၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၈)ရက်မှ (၁၄)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

စက်တင်ဘာလ (၈)ရက်မှ (၁၄)ရက်အတွင်းတွင် စစ်အာဏာရှင်တပ်သားများက ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ မန္တလေး တိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ်တို့နှင့် ဒေသခံပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ စစ်အာဏာရှင် တပ်သားများက ကချင်ပြည်နယ် မိုးကောင်းမြို့မှ အမျိုးသမီး (၁)ဦးကို စစ်ကြောရေးတွင် ဖမ်းဆီး နှိပ်စက် သတ်ဖြတ် ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်နှင့် ကနီမြို့နယ် အပါအဝင် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ်တို့၏ မြစ်ကမ်းတလျှောက် ကျေးရွာများကို စစ်အာဏာရှင်တပ်သားများ၏ စစ်သင်္ဘောများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများကြောင့် ပြည်သူ (၁၃)ဦးခန့် သေဆုံးခဲ့ပြီး (၁၉)ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ တပတ်အတွင်း ပြည်သူ (၇၀) ကျော် ဖမ်းဆီးခံခဲ့ရ သည်။ စစ်အာဏာရှင်တပ်သားများ၏ လူ့အခွင့်အရေး ချိုုးဖောက်မှုများကြောင့် အသက်မပြည့်သေးသူ (၃)ဦး သေဆုံး ခဲ့ရသည်။