ့နော်၊ အဲဒါ European Commission ဆီကို သူတို့ စာရေးတယ်။”

တိုင်းရင်းသား ဒေသတွေက အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကို စစ်အစိုးရက နိုင်ငံရေး ရည်ရွယ်ချက်ထားပြီး ထောက်ပံ့ကူညီမှုတွေ မလုပ်ဆောင်တဲ့ အတွက် ဥရောပ ကော်မရှင်က အရေးပေါ် ကူညီဖြည့်ဆည်းပေးဖို့ လိုအပ်တယ်လို့လည်း Burma Campaign UK အဖွဲ့က တိုက်တွန်းထားပါတယ်။ Burma Campaign UK အဖွဲ့က နိုင်ငံတကာ လှုပ်ရှားဆောင်ရွက်ရေးမှူး မဇိုရာဖန်းကို RFA မှ ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားပါတယ်။