စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်တွင် အစာငတ်ခံဆန္ဒပြနေသည့် နိုင်ငံရေးအကျဉ်းသား ၅၀ အထိ ရှိလာပြီး ထိုအထဲတွင် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်လည်း ပါဝင်လာသည်ဟု သိရသည်။ စစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင်တို့က ထောင်ဝင်စာများ ကန့်သတ်ထားသည့်အပြင် အကျဉ်းထောင်အတွင်း ခွင့်ပြုချက်ဖြင့် သွင်းယူထားသည့် ပစ္စည်းများကိုပါ သိမ်းဆည်းသွားသည့်အတွက် ကန့်ကွက် ဆန္ဒပြနေကြခြင်းဖြစ်သည်။ စက်တင်ဘာ ၈ တွင် စစ်ကောင်စီ၏ စစ်တပ်၊ ရဲ၊ အထွေထွေအုပ်ချုပ်ရေးဌာန၊ မီးသတ်တို့ ပါဝင်သည့် အထူးရှာဖွေရေးအဖွဲ့က မုံရွာထောင်သို့ ဝင်ရောက်၍ အကျဉ်းသားများ၏ စာအုပ်များ၊ အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းလိုက်ကြသည်။ ထို့နောက် စက်တင်ဘာ ၉ တွင် အစာငတ်ခံသပိတ်ကို နိုင်ငံရေးအကျဉ်းသား ၁၄ ဦးက ကနဦးစတင်ခဲ့ကြသည်။ သိမ်းသွားသည့် အကျဉ်းသားများပိုင်ပစ္စည်းများ ပြန်ပေးရန်၊ ထောင်ဝင်စာပါဆယ်များ လွတ်လပ်စွာပို့ခွင့်ပြုရန်နှင့် ကျန်မာရေးမကောင်းပါက အပြည့်အဝတာဝန်ယူဖြေရှင်းပေးရန်တို့ကို တောင်းဆိုခဲ့ကြသည်။ သို့သော် အစာငတ်ခံဆန္ဒပြနေသူတို့၏ တောင်းဆိုချက်များကို ထောင်အာဏာပိုင်တို့က လိုက်လျောခြင်း မရှိသောကြောင့် မုံရွာလူထုသပိတ်ခေါင်းဆောင်ဖြစ်သူ ကိုဝေမိုးနိုင်အပါအဝင် အခြားနိုင်ငံရေးအကျဉ်းသား ၃၆ ဦးက ထပ်မံပူးပေါင်းကာ အစာငတ်ခံ ဆန္ဒပြနေကြသည်ဟု Myanmar Now ၏ သတင်းရင်းမြစ် ၂ ဦးက ပြောသည်။

Myanmar Now News