(ဧရာဝတီ) ယခုနှစ် ကမ္ဘာ့ အဆိုးတကာ့ အဆိုးသွမ်းဆုံး အာဏာရှင် စာရင်းတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တတိယသာ ချိတ်ကြောင်း သိရသည်။

အမေရိကန် ပြည်ထောင်စု ဝါရှင်တန် အခြေစိုက် Foreign Policy မဂ္ဂဇင်းကြီးက ၂၀၁၀ ပြည့်နှစ်အတွက် ကမ္ဘာပေါ်ရှိ ဆိုးရွား သော အာဏာရှင်များနှင့် နိုင်ငံခေါင်းဆောင် ၂၃ ဦးအနက် ပထမနေရာတွင် မြောက်ကိုရီးယားသမ္မတ ကင်မ်ဂျုံအီးလ်၊ ဒုတိယတွင် ဇင်ဘာဘွေ သမ္မတ ရောဘတ် မူဂါဘီတို့ပြီးနောက် ဗိုလ်ချုပ်မှူးကြီးကို သတ်မှတ်ထားခြင်း ဖြစ်သည်။

ရဲစွမ်း သတ္တိ ရှိကြောင်း ဆုတံဆိပ်ပေါင်း များကို ကိုယ်တိုင် ချီးမြှင့်ပြီး ရင်ဘတ်တွင် တပ်ဆင်ထား သော်လည်း ဗိုလ်ချုပ် မှူးကြီးသည် လွတ်လပ်ပြီး တရား မျှတသည့် ရွေးကောက်ပွဲ လုပ်ပေးရန် သတ္တိမရှိသူ ဟုလည်း ဖော်ပြ ထားသည်။

အာဏာရှင်တိုင်း ဆိုးသွမ်းကြ သော်လည်း ယခုထုတ်ပြန် လိုက်သည့် နိုင်ငံ ခေါင်းဆောင် များသည် အဆိုးတကာ့ အဆိုးဆုံး ဖြစ်ကြသည်ဟု Foreign Policy မဂ္ဂဇင်းက မီးမောင်း ထိုးပြ ထားသည်။
၁၈ နှစ်ကြာမျှ အာဏာကို ရယူထားသော ဗိုလ်ချုပ်မှူးကြီး တတိယနေရာ ချိတ်ခြင်းမှာ ဒီမိုကရေစီအရေး ငြိမ်းချမ်းစွာလှုပ် ရှားသူများကို ရက်ရက်စက်စက် နှိမ်နင်းပြီး ဖမ်းဆီးထောင်ချခြင်း၊ ၂၀၀၈ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း တသိန်းလေးသောင်းခန့် သေဆုံးခဲ့ပြီး ၂.၅ သန်းခန့် အတိဒုက္ခ ရောက်ချိန်တွင် နိုင်ငံတကာမှ လူသားချင်း စာနာသော အထောက်အပံ့များကို ငြင်းပယ်ခဲ့ခြင်း၊ သဘာဝဓာတ်ငွေ့ကို ပြည်ပသို့ တင်ပို့ရာတွင် မှောင်ခိုငွေကြေးဈေးကွက်နှင့် အစိုးရတရားဝင် ငွေလဲနှုန်း ကွာဟချက် အပေါ်တွင် အကျိူးအမြတ်များ ရယူနေခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုထားသည်။

မြောက်ကိုရီးယား သမ္မတ ကင်မ်ဂျုံအီးလ်မှာမူ နျူကလီးယားထုတ်လုပ်မှုကိုသာ ကြိုးပမ်းနေပြီး ပြည်သူလူထုကို ဆင်းရဲငတ်မွတ်အောင် ပြုလုပ်ထားသူဖြစ်သည်။ ထို့ပြင် နိုင်ငံသား ၂ သိန်းခန့်ကိုလည်း အကျဉ်းစခန်းများသို့ ပို့ထားသည်။

ဇင်ဘာဘွေ သမ္မတ ရောဘတ်မူဂါဘီသည် လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက နိုင်ငံ၏ လွတ်မြောက်ရေး သူရဲကောင်း ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် ရက်စက်ကြမ်းကြုတ်သည့် သက်ဦးဆံပိုင်တဦးဖြစ်သည်။ အတိုက်အခံများကိုလည်း ဖမ်းဆီး၊ နှိပ်စက် ညှဉ်းပန်းခဲ့သည်။ တချိန်တည်းတွင် တိုင်းပြည်၏ စီးပွားရေးကို ချွတ်ခြုံကျစေပြီး ငွေကြေးဖောင်းပွမှုကို ရာနှုန်း ထောင်ဂဏန်းအထိ ဖြစ်စေသူလည်း ဖြစ်သည်။ ပြည်သူလူထု ငတ်မွတ်နေချိန်တွင် ကမ်းလွန်ဒေသမှရရှိသော အကျိုးအမြတ်များနှင့် ခမ်းနားကြီးကျယ်စွာ နေထိုင်နေသူလည်းဖြစ်ကြောင်း Foreign Policy မဂ္ဂဇင်းက ဖော်ပြထားသည်။

Foreign Policy မဂ္ဂဇင်းမှ ထုတ်ပြန်သော ယခုနှစ်အတွက် အဆိုးတကာ့ အဆိုးရွားဆုံး အာဏာရှင်စာရင်းတွင် ယူဂန်ဒါ၊ ရဝမ်ဒါ၊ ကျူးဘား၊ တရုတ်၊ အီရန်၊ ဗင်နီဇွဲလား၊ ဆူဒန်၊ အီသီရိုးပီးယား၊ အီဂျစ် စသည်တို့လည်း ပါဝင်သည်။