(BBC) ဧရာဝတီတိုင်း ပန်းတနော် ဖက်က ပသွယ် ကျေးရွာမှာ အဓမ္မ လယ်မြေ သိမ်းမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

လယ်သမား ၈ယောက်ရဲ့ လယ်မြေ ၂၅ ဧကကို ပသွယ်ကျေးရွာ ရယကက သိမ်းပြီး ငါးကန်တူးဖို့ သိမ်းတာလို့ ဆိုကြောင်း လယ်သမားတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မယက ကို တိုင်ကြားခဲ့ပေမယ့် မယက ကတော့ လယ်သိမ်းတဲ့ ကျေးရွာ ရယက ကိုဘဲ ပြန်လည် ဆုံးဖြတ်ခိုင်း တာကြောင့် အခက်တွေ့ နေရကြောင်း လယ်အသိမ်းခံရတဲ့ လယ်သမားတွေက ဆိုပါတယ်။

ကျေးရွာ ရယက ဟာ ကြိုတင် အကြောင်းမကြားဘဲ အခုလို သိမ်းတဲ့ အတွက် လယ်ဆုံးတဲ့ အပြင် ပျိုးထားတဲ့ မျိုးတွေပါ ဆုံးရှုံး နေရပါတယ်လို့ လယ်သမားတွေက ရှင်းပြခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး တိုင်းအဆင့်ကို တိုင်ကြားဖို့ ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။

တကယ်တော့ စစ်အစိုးရရဲ့ လယ်ယာ ဥပဒေ အရ လယ်ယာမြေ အားလုံးကို အစိုးရသာ ပိုင်တယ်လို့ ဆိုထားတာကြောင့် အဲဒီ ဥပဒေ မပြောင်းသရွေ့ လယ်သမားတွေဟာ အကာအကွယ်မဲ့ပြီး အခုလို လယ်ယာမြေတွေ ဆက်လက် အသိမ်းခံနေရ ဦးမှာ ဖြစ်တဲ့ အကြောင်း လယ်သမားတွေက ပြောကြားခဲ့ပါတယ်။